ဝမ်လင်းအာရုံကို နောက်ထပ်ဖမ်းစားနိုင်သည့် အရာတစ်ခုကတော့ လှည်းဘီးပုံစံ ရတနာတစ်ခု ဖြစ်သည်။
သည်ဘီးက အချင်း တစ်လက်မခန့်သာ ရှိ၏။
သည်ဘီးက လုံးဝရိုးရှင်းကာ မည်သည့် အလှဆင်ယင်ထားမှု၊ တောက်ပမှုမှ ရှိမနေခဲ့ချေ။
ဝမ်လင်းက သည်လှည်းဘီး ရတနာကို စိတ်ဝင်စားရသည့် အကြောင်းကတော့ ရှုလီကောက သည်ရတနာထဲ၌ ချိပ်ပိတ်ထားခြင်း ခံရသည့် စိတ်ဝိညာဉ်တစ်ခု ရှိနေသည်ဟူ၍ ပြောခဲ့ဖူးသောကြောင့် ဖြစ်၏။ ရှုလီကောက သည်စိတ်ဝိညာဉ်ကို လွတ်မြောက်ခွင့် ပေးရန်လည်း သူ့ကို တောင်းပန်ခဲ့သေးသည်။
ရှုလီကော စကားများကို သူက သတိထားလေ့ရှိသည်။ သူက ရှုလီကောက အလွန်ဉာဏ်များတာကို နားလည်ထား၏။ အကြောင်းကတော့ ရှုလီကောက သူကိုယ်တိုင် ဖန်တီးထားခဲ့တာ မဟုတ်လား။
ရှုလီကောက လေလွင့် ဝိညာဉ်များတွင် မရှိသော အသိဉာဏ်မျိုး ရှိနေ၏။
ရှုလီကော၏ အကျင့်စရိုက်က ကြောက်တတ်သော ကြောင်တစ်ကောင်နှင့်တူ၏။ သို့သော် တစ်ချိန်တည်းမှာပင် သူက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားမှုလည်း ရှိနေသည်။ သူက ဝမ်လင်းကို သည်ရတနာထဲရှိ စိတ်ဝိညာဉ်ကို လွှတ်ပေးရန် အကြိမ်များစွာ တောင်းဆိုခဲ့ခြင်းက ဝမ်လင်းကို သတိထားမိစေခဲ့သည်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် မည်သို့ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းခဲ့မိသည်။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သည်ဘီးရတနာထဲရှိ စိတ်ဝိညာဉ်ကို အသုံးပြု၍ ရှုလီကောကို ဆွဲဆောင်ခဲ့ကြောင်း ဝမ်လင်းက ရိပ်မိလိုက်၏။
ဘီးရတနာကို အနည်းငယ် ကြည့်ရှုပြီးနောက် သူက ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ ကောင်းကင်ဘုံဓား ထွက်ပေါ်လာသည်နှင့်အတူ ရှုလီကောသည်လည်း လိုက်ပါထွက်ပေါ်လာ၏။ သူက သည်ဘီးကို တောက်ပသော မျက်လုံးဖြင့် ကြည့်လို့နေသည်။
ရှုလီကောက လျင်မြန်စွာ ပြောလိုက်၏။ “အရှင် … ဒါက ရတနာဘီးပဲ။ အဲဒီအထဲမှာ စိတ်ဝိညာဉ်တစ်ခု ရှိနေတယ်…။ သူမကို ကယ်တင်ပေးပါ…”
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ “မင်းက ဒီရတနာထဲမှာ စိတ်ဝိညာဉ်တစ်ခု ရှိနေတာ ဘယ်လိုလုပ်သိလဲ…”
“ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သူ့ကို ခေါ်ထုတ်ပြခဲ့လို့ပါ။ အရှင် သူ့ကို မြန်မြန် ကယ်ထုတ်ပေးပါ…” ရှုလီကောအသွင်က စိုးရိမ်သောက ရောက်နေသည့်ဟန် ဖြစ်နေ၏။
