ဝမ်လင်းက အသက်ဝဝရှူသွင်း၍ လက်သီးတစ်လုံးကို ညင်သာစွာ ထိုးလိုက်သည်။ သည်လက်သီးက ညင်သာသော်လည်း သူ့နောက်ရှိ ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်ကပါ သည်လက်သီးနှင့်အတူ လိုက်ပါလှုပ်ရှားလာသည်။ ပုံရိပ်ကြီးကလည်း သူ့လက်သီးကိုမြှောက်၍ ဝမ်လင်းနှင့်အတူ တစ်ပြိုင်နက်တည်း လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးလက်သီးက လျင်မြန်စွာ ရောက်ရှိလာပြီး ဝမ်လင်းလက်သီးချက်နှင့် တိုက်ခိုက်မိကြသည်။
ဘုန်း…ဘုန်း…ဘုန်း…။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးမျက်နှာက ဖြူရော်သွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သည့်နောက် သူက တုံ့ဆိုင်းခြင်းမရှိ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ သူ့အသွင်ကလည်း ကြမ်းကြုတ်နေပြီး သူက အော်ဟစ်လိုက်၏။ “ဝမ်လင်း … မင်းရဲ့သေခြင်းကို လက်ခံစမ်း…” ထိုသို့ပြောပြီးသည်နှင့် ကောင်းကင်ဘုံဓားကို ပစ်လွှတ်လိုက်သည်။
ဝမ်လင်း၏ ခန္ဓာကိုယ်က နောက်သို့ လျင်မြန်စွာ လွင့်စဉ်သွားရသည်။ သူ့ညာဘက် လက်မောင်း တစ်ခုလုံးကလည်း စုတ်ပြတ်သပ်သွားပြီး ထုံထိုင်းသွား၏။ သူက သူ့လက်မောင်းကနေ မည်သည့်ခံစားမှုကိုမှ မရတော့ချေ။ ဘီလူးနတ်ဆိုးကလန်၏ ခွန်အားနှင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်ထားခြင်းက သူ့ကို ဒဏ်ရာရရှိစေခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း ပေတစ်ရာအရှည်ကနေ ပုံမှန်အရွယ်သို့ ပြန်ရောက်သွား၏။ သို့သော် သူ့မျက်လုံးများက တဖျတ်ဖျတ်လက်နေ၏။
ကောင်းကင်ဘုံဓားက ထွက်ပေါ်လာသည်နှင့် အမည်းရောင် အခိုးအငွေ့များက ၎င်းထံကနေ ထွက်ပေါ်လာ၏။ သည့်နောက် ရှုလီကောအသွင်သို့ ပြောင်းသွားသည်။ ဘီလူးနတ်ဆိုးလကန်၏ မျက်နှာက ကြမ်းကြုတ်နေကာ သူက အော်ဟစ်လိုက်သည်။ “လှီးဖြတ်ပစ်စမ်း…”
သူက ထိုသို့ပြောလိုက်သည်နှင့် အားကောင်းသော ဓားစွမ်းအင်က ကောင်းကင်ဘုံဓား၌ စုဝေးလာပြီး ဝမ်လင်းပေါ်သို့ သက်ဆင်းလာသည်။
ရှုလီကောက မာန်သွင်း၍ အော်ဟစ်လိုက်၏။ “ဝမ်လင်း … လက်စားချေဖို့ငါလာပြီ …”
ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ပြုံး၍ ရယ်မောလိုက်သည်။ “ဝမ်လင်း … ဒီအဘိုးအိုက မင်းကိုယ်ပိုင်ရတနာနဲ့ မင်းကို သတ်တာကို စောင့်ကြည့်နေပါ…”
ဝမ်လင်းမျက်နှာပေါ်၌ လှောင်ပြုံးတစ်ခု ပေါ်လာသည်။ သူက ဓားစွမ်းအင်များကို ရှောင်ရှားခြင်းမရှိဘဲ ထိုအစား ကောင်းကင်ဘုံဓားထံသို့ လက်ညွှန်လိုက်သည်။ ကောင်းကင်ဘုံဓားက ရုတ်တရက် ပြန်လည့်သွားပြီး ဘီလူးနတ်ဆိုးကလန် ဘိုးဘေးထံသို့ အလင်းတန်း တစ်ခုအား ခုတ်ပိုင်းချလာသည်။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက မှင်တက်သွားပြီး သူ့အသွင်ကလည်း ပြောင်းလဲသွား၏။ သူ့ထံသို့ ဓားစွမ်းအင်များက ရောက်နှင့်လာပြီး ဖြစ်သည့်အတွက် သူက ရှောင်တိမ်ရန် အလွန် နောက်ကျသွားလေပြီ။ သူက နောက်သို့ အနည်းငယ် ဆုတ်ရုံလောက်သာ လှုပ်ရှားနိုင်ခဲ့၏။
ဓားစွမ်းအင်က ကျဆင်းလာသည့် တစ်ယောက်တွင် သွေးများပန်းထွက်လာပြီး ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ ဘယ်ဘက် လက်မောင်းက ဖြတ်တောက်ခြင်း ခံလိုက်ရသည်။ သူက ထိန့်လန့်ဖွယ် ညည်းတွားလိုက်ရပြီး နောက်သို့ လျင်မြန်စွာ ဆုတ်သည်။
“ရှုလီကော…။ ဒီအဘိုးအိုက မင်းရဲ့စိတ်ဝိညာဉ်ကို နုတ်ယူပြီး ယန်မီးတောက်နဲ့ မင်းကို သန့်စင်ပစ်မယ်…”
ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ အမုန်းတရားက ကောင်းကင်လောက် ကြီးမားလာသည်။ သူ့ဒေါသက မြေပြင်ကိုပင် မျိုချပစ်နိုင်တော့မလား မှတ်ရသည်။
သူက နောက်သို့ လျင်မြန်စွာ မဆုတ်၍ မရချေ။ အကြောင်းကတော့ သူ့ခန္ဓာ အသစ်သိမ်းပိုက်ခြင်း ဖြစ်စဉ်က မပြီးဆုံးသေးသည့် အပြင် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကိုပါ အသုံးပြုခဲ့သေးသည် မဟုတ်လား။ သည့်နောက် ဝမ်လင်း တန်ပြန်လက်သီးကလည်း သူ့ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပါဝင်နေသည့် လက်သီးအားနှင့် ညီမျှနေခဲ့၏။ သည့်အတွက်ကြောင့် သူ့ဒဏ်ရာများက ပိုဆိုးလာခဲ့သည်။
သို့သော် သူက ဝမ်လင်းသည်လည်း ဒဏ်ရာရသွားလိမ့်မည်ဟု တွက်မိလိုက်သည်။ ထို့ကြောင့် ဝမ်လင်းကို သတ်ရန် ချက်ချင်း ကောင်းကင်ဘုံဓားကို ထုတ်ယူ တိုက်ခိုက်ခြင်းဖြစ်၏။ သို့ရာတွင် သည်အရေးကြီးသော အခိုက်တန့်၌ ရှုလီကောက သူ့အား သစ္စာဖောက်သွားခဲ့သည်။ သူက ချိန်သားကိုက် မရှောင်နိုင်တော့ပဲ လက်မောင်းတစ်ဖက် ဆုံးရှုံးသွားခဲ့ရ၏။
ရှုလီကောက ချက်ချင်းရယ်မောကာ ပြောလိုက်သည်။ “ကောင်စုတ်လေး… မင်းဟာမင်း ဘယ်လောက်ပဲ စွမ်းအားရှိရှိ မင်းဘိုးဘိုး ရှုလီကောနဲ့တော့ မယှဉ်နိုင်သေးပါဘူး။ ငါက အမြဲတမ်း သစ္စာရှိတဲ့လူ။ ငါက မင်းအတွက်နဲ့ ဘာလို့ လွယ်လွယ် သစ္စာဖောက်ရမှာလဲ…”
ရှုလီကောက ထိုသို့ပြောပြီးနောက် ဝမ်လင်းထံသို့ လျင်မြန်စွာ ပြန်လှည့်သွားကာ ပြုံးပြသည်။ “အရှင်… အဆင်ပြေလား… ဘယ်လိုလဲ။ ငါက အခွင့်ကောင်း ဖန်တီးပေးခဲ့တာပဲ…”
ဝမ်လင်းက ပြုံးပြလိုက်သည်။ သူက လှုပ်ရှား၍ ကောင်းကင်ဘုံဓားကို ဆွဲယူလိုက်သည်။ သည့်နောက် ဘီလူးနတ်ဆိုးကလန် ဘိုးဘေးထံသို့ တိုးဝင်သွား၏။ သူက ပြောလိုက်၏။ “မင်းလုပ်တာ ကောင်းတယ်။ ငါတို့ ဒီလူ့ကိုသတ်ပြီးရင် ငါမင်းကို ပြင်ပတိုက်ပွဲနယ်မြေ ခေါ်သွားပေးပြီး လေလွင့်ဝိညာဉ်တွေကို စုပ်ယူခွင့်ပေးမယ်။ ဒါက မင်းရဲ့ စိတ်ဝိညာဉ် စွမ်းအင်ကို တိုးတက်စေလိမ့်မယ်…”
ရှုလီကောက ချက်ချင်း ပျော်ရွှင်သွား၏။ သည်နှစ်နှစ်အတွင်း သူက အမြဲပူပန်ခဲ့ရသည်။ တကယ်တော့ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သူ့အပေါ် ကောင်းမွန်ပေ၏။ သို့ရာတွင် သူက ဝမ်လင်းသည် လေလွင့်ဝိညာဉ်များ၊ မကောင်းဆိုးဝါးနံပါတ်နှစ်နှင့် သုံးတို့ကို မည်သို့ ဆက်ဆံသည်ကို တွေးမိတိုင်း သူ့နှလုံးသားက တုန်ရင်ရသည်။ သူက ဝမ်လင်းကို သစ္စာဖောက်မည့် အတွေးကို ချက်ချင်း လက်လျှော့ခဲ့ပေသည်။
သူ့အမြင်အရ ဝမ်လင်းသည် သွေးလွှမ်းသောလမ်းကို လျှောက်လှမ်းနေသည့်သူ ဖြစ်သည်။ သူက သူ့ကို လာရှုပ်သည့်လူများကို သတ်ပစ်ပြီး မည်သူကို့မျှ အရှင်မထားခဲ့ချေ။ သူက သည်ဘီလူးနတ်ဆိုးကလန် ဘိုးဘေးသည်လည်း ဝမ်လင်းနှင့် တူတူသာ ဖြစ်သည်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့်လည်း သူက မှန်ကန်သောဘက်ကို သေချာ ရွေးချယ်ခဲ့ရ၏။ မဟုတ်လျှင် သူ့အတွက် ဘေးကပ်ဆိုးတစ်ခု ရောက်လာပေလိမ့်မည်။
ခုချိန်၌ သူက အလွန်ဂုဏ်ယူစွာ ခံစားနေရပြီး တွေးနေမိ၏။ “မင်းဘိုးဘိုးရှုက ခုထိ အတော်ဆုံးပဲ။ ကြည့်ရတာ ငါက ဒီအချိန်မှာ မှန်ကန်တဲ့ အရာတစ်ခုကို လုပ်နိုင်ခဲ့တာပဲ။ နောက်ကျရင် ဒီမိစ္စာလေးက ငါ့အပေါ် အမြင်သစ်နဲ့ ကြည့်လိမ့်မယ်…”
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သူ့ကို ဆက်ဆံခဲ့သည်ကို တွေးမိပြီး သူက အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရ၏။
အထူးသဖြင့် သူက ညီမငယ်အကြောင်းကို တွေးမိပြီး သူ့နှလုံးသားက နာကျင်ရသည်။ သူက တွေးလိုက်၏။ “စိတ်မပူပါနဲ့ … ညီမငယ်…။ ငါက မင်းကို မီးပင်လယ်ထဲကနေ ကျိန်းသေပေါက် ကယ်တင်ပေးမှာပါ…”
ရှုလီကောက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို သစ္စာဖောက်ရသည့် နောက်ထပ် အကြောင်းတစ်ခုက ဖန်လျန်၏ စိတ်ဝိညာဉ်ကြောင့်လည်း ဖြစ်သည်။
သူက သည်စိတ်ဝိညာဉ်ကို စွဲလမ်းနေကတည်းက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးလက်ထဲကနေ သူမကို ကယ်တင်ရန် သူ့ကိုယ်သူ ကတိပေးခဲ့လေသည်။
သူက ဖန်လျန်အကြောင်း တွေးမိပြီးနောက် သူက ဝမ်လင်းကို လျင်မြန်စွာ ပြောလိုက်သည်။ “အရှင်… ဘီလူးနတ်ဆိုးကလန်ရဲ့ အရိုးအိုကြီးမှာ လှည်းဘီးပုံစံ ရတနာတစ်ခုရှိတယ်။ ဒီရတနာထဲမှာ စိတ်ဝိညာဉ်တစ်ခုကို ချိပ်ပိတ်ထားတယ်။ အရှင်က ဒီအရိုးအိုကြီးကို သတ်ပြီးရင် ဒီစိတ်ဝိညာဉ်ကိုပါ ကယ်တင်ပေးပါ…”
ဝမ်လင်းက ခေါင်းညိတ်ပြသည်။ သူက လက်ထဲတွင် ကောင်းကင်ဘုံဓားကို ကိုင်ဆောင်၍ အလင်းတန်း တစ်ခုအလား လှုပ်ရှားလိုက်ပြီး ဘီလူးနတ်ဆိုးကလန် ဘိုးဘေးနောက်သို့ လိုက်၏။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ ဆက်လက်၍ ဟိန်းဟောက်နေသည်။ သူ့ဒေါသအများစုက ရှုလီကောကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း သူက ရှုလီကောကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။ သူက ဆွဲဆောင် အားကောင်းသည့် ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်ကိုပင် ထုတ်ပြခဲ့သေးသည်။ သို့သော် အဆုံးသတ်၌ သည်ရှုလီကောက သူ့ကို ဆန့်ကျင်နေခဲ့၏။
“ရှုလီကော … ဒီအဘိုးအိုက မင်းကို အသက်ရှင်လျက် ကျိန်းသေပေါက် သန့်စင်ပစ်မယ်…” ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ထိုသို့အော်ဟစ်၍ သူက မြန်နိုင်သမျှမြန်အောင် လှုပ်ရှားလိုက်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက လက်မြှောက်၍ ကောင်းကင်ဘုံဓားကို လွှဲယမ်းလိုက်သည်။ ဓားစွမ်းအင်တန်းတစ်ခုက ကောင်းကင်ဘုံဓားထံကနေ ပြေးထွက်သွား၏။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ၎င်းဓားစွမ်းအင်ကို ရှောင်ကာ ဆက်လက်၍ ထွက်ပြေးသည်။ သိပ်မကြာခင်တွင် သူက ဘီလူးနတ်ဆိုးကလန်၏ အရှေ့ဘက် အစွန်းပိုင်းသို့ ရောက်လာခဲ့သည်။ သူက သည်နေရာသို့ ရောက်သည့်အခါ ရုတ်တရက် ရပ်တန့်ကာ ပြန်လှည့်လိုက်သည်။ သူက သိုလှောင်အိတ်ထဲကနေ အနက်ရောင် တုတ်ချောင်းတစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူက တုတ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မီးတောက်များ ဖြစ်ပေါ်လာ၏။ သည့်နောက် တုတ်ချောင်းကလည်း တဖြည်းဖြည်း မီးတုတ်တစ်ခု အသွင်သို့ ပြောင်းသွားသည်။
“ဝမ်လင်း … ဒီနေရာက မင်းသင်္ချိုင်းပဲ။ မင်းခန္ဓာကိုယ်ကတော့ ငါ့နောက်ထပ် ခန္ဓာကိုယ်အသစ် ဖြစ်စဉ်အတွက် အသုံးပြပေးပါ့မယ်…” ဘီလူးနတ်ဆိုးကလန်က ထိုသို့ အော်ဟစ် လိုက်ပြီးနောက် သူ့လက်ထဲရှိ မီးတိုင်ကို ဝှေ့ယမ်းလိုက်သည်။
ပေါက်ကွဲသံတစ်ခုနှင့် အတူ ပတ်ဝန်းကျင် ပေတစ်သောင်းအတွင်း မီးပင်လယ်ကြီး ဖြစ်ပေါ်လာ၏။
“အနက်ရောင် မီးတောက်သားရဲ…” သူက ထိုသို့အော်ဟစ်ပြီးနောက် မီးတိုင်ကို မြေပြင်သို့ ထိုးစိုက်ချသည်။ သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်း၍ ချိပ်တံဆိပ်များစွာ ဖန်တီးပြီး မီးတိုင်ထံသို့ ပစ်လွှတ်လိုက်သည်။
မီးတိုင်က ချက်ချင်းပင် နတ်ဆိုး အလင်းတန်းများ စတင် ထုတ်လွှတ်လာ၏။ ပတ်ဝန်းကျင်ရှိ မီးတောက်များက ရုတ်တရက် မီးတိုင်ထံသို့ ထူးဆန်းစွာ ရွေ့လျားလာကြသည်။ မီးတောက်များက မီးတိုင်ထိပ်၌ စုဝေးလာပြီး ပေတစ်ရာကျော် မြင့်မားသည့် သားရဲတစ်ကောင် အသွင်သို့ ဖြစ်ပေါ်သည်။
သည်သားရဲကြီးတွင် ကြီးမားသော ခေါင်းကြီးတစ်လုံး ရှိနေပြီး သူ့ခန္ဓာကိုယ်ကတော့ မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းနေသည်။ သည်သားရဲက လူဝံကြီးတစ်ကောင် အသွင်ဟန်ပန် ရှိသည်။
သည်အနက်ရောင် မီးတောက်သားရဲကြီးက ကျယ်လောင်စွာ ဟိန်းဟောက်၍ ၎င်း၏ နီရဲကြမ်းကြုတ်နေသည့် မျက်လုံးအကြည့်များက ဝမ်လင်းထံသို့ ကျရောက်လာသည်။ သည့်နောက် ၎င်းက ဝမ်လင်းရှိရာသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ပင်။ သူက ကောင်းကင်ဘုံဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင် အလင်းတန်းက သည်သားရဲပေါ်သို့ ကျရောက်သွားသည်။ မီးတောက်သားရဲကြီးက နောက်သို့ အနည်းငယ် ဆုတ်လိုက်ရပြီး ၎င်း၏ ရင်ဘတ်ပေါ်၌လည်း ဒဏ်ရာတစ်ခု ဖြစ်ပေါ်သွားသည်။ သို့ရာတွင် ၎င်းဒဏ်ရာက လျင်မြန်စွာ ပြန်ပျောက်ကွယ်သွား၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ သူက အလံကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီး အခိုးငွေ့ အမျှင်တန်းများက ပျံသန်းထွက်လာ၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း…”
အတားအဆီးအခိုးငွေ့က များစွာသော လှံရှည်များအဖြစ် ပြောင်းသွားပြီး သားရဲထံသို့ လှံမိုးရွာသကဲ့သို့ ကျရောက်လာကြသည်။
ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်သွားပြီးနောက် သည်လှံရှည်များက အနက်ရောင် မီးတောက်သားရဲ ပတ်လည်ကို ဝန်းရံသွားပြီး ၎င်းကို လုံးဝ ချုပ်နှောင်ပစ်သည်။
ဝမ်လင်းက ညာလက်ဖြင့် လက်ညွှန်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ပေါက်ကွဲစမ်း…”
ဘုန်း…။
သည်လှံများ အားလုံးက တစ်ချီတည်းဖြင့် ကျယ်လောင်စွာ ပေါက်ကွဲထွက်သွားသည်။ တုန်ခါလှိုင်းများက နေရာအနှံ့သို့ ပျံ့နှံ့ကုန်၏။
တုန်ခါလှိုင်းက ဝမ်လင်းနားသို့ နီးကပ်လာသည့်အခါ စိတ်ဝိညာဉ်အလံက ပျံသန်း ထွက်ပေါ်လာ၏။ သည်အလံက စိတ်ဝိညာဉ် ဆယ်သန်းအလံ မဟုတ်ဘဲ ဝမ်လင်းကိုယ်တိုင ်သန့်စင်ထားသည် စိတ်ဝိညာဉ်တစ်ထောင်အလံ ဖြစ်၏။
သို့ရာတွင် လီယွမ်ဖန်၏ စိတ်ဝိညာဉ်က သည်အလံထဲတွင် မူလစိတ်ဝိညာဉ်အဖြစ် ရှိနေသည့်အတွက် အလံက စွမ်းအားကောင်းနေပြီ ဖြစ်သည်။
အလံကိုတစ်ချက် လှုပ်ခါလိုက်သည်နှင့် လီယွမ်ဖန် စိတ်ဝိညာဉ်အပိုင်းအစ အပါအဝင် စိတ်ဝိညာဉ်အပိုင်းအစ တစ်ထောင်ကျော်က ရှေ့သို့ ထိုးတက်သွား၏။ လီယွမ်ဖန်၏ စိတ်ဝိညာဉ်ထဲရှိ မှတ်ဉာဏ်များကို ဝမ်လင်းက ဖယ်ရှားပစ်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ၎င်းက မူလစိတ်ဝိညာဉ်အဖြစ် အလံပိုင်ရှင်၏ အမိန့်ကိုသာ တစ်သဝေမတိမ်း လက်ခံဆောင်ရွက်တော့၏။
“ဖျက်ဆီးစမ်း…” ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့သည်။ သည်တစ်ထောင်ကျော် စိတ်ဝိညာဉ် အပိုင်းအစများထံကနေ တစ္ဆေညည်းသံများ ထွက်ပေါ်လာသည်။ လီယွမ်ဖန် စိတ်ဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် စိတ်ဝိညာဉ်အပိုင်းအစများ အားလုံးက အနက်ရောင် မီးတောက်သားရဲထံသို့ တိုးဝင်သွားကြသည်။
ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို ကြည့်သည်။ ဝမ်လင်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် အခုလို နည်းလမ်းလေး အချို့သာ ရှိသည်ဟု မယုံကြည်ချေ။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သူ့ဝှက်ဖဲကို သိမ်းထားတာ ဖြစ်ရမည်။ သည့်အပြင် ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သည်နေရာတွင် ရပ်တန့်လိုက်သည်က အကြောင်းရင်း တစ်ခုခု ရှိရပေမည်။
ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက အသက်ဝဝ ရှူသွင်းသည်။ သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ သူ့ရှေ့၌ ဧရာမလက်ဝါးရာကြီးတစ်ခု ဖြစ်ပေါ်လာ၏။ သူက သည်ဝါးရာကို ကောင်းကင်ထက်သို့ တွန်းပို့လိုက်သည်။ လက်ဝါးရာကြီးက မရေမတွက်နိုင်သော သေးငယ်သည့် လက်ဝါးရာလေးများ အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက လှုပ်ရှားလိုက်သည် သူက လေထဲတွင် ဒူးထောက်၍ ကောင်းကင်ကို ဦးညွှတ်သည်။ သည့်နောက် သူက ပြောလိုက်၏။ “ဘီလူးနတ်ဆိုးကလန်ရဲ့ (၆၇)ယောက်မြောက် မျိုးဆက် ကလန်အဖွဲ့ဝင်က ကလန်ရဲ့ ဘေးကပ်ဆိုးကို ဖြေရှင်းနိုင်ဖို့အတွက် ဘိုးဘေးထားခဲ့တဲ့ ရတနာကို ငှားရမ်းချင်ပါတယ်။
သူက ထိုသို့ပြောပြီးသည့်အခါ ကောင်းကင်က ချက်ချင်း နက်မှောင်သွားပြီး မြေပြင်ကလည်း တုန်ခါလာ၏။
ဘီလူးနတ်ဆိုးကလန်၏ အရှေ့ဘက် အစွန်းပိုင်းရှိ အမြင့်ဆုံးတောင်က ရုတ်တရက် တစ်ဝက်တိတိ ကွဲထွက်သွားပြီး အနီရောင်တောက်တောက် ပုဆိန်ကြီးတစ်လက်က တောင်ကွဲကြားထဲကနေ ပျံထွက်လာခဲ့၏။
ဘီလူးနတ်ဆိုးကလန်၏ မျက်နှာပေါ်၌ အလွန် ရိုသေလေးစားသည့် အသွင် ဖြစ်ပေါ်နေသည်။ သူက လက်ဆန့်တန်းလိုက်ရာ သည်ဧရာမပုဆိန်ကြီးက သူ့လက်ထဲသို့ ပျံသန်းရောက်ရှိလာ၏။
ချက်ချင်းပင် ပုဆိန်မှ အနီရောင် အလင်းတန်းများက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ ဘီလူးနတ်ဆိုးကလန် ဘိုးဘေးထံကနေ အားကောင်းသော အော်ရာတစ်ခု ထွက်ပေါ်လာ၏။
“ဝမ်လင်း… အတိတ်တုန်းက ငါတို့ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ဒီဂြိုဟ်ကို ရွှေ့ပြောင်းလာခဲ့တယ်။ အဲဒီချိန်တုန်းက သူဟာ ဒီပုဆိန်နဲ့ မသေမျိုးသင်္ချိုင်းကို ဖျက်ဆီးခဲ့တယ်။ သူက သစ်ရွက်ကိုးရွက် လူရိုင်းနှစ်ယောက်ကို သတ်ပစ်နိုင်ခဲ့တဲ့အတွက် ခုဒီနေရာမှာ ငါတို့ကလန်က နေထိုင်ခွင့် ရခဲ့တယ်။ ဒီနေ့ တည်ထောင်သူဘိုးဘေး မရှိတော့ပေမဲ့ ဒီပုဆိန်ကတော့ ဒီနေရာမှာ ရှိနေတုန်းပဲ…”
ဝမ်လင်းက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးလက်ထဲရှိ အနီရောင်ပုဆိန်ကို ကြည့်နေသည်။ ထိုအခါ သူက ကျောက်နိုင်ငံ အလောင်းကောင် ကလန်အောက်မှာ မြှုပ်နှံထားတဲ့ ခန္ဓာကိုယ်အကြောင်းကို မတွေးမိပဲ မနေနိုင်ဖြစ်သွားသည်။
***