ဝမ်လင်း မူလစိတ်ဝိညာဉ်က ရွှေရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်နေသည်။ သည်ရွှေရောင် အလင်းတန်းက စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းစနစ်ကို အသက်သွင်းရာမှာ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သည်ခရမ်းရွှေရောင် စိတ်ဝိညာဉ်ဆယ့်နှစ်ခုက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဆယ့်နှစ်ယောက်၏ စိတ်ဝိညာဉ်များ ဖြစ်ကြသည်။
အလံထဲရှိ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် စိတ်ဝိညာဉ် အပိုင်းအစ ဆယ့်နှစ်ခုနှင့် ဆိုလျှင် သည်စိတ်ဝိညာဉ်အလံ၏ စွမ်းအားက ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သည်။
သည့်အပြင် အလံထဲ၌ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့် စိတ်ဝိညာဉ် အပိုင်းအစများနှင့် မရေမတွက်နိုင်သော စဦးစိတ်ဝိညာဉ်အဆင့် စိတ်ဝိညာဉ် အပိုင်းအစများစွာပါ ရှိနေသေး၏။
စိတ်ဝိညာဉ်အသွင်ပြောင်ခြင်းအဆင့် စိတ်ဝိညာဉ် အပိုင်းအစများက ဝမ်လင်းကို ဦးညွှတ်နေစဉ်၌ အလံထဲရှိ ကျန်သည့် စိတ်ဝိညာဉ် အပိုင်းအစများက တိတ်ဆိတ်စွာ ရှိနေကြ၏။ သည်စိတ်ဝိညာဉ် အလံထဲရှိ စိတ်ဝိညာဉ်အားက အမည်းရောင် အခိုးငွေ့ပုံစံဖြစ်ပေါ်၍ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ရှေ့၌ စုဝေးလာကြသည်။
သည်အမည်းရောင် အခိုးငွေ့များက ဝမ်လင်း မူလစိတ်ဝိညာဉ်ရှေ့၌ ပေသုံးဆယ်ရှိသည့် စိတ်ဝိညာဉ် အလံတစ်ခု အသွင် ဖြစ်ပေါ်လာခဲ့၏။
ဝမ်လင်းက စိတ်ဝိညာဉ်အလံထဲရှိ ဖြစ်ပျက်နေသမျှ အားလုံးကို တွေ့မြင်နေရ၏။ သူ့ရှေ့တွင် ပေါ်နေသော အလံက သည်အလံ၏ စိတ်ဝိညာဉ်ဖြစ်ပေ၏။ သူက သည်စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်လျှင် စိတ်ဝိညာဉ် ဆယ်သန်းအလံကိုလည်း အမှန်ပင် ထိန်းချုပ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဝမ်လင်း မူလစိတ်ဝိညာဉ်က လက်ဆက်တန်း၍ အလံကို ဖမ်းယူလိုက်သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီးနောက် မူလစိတ်ဝိညာဉ်ကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့၏။
စိတ်ဝိညာဉ်မွမ်းမံခြင်း တောင်ထိပ်တွင် ဝမ်လင်းက မျက်လုံးပြန်ပွင့်လာခဲ့သည်။ သူက သူ့ရှေ့တွင် မည်သည့်အရာမှ ရှိမနေတော့သည်ကို တွေ့လိုက်ရ၏။ သို့သော် သူက ခရမ်းရွှေရောင်အလံသည် သူ့မူလစိတ်ဝိညာဉ်ဖြင့် သန့်စင်ပြီး ဖြစ်သည်ကို အာရုံခံမိသည်။
“ဘီလူးနတ်ဆိုးကလန် ဘိုးဘေး မင်းအတွက် ကပ်ဆိုးတစ်ခု ငါသယ်လာပြီ…” သည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ ပျောက်ကွယ်သွားလေ၏။
ဝမ်လင်း ထွက်ခွာသွားပြီးနောက် သွန်းထျန်ရှိနေသော သွေးရောင် အဝန်းအဝိုင်းထံကနေ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။
ဝမ်လင်းက ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်နား၌ ပြန်ပေါ်လာခဲ့သည်။ သူက အစီအရင်ကို ဖွင့်လှစ်၍ ဖီးလုနိုင်ငံကနေ ပျောက်ကွယ်သွားတော့၏။
ဘီလူးနတ်ဆိုးကလန်…
ဘီးလူးနတ်ဆိုးကလန်၏ နယ်မြေက ကြီးမား ကျယ်ပြန့်လှသည်။ သူတို့က အခြားဂြိုဟ်တစ်ခုကနေ ရွှေ့ပြောင်းလာချိန်တုန်းက ဟင်္သာပြဒါးနိုင်ငံ၏ တစ်ယောက်နှင့် သဘောတူညီမှုတစ်ခု ပြုလုပ်၍ သည်နယ်မြေကို လွှမ်းမိုးခဲ့ခြင်း ဖြစ်သည်။
ဘီလူးနတ်ဆိုးကလန် အတွင်း၌ ဘီလူးနတ်ဆိုးနန်းတော် (၁၂)ခု ရှိပေသည်။ သည်နန်းတော် ဆယ့်နှစ်ခုလုံးက တစ်ပုံစံတည်းရှိပြီး ကြီးမားလှသည်။
လွန်ခဲ့သော နှစ်နှစ်ကတည်းက ဘိုးဘေးက သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးပြီး နောက်ထပ်ခန္ဓာကိုယ် အသစ်တစ်ခုကို သိမ်းပိုက်သည့် အချိန်မှစ၍ သူ့နေရာကို သိရှိရခြင်း မရှိတော့ချေ။
တကယ်တော့ လူတစ်ယောက်သည် ခန္ဓာအသစ် ပိုင်ဆိုင်မှုနှင့် အသားကျအောင် လုပ်နေသည့် အချိန်သည် သူ့အတွက် အားအနည်းဆုံးအချိန် ဖြစ်လေ၏။ သည့်အတွက်ကြောင့်လည်း ဘိုးဘေးက သူတံခါးပိတ် ကျင့်ကြံသည့်နေရာကို သုံးကြိမ်တိုင်တိုင် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
သည်နေ့တွင် ချီဟူက တတိယမြောက် နန်းတော်ထဲ၌ ထိုင်လျက်ရှိနေ၏။ သူ့လက်ထဲ၌လည်း ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။ သူ့မျက်နှာက ဖြူရော်နေပြီး စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်လို့နေ၏။
“စန်နူးက ရွှမ်ယွဲ့က လီယွမ်ဖန်ကို သတ်ပစ်ခဲ့တယ်။ ငါသူ့အပေါ်မှာ နားလည်ထားတဲ့အတိုင်း ဆိုရင် သူ့နောက်ပစ်မှတ်က ငါတို့ကလန်ရဲ့ ဘိုးဘေး ဖြစ်လိမ့်မယ်…။ သူရောက်လာခဲ့ရင်…သူက သူ့ကိုယ်သူ ယုံကြည်မှုရှိနေလို့ပဲ ဖြစ်မယ်။ ငါဘာလုပ်သင့်လဲ…”
“ဘိုးဘေးက မှားယွင်ခဲ့တယ် ဆိုပေမဲ့လည်း သူက ဘီးလူးနတ်ဆိုးကလန်ရဲ့ မျှော်လင့်ချက် ဖြစ်နေတယ်။ သူလုပ်တဲ့အရာအားလုံးက ဘီလူးနတ်ဆိုးကလန်ရဲ့ အနာဂတ်အတွက်ပဲ…”
“ဒါပေမဲ့ စန်နူးက ငါ့ကို သူ့မိတ်ဆွေတစ်ယောက် အဖြစ် သတ်မှတ်ထားတယ်…အာ…”
စန်နူးက ခါးသီးစွာ ခေါင်းယမ်းနေမိ၏။ သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။
ဝမ်လင်းက ဘီလူးနတ်ဆိုးကလန်၏ နယ်မြေအစပ်၌ ပေါ်လာခဲ့သည်။ သူက ဘီလူးနတ်ဆိုး ကလန်ထဲသို့ ဝင်ရောက်ရန် အလျင်လိုခြင်း မရှိချေ။ ထိုအစားသူက သည်နယ်မြေအစပ်၌ လိုဏ်ဂူတစ်ခုဖန်တီး၍ သူ့သိုလှောင်အိတ်ထဲရှိ အမျိုးမျိုးသော ပစ္စည်းများကို အသုံးပြုပြီး အစီအရင်တစ်ခု တည်ဆောက်နေခဲ့သည်။
သူက သည်အစီအရင်ကို ပြုလုပ်ရသည့် ရည်ရွယ်ချက်သည့် ချည်တိုင်တစ်ခုအဖြစ် ဆောင်ရွက်ရန်အတွက် ဖြစ်သည်။
ဝမ်လင်းက သည်နည်းဖြင့် ဘီလူးနတ်ဆိုးကလန်၏ သွေးမျိုးဆက်စွမ်းအားကို ရင်ဆိုင်မည် ဖြစ်သည်။ သူက လေဟာနယ်အပြင်သို တည်နေရာ ရွှေ့ပြောင်းခြင်း ခံရလျှင်ပင် သည်အစီအရင်ကို ချည်တိုင်တစ်ခုအဖြစ် အသုံးပြု၍ လေဟာနယ်ထဲသို့ လွင့်ထွက်မသွားရန် ပြုလုပ်နိုင်မည် ဖြစ်သည်။
သည်အရာက သူ့ကိုယ်သူ ချည်နှောင်ထားသည့် ကြိုးတစ်ခုနှင်ဆင်တူ၏။ သည့်အတွက်ကြောင့် သူကိုယ်တိုင်လည်း တည်နေရာရွှေ့ပြောင်းခြင်း ပြုလုပ်လျှင် ဝေးဝေးသို့ ရောက်နိုင်တော့မည် မဟုတ်ချေ။
သည်အစီအရင်က သွန်းထျန်သူ့ကို ပေးခဲ့သော ကျောက်စိမ်းပြားထံကနေ ရရှိခဲ့ခြင်းဖြစ်၏။ ဝမ်လင်းက ၎င်းအစီအရင်ကို လေ့လာခဲ့ပြီး အချို့ပြောင်းလဲမှုများ လုပ်ကာ ပို၍ ရှုပ်ထွေးစေခဲ့၏။
သူက သည်အစီအရင်ကို နေရာချရန် အချိန်သုံးလကြာခဲ့၏။ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတစ်ခုကိုပင် ၎င်းအစီအရင်၏ စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုထားသေးသည်။ သည့်နောက်သူက သည်အစီအရင်ကို ကာကွယ်ရန် သည်ဧရိယာပတ်လည်၌ အတားအဆီးများစွာပါ ချမှတ်ထားသည်။
သည်အရာအားလုံး ပြုလုပ်ပြီးနောက် ဝမ်လင်းက ခေါင်းမော့၍ ဘီလူးနတ်ဆိုးကလန်ကို ကြည့်သည်။ သူ့အကြည့်ထဲတွင် အေးစက်မှုများ ပါဝင်နေ၏။ ထို့နောက် သူက ပျောက်ကွယ်သွားတော့သည်။
သူက ပြန်ပေါ်လာသည့်အခါ ဘီလူးနတ်ဆိုးကလန်၏ အလယ်ဗဟိုတွင် ရောက်နေခဲ့၏။
သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ သည်နေရာတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းပစ်သည်။
“ဘီလူးနတ်ဆိုးဘိုးဘေး…ခုထွက်လာခဲ့စမ်း…” ဝမ်လင်း၏ သတင်းစကားက သူ့နတ်ဘုရားအာရုံက တစ်ဆင့် ဘီလူးနတ်ဆိုးကလန်၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များ၏ နားထဲသို့ တိုးဝင်သွားသည်။
ဘီလူးနတ်ဆိုးကလန်၏ အဖွဲ့ဝင်တိုင်းက ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ လုပ်လက်စ အလုပ်များကို ရပ်တန့်၍ ဝမ်လင်းရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။
ချီဟူက သက်ပြင်းချ၍ နန်းတော်ထဲကနေ ပျောက်ကွယ်သွားသည်။
ဝမ်လင်းက သည်စကားကို ပြောလိုက်ပြီးနောက် သူက ထိုနေရာတွင်ပင် တည်ငြိမ်စွာ မတ်တတ်ရပ်နေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်သော အလင်းတန်းများက အရပ်မျက်နှာအစုံကနေ ရောက်ရှိလာကြပြီး ဝမ်လင်းရှေ့ ပေတစ်ထောင်အကွာတွင် ရပ်တန့်လိုက်သည်။ သည်လူအုပ်ကြီးထဲ၌ ယောက်ျား၊ မိန်းမ၊ လူအို၊ လူငယ်အားလုံး ပါဝင်နေပြီး သူတို့က ဝမ်လင်းကို သုန်မှုန်စွာ ကြည့်နေ၏။
သည်လူများအပြင် နောက်ထပ် အခြားလူများသည်လည်း ထပ်မံ၍ သူရှိရာသို့ ပျံသန်းလာနေကြသည်။
သည်အခိုက်တွင် လေထုထဲကနေ အဘိုးအိုတစ်ယောက် ထွက်ပေါ်လာခဲ့၏။ အခြား ကလန်အဖွဲ့ဝင်များသည် သူ့အတွက် လမ်းရှင်းပေးလိုက်ကြ၏။
အဘိုးအိုက ဝမ်လင်းရှေ့ ပေတစ်ရာအကွာတွင် ရပ်တန့်လိုက်သည်။ သူက မျက်မှောင်ကြုတ်၍ အော်မေးလိုက်သည်။ “မင်းက ဘယ်သူလဲ…”
ဝမ်လင်း၏ စူးရဲသောအကြည့်က အဘိုးအိုထံသို့ ကျရောက်လာ၏။ သူကပြောလိုက်သည်။ “စန်နူး …”
သည်စကားနှစ်ခွန်း ထွက်လာသည့်အခိုက်တွင် အနီးအနား ပတ်ဝန်းကျင်သည် ရုတ်တရက် တိတ်ဆိတ်သွား၏။ ဘီလူးနတ်ဆိုးကလန်ရှိ အဖွဲ့ဝင်တိုင်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများနှင့် ပြည့်နေသည်။
“စန်နူး… အနီရောင်လိပ်ပြာကို အနိုင်ယူခဲ့တဲ့ စန်နူး…” “ဒီစန်နူးက လီယွမ်ဖန်ကိုသတ်ပြီး ရွှမ်ယွဲ့ကို အဆင့်ငါးနိုင်ငံကနေ အဆင့်သုံးနိုင်ငံထိ လျော့ကျသွားစေတဲ့သူ…။ ရွှမ်ယွဲ့ရှိ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်အားလုံးကို ချိပ်ပိတ်ပစ်တဲ့သူ…”
“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက်မှာ နံပါတ်တစ်ကျင့်ကြံသူ…”
“ကောလာဟလ ပြောကြတာကတော့ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်သွားပြီတဲ့။ မဟုတ်ရင် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် လီယွမ်ဖန်ကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ…”
စကားပြောလိုက်သော အဘိုးအိုက အသက်ဝဝ ရှူသွင်းမိလိုက်၏။ သူက စန်နူးကိုကြည့်၍ ဖြည်းညင်းစွာ မေးလိုက်သည်။ “ရောင်ရင်းကျင့်ကြံသူ စန်နူး … ရောင်းရင်းက ငါတို့ကလန်ကို ဘာအတွက် ရောက်လာခဲ့တာလဲ…”
ဝမ်လင်းမျက်လုံးများက အေးစက်သွားပြီး သူက ပြောလိုက်သည်။ “သတ်ဖို့…”
အဘိုးအို၏အသွင်က ရုပ်ဆိုးသွားသည်။ သူက ဒေါသတကြီးရယ်မော၍ ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ငါက မင်းဟာ အရမ်း မောက်မာတယ်လို့ ကြားခဲ့တယ်။ ခု ငါကိုယ်တိုင်တွေ့တော့ ဒါက တကယ်ဖြစ်နေတာပဲ။ စန်နူး … ငါတို့ ဘီလူးနတ်ဆိုးကလန်က ရွှမ်ယွဲ့မဟုတ်ဘူး။ ငါတို့က မင်းဆန္ဒရှိသလို သတ်နိုင်ဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ ဒီနေ့ ကလန်ရဲ့ ဘိုးဘေးတောင်မလိုဘဲ ငါတို့က မင်းကို သတ်ပစ်ရမယ်…”
ထိုသို့ပြောပြီးသည်နှင့် အဘိုးအိုက သိုလှောင်အိတ်ထဲက အနက်ရောင် တိုကင်တစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူက ၎င်းတုန်ကင်ကို ကိုင်၍ ပြောလိုက်သည်။ “ငါက ဘီလူးနတ်ဆိုးကလန်ရဲ့ အကြီးအကဲဆိုတဲ့ အဆင့်အတန်းကို အသုံးပြုပြီး ကလန်ရဲ့အဖွဲ့ဝင်တိုင်းက စန်နူးကို သတ်ပစ်ဖို့ အမိန့်ပေးတယ်…”
သူက ထိုသို့ပြောလိုက်သည့် အခိုက်တွင် သူ့လက်ထဲရှိ တိုကင်က ကြေမွသွား၏။ ထူးဆန်းသော အားတစ်ခုကလည်း ဘီလူးနတ်ဆိုးကလန် တစ်ခုလုံး၌ လျင်မြန်စွာ ပျံ့နှံ့လာသည်။
ကလန်အဖွဲ့ဝင်တိုင်းက သည်ထူးဆန်းသော အားထံက သတင်းပို့လွှတ်မှု တစ်ခုကို ခံစားမိကြသည်။
အဘိုးအိုက အမိန့်ပေးပြီးနောက် ဝန်လင်းကို ဝန်းရံထားသော အဖွဲ့ဝင် တစ်ရာကျော်သည် မာန်သွင်းလိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်များသည်လည်း အဆများစွာ ကြီးထွားလာကြ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က ဆယ်ပေခန့်မြင့်သည့် ဘီလူးများအသွင်သို့ ပြောင်းလဲသွားကြသည်။ သူတို့အားလုံးက သူတို့နဖူးများကို ထိလိုက်ရာ ၎င်းတို့၏ လက်ထဲ၌ စစ်ပုဆိန်များ ပေါ်လာကြသည်။
သူတို့ထံကနေ ပေါက်ကွဲထွက်လာသော အော်ရာက ကောင်းကင်ကိုပင် အက်ကွဲသွားစေ နိုင်လောက်၏။
“သတ်…” အဘိုးအိုက မာန်သွင်း အော်ဟစ်ပြီးနောက် သူ့ခန္ဓာကိုယ်ကလည်း အက်ကွဲလာပြီး သူက ပေတစ်ရာလောက် မြင့်သည့် ဘီလူးကြီးအသွင်သို့ ပြောင်းသည်။ သည့်နောက် သူက လက်ထဲရှိ ပုဆိန်ဖြင့် ဝမ်လင်းပေါ်သို့ ခုတ်ပိုင်းချသည်။
“သတ်…” အနီးအနားရှိ ကလန်အဖွဲ့ဝင်တိုင်း သည်လည်း မာန်သွင်းအော်ဟစ်၍ ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။
ဘီလူးနတ်ဆိုးကလန်က အခြားကလန်များနှင့် မတူညီပေ။ အကြီးအကဲ တစ်ယောက်က ရန်သူအဖြစ် သတ်မှတ်လိုက်သည်နှင့် သူတို့က ထိုလူကို အုပ်စုဖွဲ့၍ တိုက်ခိုက်လေ့ ရှိကြသည်။
သူတို့က စကားဆက်ပြောရန် မကြိုးစားတော့ပဲ “သတ်” ဆိုသည့်တစ်ခွန်းသာ ရွတ်ဆိုကြ၏။
သာမန်ကျင့်ကြံသူ တစ်ယောက် ဆိုပါက သည်လိုတိုးဝင်လာသော ဘီလူးများကို ကြည့်၍ သေလောက်အောင် ကြောက်လန့်သွားမည် ဖြစ်သည်။
သူတို့၏ “သတ်” ဆိုသည့် စကားတစ်ခွန်းထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများစွာ ပါဝင်နေခဲ့သည်။ သို့သော် ဝမ်လင်းအတွက် ထိုအရာက မလုံလောက်သေးချေ။
ဝမ်လင်း၏ သတ်ဖြတ်လိုမှု စိတ်ဆန္ဒသည် အလွန် ထိတ်လန့်ဖွယ်ကောင်း၏။ သူက သူ့ဘဝတစ်ခုလုံး သတ်ဖြတ်ခြင်းနှင့် ယှဉ်၍ နေထိုင်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် သူ့မူလခန္ဓာကိုယ်ပင် ဖြစ်၏။
အခု သူ့ကိုယ်ပွားကလည်း သူ့မူလခန္ဓာကိုယ်နှင့် ပေါင်းစည်းထားသည်။ ထို့အတွက်ကြောင့် သူ့မူလခန္ဓာကိုယ်၏ အသတ်အဖြတ် စိတ်ဆန္ဒက သည်နေရာတွင် ရှိနေသည်။ ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပေါက်ကွဲထွက်လာခဲ့၏။
“ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေး ဘယ်မှာပုန်းနေလဲ ငါ့ကိုပြော … မဟုတ်ရင် သေရမယ် …”
ချီဟူကလွဲ၍ ကျန်သည့်အဖွဲ့ဝင်များ အတွက် ဝမ်လင်းက စိတ်စေတနာကောင်း ရှိမနေခဲ့ချေ။ သူက ဘီလူးနတ်ဆိုးကလန် တစ်ခုလုံးတွင် နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက်ကြည့်သော်လည်း ကလန်ဘိုးဘေးကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက စိတ်မရှည် ဖြစ်နေခဲ့သည်။
သူက ထိုသို့ပြောပြီးသည်နှင့် သူ့ထံသို့ တိုးဝင်လာသော ဘီလူးနတ်ဆိုးကလန် အဖွဲ့ဝင်များထံသို့ ကြည့်ပင်မကြည့်ဘဲ သူ့နယ်ပယ်ကို အသက်သွင်းလိုက်သည်။ ဘီလူးနတ်ဆိုးကလန်၏ ကောင်းကင်က နက်မှောင်လာခဲ့သည်။
ကောင်းကင်နှင့် မြေကြီးတွင် ထူးဆန်းသော အားတစ်ခုက ဝန်းရံလာ၏။ သေခြင်းရှင်ခြင်း၊ ပြန်လည်မွေးဖွားခြင်း စာလိပ်က ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သည့်နောက် ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်သည်လည်း အတူပေါ်လာခဲ့သည်။
ကောင်းကင်ထက်၌ ရှေးဟောင်းနတ်ဘုရား ပုံရိပ်က ပြန်လည်မွေးဖွားခြင်း စာလိပ်ကို ကိုင်ဆောင်ထားသည်။ သည်အခိုက်တွင် ကောင်းကင်တစ်ခုလုံး၌ သည်အရာတစ်ခုသာ ရှိနေတော့သည်။
ဝမ်လင်းမျက်လုံးများက အေးစက်နေပြီး ရက်စက်တော့မည့် အသွင်ဖြစ်ပေါ်နေ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း…”
ထိုအခါ မှော်စာလိပ်ထံကနေ မရေမတွက်နိုင်သော မီးခိုးရောင် အမျှင်တန်းများ ထွက်ပေါ်လာပြီး သူ့ထံသို့ တိုးဝင်လာနေသည့် ဘီလူးနတ်ဆိုးကလန်၏ အဖွဲ့ဝင်များပေါ်သို့ ကျဆင်းလာသည်။
အဘိုးအို၏ အသွင်က ကြီးစွာပြောင်းလဲသွားသည်။ သူက အံကြိတ်၍နောက်သို့ ပြန်မဆုတ်တော့ပဲ သူ့ပုဆိန်ကို လွှဲခုတ်ချသည်။ ဝမ်လင်းက အဘိုးအိုသို့ တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “ထွက်သွားစမ်း…”
သည်စကား တစ်ခွန်းတည်းဖြင့် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သူ့မူလစိတ်ဝိညာဉ်ပင် မတည်မငြိမ် ဖြစ်သွားရသည်။သို့ရာတွင် သူက မာန်သွင်းအော်ဟစ်၍ နည်းစနစ်တချို့ကို အသုံးပြုကာ ပြန်လည်ကောင်းမွန်အောင် လုပ်၍ ပုဆိန်ကိုလွှဲကာ ဆက်ဝင်လာသည်။
အံအောစရာပဲ။ ဝမ်လင်းက လျင်မြန်စွာ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဘန်း…။
အဘိုးအိုက သွေးအန်ထုတ်လိုက်ရပြီး နောက်သို့ ပေပေါင်းများစွာ ဆုတ်၍ အခြားအဖွဲ့ဝင်များကိုပါ တိုက်မိသည့်အထိ လွင့်စဉ်ထွက်သွားသည်။ သည်အထိ တိုက်ခံလိုက်ရသည့် အဖွဲ့ဝင်များသည်လည်း သွေးများအန်ထုတ်လိုက်ရပြီး နောက်သို့ ပေတစ်ရာခန့် လွင့်စဉ်သွားပြီးမှ ရပ်တန့်သွားကြလေသည်။
သည်အခိုက်တွင် မီးခိုးရောင် အမျှင်တန်းနှစ်ခုက အဖွဲ့ဝင်နှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြန်သည်။
“စန်နူး…ရပ်လိုက်ပါ…” သည်အခါ အကွာအဝေး တစ်ခုထံကနေ နာကျင်နေပုံရသည့် အသံတစ်ခု ပျံ့လွင့်လာသည်။
ဝမ်လင်းက ခေါင်းမော့၍ ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အေးစက်မှုက အနည်းငယ် လျော့ကျသွားသည်။
“ချီဟူ…”
***