ချီဟုက အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ သူက အနီးပတ်လည်ရှိ နဖူးပေါ်၌ အလင်းအမှောင် အမှတ်အသားများ ရှိနေသော ကလန်အဖွဲ့ဝင် တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။
ချီဟူက ဖျော့တော့သော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းအချို့ကို ထောက်လှမ်းမိလိုက်၏။ ၎င်းအရာက ထိုသူတို့၏ ကျင့်ကြံမှုသည် ချိပ်ပိတ်ခြင်း ခံလိုက်ရသည်မှာ ရှင်းလင်းလေ၏။
ကလန်အဖွဲ့ဝင် တစ်ရာကျော်က တုန်လှုပ်နေပြီး သူတို့၏ အသွင်က အလွန်ရုပ်ဆိုးနေကြသည်။ သူတို့က သည်လိုကျင့်ကြံမှု ချိပ်ပိတ်ခြင်းကို ကြားဖူးသော်လည်း ခုသူတို့ကိုယ်တိုင် ကြုံရသည့်အခါ ခါးသက်စွာ ခံစားနေရသည်။
ချီဟူက ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်၍ ကျယ်လောင်စွာ မေးလိုက်သည်။ “စန်နူး … မင်းက ငါ့ကို မင်းမိတ်ဆွေအဖြစ် သတ်မှတ် ထားသေးလား…”
ဝမ်လင်းက ချီဟူကိုကြည့်ကာ ခေါင်းညိတ်ပြသည်။ “ငါ့ဘဝမှာ မိတ်ဆွေအများကြီး မရှိဘူး။ ဒါပေမဲ့ မင်းချီဟူကတော့ ငါ့မိတ်ဆွေအဖြစ် သတ်မှတ်နိုင်တယ်…”
ချီဟူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ တစ်လုံးချင်းပြောလိုက်၏။ “စန်နူး … မင်းက ငါချီဟူကို မင်းမိတ်ဆွေအဖြစ် သတ်မှတ်ထားတယ် ဆိုရင် ဘီလူးနတ်ဆိုးကလန်ကနေ ချက်ချင်း ထွက်သွားပေးပါ…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေသည်။ ခဏအကြာတွင် သူက ခပ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ချီဟူ … ငါက ဘီလူးနတ်ဆိုးကလန်က တစ်ဦးတစ်ယောက်ကိုတောင် ခုချိန်ထိ မသတ်ပစ်တာ ဘာကြောင့်လဲ မင်းသိလား…”
သူတို့နှစ်ယောက် စကားပြောနေစဉ်တွင် ပိုမိုများပြားသော ကလန်အဖွဲ့ဝင်များက ရောက်ရှိလာပြီး သူတို့နှစ်ယောက်ကို ဝန်းရံထားသည်။ သူတို့၏ တိုက်ခိုက်လိုသည့် အော်ရာက တဖြည်းဖြည်းချင်း တိုးဝင်လာနေ၏။
ချီဟူစိတ်ထဲ၌ ခါးသီးစွာ ခံစားလိုက်ရသည်။ သူက အားတင်းထားသော အသွင်ဟန်ပန်ဖြင့် ပြောလိုက်သည်။ “စန်နူး…မင်း…”
ဝမ်လင်းက ချီဟူကိုကြည့်ကာ သက်ပြင်းချမိသည်။ သူက ပြောလိုက်၏။ “ချီဟူ… ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေး ဘယ်မှာရှိလဲ ငါ့ကိုပြောပါ။ ငါသူ့ကိုသွားရှာမယ်။ အခြား ကလန်အဖွဲ့ဝင်တွေကို ထိခိုက်နာကျင်အောင် မလုပ်ချင်ဘူး…”
“ရဲတင်းလိုက်တာ…”
“ရူးနှမ်းလိုက်တာ…”
ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များထံကနေ မရေမတွက်နိုင်သော ကျိန်ဆဲသံများ ထွက်ပေါ်လာသည်။ သည့်နောက် နဖူးပေါ်၌ ပုဆိန်အမှတ်အသား တဖျတ်ဖျတ် တောက်နေသော ခရမ်းရောင်ဝတ်စုံနှင့် အဘိုးအိုသုံးယောက်က ရှေ့သို့ လျှောက်လှမ်းလာ၏။
သူတို့သုံးယောက် ထွက်ပေါ်လာသည့်အခါ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအင်ဖိအားပါ ဖြစ်ပေါ်လာသည်။
ဝမ်လင်းက သူတို့သုံးယောက်ကို တစ်ချက်ကြည့်လိုက်သည်။ သူတို့သုံးယောက်လုံးက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေကြသည်။ သူတို့ခန္ဓာကိုယ်ထဲတွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် အရိပ်အယောင်အချို့ပင် ရှိနေသည်။ သူတို့က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ချိုးဖျက်နိုင်လုနီးပါး ဖြစ်နေခဲ့သည်။
သည်သုံးယောက်ထဲက တစ်ယောက်က သုန်မှုန်စွာ ပြောလိုက်သည်။ “စန်နူး…ငါက ဘီလူးနတ်ဆိုးကလန်ရဲ့ အကြီးအကဲ ခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တယ်။ ငါက မင်းကို နှစ်ယောက်ချင်း စိန်ခေါ်တယ်…”
ဝမ်လင်းမျက်လုံးများက အေးစက်နေသည်။ သူက အကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။ “မင်းက မထိုက်တန်သေးဘူး…” ထိုသို့ပြောပြီးနောက် သူက ချီဟူဘက်သို့ ပြန်လှည့်လိုက်သည်။
အဘိုးအို၏မျက်နှာက အနီရောင်သို့ ပြောင်းသွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူက ရယ်မောလိုက်ပြီးနောက် သူ့မျက်လုံးများကလည်း အေးစက်နေခဲ့ပြီး ရှေ့သို့လှမ်းလိုက်၏။ သူ့လက်ထဲ၌လည်း ဧရာမ ပုဆိန်ကြီးတစ်ခု ရှိနေပြီး သူက ဝမ်လင်းထံသို့ မာန်သွင်း၍ တိုးဝင်သွားသည်။
ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များက မန္တန်များနှင့် နည်းစနစ်များကို အသုံးပြုခဲ့ပေသည်။ သူတို့က သူတို့၏ ကိုယ်ကာယ စွမ်းအားကိုသာ အသုံးပြု၍ တိုက်ခိုက်လေ့ရှိသည်။
ဝမ်လင်းက အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။ သည့်နောက် သူက လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဘုန်း…။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဘိုးအိုက နောက်သို့ပေပေါင်းများစွာ လွင့်စဉ်သွားပြီး သူ့မျက်နှာကလည်း ဖြူရော်၍ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ အခြား ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲ နှစ်ယောက်၏ အသွင်ကလည်း လုံးဝပြောင်းလဲသွားပြီး ကျိတ်၍ကျိန်ဆဲလိုက်၏။
ဝမ်လင်းက ရွေ့လျားခြင်းပင် မပြုချေ။ သူက အဘိုးအိုသို့ကြည့်ကာ ပြောလိုက်သည်။ “မင်းက မတန်ပါဘူး…”
ချီဟူက ခါးသက်စွာ ပြောသည်။ “ငါက ဘိုးဘေးဘယ်မှာ ရှိနေလဲမသိဘူး။ စန်နူး… ငါတို့လက်တွဲကြရအောင်…။ ဘီလူးနတ်ဆိုးကလန်က မင်းရဲ့ရန်သူ မဟုတ်ပါဘူး…”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ အချိန်အတန်ကြာသည့်အခါ သူက ကောင်းကင်ထက်သို့ မော့ကြည့်ပြီးနောက် ချီဟူက လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ချီဟူ … မင်းကလန်ရဲ့ဘိုးဘေးကို ငါ့ဓားပြန်ပေးဖို့ ပြောလိုက်ပါ။ ဒါဆို ငါချက်ချင်း ထွက်သွားပေးမယ်…”
ချီဟူက ကြိတ်၍ သက်ပြင်းချမိသည်။ သူက ဝမ်လင်းကို ကြည့်သည်။ သူ့စိတ်ထဲ၌ ရွေးချယ်မှုတစ်ခု ပြုလုပ်ရန် ရုန်းဆန်နေရသည်။ သိပ်မကြာခင်တွင် သူက ညှိုးငယ်စွာ ပြောလိုက်သည်။ ဘိုးဘေးဘယ်မှာရှိနေလဲ ဘယ်သူမှမသိဘူး။ ဒါပေမဲ့ ငါတို့က ကောင်းကင်ဘုံ လမ်းကြောင်း အစီအရင်ကို ဖွင့်လှစ်လိုက်ရင် ငါတို့က ဘိုးဘေးနဲ့ ဆက်သွယ်နိုင်တယ်။ “စန်နူး… မင်းက ကောင်းကင်ဘုံဓားကို ရတာနဲ့ မင်းက ချက်ချင်း ထွက်သွားပေးပါ…”
ဝမ်လင်းက ချီဟူကို ကြည့်၍ ဖြည်းညင်းစွာ ခေါင်းညိတ်ပြသည်။
ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲသုံးယောက်က နှုတ်ဆိတ်လို့နေ၏။ သူတို့က ကလန်ထဲ၌ ဘိုးဘေးကလွဲ၍ အသန်မာဆုံးလူများ ဖြစ်ကြသည်။ သူတို့ပင် ဝမ်လင်းကို မဆန့်ကျင်နိုင်သည့် အတွက် အခြားကလန်အဖွဲ့ဝင်များ ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ချေ။
ချီဟူက လှည့်၍ အကြီးအကဲ သုံးယောက်ကို စိတ်ရှုပ်ထွေးစွာသည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။ “အကြီးအကဲတို့ … ကျေးဇူးပြုပြီး ကလန်ရဲ့ ကောင်းကင်ဘုံလမ်းကြောင်း အစီအရင်ကို ဖွင့်လှစ်ပေးပါ။ ငါက ဂျူနီယာ ကလန်ခေါင်းဆောင် အနေနဲ့ အမိန့်ပေးတယ်…”
ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲသုံးယောက်က တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ်ပြသည်။ သူတို့က သူတို့နဖူးကို ပွတ်သပ်လိုက်ရာ လက်ထဲ၌ ခရမ်းရောင် ပုဆိန်တစ်ခုစီ ပေါ်ထွက်လာခဲ့သည်။
“အနောက်ဘက် ဘီလူးနတ်ဆိုးကလန် နန်းတော်များကို ဖွင့်လှစ်ခြင်း…” အကြီးအကဲ တစ်ယောက်က ထိုသို့ အော်ပြောလိုက်၏။ သည့်နောက် သူက သူ့လက်ထဲရှိ ပုဆိန်ကို လေထဲသို့ ပစ်မြှောက်လိုက်ရာ စိတ်ဝိညာဉ်စွမ်းအင် အလင်းတန်းများ ထွက်ပေါ်သွားသည်။
ဘီလူးနတ်ဆိုးကလန်၏ မြေပြင်က ရုတ်တရက် တုန်ခါသွားပြီးနောက် ကလန်၏ အနောက်ဘက်ခြမ်းတွင် အနက်ရောင် အလင်းတိုင်လုံးတစ်ခုက ကောင်းကင်ထိတိုင် ထိုးဖောက် ထွက်ပေါ်လာခဲ့သည်။
အားကောင်းသော စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတစ်ခုက ၎င်းအလင်းတိုင်လုံးထံ ကနေ စတင်ပျံ့နှံ့လာသည်။
တစ်ချိန်တည်းမှာပင် အရှေ့ဘက်၌လည်း ထိုသို့အနက်ရောင် အလင်းတိုင်လုံးတစ်ခု ထွက်ပေါ်လာ၏။
သည့်နောက် တတိယမြောက် အလင်းတိုင်လုံး တစ်ခုသည်လည်း ထပ်မံ ထွက်ပေါ်လာပြန်၏။ မြေပြင်က ပို၍ လှုပ်ခါသွားပြီး မရေမတွက်နိုင်သော အက်ကြောင်းများပင် ဖြစ်ပေါ်ကုန်၏။
သည်အနက်ရောင် တိုင်လုံးသုံးခုထံကနေ စိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းများ ပျံ့နှံ့လာ၏။
တောင်ဘက်ခြမ်း ဘီလူးနတ်ဆိုး ကလန်ရဲ့ နန်းတော်တွေ ဖွင့်လှစ်စမ်း…
“မြောက်ဘက်ခြမ်း ဘီလူးနတ်ဆိုး ကလန်ရဲ့ နန်းတော်တွေ ဖွင့်လှစ်စမ်း…”
အခြား ခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲ နှစ်ယောက်ကလည်း တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့လက်ထဲရှိ ပုဆိန်များကို လေထဲသို့ ပစ်မြှောက်လိုက်ကြသည်။
မြောက်ဘက်နှင့် တောက်ဘက်ခြမ်းတွင်လည်း အနက်ရောင်တိုင်လုံး စုစုပေါင်း ခြောက်ခုထိ ထွက်ပေါ်လာခဲ့၏။ သည်အခိုက်တွင် ထူးဆန်းသော အသံတစ်ခုက အရပ်မျက်နှာအနှံ့ စတင် ပဲ့တင်ထပ်လာ၏။
ချီဟူက ဝမ်လင်းကို ကြည့်သည်။ သူက အံကြိတ်၍ ပြောသည်။ “အရှေ့ဘက် ဘီလူးနတ်ဆိုး ကလန်ရဲ့ နန်းတော်တွေ ဖွင့်လှစ်စမ်း…”
သူက ထိုသို့ပြောလိုက်သည့် အခိုက်တွင် တုန်ခါသံများက အရှေ့အရပ်ကနေ ထွက်ပေါ်လာပြီး အနက်ရောင် တိုင်လုံးသုံးခု ဖြစ်ပေါ်လာ၏။
တစ်စုံတစ်ယောက်က အပေါ်ကနေ ကြည့်လျှင် ဘီလူးနတ်ဆိုးကလန် တစ်ခုလုံးသည် အနက်ရောင် အလင်းတိုင်လုံး (၁၂)ခုနှင့် ဖုံးလွှမ်းထားသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။
ထိုအခိုက်တွင် အလင်းတိုင်လုံး ဆယ့်နှစ်ခုက ကောင်းကင်ထက်သို့ မြင့်တက်လာကြသည်။ ဝမ်လင်ပတ်လည်ရှိ ကလန်အဖွဲ့ဝင်တိုင်းက ခြေချိတ်ထိုင်ချ၍ ခပ်တိုးတိုး စတင်ပြောဆိုနေ၏။
သူတို့၏အသံများက ထူးဆန်းသော နည်းလမ်းဖြင့် ပေါင်းစပ်သွားကြပြီး အဆုံမဲ့သော ကျိန်စာတစ်ခုက စတင်ပျံ့နှံ့လာ၏။
သည်အချိန်တွင် ဘီလူး နတ်ဆိုးကလန်၏ အဖွဲ့ဝင်တိုင်း အားလုံးက လုပ်လက်စ ရှိသည်များကို ရပ်တန့်လိုက်ပြီး သည်ထူးဆန်းသော အသံကိုသာ ထပ်တလဲလဲ ရွတ်ဆိုနေကြသည်။
အနက်ရောင် တိုင်(၁၂)ခုထံကနေလည်း အနက်ရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လာပြီး သည်ထူးဆန်းသော တီးတိုးရွတ်ဆိုသံကို တုံ့ပြန်ခြင်းဖြင့် ၎င်းအလင်းတန်က ပို၍ အားကောင်းလာခဲ့၏။
ဝမ်လင်း မျက်လုံးထဲ၌ ဝမ်းနည်းမှု အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။ သူက ချီဟူမျက်လုံးထဲရှိ ရုန်းကန် တိုက်ခိုက်နေရမှုကို မြင်နေရသည်။ ဝမ်လင်းတွင် မိတ်ဆွေအပေါင်းအသင်း အလွန် နည်းပါးသော်လည်း သူက ချီဟူကို သူ့မိတ်ဆွေအဖြစ် အမှန်သတ်မှတ်ထား၏။ ခုတော့ သူနှင့်ချီဟူက တစ်ဖက်ခြမ်းစီ ရပ်တည်နေကြရသည်။
ချီဟူက ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာကြည့်၍ ခါးသက်စွာ ပြောလိုက်သည်။ စန်နူး… ငါမင်းကို သွားခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ဘိုးဘေးက ငါ့ကလန်ရဲ့ မျှော်လင့်ချက်ပဲ။ ကလန်ရဲ့ ဂျူနီယာ ကလန်ခေါင်းဆောင် အနေနဲ့ ဒါက ငါ့တာဝန်ပဲ…။ “ဘိုးဘေးရဲ့ ခန္ဓာကိုယ်တောင် ဒီကောင်းကင်ဘုံ လမ်းကြောင်း အစီအရင်ရဲ့ အလင်းတိုင်လုံးရှစ်ခုရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ဘူး။ မင်းရဲ့ခန္ဓာကိုယ်က ငါတို့ ဘီလူးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင်တွေလောက် မသန်မာနိုင်ဘူး။ ဒါကြောင့် မင်းမှာ အသက်ရှင်ဖို့ အခွင့်မရှိဘူး…”
သည့်နောက် ချီဟူက ညာလက်ကိုမြှောက်၍ ဝမ်လင်းထံသို့ ညွှန်လိုက်သည်။
ထိုအခါ အလင်းတိုင်(၁၂)ခုက တုန်ခါလာပြီး ဝမ်လင်းထံသို့ လျင်မြန်စွာ ရွှေ့လျားလာ၏။
ဝမ်လင်းက သက်ပြင်းချသည်။ သူက ချီဟူကို ကြည့်၍ ပွင့်လင်းစွာ ပြောလိုက်သည်။ “ချီဟူ…ကောင်းကင်ဘုံ နယ်နယ်မြေမှာတုန်းက မင်းက ငါ့ကို အကြွေးတင်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းကတော့ ငါက မင်းအပေါ်မှာ အကြွေးပြန်တင်ခဲ့တယ်။ ဒါကြောင့် ငါတို့က တစ်ယောက်နဲ့ တစ်ယောက် ညီမျှသွားခဲ့ပြီ…”
ချီဟူမျက်လုံးများက နက်မှောင်သွား၏။ “ညီမျှတာ…ဒါမှန်တယ်။ ငါတို့နှစ်ယောက်က ကျေးဇူးကြွေးကျေပြီ…”
ဝမ်လင်းက ခေါင်းမော့၍ အရပ်မျက်နှာမျိုးစုံမှ သူ့ထံ တိုးဝင်လာနေသော အနက်ရောင်တိုင်(၁၂) ကြည့်ကာ အားပါးတရ ရယ်မောလိုက်သည်။ “ချီဟူ…ဒီကောင်းကင်ဘုံ လမ်းကြောင်း အစီအရင်က ငါ့ကို သတ်နိုင်လိမ့်မယ်လို့ မင်းတကယ် ထင်နေတာလား…”
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက အနက်ရောင် တိုင်လုံးတစ်ခု၏ ရှေ့သို့ ရောက်ရှိသွားပြီး ၎င်းတိုင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဘုန်း…။
အနက်ရောင်တိုင်က ချက်ချင်း ပျက်စီးသွားခဲ့သည်။ ဝမ်လင်း ခန္ဓာကိုယ်ကလည်း နောက်သို့ ပေပေါင်းများစွာ ဆုတ်လိုက်ရ၏။ သူ့ညာလက်လက်သီးက သွေးများစီးကျလာ၏။
“ပထမတိုင်လုံး…” ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက လီယွမ်ဖန်နှင့် တိုက်ခိုက်ခဲ့စဉ်က ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ အသုံးမပြုခဲ့ချေ။ ခု ဝမ်လင်းမျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်များ ဖြစ်ပေါ်နေသည်။ သူက ညာလက်သီးပေါ်ရှိ သွေးကို လျှာဖြင့်ယက်လိုက်ပြီး နောက်ထပ် တိုင်တစ်လုံးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။
ပေါက်ကွဲသံတစ်ခုနှင့် အတူ ဒုတိယတိုင်သည်လည်း ပျက်စီးသွားပြန်သည်။ ဝမ်လင်းက ရယ်မော၍ ပြောလိုက်သည်။ “ဒုတိယတိုင်လုံး…”
သူက ထပ်မံ၍ ရွေ့လျားကာ နောက်ထပ် တိုင်တစ်ခုစီသို့ ဆက်သွားပြန်သည်။ ကောင်းကင်၌ အနက်ရောင် တိုင်များကြောင့် မရေမတွက်နိုင်သော အက်ကြောင်းများ ပြည့်နေ၏။
ဘုန်း…ဘုန်း…ဘုန်း…ဘုန်း….။
ဝမ်လင်းက အရူးတစ်ယောက်ကဲ့သို့ စတင် ရယ်မောလိုက်သည်။ သူက ထပ်မံ၍ လှုပ်ရှားလိုက်ပြီး နောက်ထပ် တိုင်တစ်ခုကို ဖျက်ဆီးပစ်ပြန်သည်။ သူက တိုင်တစ်ခုကို ဖျက်ဆီးပြီးသည့် အချိန်တိုင်း သူ့လက်သီးကလည်း သွေးစိမ့်ထွက်လာခဲ့သည်။ သူက သည်သွေးများကို လျှာဖြင့် ယက်ပစ်ပြန်သည်။ ခုလက်ရှိ ဝမ်လင်းအသွင်က အလွန်ကြမ်းကြုတ်နေ၏။ သူက ရယ်မောအော်ဟစ်၍ ပြောလိုက်သည်။ “ရှစ်ခုမြောက်တိုင်လုံး…”
သူ့အဝတ်အစားများက စုတ်ပြတ်သပ်နေ၏။ သူ့ခန္ဓာကိုယ် အပေါ်ဘက်တွင်ပင် သေးငယ်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။ သူ့နှဖူးပေါ်ရှိ ကြယ်သုံးလုံးက လျင်မြန်စွာ လှည့်ပတ်လို့နေ၏။ ထို့ကြောင့် သည်နေရာလူများသည် သူ့နှဖူးပေါ်ရှိ ကြယ်သုံးလုံးကို မည်သည့်အရာမှန်း မသိအောင်ပင် ဖြစ်ရသည်။
ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များ၏ ရွတ်ဆိုသံသည်လည်း ပို၍ ကျယ်သည်ထက် ကျယ်လာခဲ့သည်။
ချီဟူအသွင်က မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ ဘီလူးနတ်ဆိုးကလန်၌ ဘိုးဘေးကလွဲ၍ သည်တိုင်ရှစ်လုံးကို ခုခံနိုင်သည့်လူ မရှိချေ။ သည်အရာပင် ဘိုးဘေး၏ အကန့်အသတ်ဖြစ်၏။
တကယ်တော့ ကလန်၏ ဘိုးဘေးအတွက် တိုင်ရှစ်ခုက အကန့်အသတ် ဖြစ်ခြင်းမှာ ခန္ဓာကိုယ်သီးသန့်ဖြင့် ခုခံရာတွင် ဖြစ်သည်။ ဘိုးဘေးက မန္တန်များကို အသုံးပြုလျှင် သူက တိုင်(၁၂)ခုလုံးကို ခုခံနိုင်မည် ဖြစ်၏။ သို့သော် သူလည်း ဒဏ်ရာပြင်းစွာ ရမည်သာဖြစ်၏။
ဝမ်လင်းက မာန်သွင်း၍ အလင်းတန်းတစ်ခုလို လှုပ်ရှားလိုက်ပြီး လက်သီးများဖြင့် ဆက်လက် တိုက်ခိုက်သည်။ သူက တစ်နေရာထဲရှိ အလင်းတိုင်သုံးခုကို ဖျက်ဆီးပစ်လိုက်သည်။ ခုလက်ရှိ ဝမ်လင်းအသွင်က မူလဘူတနတ်ဆိုး တစ်ပါးအလား ထင်မှတ်ရသည်။
“နောက်ဆုံးတိုင်လုံး…။ ချီဟူ… သေချာကြည့်ချေ…” ဝမ်လင်းအသံက ကောင်းကင်ထက်၌ ပဲ့တင်ထပ်ပြီးနောက် နောက်ဆုံးတိုင်လုံး သည်လည်း ရောက်ရှိလာခဲ့သည်။
သည်တစ်ကြိမ်၌ ဝမ်လင်းက လက်သီးဖြင့် ထိုးသွင်းတိုက်ခိုက်ခြင်း မပြုချေ။ ထိုအစား သူက မာန်တစ်ချက် သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပေတစ်ရာအမြင့်ထိ ကြီးမားလာခဲ့သည်။
ဘုန်း…။
အနက်ရောင်တိုင်လုံးက ဝမ်လင်း ရင်ဘတ်ပေါ်သို့ လာရောက် ထိမှန်၍ ကွဲကြေ ပျက်စီးသွားသည်။ ဝမ်လင်းက နောက်သို့ ခြေသုံးလှမ်း ဆုတ်လိုက်ရသည်။ သို့သော် သူက ဒဏ်ရာရခြင်း မရှိချေ။ သူက မာန်သွင်း အော်ဟစ်လိုက်ရာ ကောင်းကင်ဘုံလမ်းကြောင်း အစီအရင်သည် ကျိုးပျက်သွားတော့၏။
သည်အရာက ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား၏ စွမ်းအား အထွတ်အထိပ်ကို အမှန်တကယ် ပြသနေခြင်း မည်၏။
“ချီဟူ ငါတို့ကြားက ကိစ္စတွေက မျှတပါတယ်။ ဘီလူးနတ်ဆိုးကလန်… ချိပ်ပိတ်စမ်း…”
ဝမ်လင်းက သူ့ဧရာမလက်ကြီးဖြင့် ကောင်းကင်ထက်သို့ ညွှန်လိုက်ရာ မရေမတွက်နိုင်သော မီးခိုးရောင် အမျှင်တန်းများ ဖြစ်ပေါ်လာပြီး ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြသည်။
“ဒီနေ့ကစပြီး … စဦးစိတ်ဝိညာဉ်အဆင့်နဲ့ သူ့အထက်အဆင့်တွေ ဆိုတာ ဒီကလန်မှာ မရှိတော့ဘူး။ တစ်စုံတစ်ယောက်က အမြုတေဖွဲ့တည်ခြင်း အဆင့်ကို ချိုးဖျက်ခြင်ရင် ငါ့ခွင့်ပြုချက်လိုတယ်။ ဒါက မင်းတို့အတွက် ပြစ်ဒဏ်ချမှတ်ခြင်းပဲ…” ဝမ်လင်းမျက်လုံးများက အေးစက်နေ၏။ သည်အခိုက်တွင် သူ့စကားများက ဘီလူးနတ်ဆိုးကလန်၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် ကောင်းကင်ဘုံ ဥပဒေသအလား ခိုင်မာလှသည်။
သူ့မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားတို့၏ ပေါင်းစပ်မှုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်နှင့် ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရားတို့ ပေါင်းစပ်ထားခြင်း မည်ပေသည်။ သည်ပေါင်းစပ်မှုက အလွန်အားကောင်းသော ဝမ်လင်းကို ဖြစ်စေခဲ့သည်။
စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးမပြုလျှင် သည်ဂြိုဟ်ပေါ်ရှိ မည်သူကမျှ သူ့ခန္ဓာကိုယ်ခွန်အားနှင့် နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
သည်အရာက ရှေးဟောင်းနတ်ဘုရား၊ ကြယ်သုံးလုံး ရှေးဟောင်းနတ်ဘုရား မည်၏။
ဝမ်လင်းက သည်လိုဖြစ်လာမည်ဟု ယူဆထားပြီး ဖြစ်၏။ သူက သူ့ခွန်အားကို အရင်တုန်းကလို ဆက်၍ လျှိုထားလျှင် လူအများကြီး၏ ဒုက္ခလာပေးမှုကို ဖိတ်ခေါ်နေသလို ဖြစ်ပေလိမ့်မည်။ သူက လီယွမ်ဖန်နှင့် ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးကို သတ်ပစ်ခြင်းကို ဥပမာအဖြစ်အသုံးပြု၍ သူ့ခွန်အားကို ဂြိုဟ်တစ်ခုလုံးအား သက်သေပြမည် ဖြစ်သည်။ အထူးသဖြင့် သူက ပွန်းတစ်ကောင်မဟုတ်ကြောင်း ကျူးချွဲဇီ သိစေရမည်။
ဟင်္သာပြဒါးနိုင်ငံသို့ သွားရောက်ပြီးနောက် ဝမ်လင်းက စိတ်မချမ်းမသာ ဖြစ်မှုကို ခံစားနေခဲ့ရသည်။ သည်ခံစာချက်က ဟင်္သာပြဒါးနိုင်ငံနှင့် ဟင်္သာပြဒါးတောင်တို့ကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ဝမ်လင်းက လျိုမေ၏ အတွင်းသရုပ်ကို ဖော်ထုတ်လိုက်နိုင် ကတည်းက သူဟာ လျှို့ဝှက်ကြံစည်မှု တစ်ခုအတွင်း၌ ပိတ်မိနေခြင်းကို သေချာသိနေခဲ့သည်။
ဝမ်လင်း၏ အကျင့်စရိုက်အရ သူက အခြားလူများ သူ့အပေါ် အကြံအစည် ထုတ်နေခြင်းကို မည်သို့ ခွင့်ပြုနိုင်ပါ့မည်နည်း။ သည့်အတွက်ကြောင့်လည်း သူက သူ့ခွန်အားအပြည့်ကို ခုလို ချက်ချင်း ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
သူက အခြားလူများ၏ ပွန်းတစ်ကောင် မဖြစ်လိုချေ။ သူက ပွန်းတစ်ကောင် ဖြစ်ရမည်ဆိုရင်ပင် ဆူးဖုံးထားသည့် ပွန်းသာ ဖြစ်ပေလိမ့်မည်။ သူ့ကို ပွန်းတစ်ကောင်မှတ်၍ လာထိသည့်လူများ၏ လက်ကို သွေးစွန်းစေမည် လူစားမျိုး ဖြစ်၏။
သူက သူ့ကိုယ်သူ ရှေးဟောင်း နတ်ဘုရားတစ်ပါးအဖြစ် ဖော်ပြလျှင်ပင် သူ့အတွက် ပြဿနာမရှိပေ။ တကယ်တော့ ရှေးဟောင်း နတ်ဘုရားများက မရေမတွက်နိုင်သော နှစ်များကတည်းက ပျောက်ကွယ်သွားခဲ့ပြီး ရှေးဟောင်း အချိန်များ၏ ဒဏ္ဍာရီထဲ၌သာ ကျန်ရစ်ခဲ့တော့သည် မဟုတ်လား။ ကျူးချွဲဇီကိုယ်တိုင် ဝမ်လင်းကို မြင်ခဲ့လျှင်ပင် သူက ဝမ်လင်းသည် ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု သတ်မှတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
တကယ်တော့ သူတို့၏ ခန္ဓာကိုယ်များကို မွမ်းမံသန့်စင်ရာ၌ အာရုံစိုက်သည့် ကျင့်ကြံသူများ ရှိပေ၏။ ဘီလူးနတ်ဆိုးကလန်သည်လည်း သည်လိုလူများထဲတွင် အပါအဝင်ဖြစ်၏။
သူက ဟင်္သာပြဒါးဂြိုဟ်တွင် အချိန်အတန်ကြာသည့် အထိ ဆက်မနေရန် အစီအစဉ် ရှိပြီးသား ဖြစ်၏။ သူက အစစ်အမှန် စိတ်ဝိညာဉ် ဆယ်သန်းအလံကို ရသည်နှင့် သည်ဂြိုဟ်မှထွက်ခွာ၍ ထျန်ယွမ်ဂြိုဟ်သို့ သွားရန် စီစဉ်ထာခဲ့ပြီးဖြစ်သည်။
“ဘီလူးနတ်ဆိုးကလန် ဘိုးဘေး…ခုထွက်လာခဲ့တော့…” ဝမ်လင်းက လေထဲ၌ရပ်ကာ အော်ဟစ်လိုက်သည်။ သူ့အသံက ကလန်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။
ချီဟူက မြေပေါ်သို့ ပစ်လဲကျသွားစဉ်တွင် မချင့်မရဲ ပြုံးနေမိသည်။ ဝမ်လင်းက သူ့ကို မသတ်ခဲ့ပေ။ သို့သော် အစီအရင်ကို ထိန်းချုပ်သည့် လူတစ်ယောက်အနေဖြင့် ယင်းအစီအရင် ပျက်စီးသွားသည့်အခါ သူက တန်ပြန်သက်ရောက်မှုကို ခံလိုက်ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။
ဝမ်လင်းကအသံက ဘီလူးနတ်ဆိုးကလန်သို့ ပျံ့နှံ့သွားသည့်အခိုက်တွင် သည်အော်သံကို မည်သူမှ ကြံ့ကြံ့ခံရပ်တည်၍ ခုခံနိုင်စွမ်းမရှိ ဖြစ်ရသည်။ ခုခံနိုင်သည့် တစ်ဦးတည်းသော ကလန်၏ ဘိုးဘေးကလည်း ပုန်းကွယ်နေသည်။
သည်အခိုက်တွင် ဘီလူးနတ်ဆိုးကလန်၏ အစပ်တွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီး တစ်ယောက်က ဝမ်လင်း ရှိရာသို့ ကြည့်ရှုနေသည်။ သူမက အလွန်လှပ၏။ သူမမျက်လုံးထဲ၌ ထူးဆန်းသော အလင်းတစ်ခု ရှိနေပြီး သူမက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီတော့ ဒါက နင်ရဲ့ အစစ်အမှန် ခွန်အားပေါ့ … ဝမ်လင်း ကြည့်ရတာ ဆရာကတောင် နင့်ကို လျှော့တွက်မိခဲ့တဲ့ပုံပဲ…”
***