ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ခနဲ့ကာ ပြုံးသည်။ သူက အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူပင် ကြောက်လန့်သည့် သည် စိတ်ဝိညာဉ် ဆယ်သန်းအလံကို မည်သို့ ခုခံနိုင်ပါ့မည်နည်း။ သူ့တွင် တည်ထောင်သူ ဘိုးဘေး၏ ပုဆိန်ရှိသော်လည်း သူ့ကျင့်ကြံမှုအဆင့်နှင့် ၎င်း၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်ချေ။
သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက အော်ဟစ်မာန်သွင်း၍ ဝမ်လင်းထံသို့ ပုဆိန်ဖြင့် လှမ်းပစ်သည်။
ပုဆိန်က စိတ်ဝိညာဉ် အပိုင်းအစများကို ဖြတ်၍ မျက်စိတစ်မှိတ် အတွင်း ဝမ်လင်းနှင့် နီးကပ်သည့်နေရာသို့ ရောက်လာခဲ့သည်။
ဝမ်လင်းမျက်လုံးက ဖျတ်ခနဲ ဖြစ်သွား၏။ သူက စိုးရိမ်နေဟန် မရှိချေ။ ပုဆိန်နီးကပ်လာသည့် အခါ သူက ကောင်းကင်ဘုံဓားကို ထုတ်၍ ၎င်းပုဆိန်ကို ပိတ်ဆို့လိုက်သည်။
ဘုန်း…။
ဝမ်လင်းပါးစပ်ကနေ သွေးများ ပို၍ ယိုစီးကျလာသည်။ သူက နောက်သို့ ဆယ်ပေခန့် လွင့်စဉ်သွားပြီး မြေပေါ်သို့ ပစ်ကျသည်။
ဘီလူးနတ်ဆိုး ကလန်ဘိုးဘေး၏ မျက်နှာက ဖြူရော်နေပြီး သူ့မျက်လုံးထဲ၌ ရူးသွပ်မှုတို့ ပြည့်နေ၏။ သူက ဝမ်လင်းကို ကြမ်းကြုတ်စွာကြည့်သည်။ သည့်နောက် သူက အသက်ဝဝ ရှူသွင်းလိုက်ကာ သူ့မူလစိတ်ဝိညာဉ်က တုန်ခါလာ၏။ သူကဟစ်ကြွေးလိုက်၏။ “သွေးမျိုးဆက် စွမ်းအား…”
အစောပိုင်းကတည်းက သူက သွေးမျိုးဆက်စွမ်းအားကို မထုတ်ဖော်ခြင်းက သူ့ခန္ဓာအသစ်ဖြစ်စဉ် မပြီးသေးပဲ အသုံးပြုလျှင် သူ့မူလစိတ်ဝိညာဉ်ကို ဒဏ်ရာ ရစေမှာ ဖြစ်သောကြောင့်ပင်။ ၎င်းစွမ်းအားကို အသုံးပြုလျှင် သူ့မူလစိတ်ဝိညာဉ်က ပျက်စီးလာပြီး သူက သူ့ကိုယ်သူ သတ်သေသည်နှင့် မခြားတော့ချေ။
ဝမ်လင်းက ဘီးလူးနတ်ဆိုး ကလန်ဘိုးဘေးကို အေးစက်စွာ ကြည့်နေ၏။ သူက စိတ်ဝိညာဉ်အလံကို လက်ညွှန်လိုက်ရာ များစွာသော စိတ်ဝိညာဉ် အပိုင်းအစများက ရှေ့သို့ တိုးဝင်သွားကြပြန်၏။
ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အကြောင်းကို သိနေသော သည်ဘိုးဘေးကို သတ်ပစ်မှ ရပေမည်။ သူက မည်သည့်နည်းနှင့် ဖြစ်ဖြစ် ရအောင်သတ်ရမည်။
ကောင်းကင်တစ်ခုလုံးက ဧရာမလက်ကြီးနှင့် ရွေ့လျား ခံလိုက်သကဲ့သို့ ထင်မှတ်ရပြီး ဧရာမ ဝဲကတော့ကြီး တစ်ခုက ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ အထက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။
သည်အခိုက်မှာပင် မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးကို ဖုံးလွှမ်းသွား၏။ သူတို့က ဘိုးဘေးကို ဝါးမျိုပစ်နေကြ၏။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ရက်စက်မည့် အသွင်ဖြင့် ရယ်မောနေ၏။
“လှည့်ပတ်စမ်း…”
ဧရာမဝဲကတော့ကြီးက ရုတ်တရက် လှည့်ပတ်လာပြီး နှိုင်းဆမရသည့်စုပ်အား တစ်ခု ဖြစ်ပေါ်လာ၏။ ၎င်းစုပ်အား ဖြစ်ပေါ်လာသည့်အခါ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးပတ်လည်ရှိ စိတ်ဝိညာဉ် အပိုင်းအစများက အထိတ်တလန့် အော်ဟစ်လိုက်ကြပြီး စုပ်ယူခြင်း ခံလိုက်ရသည်။
ဝမ်လင်းက ပြင်းထန်သော စုပ်အားက သူ့ပတ်လည်၌ ဝန်းရံလာသည်ကို ခံစားမိသည်။ သူ့ခန္ဓာကိုယ်က အလိုအလျောက် ဝဲကတော့ထံသို့ ရွေ့လို့သွား၏။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက အော်ဟောက်လိုက်သည်။ “ဝမ်လင်း … ဒီအဘိုးအိုက ငါ့မူလစိတ်ဝိညာဉ်ကို အဖျက်ဆီးခံပြီး မင်းကို ဟင်းလင်းပြင်ထဲမှာ ပိတ်လှောင်ပစ်မယ်…” သူ့ပတ်လည်၌လည်း မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ ရှိလို့နေသေး၏။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် စိတ်ဝိညာဉ်အပိုင်းအစ ဆယ့်နှစ်ခုက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီး သူ့မူလစိတ်ဝိညာဉ်ကို ဝါးမျိုလို့နေ၏။
သူ့အသွေးအသားများက ခြောက်ကပ်လာပြီး မူလ စိတ်ဝိညာဉ်ကလည်း ပျက်စီးလာခဲ့သည်။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ပင်။ သူက ဝဲကတော့ထဲသို့ စုပ်ယူခံလိုက်ရသည့် အခါ ဘီလူးနတ်ဆိုးကလန် ဘိုဘေးကို လှောင်ပြုံးကာ ကြည့်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဝါးမျိုစမ်း…”
သူက ထိုသို့ပြောလိုက်သည်နှင့် စိတ်ဝိညာဉ်အပိုင်းအစများက ပို၍ မြန်ဆန်စွာ ဝါးမျိုကြသည်။ ဘီလူးနတ်ဆိုးကလန်ဘိုးဘေးက ထိန့်လန့်ဖွယ်ငြီးတွားလို့နေ၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း လုံးဝ ဝါးမျိုခြင်း ခံလိုက်ရသည်။
သည်မျိုးဆက်၏ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ထိုသို့ သေဆုံးခဲ့ရ၏။
သို့သော် သူ့အသက်သွင်းခဲ့သော သွေးမျိုးဆက်စွမ်းအားက ဝမ်လင်းကို ဆွဲချနေသည်။ ဝမ်လင်းခန္ဓာကိုယ်က ဝဲကတော့ထဲသို့ နစ်မြုပ်သွားတော့မည့် အခိုက်တွင် သူက လက်ဆန့်တန်းလိုက်ရာ စိတ်ဝိညာဉ်အပိုင်းအစ အားလုံးက ချိန်းကြိုးအသွင် ဖြစ်ပေါ်၍ သူ့ကို ပြန်ဆွဲခေါ်ထား ကြသည်။
သည်စိတ်ဝိညာဉ် အပိုင်းအစချိန်းကြိုးက သူ့ကို ဆွဲတင်လိုက်သည့် အခိုက်လေးကို အသုံးပြု၍ သူက ကြိုတင် ပြင်ဆင်ထားခဲ့သော အစီအရင်ကို အသက်သွင်းလိုက်၏။ သူက စုပ်ယူအားသည် ပိုအားကောင်းလာသည်ဟု ခံစားနေရစဉ် စိတ်ဝိညာဉ်အပိုင်းအစ အားလုံးကို ပြန်ခေါ်ယူလိုက်၏။ တကယ်တော့ သူက ဘိုးဘေး၏ သိုလှောင်အိတ်ကိုလည်း ယူရန် မမေ့ချေ။ ထိုအခိုက်၌ စုပ်ယူအားက ပို၍ အားကောင်းလာပြီး ဝမ်လင်းက သူမခုခံနိုင်တော့သည်ကို သိ၏။
သူက ပေတစ်ထောင်အကွာရှိ ပုဆိန်ကြီးကို လှမ်းကြည့်ရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ၎င်းပုဆိန်ထံသို့ လက်ဆန့်တန်းလိုက်သည်။ သို့သော် သူ့ယူဆောင်မှုကို ပြင်းထန်သော အားတစ်ခုက တားဆီးထားသည်။
ဝမ်လင်းက အံ့အားသင့်သွား၏။ သည်အချိန်မှာပင် သူ့ခန္ဓာကိုယ်က ဝဲကတော့ထဲသို့ ဆွဲယူခြင်း ခံလိုက်ရသည်။ ဝမ်လင်းက သူ့လက်ကို မြှောက်၍ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို အသုံးပြုကာ အော်ပြောလိုက်၏။ “ယူဆောင်စမ်း…”
ပုဆိန်က ထပ်မံ၍ ခုခံသော်လည်း ဝမ်လင်းက အတင်းဆုပ်ကိုင်၍ ယင်းပုဆိန်ကို သူ့ထံသို့ ဆွဲယူ၏။
ပုဆိန်ထံက ခုခံအားက ပိုပြင်းထန်လာခဲ့ပြီး ဝမ်လင်း၏ ဆုပ်ကိုင်မှုကို ချိုးဖျက်ရန် ကြိုးစားသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဘယ်ဘက်လက်ဖြင့် ညွှန်လိုက်ရာ ခရမ်းရွှေရောင် စိတ်ဝိညာဉ်အချို့က ပုဆိန်ကို ယူဆောင်ရန် ပျံသန်းထွက်လာ၏။
သည်အချိန်၌ ဝမ်လင်း၏ ခန္ဓာကိုယ်တစ်ဝက်က ဝဲကတော့ထဲသို့ ရောက်နေပြီ ဖြစ်သည်။ သူက ၎င်းပုဆိန်ကို လုံးဝဆွဲယူနိုင်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီးနောက် ဝမ်လင်းသည်လည်း ဟင်္သာပြဒါးဂြိုဟ်ပေါ်ကနေ ပျောက်ကွယ် သွားတော့သည်။
သိပ်မကြာခင်တွင် သည်ဝဲကတော့က မှိန်ဖျော့ ပျောက်ကွယ်သွား၏။
သည်တိုက်ပွဲနေရာ၌ ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ ပျက်စီးနေသော ခန္ဓာကိုယ်သာ ကျန်ရစ်ခဲ့တော့၏။
ဝမ်လင်းပုံရိပ်က ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက် ဟင်းလင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့၏။ သူ့မျက်နှာက သေလောက်အောင် ဖြူရော်လို့နေသည်။
“ဘယ်လောက်တောင် ပြင်းထန် အားကောင်းလိုက်တဲ့ သွေးမျိုးဆက် စွမ်းအားလဲ။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကသာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ် ဒါမှမဟုတ် နောက်ဆုံးအဆင့် ဖြစ်နေရင် ဘိုးဘေးသွန်းထျန် ငါ့ကို ပေးလိုက်တဲ့ အစီအရင်တောင် အသုံးဝင်တော့မှာ မဟုတ်ဘူး…”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲကနေ ကြယ်သံလိုက် အိမ်မြှောင်ကို ထုတ်လိုက်၏။ သူက ၎င်းကို ထိန်းချုပ်၍ ဟင်္သာပြဒါးဂြိုဟ်ရှိရာသို့ ပျံသန်းလာခဲ့သည်။
လီယွမ်ဖန်နဲ့ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးတို့ နှစ်ယောက်လုံး သေသွားခဲ့ပြီ။ ဒီသတင်းက ဟင်္သာပြဒါးဂြိုဟ်အနှံ့ ပျံ့နှံ့သွားတော့မယ်။ ခုချိန်မှာ အရေးကြီးဆုံးက ဝမ်အာအတွက် ဒုတိယကြိမ်မြောက် ကောင်းကင်ဘုံတမန်တော် ရောက်ရှိလာတာကို ကျော်ဖြတ်နိုင်ဖို့ပဲ…။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ကြယ်သံလိုက် အိမ်မြှောင်ကို ပိုမြန်အောင် ပျံသန်းစေလိုက်၏။
တစ်လခွဲခန့်ကြာပြီးနောက် ဟင်္သာပြဒါးဂြိုဟ်က သူ့မြင်ကွင်း၌ ပေါ်လာခဲ့သည်။ သည်နေရာက ကြည့်လျှင် ဟင်္သာပြဒါးဂြိုဟ်က အလွန်သေးသည့်ပုံ ပေါက်နေသည်။ ဟင်္သာပြဒါးဂြိုဟ်၏ ဘေး၌ ကောင်းကင်ဘုံ နယ်မြေကနေ တည်နေရာ ရွှေ့ပြောင်းရာတွင် ဝမ်လင်း မတော်တဆ ရောက်ခဲ့သည့် ယင်းဂြိုဟ်ထက် သေးငယ်သော ဂြိုဟ်တစ်ခု ရှိလို့နေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူက ကြယ်သံလိုက် အိမ်မြှောင်ကို သည်ဂြိုဟ်အသေးထံသို့ ဦးတည် မောင်းနှင်လိုက်သည်။
ကြယ်သံလိုက် အိမ်မြှောင်က ဥက္ကာပျံတစ်စင်းအလာ မြန်ဆန်စွာဖြင့် သည် ဂြိုဟ်ရှိရာသို့ ရောက်ရှိလာခဲ့သည်။ ၎င်းက သည်ဂြိုဟ်၏ လေထုအတွင်း ဝင်ရောက်လာပြီးနောက် ဝမ်လင်းသည် သူ့အောက်တွင် တောင်တန်းများ ရှိနေသည်ကို မြင်နေရသည်။
ကြယ်သံလိုက်အိမ်မြှောင်က ကောင်းကင်လေထုထဲ၌ ၎င်း၏စွမ်းဆောင်ရည် ကင်းမဲ့သွားပြီ ဖြစ်သဖြင့် ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်ကနေ ဆင်း၍ ၎င်းကို ပြန်သိမ်းဆည်းလိုက်သည်။
သည့်နောက် သူက အလင်းတန်း တစ်ခုအလား လှုပ်ရှားသွားသည်။ သည့်နောက် ဝမ်လင်းက ကီလိုမီတာ ငါးထောင်အကွာ၌ ပြန်ပေါ်လာခဲ့သည်။
သည်နေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များသည် ဟင်္သာပြဒါးဂြိုဟ်ထက် နည်းပါးလေ၏။ ရှိနေသည့် စိတ်ဝိညာဉ် စွမ်းအင်များကလည်း သန့်စင်ခြင်း မရှိသဖြင့် ကျင့်ကြံသူများ စုပ်ယူကျင့်ကြံရန် မသင့်တော်ချေ။
ဝမ်လင်းက သည်ပတ်ဝန်းကျင်နှင့် ရင်းနှီးနေသကဲ့သို့ မြန်ဆန်စွာ လှုပ်ရှားနေသည်။ တစ်ရာကြာပြီးနောက် သူက တောင်မြင့်မြင့်တစ်လုံး ရှေ့သို့ ရောက်လာခဲ့သည်။ သူက နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ တောင်ထိပ်၌ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
“ဒီအစီအရင်က ခုထိ ရှေနေတုန်းပဲ…” ဝမ်လင်းက ယင်းအစီအရင်ရှေ့၌ မတ်တတ်ရပ်နေခဲ့သည်။ သူက အောက်သို့ ငုံ့ကြည့်ကာ စတင်စဉ်းစားနေသည်။
အတိတ်တုန်းက သူက ကောင်းကင်ဘုံ နယ်မြေကနေ တည်နေရာ ရွှေ့ပြောင်းလာတုန်းက သည်အစီအရင်နား၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းအစီအရင်ကို အသုံးပြု၍ သူက ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်နိုင်ခဲ့သည်။
“ငါက လီယွမ်ဖန်နဲ့ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို သတ်ပစ်ခဲ့တဲ့အတွက် အာရုံစိုက်မှု ခံရလိမ့်မယ်။ ငါက ဒီနေရာမှာ နှစ်အနည်းငယ် ကျင့်ကြံပြီးမှ ဟင်္သာပြဒါးဂြိုဟ်ကို တိတ်တဆိတ် ပြန်သွားရမယ်…” ထို့နောက် ဝမ်လင်းက ခြေချိတ်၍ ထိုင်ချလိုက်ပြီး သူ့ကိုယ်ပွားနှင့် မူရင်းခန္ဓာကိုယ်ကို ပြန်ခွဲထုတ်လိုက်သည်။
မူလခန္ဓာကိုယ်က မြေကြီးထဲသို့ တိုးလျှိုဝင်ရောက်သွားသည်။
သည်ဂြိုဟ်က ဟင်္သာပြဒါးဂြိုဟ်၏ ဆယ်ပုံတစ်ပုံခန့်သာ ရှိသည်။ သည့်အတွက်ကြောင့် သူ့မူလခန္ဓာကိုယ် ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရားက ဂြိုဟ်၏ ဗဟိုဖိအားကို ခုခံနိုင်မည် ဖြစ်သည်။ မူလခန္ဓာဦးကိုယ်က ဂြိုဟ်အူတိုင်ရှိ ချော်ရည်ပူများအလယ်၌ ထိုင်၍ စတင် ကျင့်ကြံနေတော့၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ဧရာမပုဆိန်ကြီးကို ထုတ်ယူလိုက်သည်။
သည်ပုဆိန်က အနီရောင် တောက်ပနေပြီး အားကောင်းသော အသတ်အဖြတ်ဆန္ဒကို ထုတ်လွှတ်နေ၏။ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့နတ်ဘုရားအာရုံကို ၎င်းပေါ်တွင် အမှတ်အသားပြုရန် ကြိုးစားလိုက်သည်။ သို့သော် သည်အခိုက်တွင် ပုဆိန်ထဲရှိ အားကောင်းသော ခုခံအားက ဝမ်လင်းနတ်ဘုရားအာရုံကို တွန်းထုတ်ပစ်သည်။
“စိတ်ဝင်စားစရာပဲ…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ချိပ်တံဆိပ်တစ်ခုကို ပြုလိုက်လိုက်၏။ ထိုအခါ သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်လာခဲ့သည်။ မူလစိတ်ဝိညာဉ်က အနီရောင်ပုဆိန်ကို ကြည့်ကာ စုပ်ယူလိုက်သည်။ အနီရောင်ပုဆိန်က အနီရောင်အလင်းတန်း အသွင်သို့ ပြောင်း၍ ဝမ်လင်း မူလစိတ်ဝိညာဉ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။
ခုချိန်၌ ဝမ်လင်း မူလစိတ်ဝိညာဉ်ထဲ၌ ပစ္စည်းနှစ်ခု ရှိနေသည်။ တစ်ခုက စိတ်ဝိညာဉ် ဆယ်သန်းအလံဖြစ်ပြီး နောက်တစ်ခုက အနီရောင်ပုဆိန် ဖြစ်၏။
သည့်နောက် သူ့မူလစိတ်ဝိညာဉ်က ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွား၏။
“ဒီပုဆိန်မှာ ပုဆိန်စိတ်ဝိညာဉ် ရှိနေရမယ်။ ငါက ဒါကို အတင်း မဖယ်ထုတ်နိုင်ဘူး။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ် ဆယ်သန်းအလံနဲ့ ဖိနှိပ်ထားပြီး ငါ့မူလစိတ်ဝိညာဉ်နဲ့ သန့်စင်ပစ်နိုင်တယ်။ ဒီပုဆိန်စိတ်ဝိညာဉ်က ဘယ်လောက်ကြာကြာ ခုခံနိုင်မလဲ ငါ ကြည့်ရတာပေါ့…” ဝမ်လင်းက နှခေါင်းရှုံ့ကာ သိုလှောင်အိတ်ကို ထုတ်လိုက်၏။
သည်သိုလှောင်အိတ်က ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ သိုလှောင်အိတ်ဖြစ်သည်။
သူက သူ့နတ်ဘုရားအာရုံကို သိုလှောင်အိတ်ပေါ်၌ အမှတ်အသား ပြုလိုက်သည်။ သည့်နောက် သိုလှောင်အိတ်ထဲရှိ ပစ္စည်များသည် သူ့စိတ်ထဲ၌ ပေါ်လာခဲ့၏။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ သိုလှောင်အိတ်ထဲ၌ ပစ္စည်းကောင်းများ ရှိလို့နေ၏။ ကောင်းကင်ဘုံ ကျောက်စိမ်းပြား ဆယ့်နှစ်ခုနှင့် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများပင် ရှိလို့နေသည်။
သည့်အပြင် ဝမ်လင်း၏အာရုံကို ဖမ်းစားနိုင်သည့် ပစ္စည်းနှစ်ခုလည်း ရှိလို့နေသည်။
တစ်ခုက သွေးကဲ့သို့ အရည်တစ်ဝက်ပါနေသည့် ကျောက်စိမ်းပုလင်းတစ်ခု ဖြစ်သည်။ ဝမ်လင်းက သည်အရည်များကို အနံ့ခံကြည့်လိုက်ရာ အမှန်ပင် သွေးများ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက သည်သွေးများကို မြင်လိုက်သည့်အခါ ၎င်းကို အရင်တုန်းက တွေ့မြင်ဖူးသည့် ခံစားချက်ကို ရလိုက်သည်။
ဝမ်လင်းက သည်ပုလင်းကို ကိုင်၍ စဉ်းစားနေသည်။ ရုတ်တရက် သူက ပြန်မှတ်မိသွား၏။ အတိတ်တုန်းက သူက ထျန်မိသားစုကို မျိုးသုဉ်း သတ်ဖြတ်ပစ်ချိန်၌ သူက သည်လိုပုလင်းမျိုးကို ထျန်ဝမ်းထံတွင် တွေ့ခဲ့ဖူးပေသည်။
“ဒီသွေးထဲမှာ ရှေးဟောင်း နတ်ဘုရားရဲ့ သွေးမျိုးဆက် အငွေ့အသက်တွေ ပါနေတယ်။ အတိတ်တုန်းက ငါက ပုလင်းထဲက သွေးနဲ့ ရှေးဟောင်း နတ်ဘုရားရဲ့ စွမ်းရည်ကို အသက်သွင်းနိုင်ခဲ့တယ်…” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။
“ငါ့မူလခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရားနည်းစနစ်ကို ကျင့်ကြံရင်းနဲ့ ရှေးဟောင်းနတ်ဘုရား ဖြစ်လာခဲ့တာ။ အတိတ်တုန်းက ငါဟာ ရှေးဟောင်း နတ်ဘုရားရဲ့ အသိဉာဏ် အမွေအနှစ်ပဲ ရခဲ့ပြီး စွမ်အား အမွေအနှစ်ကို မရခဲ့ဘူး။ ဒါကြောင့် ငါက အချို့စွမ်းရည်တွေကို အသုံးမပြုနိုင်ဘူး။ ဒီသွေးက ငါ့အတွက် တကယ့်ကို အသုံးဝင်တယ်။ ငါက ဒါကို ငါ့မူလခန္ဓာကိုယ်ကို စုပ်ယူခိုင်းရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် စွမ်းရည်တစ်ခုကို ထုတ်ဖော်နိုင်ဖို့ပဲ ဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ ဒီတိုက်ပွဲမှာ ဘယ်လိုပဲ ပေးစပ်ခဲ့ရပါစေ ဒီတစ်ခုနဲ့တင် တန်နေပြီ…”
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ သည်ပုလင်းလေးကို သူ့သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ပြန်သိမ်းထားလိုက်၏။
***