Switch Mode

အပိုင်း(၄၅၀)

ကျိုးယု

သူမက အသိအာရုံရရှိပြီးနောက် သူမနှင့်တွေ့ကြုံခဲ့သော လူတိုင်းက သူမ၏ ညှို့ငင်ခြင်းကို ခံရသည်သာ ဖြစ်၏။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးပင် သူမ၏ ဆွဲဆောင်ခြင်းကို ခံခဲ့ရသည်။ အဆုံးသတ်၌ သူက သူမ၏ ညှို့ငင်ခြင်းကနေ လွတ်မြောက် သွားသော်လည်း သူမကို အငြှိုးထား၍ ဆက်ဆံခြင်း မပြုလုပ်ခဲ့ပေ။ သူက သူမကို ချိပ်ပိတ်ရုံသာ ပြုလုပ်ခဲ့၏။

သူမက ချိတ်ပိတ် ခံလိုက်ရပြီးနောက် ဘီဘူးနတ်ဆိုးကလန် ဘိုးဘေးလက်ထဲကနေ လွတ်မြောက်ရန် နည်းလမ်း ရှာဖွေနေဆဲပင်။ တစ်နေ့ သူမက ရှုလီကောနှင့် တွေ့ခဲ့ရသည်။ သူမက ရှုလီကောကို လွယ်ကူစွာ ညှို့ငင်ခဲ့ပြီး သူမကို ကယ်တင်ပေးနိုင်အောင် ဖမ်းစားနိုင်ခဲ့၏။

သို့ရာတွင် သူမက ဝမ်လင်းကဲ့သို့ ယောက်ျားမျိုးနှင့် ခုလို လာတွေ့ရလိမ့်မည်လို့ လုံးဝ မမျှော်လင့်ထားမိခဲ့ချေ။ သူမ၏ ဆွဲဆောင်မှုက သည်လူအတွက် အသုံးမဝင်သည့်အပြင် သူက သူ့ကို အန္တရာယ်ပေးမည် အရိပ်အယောင်ပင် ပြသခဲ့သေး၏။

“မင်းခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နယ်ပယ်ကဘာလဲ…” ဝမ်လင်းက သူမ၏ ဆွဲဆောင်မှုကို မခံရခြင်းသည် သူ့ဘဝအတွေ့အကြုံနှင့် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းစနစ်ကြောင့် ဖြစ်၏။

သူ့နှစ်ငါးရာကျင့်ကြံခြင်း သက်တမ်းတွင် ဝမ်လင်းက မိန်းမတစ်ယောက်ကြောင့် ဘယ်တုန်းကမှ နစ်မြုပ်ခြင်း မခံရဘူးချေ။ သည့်အတွက်ကြောင့် သူ့နှလုံးသားက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးထက် များစွာ ခိုင်ကျဉ်နေခြင်း ဖြစ်သည်။

ထို့အတူ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းစနစ်ကလည်း စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ အလေးထားရဆုံး နည်းစနစ်တစ်ခု ဖြစ်နေသည် မဟုတ်လား။ သည်နည်းစနစ်က စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထိန်းချုပ်နိုင်ခြင်း အပြင် အသုံးပြုသူ၏ စိတ်ဝိညာဉ်ကို အခြားအရာများ၏ သက်ရောက်မှု လုံးဝမရှိအောင် ပြုလုပ်ပေးနိုင်သည်။

ထို့ကြောင့်လည်း ဝမ်လင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို ထိန်းချုပ်ရာ၌ မည်သည့်တန်ပြန် သက်ရောက်မှု ဒဏ်ကိုမှ မခံရခြင်း ဖြစ်၏။

အမျိုးသမီးက ဝမ်လင်းကို အထိတ်တလန့် ကြည့်နေသည်။ သူမက သူ့နယ်ပယ်ကို ထပ်မံအသုံးပြုရဲခြင်း မရှိတော့ချေ။ သူမက ဝမ်လင်းအမေးကို ဖြေလိုက်၏။ “ဒီနယ်ပယ် ဘယ်လိုဖြစ်လာလဲ ငါတကယ်မသိဘူး။ ငါနိုးလာတဲ့အချိန်မှာ နယ်ပယ်က ရှိနှင့်နေခဲ့တာ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သည်အမျိးသမီး၏ ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့တည်ခြင်း အဆင့်၌သာ ရှိသေး၏။ သို့သော် သူမနယ်ပယ်၏ စွမ်းအားက လီယွမ်ဖန်လိုလူမျိုးကိုပင် အကျိုးသက်သက်ရောက် နိုင်သည့် စွမ်းအား ရှိနေ၏။ သည်အရာက အလွန်ထူးဆန်းလှသည်။

“ဒီအမျိုးသမီးက စွမ်းအားကောင်းတဲ့ စီနီယာတစ်ယောက်ရဲ့ စိတ်ဝိညာဉ် ပြိုကွဲသွားရာကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဝိညာဉ်ဖြစ်ရမယ်။ ပြီးရင် ဒီနယ်ပယ်က ဆွဲဆောင်မှုရှိခြင်း ဒါမှမဟုတ် ညှို့ငင်နိုင်ခြင်းနဲ့ ပတ်သက်နေလိမ့်မယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်ပြီးနောက် သည်အမျိုးသမီးအပေါ်၌ အတားအဆီးတစ်ခုကို နေရာချသည်။ သည့်နောက် သူက သူမကို စိတ်ဝိညာဉ်အလံထဲသို့ ထည့်သွင်းလိုက်၏။

ရှုလီကောက ချက်ချင်း ပြုံးလာသည်။ သူက ဂရုတစိုက် ပြောလိုက်၏။ “အရှင်… အခြားကိစ္စတစ်ခုခု မရှိတော့ရင် ငါအရင် ပြန်တော့မယ်…” ထိုသို့ပြောပြီးသည်နှင့် သူက ကောင်းကင်ဘုံဓားထဲသို့ ချက်ချင်း ပြန်ဝင်သွားသည်။ သူက ထွက်လာရဲခြင်း မရှိတော့ချေ။

ဝမ်လင်းက အလွန်ရယ်ချင်မိသွား၏။ သူက ရှုလီကောနှင့် ပတ်သက်၍ ထပ်မံ အာရုံစိုက် မနေတော့ချေ။ သူက သိုလှောင်အိတ်ထဲကနေ စေတီတစ်ခုကို ထုတ်ယူလိုက်သည်။

သည်အခါ ကျောက်ရီ၏ နယ်ပယ်က ချက်ချင်း ပျံ့နှံ့လာပြီးနောက် ကီလိုမီတာ ငါးဆယ်အတွင်း ပျံ့နှံ့ဝန်းရံသွားသည်။

သည်စေတီ ပေါ်လာသည်အခါတွင် ကျိုးယုလေးကလည်း ပြေးထွက်လာခဲ့၏။ သူက ဝမ်လင်းကို တွေ့သည့်အခါ ချက်ချင်းနှုတ်ခမ်းစူကာ ပြောလိုက်သည်။ မကောင်းတဲ့ “ဦးလေး… ဦးလေးက တကယ့်ကို မကောင်းဘူး။ ကျိုးယုက ဦးလေးကို ဆက်ပြီး မနှစ်သက်တော့ဘူး…”

အဖြူကောင်လေးကလည်း ကျိုးယုလေးကနေ ထွက်လာခဲ့သည်။ သူက ခေါင်းငိုက်စိုက်ချ၍ ကျိုးယုဘေးနား၌ ရှိနေ၏။

“ငါက နတ်ဆိုးကျားဆိုပေမဲ့ ဒီလောက်လပေါင်းများစွာ ကြာတဲ့အထိ သစ်သီးတွေပဲ စားနေရတယ်။ ဒါတင်မကသေးဘူး ငါက တစ်နေ့မှာ သစ်သီးတစ်လုံးထဲ စားရတယ်။ ငါက အသားနံ့လေးတောင် မရခဲ့ဘူး။ ဘယ်လောက် ဝမ်းနည်းဖို့ ကောင်းလိုက်လဲ…” အဖြူကောင်လေးက သနားစဖွယ် ညည်းတွားလိုက်၍ သူ့မျက်လုံးကနေ မျက်ရည်များပင် ကျလာခဲ့သည်။

သူက ကျိုးယုလေးကို စားပစ်ရန် အကြိမ်များစွာ အတွေးပေါ်ခဲ့သော်လည်း သူက ဝမ်လင်း သူ့ကို မည်သို့ အမဲဖျက်ပစ်မည်ကို တွေးမိပြီး သည်အကြံကို လက်လျှော့ခဲ့ရမြဲ ဖြစ်နေသည်။

ပို၍ အရေးကြီးသည်က အချိန်ကြာလာသည်နှင့် အမျှ သူက သည်ကျိုးယုလေး၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက တဖြည်းဖြည်း ကြီးထွားလာနေသည်ကို ခံစားမိခြင်းပင်။ သူက သူမကို စစားရန် မကြိုးစားရ သေးခင်မှာပင် သည်ကောင်မလေးက သူ့ကို အရင်စားပစ်မှကို စိုးရိမ်နေခဲ့သည်။

“ဦးလေးဆိုး… အဖြူရောင်ကောင်လေးက ဘယ်လောက်ပိန်လဲ ကြည့်ဦး။ ငါတို့က ဒီလတွေမှ သစ်သီးတွေပဲ စားနေရတယ်…” သူမက ဝမ်လင်းကို မကျေမနပ် ကြည့်သည်။ အဖြူကောင်လေးတင် မဟုတ်ဘဲ ကျိုးယုလေးသည်လည်း တော်တော်လေး ပိန်သွားခဲ့၏။

ဝမ်လင်းက သူ့နှာခေါင်းကို ပွတ်သပ်မိသည်။ သူက သည်ကိစ္စကို အမှန်ပင် မေ့နေခဲ့ခြင်းပင်။ တကယ်တော့ သူက နှစ်လေးရာကြာသည် အထိ စားသောက်စရာ မလိုခဲ့ချေ။ ထို့ကြောင့်လည်း သူက ကျိုးယုလေးက စားသောက်ရန် လိုကြောင်းကို မေ့သွားခဲ့ခြင်းပင်။

ကံကောင်းစွာဖြင့် သူ ကျိုးယုလေးကို စေတီထဲပို့ထားတဲ့ အချိန်တုန်းက သူက သစ်သီး အတော်များများကို အစာပြေ၊အပျင်းပြေ စားရန် ပေးထားခဲ့မိလို့သာ တော်တော့၏။ သည့်အပြင် သည်စေတီထဲမှာ ရှိသည့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ကလည်း အလွန်ထူထဲလှ၏။ လူတစ်ယောက်က သည်စွမ်းအင်များကို တိုက်ရိုက် မစုပ်ယူသေးသ၍ ၎င်းစွမ်းအင်ကြောင့် လူတစ်ယောက်က စားသောက်ရန် သိပ်မလိုတော့ချေ။

ဝမ်လင်းက နဖူးပေါ်၌ ချွေးပြန်မိနေသည်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် မွန်းစတားများနှင့် ရင်ဆိုင်ခဲ့သော်လည်း သည်လို ခွတီးခွတ မနေတတ်မထိုင်တတ် မခံစားခဲ့ရချေ။ ကျိုးယုလေး စကားကို ကြားပြီးနောက် သူက ခါးသက်စွာ ပြုံးနေရုံသာ တက်နိုင်ခဲ့၏။

“အာ…ဒါက ဦးလေးရဲ့ အမှားပါ။ နောက်တစ်ခါကျရင် လုံးဝ မမေ့တော့ဘူးနော်…” ဝမ်လင်းက အလျင်အမြန် ကတိပေးလိုက်၏။

ကျိုးယုလေးက မျက်လုံးကစားလိုက်ပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ “ဦးလေးက အခါခါ ပေးခဲ့တာပဲ။ နောက်ဆုံး တစ်ခါတုန်းကလည်း ကျိုးယုအတွက် ကျားကြီး ယူလာခဲ့မယ် ကတိပေးပြီး ဖြစ်လာခဲ့တာလည်း မဟုတ်ဘူး။ ဒီတစ်ကြိမ်‌တော့ ကျိုးယုက ဦးလေးကတိကို မယုံတော့ဘူး…”

ဝမ်လင်းက မချင့်မရဲ ပြုံးပြရသည်။ ကောင်းပါပြီ… ကျိုးယုလေးရေ… ဦးလေးက ကျိုးယုအတွက် ကျားကြီးတစ်ကောင် ဖမ်းပြီး ယူလာပေးပါ့မယ်။ “ဦးလေးက ဒီနေရာမှာ သားရိုင်အချို့ ရှိလိမ့်မယ်လို့ ထင်တယ်…”

တကယ်တော့ ကျိုးယုလေးက ကလေးသာ ရှိသေး၏။ ထို့ကြောင့် သူမက သည်စကားကို ကြားသည်နှင့် ချက်ချင်းပြုံးလာပြီး လက်ခုပ်ထတီးသည်။ “ဦးလေးက ဒီတစ်ကြိမ်တော့ ကတိတည်ရမယ်။ ငါတို့ ခုသွားဖမ်းကြမယ်…”

ဝမ်လင်းက နူးညံစွာပြုံး၍ ကျိုးယုလေးခေါင်းကို ပွတ်လိုက်သည်။ “ခုသွားကြတာပေါ့…”

ကျိုးယုလေးက ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။ သူမက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “ဦးလေး… ဘာကြောင့်လဲတော့ မသိဘူး။ ကျိုးယု နေ့တိုင်း အိပ်မက်မက်နေတယ်။ အိပ်မက်ထဲမှာ ကျိုးယုက ဦးလေးနဲ့ အစ်မကြီး တစ်ယောက်ကို မြင်ခဲ့ရတယ်။ ဒီအစ်မကြီးကိုလည်း အရမ်း ရင်းနှီးနေတဲ့ပုံပဲ။ ဒါက တော်တော်လေး ထူးဆန်းတယ်…”

ဝမ်လင်းနှလုံးသားက တုန်ခါသွား၏။ သူက ခေါင်းငုံ့၍ ကျိုးယုလေးကို ကြည့်လိုက်သည်။ ခဏအကြာတွင် သူက သက်ပြင်းချကာ ကောင်းကင်ကို မော့ကြည့်၏။ “ဝမ်အာ… နင်နိုးလာဖို့ ခြောက်နှစ်ကျော်ပဲ လိုတော့တယ်…”

ကျိုးယုလေးက ဝမ်လင်းကို ကြည့်သည်။ သူမမျက်လုံးထဲ၌ ဝိုးတဝါး မှိန်ဖျော့ဖျော့ ကြောက်ရွံ့မှု အရိပ်အငွေ့လေး ရှိလို့နေသည်။

ကျိုးယုလေးက ခပ်တိုးတိုးပြောလိုက်၏။ “ဦးလေး… ယုအာက မွန်းစတားလား…”

အဖြူကောင်လေးက ဘေး၌လှဲလို့နေ၏။ သူက ကျိုးယုလေး၏ သည်စကားကို ကြားသည့်အခါ ခပ်မြန်မြန်ခေါင်းညိတ်၍ တွေးနေသည်။ “ဟုတ်တာပေါ့… နင်က မွန်းစတားလေးပဲ။ မဟုတ်ရင် ငါလို နတ်ဆိုး ကျားတစ်ကောင်က ခုလိုမျိုး အနိုင်ကျင့် ခံရပါ့မလဲ။ ငါက ငါနေတဲ့တောင်ကနေ အတင်းအကျပ် ထွက်လာခဲ့ရပြီး ငါ့ကျားမတွေကိုလည်း ထားခဲ့ရသေးတယ်…အာ …”

ဝမ်လင်းက မှင်တက်သွား၏။ သူက အောက်သို့ငုံ့ကြည့်ပြီး ကျိုးယုလေးခေါင်းကို ပွတ်သပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ “ယုအာလေး…ဘာမှားနေလို့လဲ…”

ကျိုးယုလေး မျက်လုံးကနေ မျက်ရည်များ လိမ့်ဆင်းလာပြီး သူမက စတင်ငိုကြွေးတော့သည်။ “ယုအာက မွန်းစတားပါ။ ဦးလေး…ယုအာက မွန်းစတားလား။ တကယ်တော့ လွန်ခဲ့တဲ့ တစ်နှစ်ကတည်းက ယုအာရဲ့ ခန္ဓာကိုယ်ထဲမှာ လူသေးသေးလေး တစ်ယောက် ရှိနေတယ်လို့ ခံစားမိတယ်။ ဦးလေး…ယုအာ ကြောက်တယ်…”

ဝမ်လင်းက ကျိုးယုလေးကို စူးစိုက်ကြည့်နေမိသည်။ သူက အချိန်အတန်ကြာသည့် အထိ စကားမဆိုနိုင် ဖြစ်ရသည်။ သည့်နောက် သူက ပြောလိုက်၏။ “ယုအာလေးက မွန်းစတား မဟုတ်ပါဘူး… ကျိုးယုလေးက ဝမ်လင်းကို ခုန်၍ ပွေ့ဖက်လိုက်သည်။ သူမက ဝမ်လင်း အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။ “ဦးလေး…ငါက ငါ့ခန္ဓာကိုယ်ထဲက လူသေးသေးလေးက အိပ်မက်ထဲက အစ်မကြီးနဲ့ တူနေတယ်လို့ ခံစားရတယ်။ သူမက သေးသေးလေးပဲ ရှိသေးတယ်။ ဦးလေး ယုအာ ကြောက်တယ်။ ဦးလေး သူမကို ထုတ်ပေးနိုင်လား…” သူမ၏ လက်ကလေးနှင့် ဝမ်လင်း ပျောက်ကွယ်သွားမှာ စိုးရိမ်သည့်အလား သူ့အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ဝမ်လင်း ခန္ဓာကိုယ်က တုန်ခါနေ၏။ သည်အခိုက်တွင် သူက မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

“ဒါက ဘာလို့ ခုလို ပြောင်းသွားရတာလဲ…” ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

အတိတ်တုန်းက လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို ဝမ်လင်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ဗိုက်ထဲသို့ နေရာချခဲ့သည်။ သည်အရာက ခန္ဓာကိုယ် အသစ်ပြောင်းလဲခြင်း ဖြစ်စဉ်တစ်မျိုးသာ ဖြစ်သည်။ သို့သော် အမျိုးသမီး၏ ဗိုက်ထဲရှိ ကလေးက စိတ်ဝိညာဉ်မရှိသေးပဲ အသွေးအသားသာ ရှိသေး၏။

စည်းမျဉ်းအရတော့ လီမူဝမ်က ကျိုးယု၊ ကျိုးယုက လီမူဝမ် ဖြစ်ရပေမည်။ သို့သော် ခုကျိုးယုလေးက လီမူဝမ်၏ တည်ရှိမှုကို ငြင်းဆိုနေသည့် အ‌ခြေအနေ ဘာကြောင့် ဖြစ်နေရသနည်း။

“လီမူဝမ် စဦးစိတ်ဝိညာဉ်က ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်တဲ့ အချိန်မှာ အထဲရှိ ကလေးရဲ့ စိတ်ဝိညာဉ်က ဖွံ့ဖြိုးနေခဲ့ပြီလား…” ဝမ်လင်းခန္ဓာကိုယ်က တုန်ယင်နေ၏။ သူက အတိတ်တုန်းက ကောင်းကင်ဘုံ တမန်တော်နှင့် တိုက်ခိုက်နေရသဖြင့် သည်အမျိုးသမီးကို အနီးကပ် သေချာ မလေ့လာခဲ့ရချေ။

“ဒါသာ အမှန်ဆိုရင်တော့ လီမူဝမ် စဦးစိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့ ကျိုးယုလေးရဲ့ စိတ်ဝိညာဉ်ကို ဝါးမျိုပစ်နေလိမ့်မယ်။ သူမက နိုးထလာတဲ့ အခါကျရင် ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဖြစ်သူ ကျိုးယုလေးနေရာမှာ လုံးဝ အစားထိုး ဝင်ရောက်သွားလိမ့်မယ်…” “ဝမ်လင်း မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်လို့နေ၏။

ကျိုးယုလေးက ခေါင်းမော့ကြည့်သည်။ သူမမျက်လုံးထဲ၌လည်း မျက်ရည်စများ ရှိနေသည်။ သူမက ခပ်တိုးတိုးလေး ပြောလိုက်၏။ “ဦးလေး…ယုအာ တအားကြောက်တယ်။ ဦးလေး သူမကို အပြင်ထုတ်ပေးနိုင်မလား…ကျေးဇူးပြု၍…”

“ငါလုပ်ခဲ့တာများ မှားသွားခဲ့ပြီလား…” ဝမ်လင်းက ထိုသို့ရေရွတ်လိုက်မိ၏။ ဝမ်လင်းက ကျိုးယုလေးကို ကြည့်လိုက်သည်။ ထိုအခါ သူ့နှလုံးသားထဲ၌ အလွန်နာကျင်စွာ ခံစားလိုက်ရသည်။

“ယုအာလေး…မကြောက်ပါနဲ့…။ ယုအာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ လူက ယုအာလေးရဲ့ အစ်မကြီးပါ။ စိတ်မပူပါနဲ့…” ဝမ်လင်းက ပြုံးကာ ကျိုးယုလေးကို ကြည့်လိုက်၏။ သူ့အပြုံးထဲ၌တော့ စိတ်ခံစားချက် ရှုပ်ထွေးမှုများ ပါဝင်လို့နေသည်။

“တကယ်လား…။ ဦးလေး ကျိုးယုကို မလိမ်ဘူးနော်…” ကျိုးယု၏ မျက်လုံး ဝိုင်းဝိုင်းလေးထဲ၌ အပြစ်ကင်းစင်မှုနှင့် သန့်စင်ကြည်လင်မှုတို့ ရှိလိုနေ၏။ ထပ်ပြောရလျှင် ဝမ်လင်းက သူမမျက်လုံးထဲရှိ နက်ရှိုင်းသော တွယ်ငြိမှုကိုပါ မြင်နေရ၏။

“တကယ်လား…” ဝမ်လင်းနှလုံးသာထဲရှိ နာကျင်မှုက ပြင်းထန်လာခဲ့၏။ ဝမ်လင်းက ရွေးချယ် ရတော့မည်ကို သိ၏။ သို့သော် ဘဝ၌ လူတစ်ယောက်၏ ရှင်သန်ခြင်းကို ရွေးချယ်လျှင် တစ်ခါတစ်ရံ အခြားတစ်ယောက်ကိုတော့ လက်လွှတ် ဆုံးရှုံးရတတ်သည် မဟုတ်လား။

“ဘာကြောင့် ဒီလိုဖြစ်ရတာလဲ…” ဝမ်လင်းမျက်လုံးထဲ၌ နာကျင်မှုများ ပြည့်နေ၏။

ကျိုးယုလေးက ငယ်ရွယ်သော်လည်း သူမက အလွန်ခံစားချက် ရှိတတ်သူ ဖြစ်သည်။ သူမက ဝမ်လင်း ရင်ဘတ်ထဲသို့ တိုးခွေ့၍ ပြောလိုက်သည်။ ဦးလေး… စိတ်မကောင်းမဖြစ်နေပါနဲ့။ ဦးလေး စိတ်မကောင်းဖြစ်ရင် ကျိုးယုလည်း အဲဒီလိုခံစားရတယ်။ နောက်ကျရင် ကျိုးယုက ဒီအကြောင်း ထပ်မပြောတော့ဘူး။ ဦးလေးက ဒါဟာ ပြဿနာမဟုတ်ဘူးလို့ ပြောရင် တကယ်ပြဿနာ မဟုတ်တာလို့ ကျိုးယု ယုံပါတယ်။ “ဦးလေး… ဘာလို့ ကျိုးယုအတွက် ကျားကြီးကြီးတစ်ကောင် သွားမဖမ်း ပေးသေးတာလဲ…”

ဝမ်လင်းက ကျိုးယုလေးကို ကြည့်သည်။ သူက ခေါင်းညိတ်၍ သူမျက်လုံးထောင့်ရှိ မျက်ရည်စလေးများကို သုတ်ပေးကာ ပြောလိုက်သည်။ “ဦးလေးက ကျိုးယုလေးအတွက် ကျားကြီးတစ်ကောင် ဖမ်းလာပေးပါ့မယ်…”

ထိုသို့ပြောပြီးနောက် သူက ကျိုးယုလေးကို ပွေ့ချီ၍ လေထဲသို့ ပျံတက်လိုက်သည်။

ကျိုးယုလေးက ပြုံးနေ၏။ သို့သော် သည်အပြုံးထဲ၌ အသံမထွက်ဘဲ ငိုကြွေးမှုတစ်ခု ပါဝင်နေခဲ့သည်။

“ဦးလေး…အဖြူကောင်လေးကိုပါ ခေါ်ဦး …။ ဟမ်… အဖြူကောင်လေးက ဆိုးချင်နေတယ်။ ဦးလေးက ငါ့ကို ကျားကြီးတစ်ကောင် ဖမ်းပြီးတာနဲ့ အဖြူကောင်လေးက ဆက်ပြီးတော့ ဆိုးနိုင်ဦးမလား ကြည့်ရတာပေါ့။ သူသာ ဆက်ဆိုးနေရင် ငါက ကျားကြီးကို အမိန့်ပေးပြီး အဖြူကောင်လေးကို ကိုက်ခိုင်းပစ်မယ်…”

အဖြူကောင်လေး ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက စိတ်ထဲ၌ တွေးနေမိသည်။ “ငါက နတ်ဆိုးကျားပဲ….” သူက ထိုသို့တွေး၍ မပြီးသေးခင်မှာပင် ဝမ်လင်း၏ကုပ်က ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။

သူတို့က ပျံသန်းနေစဉ်တစ်လျှောက် ကျိုးယုလေး၏ မျက်လုံးက ဝမ်လင်းအပေါ်၌သာ ရှိလို့နေ၏။ သူမက မျက်ရည်မကျလာအောင် ထိန်းလိုက်ပြီး စိတ်ထဲ၌ကျိတ်၍ တွေးနေမိသည်။ “ဦးလေး… ယုအက ဆယ့်သုံးနှစ်ရှိပါပြီ။ ငါနားလည်လာတဲ့ တချို့ဟာတွေလည်း ရှိနေခဲ့ပြီ။ ဦးလေးက အဘိုးထိုင်ယန်နဲ့ မတူဘူး။ ဦးလေးက ငါ့ကို ကြည့်တဲ့အချိန်မှာ ဦးလေးက ငါ့ကိုကြည့်တာ မဟုတ်ဘဲ ငါ့ခန္ဓာကိုယ်ထဲက အစ်မကြီး ခပ်သေးသေးလေးကို ကြည့်တာ ငါသိပါတယ်။ အဘိုး ထိုင်ယန်ကတော့ အဲဒီလိုမဟုတ်ဘူး။ သူက ငါ့ကိုပဲကြည့်တာ…”

“ဦးလေးဟာ လူဆိုးကျင့်ကြံသူ လက်ထဲကနေ ကျိုးယုကို ကယ်ခဲ့တာက ငါ့ကြောင့်မဟုတ်ဘဲ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အစ်မကြီးကြောင့်ဆိုတာ ကျိုးယု သိပါတယ်…”

“ကျိုးယု အိပ်မက်ထဲမှာ မြင်ရတဲ့အစ်မကြီးက အလွန်လှပါတယ်…။ ဒါပေမဲ့ ကျိုးယု ကြီးလာတဲ့ အချိန်ကျရင်လည်း ငါက သူ့ထက်တောင် လှမယ်ဆိုတာ ယုံပါတယ်။ ဒါကြောင့် ဦးလေး ကျိုးယုကို မထားခဲ့ပါနဲ့…”

***

Comment

Leave a Reply

Options

not work with dark mode
Reset