ဝမ်လင်းက ရှုလီကောကို ကြည့်ကာ မေးလိုက်သည်။ “ဒီစိတ်ဝိညာဉ်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ…”
ရှုလီကော၏ စိုးရိမ်သောကဖြစ်မှုက ပိုဆိုးလာခဲ့၏။ သူက အတော်လေး စိတ်မရှည်ဖြစ်နေပြီး ပြောလိုက်သည်။ ဘာကျင့်ကြံမှုအဆင့်မှ မရှိပါဘူး။ သူက စိတ်ဝိညာဉ်အပိုင်းအစ လေးပါ။ “အရှင်က သူမကို မကယ်တင်ပေးသေးရင် ငါကိုယ်တိုင် လုပ်တော့မယ်…”
ရှုလီကောက သည်ဘီးရတနာကို မြင်လိုက်သည်နှင့် ဝမ်လင်းအပေါ် သူ့ကြောက်ရွံ့မှုက ပျောက်ကွယ်သွားပြီး သူ့အသံနေ အသံထားကလည်း ပြောင်းလဲသွား၏။
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ပြုံးမိသည်။ “မလောပါနဲ့ … ငါက ခု ဒီစိတ်ဝိညာဉ်ကို ကယ်ထုတ်ပေးပါ့မယ်…”
ထိုသို့ပြောပြီးနောက် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပုံဖော်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းတစ်ခုက ဘီးရတနာထံသို့ တိုးဝင်သွားသည်။ သို့ရာတွင် သည်ရတနာက အစိမ်းရောင်တစ်ချက် တောက်ပသွားပြီး စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းနှင့် ရောစပ်သွားသည်။
ဝမ်လင်းက အံ့အားသင့်သွားပြီး သူက သည်ရတနာဘီးကို ပို၍ နီးကပ်စွာ ကြည့်လိုက်သည်။ သူက စောနကတုန်းက ရှုလီကောကြောင့်သာ သည်ရတနာကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ သို့သော် ခုချိန်၌ ၎င်းက အစိမ်းရောင်တစ်ချက် တောက်ပသွားပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်နှင့်ပင် ပေါင်းစပ်သွားသေး၏။ သူက အခုမှ သည်ရတနာနှင့် ပတ်သက်ပြီး အမှန် အာရုံစိုက်မိသွားသည်။
အစိမ်းရောင် အလင်းတန်း လက်ခနဲ ဖြစ်သွားသော်လည်း ဝမ်လင်းက သည်ရတနာဘီးထံ ကနေ မည်သည့် စိတ်ဝိညာဉ်လှိုင်းကိုမှ မခံစားရချေ။ သူက အနည်းငယ် စဉ်းစားပြီးနောက် နောက်ထပ် စိတ်ဝိညာဉ်စွမ်းအင်တန်း တစ်ခုကို ထပ်မံ ထုတ်လွှတ်လိုက်၏။
သည်အခါ ရတနာဘီးပေါ်၌ လက်မအရွယ် ထူးဆန်းသော သင်္ကေတ တစ်ခု ပေါ်လာခဲ့သည်။ အစိမ်းရောင် အလင်းတန်းက ထပ်မံပေါ်လာပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်နှင့် အသားကျ ပေါင်းစပ်သွားပြန်သည်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။
ရှုလီကော၏ စိုးရိမ်သောကသည် အကန့်အသတ်သို့ ရောက်လာခဲ့သည်။ သူက စကားတစ်ခွန်းမှ မဆိုဘဲ ကောင်းကင်ဘုံဓားကနေ ရတနာဘီးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။
ဝမ်လင်းက ရှုလီကောကို အေးစက်စွာ ကြည့်လိုက်သည်။ ရှုလီကော၏ အပြုအမူများက ထူးဆန်းနေ၏။ ကြည့်ရတာ တစ်ခုခု မှားနေသည့်ပုံပင်။
သူက ရှုလီကောသည် ရတနာနှင့် နီးကပ်သွားသည်ကို သတိပြုမိလိုက်သည်။ အစိမ်းရောင် အလင်းတန်းက ထပ်မံပေါ်လာပြီး ရှုလီကောက ထိန်လန့်ဖွယ် ညည်းညူကာ နောက်သို့ ဆယ်ပေခန့် လွင့်စဉ်သွား၏။
သူ့မျက်လုံးများက နီရဲလို့နေသည်။ သူက ဟိန်းသံတစ်ချက်ပြု၍ နောက်တစ်ဖန် ထပ်ကြိုးစားရန် ဟန်ပြင်လိုက်ချိန်တွင် ဝမ်လင်းက သူ့ထံသို့ လက်ညွှန်လိုက်ရာ ၎င်းက လေထဲ၌ တန့်သွားခဲ့၏။
ရှုလီကောက ဝမ်လင်းထံသို့ လှည့်၍ ကြည့်ကာ အော်ပြောလိုက်သည်။ “ဒါဘာလုပ်တာလဲ။ ငါ့ကို သွားခွင့်ပေး။ ငါ သူမကို သွားကယ်မယ်…”
ဝမ်လင်းက ရှုလီကောက အေးစက်စွာ စိုက်ကြည့်လိုက်၏။ ရှုလီကော ခန္ဓာကိုယ်က တုန်ခါသွားပြီး သူက ခုမှ ပုံမှန်ပြန်ဖြစ်သွား၏။ သူက ရတနာဘီးကို အထိတ်တလန့် ကြည့်ကာ ပြောလိုက်သည်။ “အရှင်… ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ငါက ဒီရတနာဘီးကို မြင်လိုက်တိုင်း ငါ့ကိုယ်ငါ မထိန်းချုပ်နိုင် ဖြစ်လာလို့ပါ…”
ဝမ်လင်းက ရှုလီကောကို လစ်လျူရှုထားပြီး ရတနာဘီးကို လှမ်းယူလိုက်၏။ သူက ဘယ်ဘက်လက်မဖြင့် သည်ထူးဆန်းသော သင်္ကေတနေရာသို့ ဖိချသည်။
သူက ထိုသို့ပြုလုပ်လိုက်သည့် အခိုက်တွင် ထူးဆန်းသော သင်္ကေတတစ်ခု ပေါ်လာခဲ့ပြီး အစိမ်းရောင် အလင်း တောက်ပလာပြန်၏။ ဝမ်လင်းက ညည်းတွားလိုက်ရသည်။ သို့သော် သူက ဆက်၍ ဖိထားဆဲဖြစ်သည်။
သည့်နောက် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အက်ကြောင်းများက ရတနာဘီးကို ဖုံးလွှမ်းသွား၏။ ပေါက်ကွဲသံတစ်ခုနှင့် အတူ ရတနာဘီးက အစိတ်စိတ် ကွဲထွက်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း မျက်စိကျိန်းစပ် လောက်အောင် တောက်ပသည့် အနီရောင်အလင်း တစ်ခုက သည်ပျက်စီးသွားသော ရတနာဘီးကနေ ထွက်ပေါ်လာ၏။ မကောင်းဆိုးဝါး စွမ်းအင်နှင့် ပြည့်နှက်နေသည့် ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ သည်အနီရောင် အလင်းကနေ ထွက်ပေါ်လာသည့် ရယ်သံက လူတိုင်း၏နှလုံးသားကို တုန်ယင်စေနိုင်သည်။
သည်အသံက ထူးဆန်းသော စွမ်းအားနှင့် ပြည့်နေခဲ့သည်။ သည်ရယ်သံ စွမ်းအားက ရှုလီကော၏ အသိကို တစ်ဖန် ပြန်လွတ်သွားစေခဲ့သည်။
သူ့မျက်လုံးထဲ၌ လိုအင်ဆန္ဒများနှင့် ပြည့်နေပြီး သူက အနီရောင် အလင်းရှိရာသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
အနီရောင် အလင်းတန်းက အလွန် ဆွဲဆောင်အားကောင်းသော အမျိုးသမီးအဖြစ်သို့ ပြောင်းသွားလေ၏။ သူမက ပါးလွှာသောအဝတ်ကိုသာ ဝတ်ဆင်ထားသဖြင့် သူမအသားအရေ တော်တော်များများကို လှစ်ဟပြသနေသလို ဖြစ်နေစေ၏။ သူမက ရှလီကောကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောသည်။ “အစ်ကိုရှု…ညီမလေး အချိန်အကြာကြီး စောင့်နေရတာ။ အစ်ကိုက ဘာကြောင့်ခုမှ ညီမကို လာကယ်တာလဲ…”
ထိုသို့ပြောပြီးသည်နှင့် သူမက သူ့နူးညံ့သော လက်လေးကို မြှောက်၍ ရှုလီကောထံသို့ ညွှန်လိုက်သည်။ သူမအသွင်က ကွဲကွာနေသော ချစ်သူတစ်ယောက်ကို ပြန်တွေ့ဆုံရသည့် အလား ထင်မှတ်ရ၏။
ဝမ်လင်းမျက်လုံးများက အေးစက်နေ၏။ အမျိုးသမီး ပေါ်လာသည်အခါ သူ့နှလုံးသားပင် သက်ရောက်မှု ဖြစ်သွား၏။ ကံကောင်းစွာဖြင့် သူက စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းစနစ်ကို အသက်သွင်းထားရာ သူ့မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ် ဆယ်သန်းအလံနှင့် ချိတ်ဆက်ထားသလို ဖြစ်နေသည့် အတွက်ကြောင့် သူက မြန်ဆန်စွာ အသိဝင်နိုင်ခဲ့သည်။
သို့သော် သည်လောက်ကပင် သူ့ကို တုန်လှုပ်မိသွားစေသည်။
“နင်က ငါ့အပေါ်မှာ ဒီလိုမကောင်းဆိုးဝါး နည်းလမ်းကို အသုံးပြုဝံ့တယ်ပေါ့…” ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံသည်။ ဝမ်လင်း၏အသံက ရှုလီကောထံသို့ ရောက်သွားသည်။သည့်နောက် အမျိုးသမီး၏နားထဲ၌ မိုးကြိုးပစ်သလို ပဲ့တင့်ထပ်နေလို့နေသည်။
ရှုလီကောခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့မျက်လုံးများက ကြည်လင်သွားသည်။ ရှုလီကော ကိုယ်တိုင်ကလည်း မကောင်းဆိုးဝါး ဖြစ်သည့်အတွက် သူက ဝမ်လင်းအသံကို ကြားလိုက်သည်နှင့် တစ်ခုခုမှားနေသည်ကို ချက်ချင်းသိလိုက်သည်။ အထိတ်တလန့်ဖြင့် သူက နောက်သို့ ခပ်မြန်မြန် ဆုတ်လိုက်သည်။
အမျိုးသမီးက လှည့်၍ ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြုံး၏။ သူမ ပြုံးလိုက်သည့်အခါတွင် အရာရာက မှိန်ဖျော့သွားပြီး သူမအပြုံးတစ်ခုသာ ကျန်ရှိနေသည့်အလားထင်မှတ်ရ၏။
အမျိုးသမီး၏ မျက်တောင်လေးများက တုန်ခါသွားပြီး သူမက ခပ်တိုးတိုး ပြောလိုက်သည်။ “ဘယ်လိုတောင် ကြမ်းတမ်းတဲ့လူလဲ။ ကျွန်မက ရှင့်ကို ဆန့်ကျင်တာ မဟုတ်ပါဘူးနော်…”
သူမအသံထဲ၌ ထူးဆန်းသော စွမ်းအားနှင့် ပြည့်နေသည်။ သည်အသံက ဝမ်လင်းနားထဲ ဝင်ရောက်လာသည့်အခါ သူ့နှလုံးသားက နောက်တစ်ခါ တုန်ခါသွားရ၏။
ရှုလီကော ခန္ဓာကိုယ်ကလည်း တုန်ခါသွားပြီး သူ့မျက်လုံးထဲရှိ ကြည်လင်မှုကလည်း ပျောက်ကွယ်သွားပြန်ကာ လိုအင်ဆန္ဒများ ပြည့်လာပြန်၏။
အမျိုးသမီးက ဂုဏ်ယူစွာပြုံး၍ ဝမ်လင်း ရှေ့သို့ ပျံသန်းသွားသည်။ သူမက ဝမ်လင်းရှေ့သို့ ရောက်လာပြီး သူ့နဖူးထံသို့ လက်ဆန့်တန်းလိုက်၏။
သို့သော် သည်အခိုက်တွင် ဝမ်လင်းမျက်လုံးက ပြန်၍ ကြည်လင်သွား၏။
အမျိုးသမီးက ရှင်းပြသည်။ သူမက တစ်ခုခုမှားနေသည်ကို သိလိုက်ပြီးနောက် နောက်သို့ ပြန်ဆုတ်ရန် ကြိုးစားလိုက်၏။ သို့ရာတွင် ဝမ်လင်းက စိတ်ဝိညာဉ်အလံကို ထုတ်ကာ လီယွမ်ဖန်နှင့်အတူ စိတ်ဝိညာဉ်အပိုင်းအစ တစ်ထောင်က သူမထံသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့၏။
အမျိုးသမီးက နောက်သို့ အလျင်အမြန် ထပ်ဆုတ်၏။
လီယွမ်ဖန်၏ စိတ်ဝိညာဉ် အပိုင်းအစနှင့် ကျန်သည့်စိတ်ဝိညာဉ် အပိုင်းအစများက အမျိုးသမီးကို ဝန်းရံသွား၏။ သူတို့က သူမကို ဝါးမျိုရန် ကြိုးစားလိုက်စဉ်တွင် ထူးဆန်းသော စွမ်းအားတစ်ခုက သူမမျက်လုံးထဲကနေ ထွက်လာပြီး ပြုံး၍ ပြောလိုက်သည်။ “အစ်ကိုကြီးတို့… ဘာလို့ ခုလိုလုပ်ရတာလဲ။ ငါက အစ်ကိုကြီးတို့ ရန်သူမှ မဟုတ်ပဲ …”
သည်အသံကြောင့် လီယွမ်ဖန်၏ စိတ်ဝိညာဉ် အပိုင်းအစက မှင်တက်သွားပြီး သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်များ ပြည့်လာ၏။ အခြား စိတ်ဝိညာဉ် အပိုင်းအစများက ပို၍ပင် ဆိုးလို့နေသည်။ သူတို့က အမျိုးသမီးကို ကြောင်ရီစွာ ငေးကြည့်နေကြသည်။
“သူက ငါ့ကို အနိုင့်ကျင့်တယ်။ ကျေးဇူးပြုပြီး သူ့ကိုသတ်ဖို့ ငါ့ကို ကူညီပေးပါ…။ သူ့ကို သတ်ပြီးရင် ငါက နင်တို့နဲ့ အချိန်ဖြုန်းပေးမယ်လေ…” အမျိုးသမီး၏ ပါးနှစ်ဖက်က ထိုသို့စကားဆိုရင်းဖြင့် ရဲတက်လာ၏။
ထိုသို့ပြောပြီးသည့်အခါ လီယွမ်ဖန် စိတ်ဝိညာဉ်အပိုင်းအစက တုန်ခါသွားပြီး အခြား စိတ်ဝိညာဉ် အပိုင်းအစများကတော့ ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာကြ၏။
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သူက စိတ်ဝိညာဉ် အပိုင်းအစများကို ကြည့်ပင်မကြည့်ဘဲ သူ့နောက်သို့ လက်ညွှန်သည်။ အမျိုးသမီး၏ ညှို့ငင်ခြင်း ခံထားရသည့် ရှုလီကောက ဝမ်လင်းကို အလစ်တိုက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူက ထိုသို့မလုပ်နိုင်ခင် သူအရင် ဒဏ်ရာရသွား၏။ သူ့ပတ်လည်ရှိ အမည်းရောင် အခိုးငွေ့များက ပျောက်ကွယ်သွားပြီး သူက နောက်သို့ အလျင်အမြန်ဆုတ်သည်။
သူ့မျက်လုံးက တစ်ဖန်ပြန်ကြည်လင် လာပြန်သည်။ သည်တစ်ကြိမ်တွင်တော့ ဝမ်လင်းအပေါ် သူ့ကြောက်ရွံ့မှုက သူမျိုးသမီး၏ ညှို့ငင်နိုင်မှုအပေါ် အနိုင်ရသွားခဲ့သည်။
သူက စိတ်ထဲ၌ ကျိတ်၍ ကျိန်ဆဲမိနေသည်။ သူက ဘာလို့များ သည်မိစ္စာကောင်ကို သွားတိုက်ခိုက်မိပါလိမ့်။ အခု သူက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို သတ်၍ ဝမ်လင်းအတွက် အကျိုးဆောင်ထား ပေးမှုက ရေစုန်မျောသွားလေပြီ။
ရှုလီကောက ထိုသို့တွေးမိလေလေ ပို၍ ဒေါသထွက်လာလေ ဖြစ်သည်။ ထို့ကြောင့် သူက အမျိုးသမီးကို အော်ဟစ်လိုက်၏။ “ကောင်မစုတ်… ဒီလိုဖြစ်ရတာ နင်ငါ့ကိုညှို့ငင်ခဲ့လို့…”
လီယွမ်ဖန်နှင့် အခြားစိတ်ဝိညာဉ် အပိုင်းအစများက ဝမ်လင်း ရှေ့သို့ ရောက်လာခဲ့ကြသည်။ ဝမ်လင်းက လက်ညွှန်လိုက်ရာ သည်စိတ်ဝိညာဉ်အားလုံးက အထိတ်တလန့် ညည်းတွားလိုက်ကြ၏။ လီယွမ်ဖန်အပါအဝင် ကျန်သည့် စိတ်ဝိညာဉ်အပိုင်းအစ အားလုံးက ကြောက်လန့်သွားကြသည်။
“တော်လောက်ပြီ … နင် ဒီကိုလာခဲ့စမ်း…” ဝမ်လင်းက လက်ဆန့်တန်းလိုက်သည်။ အမျိုးသမီးက ရှောင်ရန် ကြိုးစားလိုက်သော်လည်း ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းက အမျိုးသမီးကို သေချာ ကြည့်လိုက်ပြီးနောက် သူမ၏ လျှို့ဝှက်ချက်ကို သိမြင်သွား၏။ သည်စိတ်ဝိညာဉ်ထဲ၌ နယ်ပယ်တစ်ခု ရှိလို့နေ၏။ သည်နယ်ပယ်က အလွန်အားကောင်းပြီး သည်ကမ္ဘာကြီးပေါ်ရှိ အရာခပ်များများကို ဆွဲညှို့နိုင်စွမ်း ရှိနေသည်။
“နယ်ပယ်တစ်ခုနဲ့ စိတ်ဝိညာဉ်အပိုင်းအစ… စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။
‘နင့်နာမည် ဘယ်လို ခေါ်လဲ…”
အမျိုးသမီးက အချိန်အတန်ကြာ ရုန်းကန်နေသေးသည်။ သူမက အသက်ခက်ခက်ခဲခဲ ရှူ၍ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။ “ငါက နင့်ကို မနှောက်ယှက်ပါဘူး။ ဘာလို့ ငါ့ကို သွားခွင့်မပေးတာလဲ…”
ဝမ်လင်းက အေးစက်စွာဖြင့် အမျိုးသမီးကို ကြည့်ကာ သူမမျက်ခုံး နှစ်ခုကြားသို့ လက်ညွှန်သည်။ သူမက နာကျင်သွားဟန်ရပြီး စတင်အော်ညည်းလေသည်။ သူမခန္ဓာကိုယ်ကနေ အမည်းရောင် အမျှင်တန်းများ ထွက်ပေါ်လာ၏။ သည်အမျှင်တန်းများ ထွက်ပေါ်လာသည်နှင့် အတူ သူမသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်လာ၏။
“မိုင်ချီ … ငါ့နာမည်က မိုင်ချီပါ…” အမျိုးသမီးက လျင်မြန်စွာ ပြောလိုက်သည်။ သူမက ဝမ်လင်းကို ကြောက်လန့်စွာ ကြည့်လို့နေသည်။
***