Switch Mode

အပိုင်း(၄၄၇)

ကျိုးဝုထိုင်

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက လက်ထဲ၌ အနီရောင်ပုဆိန်ကို ကိုင်ဆောင်ထား၏။ အခုသူ့အော်ရာက စောနကနှင့် လုံးဝခြားနားနေသည်။ သူက သည်ပုဆိန်ကို ကိုင်ဆွဲထားချိန်၌ အခြား လူတစ်ယောက်အလား ထင်မှတ်ရသည်။

ပုဆိန်ထဲကနေ ထွက်ပေါ်နေသည့် အနီရောင် အခိုးအငွေ့များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။ အနီရောင် အခိုးအငွေ့များသည် သူ့ဒွာရပေါက်များကနေ စိမ့်ထွက်နေသည်ကို မြင်ရ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် သူ့အသွင်က အလွန်တရာ ကြမ်းကြုတ် ရက်စက်သည့်ပုံစံ ဖြစ်နေသည်။

သည်အနီရောင် အခိုးငွေ့များက သူ့ခန္ဓာကိုယ်ထဲကနေ တစ်ဖန်ပြန်ပြီး ပုဆိန်၏ စုပ်ယူခြင်းကို ခံရကာ စက်ဝိုင်းတစ်ခုလို ဖြစ်လို့နေ၏။

သည်လိုအနီရောင် အခိုးအငွေ့များ တစ်ပတ်လည်ပြီးတိုင်း ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ အော်ရာက ပိုပိုအားကောင်းလာခဲ့သည်။

သူက လေထဲ၌ မျောလွင့်နေပြီး ဝမ်လင်းကို ခေါင်းငုံ့ကာ ကြည့်သည်။ သူပြတ်တောက်သွားသော ဘယ်ဘက်လက် နေရာတွင်ပင် အနီရောင်မျဉ်းလိုင်းများ စုဝေးနေ၏။ သည်အနီရောင် မျဉ်းလိုင်းများက တဖြည်းဖြည်းဖြင့် အနီရောင် လက်တစ်ဖက်ပုံစံ ဖြစ်လာခဲ့၏။

မာန်သွင်းသံနှင့်အတူ သူက ညာလက်ရှိ ပုဆိန်ကို မြှောက်လိုက်သည်။ သည့်နောက် အနီရောင် အခိုးငွေ့များကြောင့် ပြန်လည် ဖြစ်တည်လာသော သူ့ဘယ်ဘက်လက်ဖြင့် ပုဆိန်ကို ဖမ်းယူ၏။ သူက ယင်းပုဆိန်ကို ဖမ်းယူသည့်အခိုက်တွင် ပုဆိန်က တောက်ပသေ အနီရောင်အလင်းကို ထုတ်လွှတ်လာသည်။

“ဝမ်လင်း…သေဖို့ပြင်ထား…” ဘီလူးနတ်ဆိုးကလန်ဘိုးဘေးက အော်ဟစ်လိုက်၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပုဆိန်ကို အောက်သို့ လွှဲခုတ်သည်။

သူကိုယ်တိုင်လည်း အလွန်မြန်ဆန်စွာ လှုပ်ရှားသည်။ မျက်စိတစ်မှိတ်အတွင်း သူက ဝမ်လင်း ရှေ့သို့ ပုဆိန်နှင့်အတူ ဆင်းသက်လာ၏။

ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက ကောင်းကင်ဘုံဓားကို မြှောက်၍ ပုဆိန်ကို ခုခံသည်။

ဘုန်း…။

ကောင်းကင်ပင် အက်ကွဲသွားသလား မှတ်ရသည့် ကျယ်လောင်သော အသံကြီးထွက်ပေါ်လာ၏။

ဝမ်လင်းက ပုဆိန်ထံမှ ပြင်းထန်သော အားတစ်ခုကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ပါးစပ်ထောင့်မှလည်း သွေးများယိုဆင်းလား၏။ သူက နောက်ဘက် ပေတစ်ထောင် အကွာသို့ လျင်မြန်စွာ ဆုတ်လိုက်ရသည်။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးသည်လည်း သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သို့သော် သူက အမြစ်တွယ်နေသည် အလား နေရာမှ တစ်လက်မပင် မရွေ့ခဲ့ချေ။ သို့ရာတွင် သူ့ခန္ဓာကိုယ်က အရင်အရွယ်အစား၏ သုံးပုံတစ်ပုံခန့်သို့ လျင်မြန်စွာ ကျုံ့သွား၏။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ အသွင်က အစကလောက် သန်မာအားကောင်းသည့် အသွင် ဖြစ်ပေါ် မနေခဲ့တော့ချေ။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ဟိန်းသံပြု၏။ အခုလက်ရှိတွင် သူက ရှေးဦးသားရဲတစ်ကောင် အလား ထင်မှတ်ရ၏။ သူ့မျက်လုံးများက နီရဲတွတ်နေပြီး သူက လက်ထဲရှိ အနီရောင်ပုဆိန်နှင့် အတူ ဝမ်လင်းရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။

“ကောင်လေး ဝမ်လင်း…သေပေတော့…” ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ပုဆိန်ကိုမြှောက်၍ အောက်သို့ လွှဲခုတ်ချပြန်၏။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း သူ့မျက်လုံးများက အေးစက်လာ၏။ သူက ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ ပြောလိုက်၏။ “ဂုဏ်ယူဖွယ် စိတ်ဝိညာဉ်အလံ…”

သည်အခါ အလင်းအားလုံးက ဝမ်လင်းရှေ့တွင် စုဝေးလာပြီး ကောင်းကင်သည် နက်မှောင်လာ၏။ ပေသုံးဆယ်ရှည်သည့် စိတ်ဝိညာဉ်အလံတစ်ခုက သူ့ထက်ထဲတွင် အမှောင်ထဲတွင် တောက်နေသည့် မီးတောက်တစ်ခုကဲ့သို့ ရောက်ရှိလာ၏။

သည်အလံက လေမတိုက်ဘဲ ဝှေ့ယမ်းလို့နေသည်။ သည်အလံပေါ်၌ ခရမ်းရွှေရောင်အလင်းက (၁၂)ခု ရှိနေသည်။

အလံထွက်ပေါ်လာသည်နှင့် ကမ္ဘာမြေကြီးထဲက‌နေ ထွက်ပေါ်လာသည့် မရေမတွက်နိုင်သော တစ္ဆေညည်းသံများကို ကြားလိုက်ရသည်။ အမည်းရောင် အခိုးအငွေ့များကလည်း မြေကြီးထဲကနေ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ စတင်ပျံ့နှံ့လာသည်။

ကောင်းကင်က လုံးဝနက်မှောင်နေသည်။

တစ်ဟုန်ထိုး တိုးဝင်လာနေသော ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ရုတ်တရက် အရှိန်လျော့ကျသွားသည်။ သူ့လက်ထဲရှိ ပုဆိန်ကလည်း ကျယ်လောင်သော တစီစီအသံများ ထုတ်လွှတ်လာသည်။

သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။ သူက ကြောက်ရွံ့ထိတ်လန့်မှုကို မနည်း ဖုံးကွယ်ထားရ၏။

“ဒါ…ဒါက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်….” ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက အသက်ဝဝ ရှူသွင်းမိသည်။ သူက သည်အလံက မည်သည့်နေရာက လည်သည်ကို သိရှိနေသည့်ပုံပင်။ သို့သော် သူက မယုံကြည်နိုင်ဟန် ဖြစ်နေ၏။

သို့သော် ထိုအခိုက်တွင် သည်အလံက သူသိထားသောအလံနှင့် တစ်ပုံစံတည်း တူနေသဖြင့် သူက မတတ်သာပဲ ယုံကြည်လိုက်ရသည်။

ဝမ်လင်းက စိတ်ဝိညာဉ် ဆယ်သန်းအလံကို ပထမဆုံးအကြိမ် အဖြစ် အသုံးပြုခြင်း ဖြစ်သည်။

သည်အခိုက်တွင် ဘီလူးနတ်ဆိုးကလန်၏ အစပ်၌ သည်တိုက်ပွဲကို ကြည့်နေသော ခရမ်းရောင် ဝတ်စုံနှင့် အမျိုးသမီးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားမိသည်။ “သွန်းထျန်က ငါ့ကို စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ နှင်ထုတ်ခဲ့တာက သူဟာ ဝမ်လင်းကို ဒီအလံကို လက်ဆင့် ကမ်းပေးခြင်းလို့ကို။ ဒါက ပုံရိပ်ယောင်တစ်ခု ဆိုပေမဲ့ ဘီလူးနတ်ဆိုးကလန် ဘိုးဘေး ခုခံနိုင်တဲ့ အရာ မဟုတ်ဘူး…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သက်ပြင်းချမိသည်။ သူမက ဝမ်လင်းကို အချိန်အတန်ကြာ စောင့်ကြည့် လေ့လာခဲ့သော်လည်း သူ့တာအိုနှလုံးသားကို မသိနိုင်ခဲ့ချေ။ သူမက ဝမ်လင်း သတိမေ့မြောနေသည့် အချိန်ကျမှ လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြုမှသာလျှင် သူ့တာအိုနှလုံးသားကို သိရှိရန် အောင်မြင်နိုင်ချေရှိသည်။

သူက သည်လိုတွေးမိပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သို့သော် သူမက ရှေ့ဆက်မသွားဘဲ ရုတ်တရက် ရပ်တန့်၍ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်သည်။

သူမကြည့်နေသော နေရာကနေ ခရမ်းရောင်ဝတ်စုံနှင့် ကောက်ရိုးဦးထုပ်ကို ဆောင်းထားသော ဗလတောင့်တောင့် လူကြီးက လှမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

သူ့ခန္ဓာကိုယ် မရောက်ခင် အသံက အရင်ရောက်လာခဲ့သည်။ “အမျိုးသမီး လျိုမေ…နင့်ပြိုင်ဘက်က ငါပဲ…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သည်လူကြီးကို ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဦးရီးတော် ယွမ်ချွဲရဲ့ ကောက်ရိုးဦးထုပ်ရှိတယ် ဆိုတော့ နင်က သူရွေးချယ်ထားတဲ့ လေးယောက်ထဲက တစ်ယောက် ဖြစ်ရမယ်။ ဒါပေမဲ့ နင့်လို စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်လောက် လေးက ငါ့ကို မတားဆီးနိုင်ပါဘူး…”

သည် ဗလတောင့်တောင့် လူကြီးက ရယ်မောကာ ပြောလိုက်သည်။ “အမျိုးသမီး လျိုကျင့်ကြံမှုက ငါ့ထက် အများကြီးမြင့်ပါတယ်။ ဒါပေမဲ့ ငါက စီနီယာ ယွမ်ချွဲရဲ့ အမိန့်ကို လျစ်လျူရှုလို့ မရဘူး။ နင်က ငါနဲ့ အချိန်ခဏပေးပြီး အရက်သောက်ပေး နိုင်မလား။ ဒါဆိုရင် ငါက ထွက်သွားမယ်…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက လှပစွာ ပြုံး၍ ပြောသည်။ “နင်က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒါပေမဲ့ နင်က ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို ကူညီပြီးတဲ့အထိ ငါ့ကို စောင့်ဖို့လိုတယ်။ ဒါပြီးရင် ငါက နင်နဲ့အတူ သောက်ပေးမယ်…”

လူကြီးက ခေါင်းယမ်းကာ ပြုံးသည်။ “ဒါက မကောင်းဘူး။ ဝမ်လင်းက ငါ့မိတ်ဆွေပဲ။ ငါက နင့်ကို ဘယ်လိုလုပ် သွားခွင့်ပြုနိုင်ပါ့မလဲ…”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သက်ပြင်းချသည်။ သူက ဗလတောင့်တောင့် လူကြီးကို ကြည့်ကာ ပြောသည်။ “ထွက်သွားပါ…ငါနင့်ကို နာကျင်အောင် မလုပ်ချင်ဘူး…” ထိုသို့ပြောပြီးသည်နှင့် သူက ထွက်သွားရန် ဟန်ပြင်သည်။

ဗလတောင့်တောင့် လူကြီးက ကြာပွင့်သဏ္ဌာန် ထိုင်ချသည်။ သည့်နောက် ချိပ်ပိတ်ဟန်တချို့ ဖော်ထုတ်သည်။ သူ့နယ်ပယ်က ချက်ချင်း ထွက်ပေါ်လာသည်။ သူ့နောက်၌ လူငယ်ပုံရပ်တစ်ခု ဖြစ်ပေါ်နေပြီး သည်လူငယ်က လူကြီးကို လေးစားအားကိုးစွာ ကြည့်နေသည်။

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ခဏတာ တုံ့ဆိုင်သွားပြီး ဗလတောင့်တောင့် လူဝကြီးကို ကြည့်သည်။ သူမက သူမအလှတရားနောက်တွင် ရက်စက်ကြမ်းကြုတ်မှု သဘာဝကို ကောင်းစွာ ဖုံးကွယ်ထား၏။ သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ခံစားချက် ဖြတ်တောက်ခြင်း နယ်ပယ်…။ နင့်ကို ဦးရီးတော် ရွေးချယ်ခဲ့တာ အံ့အောစရာ မရှိတော့ဘူး။ ပြင်းထန်တဲ့ စိတ်အင်အား…။ သန်မာတဲ့ နှလုံးသား…”

“ဆရာနဲ့တပည့်ကြား ခံစားချက်ကို နားလည်ဖို့ နင်က တပည့်တစ်ယောက် လက်ခံရမယ်။ ဒီတပည့်ကိုလည်း နင့်သားတစ်ယောက်လို ချစ်ခင်ပြီး သူ့ထံက ကျေးဇူးတင်ခြင်းကို ရရှိဖို့ နင်က ကြင်နာမှုလည်း ပြရမယ်။ ပြီးရင် ဒီဇာတ်လမ်းကို အသုံးပြုပြီး နင်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ဝင်ရောက်ခဲ့တယ်။ နင်လုပ်တဲ့အရာအားလုံးက နင်ကိုယ်နင် ဆရာတပည့် ဆက်ဆံရေးထဲမှာ နစ်မြုပ်သွားအောင်ပဲ ဖြစ်နေခဲ့တယ်…”

“သူက သူ့ကိုယ်ပိုင်နယ်ပယ်ကို နားလည်တဲ့နေ့ ရောက်လာတဲ့အခါ သူ့သားလိုချစ်ခင်ရတဲ့ တပည့်ကို သူကိုယ်တိုင်သတ်ပြီး ဒီလိုသတ်လိုက်လို့ ဖြစ်လာတဲ့ ဝမ်းနည်းမှုခံစားချက်ကို အသုံးပြုကာ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ချိုးဖျက်ဝင်ရောက်ခဲ့တယ်။ သူက သူ့သားလိုချစ်ခင် အလိုလိုက်နှစ်သက်ရတဲ့ တပည့်ကို ခပ်မြန်မြန် သတ်မပစ်ဘဲ သူ့တပည့်ကို တဖြည်းဖြည်းချင်း ညှဉ်းဆဲဝေဒနာ ခံစားစေပြီးမှ သတ်ပစ်ခဲ့တယ်။ ဒီလိုလုပ်တဲ့အခါ သူ့နှလုံးသားထဲကနေ တဖြည်းဖြည်း ကြီးမားလာတဲ့ နာကျင်ဝမ်းနည်းမှုကို အသုံးပြုပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရှိခဲ့တယ်…”

“ဒီအရာက ရက်စက်လှတယ်။ သူဒီလိုလုပ်လိုက်ပေမဲ့ ခံစားချက်အငွေ့အသက်က ရှိနေတုန်းပဲ။ ဒီလိုပုံစံနှင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရှိဖို့က သာမန်လူတွေ အောင်မြင်အောင် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး…”

အတိတ်တုန်းက ဝမ်လင်း သည်လူကြီးနှင့် တွေ့ကြုံခဲ့ရတုန်းက သူက သက်ပြင်းသာချနိုင်ခဲ့သည်။ သည်လိုလုပ်ရပ်က သူကိုယ်တိုင်ပင် လုပ်နိုင်သည့်အရာ မဟုတ်ချေ။

ဝမ်လင်းက စိတ်ဝိညာဉ်ဆယ်သန်းအလံကို ကိုင်မြှောက်လိုက်သည်။ သည့်နောက် သူ့မူလစိတ်ဝိညာဉ်က ၎င်းအလံထဲသို့ ဝင်ရောက်သွား၏။ အလံက စတင်လှုပ်ယမ်းလာပြီး အလံထဲက ကောင်းကင်ဘုံထိ ထွင်းဖောက်လုမတတ် အော်ညည်းသံတစ်ခု ထွက်ပေါ်လာသည်။

ခရမ်းရွှေရောင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် စိတ်ဝိညာဉ်အပိုင်းအစ ဆယ့်နှစ်ခု၏ ဦးဆောင်မှုဖြင့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများက သည်စိတ်ဝိညာဉ် အလံထဲကနေ ထွက်ပေါ်လာ၏။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက ဝမ်လင်းတွင် သည်လိုရတနာမျိုး ရှိနေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားမိချေ။ သူသာ ဝမ်လင်းတွင် သည်လိုရတနာမျိုး ရှိသည်ကို ကြိုသိခဲ့လျှင် မည်သို့ပင် ဖြစ်လာပါစေ သူက စတင်တိုက်ခိုက်မိမည် မဟုတ်ချေ။ လွတ်မြောက်ရန် အတွက် သူ့စွမ်းအား အကုန်အသုံးပြုခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ခဲ့ပေလိမ့်မည်။

သို့ရာတွင် အခြေအနေက သည်အထိ ရောက်လာခဲ့ပြီ ဖြစ်သဖြင့် သူ့တွင် တိုက်ခိုက်ရန်ကလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးမျက်လုံးထဲ၌ ရူးသွပ်ဟန်များ ထွက်ပေါ်လာသည်။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူက ရှေ့သို့ တစ်ဟုန်ထိုး ဆက်၍ တိုးဝင်လာ၏။ သူက ပုဆိန်ကိုမြှောက်၍ ဟစ်ကြွေးသည်။ “တည်ထောင်သူဘိုးဘေးရဲ့ ညာလက်က ဒီလူ့ကို ငါသတ်နိုင်ဖို့အတွက် ကူညီပေးပါ…”

မိုးကြိုးလျှပ်စီးတန်း တစ်ခုက ကောင်းကင်ထက်၌ ဖျတ်ခနဲ တောက်ပသွားသည်။ သည်လျှပ်စီးတန်းက အနီရောင် ရှိနေသည်။ ၎င်းလျှပ်စီးတန်း ကောင်းကင်ထက်၌ ဖြတ်သန်းသွားသည့်အခါ ယာယီအားဖြင့် ကမ္ဘာမြေကြီးတစ်ခုလုံး သွေးနီရောင်ဖြင့် ဆိုးထားသည့်အလား ထင်မှတ်လိုက်ရသည်။

သည်အနီရောင် မိုးကြိုးလျှပ်စီးကို ကိုင်ဆောင်ထားသည့် ဘိုးဘေးက ၎င်းလျှပ်စီးနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်ပြီး မထင်မရှားဖြစ်လို့ နေသည်။

ကောင်းကင်ထက်၌ အနီရောင် မိုးကြိုးလျှပ်စီးတစ်ခုသာ ရှိနေသည့်အလား။ ၎င်းက ဆင်းသက်လာသည့်အခါ ယင်းမိုးကြိုးလျှပ်စီး အလင်းတန်းထဲ၌ အနီရောင် ပုဆိန်ပုံရိပ်ကို မြင်နေရသည်။

ဝမ်လင်းက သူ့ရှေ့ရှိ အနီရောင်လျှပ်စီးကို ကြည့်သည်။ သူ့မျက်လုံးများက တည်ငြိမ်နေဆဲပင်။ သူက ရှေ့သို့ လက်ညွှန်ကာ ပြောလိုက်သည်။ “စိတ်ဝိညာဉ်အလံ… ဝါးမျိုခြင်း…”

စိတ်ဝိညာဉ်အပိုင်းအစ ဆယ်သန်းက ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။ အနီရောင် မိုးကြိုးလျှပ်စီးကလည်း ဆင်းသက်လာစဉ်၌ ခရမ်းရွှေရောင် စိတ်ဝိညာဉ် အပိုင်းအစ ဆယ့်နှစ်ခုက တစ်ဟုန်ထိုး တိုးဝင်သည်။ သည်ဆယ့်နှစ်ခုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်၏ စွမ်းအားနှင့် ညီမျှနေသည်။ သည်စိတ်ဝိညာဉ်များ၏ လက်များက ချိပ်တံဆိပ်များကို ဖန်တီး၍ မန္တန်တစ်ခုကို အတူတကွ အသက်သွင်းလိုက်ကြ၏။

စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် စိတ်ဝိညာဉ်ဆယ့်နှစ်ခုသည် ရွှေရောင် အလင်းတန်းများနှင့် ချိတ်ဆက်ထားကြပြီး အနီရောင်လျှပ်စီးကို ပိုက်ကွန်သဖွယ် ပိတ်လှောင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပိုက်ကွန်ပတ်လည်၌ ရှိနေကြသော ဆယ်သန်းသော စိတ်ဝိညာဉ် အပိုင်းအစများက သည်မူလစိတ်ဝိညာဉ် အပိုင်းအစ ဆယ့်နှစ်ခု၏ အမိန့်ကို စောင့်စားနေသည့်အလား ထင်မှတ်ရသည်။ သူတို့အားလုံးက ပိုက်ကွန်ထံသို့ နေရာအစုံကနေ တိုးဝင်သွားကြသည်။

တစ်စုံတစ်ယောက်က အပေါ်ကနေ ကြည့်လျှင် သည်စိတ်ဝိညာဉ်အပိုင်းအစ ဆယ့်နှစ်ခုက စက်ဝိုင်းအသွင် ဖြစ်ပေါ်နေပြီး ၎င်းတို့ကို ကျန်သည့် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များက ထပ်မံ၍ ဝိုင်းပတ်ပေးထားသလို ဖြစ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ သည်အခိုက်တွင် မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများသည် စက်ဝိုင်းထံသို့ တိုးဝင်လာနေကြသည်။

ဘုန်း…ဘုန်း…ဘုန်း…။

သည်စိတ်ဝိညာဉ် အပိုင်းအစများ တိုးဝင်လာသည့်အခါ ကောင်းကင်နှင့် မြေကြီးပင် တုန်ခါရသည်။ စိတ်ဝိညာဉ် အပိုင်းအစများ ဝန်းရံနေသော စက်ဝိုင်းထဲ၌ မည်သို့ ဖြစ်ပျက်နေသည်ကို မမြင်ရချေ။ သို့သော် ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ အထိတ်တလန့် အော်ဟစ်သံများကိုတော့ ကြားနေရ၏။

သည်အခိုက်တွင် အနီရောင် အလင်းတန်းတစ်ခုက ဝန်းရံနေသော စိတ်ဝိညာဉ် အပိုင်းအစများကို ဖြတ်၍ ထွက်ပေါ်လာ၏။ သည်အလင်းတန်းက ဘီလူးနတ်ဆိုးကလန် ဘိုးဘေး ဖြစ်၏။ အခုသူ့ပုံစံက အသက်လက္ခဏ မရှိတော့သည့်အလား ဖြစ်နေ၏။ သူက အနီရောင် ပုဆိန်ထဲကနေ ထွက်ပေါ်လာ၏။

သူက ထွက်ပေါ်လာသည်နှင့် ချက်ချင်း သွေးများစွာ အန်ထုတ်လိုက်ရသည်။ သူက ဝမ်လင်းကို မလိုမုန်းထားစွာ ကြည့်ပြီးနောက် ထွက်ပြေးရန် ပြင်သည်။သို့သော် သူက နောက်ကျ လွန်းသွားပေပြီ။

နောက်ထပ် မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများက ရှေ့သို့ တိုးဝင်လာ၏။ ခရမ်းရွှေရောင် မူလစိတ်ဝိညာဉ် ဆယ့်နှစ်ကောင်ကလည်း ချောက်ချားဖွယ် ရယ်မော၍ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးထံသို့ နောက်တစ်ကြိမ် ခုန်အုပ်လာ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset