Switch Mode

အပိုင်း(၄၄၅)

ဘိုးဘေးထွက်ပေါ်လာမှု

ဝမ်လင်းအသံက ဘီလူးနတ်ဆိုးကလန်ထဲ၌ ပဲ့တင်ထပ်နေ၏။ ဘီလူးနတ်ဆိုး ကလန်၏ မြောက်ဘက်ခြမ်း မြေအောက် (၅၀၀)ကီလိုမီတာ အကွာတွင် ရွှေရောင်လိုဏ်ဂူတစ်ခု ရှိလို့နေ၏။ ထိုလိုဏ်ဂူထဲ၌ လူတစ်ယောက် ထိုင်လျက်ရှိနေသည်။

သည်လူက ကြာပွင့်သဏ္ဌာန်ထိုင်၍ ကျင့်ကြံလျက်ရှိနေ၏။ သူက အတော်လေး ရုပ်ရည်ချောမောလှသည်။

ထိုအချိန်၌ သူက ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လာခဲ့သည်။ သူ့အကြည့်က ဂူနံရံကို ဖြတ်၍ အပြင်ဘက်သို့ ရောက်သွားသည်။ သိပ်မကြာခင်တွင် သူ့မျက်လုံးများက အေးစက်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဂျူနီယာ ဝမ်လင်း…ငါက မင်းကို နည်းနည်းလောက် ထပ်ပြီး မောက်မာခွင့် ပြုလိုက်ဦးမယ်။ ငါ့ခန္ဓာကိုယ် သိမ်းပိုက်ခြင်းဖြစ်စဉ် ပြီးတာနဲ့ ငါက မင်းကို လာသတ်မယ်။ မင်းက ဘီလူးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင်တွေကို ချိပ်ပိတ်ထားတာ ဆိုရင်လည်း ငါက သူတို့ ချိပ်ပိတ်ခံရတာကို ပြန်ဖြေပေးလိုက်မယ်…”

ထိုသို့ပြောပြီးသည်နှင့် သူ့မျက်လုံးက တစ်ဖန်ပြန်ပိတ်သွားပြီး သူက စတင်ကျင့်ကြံလိုက်၏။

သည်အချိန်မှာပင် သူ့သိုလှောင်အိတ်က အနက်ရောင်တစ်ချက် တောက်ပသွားသည်။ သူက မျက်မှောင်ကြုတ်သွားမိသည်။ သူ့သိုလှောင်အိတ်ထဲရှိ ဝမ်လင်းထံကနေ သူလုယူလာသော ကောင်းကင်ဘုံဓားက ပျံသန်းထွက်လာ၏။

အမည်းရောင် အခိုးငွေ့များက ကောင်းကင်ဘုံဓားထဲကနေ ထွက်ပေါ်လာပြီး ရှုလီကောအသွင် ဖြစ်ပေါ်လာ၏။ ရှုလီကော၏မျက်လုံးများက နီရဲနေပြီး သူ့အသွင်ကလည်း အမုန်းတရားများနှင့် ပြည့်နေ၏။ သူက အကွာအဝေး တစ်ခုသို့ လှမ်းကြည့်၍ ပြောလိုက်သည်။ “အရှင်… ငါက ဟိုမိစ္ဆာကောင် ဒီနေရာကို ရောက်နေတယ်လို့ ခံစားမိတယ်။ အရှင်… ငါက ဒီလူ့ကို လက်စားချေနိုင်ဖို့ ကျိန်ဆိုခဲ့တယ်။ ငါ့ကို သူနဲ့ထွက်ပြီး တိုက်ခိုက်ဖို့ ခွင့်ပြုပေးပါ…”

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ရှုလီကောကို ကြည့်သည်။ လွန်ခဲ့သော နှစ်နှစ်ကျော်အတွင်း သူက ရှုလီကောနှင့် ပတ်သက်၍ တုံ့ပြန်မှုများစွာကို တွေ့ကြုံခဲ့ရသည်။ သူက သည်အသိဉာဏ်ရှိသော ဓားစိတ်ဝိညာဉ်သည် အမှန်ပင် အံအောဖို့ ကောင်းကြောင်း ခံစားမိ၏။ သူက သည်ဓားစိတ်ဝိညာဉ်ကို တကယ့်ကို နှစ်သက်နေမိသည်။

“မင်းက သူ့ကို သတ်ချင်တာလား။ ဒါပေမဲ့ မင်းက ငါ့ ခန္ဓာအသစ်ဖြစ်စဉ် ပြီးဆုံးတဲ့အထိ စောင့်ရမယ်…”

ရှုလီကောက ချက်ချင်းခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။ “အရှင်က ငါ့ကို အများကြီး ဂရုစိုက်တာပဲ။ အရှင်က ဒီမိစ္ဆာ ဝမ်လင်းထက် ငါ့အပေါ် အများကြီး ပိုကောင်းတယ်။ငါက အရှင်ပေါ်မှာ ထာဝရ သစ္စာရှိနေမှာပါ။ ဒါပေမဲ့ အရှင် … အရှင်က ဝမ်လင်းကို သတ်တဲ့အချိန်ကြရင် နောက်ဆုံးတစ်ချက်ကို ကျွန်တော့်အတွက် ထားပေးနိုင်မလား…”

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက ရယ်မောကာ ပြောလိုက်သည်။ “ဝမ်လင်းက မင်းအပေါ်မှာ ဘယ်လိုတွေများ ဆက်ဆံလို မင်းက ခုလောက်ထိ မုန်းနေတာလဲ…”

ရှုလီကောက အံကြိတ်ကာ ပြောလိုက်သည်။ “အရှင် ငါ ဒီဝမ်လင်းကို ဘယ်လောက်ထိမုန်းနေလဲ အရှင်မသိဘူး။ သူက ငါ့ကို အတင်းအကျပ် ခိုင်းစေတယ်။ ဒါတင်မကသေးဘူး။ သူက ငါ့ကို အမြဲရိုက်တယ်၊ ကျိန်ဆဲတယ်။ အဆိုးဆုံးကတော့ အရှင်လို သူက ငါ့ကို အကျိုးခံစားခွင့် မပေးတာပဲ။ အရှင်က ငါစုပ်ယူဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးတယ်လေ။ အရှင် ငါတို့ ဒီဝမ်လင်းကို သတ်ပြီးတဲ့အခါကျရင် ငါ့ကို မိန်းမအချို့ ဆုလာဘ်အဖြစ် ပေးပါလား…”

ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ပြုံးကာ ပြောလိုက်သည်။ “ဒါကလွယ်ပါတယ်…ငါက ဝမ်လင်းကို သတ်ပြီးရင် ဖန်လျန်ရဲ့ စိတ်ဝိညာဉ်ကို မင်းအတွက် ခေါ်ပေးမယ်။ အဲဒီကျရင် မင်းသူမနဲ့ တွေ့ကြည့်ပေါ့။ ခုတော့ ဒီအဘိုးအိုက တံခါးပိတ်ကျင့်ကြံဖို့ လိုနေပြီ။ အထဲပြန်ဝင်တော့…” သူက ထိုသို့ပြောပြီးနောက် လက်ဆန့်တန်းလိုက်သည်။ ရှုလီကော၏ မျက်နှာက ပြုံးနေသော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲနေ၏။ သည့်နောက် သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်ဓားထဲသို့ ပြန်ဝင်လိုက်ရပြီး သိုလှောင်အိတ်ထဲသို့ ပြန်လည် ထည့်သွင်းခံလိုက်ရသည်။

“ဒီဓားစိတ်ဝိညာဉ်က လူသားတွေရဲ့ လောဘတွေနဲ့ ပြည့်နေတယ်။ ဒါက တကယ့်ကို ထူးဆန်းတယ်။ ဒါပေမဲ့ ဒါကပဲ သူ့ကို ထိန်းချုပ်ဖို့ လွယ်နေတာ။ ငါက သူ့ကို စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ အမျိုးသမီး ကျင့်ကြံသူတွေ ပေးနေရင် သူက ငါ့ကို လုံးဝသစ္စာဖောက်မှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒီစိတ်ဝိညာဉ်က ဖန်လျန်ရဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ချင်နေတဲ့ပုံပဲ။ဖန်လျန်ရဲ့ စိတ်ဝိညာဉ်သာ ငါ့လက်ထဲမှာ ရှိနေရင် သူက ငါ့ဆီကနေ ဘယ်တော့မှာ ခွာတော့မှာ မဟုတ်ဘူး…” သည့်နောက် ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက မျက်လုံးမှိတ်၍ စတင်ကျင့်ကြံသည်။

ဖန်လျန်ရဲ့စိတ်ဝိညာဉ်က ဘီလူးနတ်ဆိုးကလန် ဘိုးဘေး မတော်တဆရခဲ့သည့် ရတနာ၏ စိတ်ဝိညာဉ်တစ်ခု ဖြစ်သည်။

ဒီစိတ်ဝိညာဉ်က အလွန်လှကာ ရာဂကြီး၏။ သူက ပထမဆုံးအကြိမ်အဖြစ် ၎င်းစိတ်ဝိညာဉ်နှင့် တွေ့သည့်အခါ သူ့ကျင့်ကြံမှုအဆင့်က နိမ့်နေသေးသဖြင့် သူက ညှို့ငင်ခံရလုနီးပါး ဖြစ်ခဲ့သည်။ ကံကောင်းစွာဖြင့် သည်စိတ်ဝိညာဉ်က ပျက်စီးနေခဲ့သည်။ သည့်အတွက်ကြောင့် သူက သည်ကံဆိုးမှုကနေ လွတ်မြောက်ခဲ့ရသည်။

ကောင်းကင်ဘုံဓားကို ရရှိပြီးနောက် သူက ရှုလီကောသည် အလွန်ထူးဆန်းကြောင်း တွေ့ခဲ့သည်။ ထို့ကြောင့် သူက သည်ဓားစိတ်ဝိညာဉ်ကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ရန် ဖန်လျန်၏စိတ်ဝိညာဉ်ကို ခေါ်ထုတ်ပြသခဲ့သည်။ သူမျှော်လင့်ထားသလိုပင် ရှုလီကောက ဖန်လျန်၏စိတ်ဝိညာဉ်ကို မြင်သည့်အခါ ခုန်ပေါက်သွားခဲ့ပြီး သူမ၏ ဆွဲဆောင်ခြင်းကို လုံဝခံလိုက်ရသည်။

ဝမ်လင်းက ဘီလူးနတ်ဆိုးကလန်၏ ကောင်းကင်ထက်တွင် စောင့်ဆိုင်းနေခဲ့သည်။ ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ခုထိပေါ်မလာသေးသည်ကို တွေ့မြင်ပြီးနောက် သူ့အသွင်က နက်မှောင်လို့နေသည်။ ဘီလူးနတ်ဆိုးကလန်က အလွန်ကြီးမား ကျယ်ပြန့်လှပြီး တောင်တန်းများစွာ ရှိနေသည်။

သူက တကယ်ပုန်းနေချင်လျှင် ရှာတွေ့ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဝမ်လင်းက အရှေ့အရပ်သို့ ကြည့်လိုက်ရာ ဘီလူးနတ်ဆိုး ကလန်ထဲ၌ အမြင့်ဆုံးတောင်ကို တွေ့လိုက်ရသည်။ အချို့ အကြောင်းပြချက်များကြောင့် သူက သည်တောင်ကနေ ထူးဆန်းသော အားတစ်ခု ထွက်ပေါ်လာနေသည်ဟု ခံစားမိနေသည်။

သူက သည်တောင်ကို သွားရောက် စစ်ဆေးကြည့်ရန် ဟန်ပြင်လိုက်စဉ် သူ့မျက်လုံးများက အလေးအနက်ဖြစ်သွားပြီး မြောက်အရပ်သို့ ကြည့်လိုက်သည်။ သည့်နောက်သူက ပြုံးသွား၏။

“ရှုလီကော…”

ဝမ်လင်းပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး မြောက်အရပ်သို့ တစ်ဟုန်ထိုး ပျံသန်းလာ၏။

သူက ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ပျံသန်းနေသဖြင့် အလင်းတန်းအလား လျင်မြန်လှသည်။ သူက အနည်းငယ် တည်နေရာ ရွှေ့ပြောင်းပြီးသည်နှင့် ဘီလူးနတ်ဆိုကလန်၏ မြောက်အရပ်သို့ ရောက်ရှိလာခဲ့သည်။ အပေါ်စီးမှ ကြည့်လျှင် ထိုနေရာသည် မြက်ခင်းပြင်တစ်ခု ဖြစ်နေခဲ့သည်။

ဝမ်လင်းမျက်လုံးများက ထက်ရှနေ၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်ကြည့်လိုက်ရာ တစ်စုံတစ်ရာ မှားနေသည်ဟု ခံစားမိလိုက်၏။ မြေအောင် ကီလိုမီတာ (၅၀၀)ပတ်လည်တွင် ပါးလွှာသော အတားအဆီးတစ်ခု ရှိနေသည်။ သူ့နတ်ဘုရားအာရုံက ယင်းအတားအဆီးနားသို့ ရောက်သွားသည့်အခါ ၎င်းကို ဆက်၍ မထောက်လှမ်းနိုင်တော့ချေ။

သူ့မျက်နှာပေါ်၌ လှောင်ပြောင်သည့် အသွင် ဖြစ်ပေါ်လာ၏။ သည့်နောက် ဝမ်လင်းက မာန်သွင်း၍ မြေပြင်ပေါ်သို့ လက်သီးဖြင့် ထိုးချလိုက်သည်။

ဘုန်း…။

မြေကြီးအက်ကွဲသံများက ပဲ့တင်ထပ်သွားပြီး မြေကြီး၌ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ သည်အက်ကွဲကြောင်းက နေရာအနှံ့ ပျံ့နှံ့သွားသလို မြေအောက် အနက်ပိုင်းထိလည်း လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိသွား၏။

မြေအောက်ထဲမှ အက်ကွဲသံလှိုင်းများ အချိန်အတန်ကြာသည့် အထိ ထွက်ပေါ်လာပြီးနောက်မှ တဖြည်းဖြည်း အရှိန်သေသွား၏။

သူက နောက်ထပ် အော်ဟစ်ကာ လက်သီးတစ်လုံး ထပ်ထိုးထည့်လိုက်သည်။ သူ့မျက်လုံးများကလည်း အေးစက်လာ၏။

ပြင်းထန်သော တုန်ခါလှိုင်းများက မြေအောက်၌ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

“ဘီလူးနတ်ဆိုးကလန် ဘိုးဘေး … ခုထွက်လာခဲ့စမ်း…” ဝမ်လင်းက ထိုသို့အော်ဟစ်လိုက်၏။ ထို့နောက် သူက နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးထည့်လိုက်သည်။

ဘုန်း…။

သည်လက်သီးချက်ကြောင့် မြက်ခင်းပြင် ချက်ချင်း ပျက်စီးသွားပြီး ကြီးမားသည့် တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။ သည့်နောက် မြေအောက်မှ အစိမ်းရောင် ပုံရိပ်တစ်ခုက ရုတ်တရက် ထိုးထွက်လာခဲ့၏။

“စန်နူး…” သည်လူက သက်လတ်ပိုင်းအရွယ် ရှိနေသော်လည်း သူ့မျက်လုံးများကတော့ အသက်ကြီးရင့်သည့် ပုံပေါက်နေ၏။ သူက ဝမ်လင်းကို ကြည့်ကာ အော်ပြောလိုက်သည်။ “ငါက ပုံမှန်ဆို ခုချိန် မင်းနဲ့ ရင်မဆိုင်ချင်ခဲ့ဘူး။ ဒါပေမဲ့ မင်းကိုယ်တိုင်လာခဲ့တဲ့ အတွက် မင်းက ကိုယ့်သေတွင်းကိုယ် လာတူးတယ်ဆိုတာ သိသာနေတာပဲ…”

ထိုသို့ပြောပြီးသည်နှင့် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ အလင်းတန်း တစ်ခုအလား သူက ဝမ်လင်းနှင့် နီးကပ်သွားခဲ့ပြီး လက်သီးတစ်လုံးပါ ပစ်သွင်းလာ၏။

ဝမ်လင်းက ရယ်မောလိုက်သည်။ သူက နောက်သို့ ဆုတ်ခြင်းမရှိဘဲ ထိုအစား ရှေ့သို့တိုး၍ ဘီလူးနတ်ဆိုးကလန်၏ လက်သီးချက်ကို သူ့လက်သီးဖြင့် ထိပ်တိုက် ပစ်လွှတ်လိုက်သည်။

ဘုန်း…။

တုန်ခါမှုလှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံး ကျောက်စများ၊ သဲမှုန်များသည် လွင့်စဉ်ထွက်ကုန်၏။ ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက နောက်သို့ ခြေဆယ်လှမ်းခန့် ဆုတ်လိုက်ရသည်။ သူ့ညာဘက် လက်သီး၌လည်း အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အရိုးများပင် ပေါ်နေ၏။ သူ့မျက်နှာက မယုံကြည်နိုင်ဟန် ဖြစ်နေသည်။

ဝမ်လင်း ခန္ဓာကိုယ်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားရသည်။ သူ့လက်မောင်း တစ်ဖက် အနည်းငယ် တုန်ယင်နေ၏။ သူက သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်သော အားတစ်ခု ဝင်လာသည်ကို ခံစားလိုက်ရသည်။ သည်အားက သူ့ကို အပိုင်းပိုင်း ဖြဲဆုတ်ရန် ကြိုးစားနေ၏။ သို့သော် သူ့မူလစိတ်ဝိညာဉ်က ၎င်းအားကို လျင်မြန်စွာ ချေဖျက်ပစ်လိုက်၏။

“ဘီလူးနတ်ဆိုးကလန်၏ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က တကယ့်ကို ထူးဆန်းတာပဲ…” ဝမ်လင်းက ရှေ့သို့ ထပ်တိုးဝင်သည်။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။ သူ့ခန္ဓာအသစ် သိမ်းပိုက်ခြင်း ဖြစ်စဉ်က ပြည့်စုံခြင်း မရှိသေးချေ။ ထို့ကြောင့် သူက သူ့စွမ်းအား၏ (၈၀) ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်သည်။ သို့သော် သည်(၈၀) ရာခိုင်နှုန်းပင် သူ့ခန္ဓာကိုယ်၏ ခွန်အားက ထိန့်လန့်ဖွယ်ကောင်းနေ၏။

သို့သော် ခုချိန်၌ သူက ဝမ်လင်းနှင့် လက်သီးချင်း ဖလှယ်ပြီးသည့်အခါ သူ့ခန္ဓာကိုယ်၏ အမာကျောဆုံး အရိုးများပင် အက်ကွဲကုန်သည်။ သူက မတုန်လှုပ်ပဲ မည်သို့ နေနိုင်ပါ့မည်နည်း။

“မင်းရဲ့ကျင့်ကြံမှု နည်းလမ်းက ဘာလဲ…” ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သုန်မှုန်စွာဖြင့် နောက်သို့ ဆုတ်သည်။ သို့ရာတွင် ဝမ်လင်းက မြန်ဆန်လွန်းလှ၏။ ဝမ်လင်းက သူ့ရှေ့သို့‌ နောက်ထပ် လက်သီးတစ်ချက်နှင့်အတူ ရောက်ရှိလာခဲ့သည်။ သည်လက်သီး၏ စွမ်းအားက သူ့ကို နေရာတစ်ခု၌ ပိတ်မိစေနိုသည့် ဖိအားများ ပါနေသည်။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက လေထဲသို့ ခုန်တက်၍ ဝမ်လင်း၏ လက်သီးချက်ထံသို့ ကန်ချက်တစ်ခု ပစ်သွင်းလိုက်သည်။

ဘန်း…။

ဘီလူးနတ်ဆိုးကလန်၏ မျက်နှာက နီရဲသွားသည်။ သူက သည်တွန်းကာအားကို အသုံးပြု၍ နောက်သို့ လျင်မြန်စွာ ဆုတ်သည်။

ဝမ်လင်းက သူ့ညာလက်လက်သီး၌ နာကျင်မှုကို ခံစားလိုက်ရသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးမှ ရပ်တန့်သွား၏။ ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သည်ဘီလူးနတ်ဆိုးကလန် ဘိုးဘေးက သူ့ခန္ဓာအသစ်ပိုင်ဆိုင်မှု ဖြစ်စဉ် မပြီးသေးတာတောင်မှ ကြယ်သုံးလုံး ရှေးဟောင်း နတ်ဘုရားနှင့် ယှဉ်နိုင်လုနီးပါး ဖြစ်နေ၏။ သူသာ သည်ဖြစ်စဉ်ကို လုံးဝအပြီးသတ်နိုင်ခဲ့ရင် သူ့ခန္ဓာကိုယ်က ကြယ်သုံးလုံး ရှေးဟောင်း နတ်ဘုရားထက် မည်သို့မျှ အားနည်းနိုင်မည် မဟုတ်ချေ။

ဘီလူးနတ်ဆိုးကလန် ဘိုးဘေး၏ မျက်နှာက အမှန်ပင် သုန်မှုန်နေ၏။ သူသည် ဝမ်လင်းက အနက်ရောင်တိုင်လုံး (၁၂)ခုကို ဖျက်ဆီးလိုက်သည်ကို မြင်လိုက်ကတည်းက ထွက်မလာရန် ဆုံးဖြတ်ခဲ့ပေသည်။ သို့ရာတွင် အခု ဝမ်လင်းက သူ့ကိုရှာတွေ့သွားသဖြင့် တိုက်ခိုက်ရန်ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။

ဝမ်လင်းက ဘီလူးနတ်ဆိုးကလန် ဘိုးဘေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့တစ်ဟုန်ထိုး ထက်၍ တိုးဝင်လာသည်။

ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက မာန်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်က ကြီးမားလာခဲ့ပြီး ပေတစ်ရာကျော်သည့် အထိ ရောက်လာခဲ့သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုလိုက်ရာ သူ့ခန္ဓာကိုယ်ကို ဖြတ်၍ ရွှေရောင်အလင်းတန်း တစ်ခု ထွက်ပေါ်လာသည်။ လီယွင်ဖန် အသုံးပြုနိုင်သော ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်သည် သူနှင့် မယှဉ်နိုင်ချေ။ တကယ်တော့ ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ သူ့ကိုယ်ပိုင် ကျင့်ကြံမှုဖြင့် ရောက်ရှိခဲ့သူမဟုတ်လား။

“ဒီအဘိုးအိုက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုချင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဒီလိုအသုံးပြုတာက ငါ့ရဲ့ ခန္ဓာကိုယ်အသစ်ဖြစ်စဉ်မှာ အနှောင့်အယှက် ဖြစ်စေလို့ပဲ။ ဒါပေမဲ့ ခုတော့ မင်းက ငါ့ကို ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုအောင် အတင်းအကျပ် ဖိအားပေးခဲ့တယ်။ မင်းက သေဖို့တောင်းဆိုနေတာပဲ…” ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက အော်ဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်ရှိ အလင်းတန်းက ပို၍ တောက်ပလာသည်။ သည်အလင်းက မျက်စိကြိမ်းလောက်အောင် တောက်ပနေသည်။

သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်က တစ်စစီဖြစ်၍ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ သည်အက်ကွဲကြောင်းများထဲ ကနေ အဖျက်အဆီး စွမ်းအားလှိုင်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။

သူက ရွှေရောင် အလင်းတန်းများဖြင့် ပြည့်နေသည့် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။ သည်လက်သီးချက်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ သည်လက်သီးချက်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားပြည့် တိုက်ခိုက်မှု ဖြစ်သည်။

ပုံမှန်ကျင့်ကြံသူများက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို သူတို့၏ မန္တန်များ၊ နည်းစနစ်များထဲ၌သာ ထည့်သွင်း အသုံးပြုသည်။ သို့သော် ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များအတွက်မူ သူတို့ခန္ဓာကိုယ်ကသာ အကောင်းဆုံးဖြစ်၏။ သည့်အတွက်ကြောင့် သည်လက်သီးချက်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် သာမက ဘီလူးနတ်ဆိုးကလန်၏ ခန္ဓာကိုယ်စွမ်းအားပါ ပါဝင်နေခဲ့သည်။

သည်လက်သီး တစ်ချက်၏ စွမ်းအားမှ ထွက်ပေါ်လာသည့် ဖိအားက ဘီလူးနတ်ဆိုးကလန် မြောက်ပိုင်းရှိ မြက်ခင်းပင် တစ်ခုလုံးကို ပျက်စီးသွားစေခဲ့သည်။

“ဝမ်လင်း …မင်းသေခြင်းကို လက်ခံစမ်း…” ဘီလူးနတ်ဆိုးကလန် ဘိုးဘေးသည်လည်း အကူအညီမဲ့သလို ခံစားနေရ၏။ အခုသူက သည်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီးနောက် သူ့အခုခန္ဓာကိုယ်က ဆက်၍ အသုံးပြုလို့ ရတော့မည် မဟုတ်ချေ။ သူက နောက်ထပ် ခန္ဓာကိုယ်တစ်ခုကို ထပ်မံ ရှာဖွေရမည် ဖြစ်သည်။

သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကြောင့် ထိခိုက်သွားပြီးနောက် သူက ၎င်းခန္ဓာကိုယ်နှင့် ဆက်၍ ပေါင်းစပ်ရန် မဖြစ်နိုင်တော့ချေ။

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသော အလင်းနှင့် ပြည့်နေခဲ့သည်။ သည်လက်သီး၏ စွမ်းအားက သူ့ကို အန္တရာယ် အငွေ့အသက်အား ခံစားမိစေသည်။

သို့သော် ဝမ်လင်းက ကြောက်လန့်နေခြင်း မရှိချေ။ သူက မာန်သွင်းလိုက်ရာ သူ့နဖူးပေါ်ရှိ ကြယ်သုံးလုံးက လျင်မြန်စွာ လှည့်ပတ်လာပြီး ခရမ်းရောင် အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်း နတ်ဘုရား၏ ပုံရိပ်က သူ့နောက်၌ ပေါ်လာခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset