Switch Mode

အပိုင်း (၄၄၂)

စိတ်ဝိညာဉ်ဆယ်သန်းအလံ

စန်နူးနှင့်လီယွင်ဖန်တို့၏ တိုက်ပွဲသတင်းက ဂြိုဟ်တစ်ခုလုံးကို ဖြတ်၍ ပျံ့နှံ့သွားပြီးနောက် စန်နူးက နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြန်သည်။

ဝမ်လင်းက ရွှမ်ယွဲ့မှ ထွက်ခွာလာပြီးနောက် သူက လူသူကင်းမဲ့သည့် နေရာတစ်ခုကို ရှာဖွေခဲ့သည်။ သည့်နောက် သူက လက်မောင်းနှစ်ဖက်ကို ကောင်းကင်ဘုံ ပုတီးစေ့ထဲသို့ ထည့်သွင်းထားကာ သူကိုယ်တိုင်လည်း ပုတီးစေ့ထဲသို့ ဝင်ရောက်ခဲ့၏။

သူက စစ်ထူနန်၏ စိတ်ဝိညာဉ်ကြီး ရှေ့တွင် မတ်တတ်ရပ်နေခဲ့သည်။ သူက သည်နေရာသို့ ရောက်လာပြီးနောက် သူက လက်မောင်းနှစ်ဖက်ပေါ်ရှိ ချိပ်တံဆိပ်ကို ဖယ်ရှားလိုက်သည်။

သူက သည်လက်မောင်းနှစ်ဖက်ကို ချိပ်ပိတ်ထားရာမှာ ပယ်ဖျက်ပြီးနောက် ၎င်းတို့သည် စစ်ထူနန်၏ စိတ်ဝိညာဉ်ပတ်လည်၌ ထူးဆန်းစွာ မျောလွင့်နေသည်။ ဝမ်လင်းက အလေးအနက်အသွင်ဖြင့် မည်သို့ဖြစ်ပျက်နေသည်ကို ကြည့်ရှုနေ၏။ သူက သည်လက်မောင်း နှစ်ဖက်သည် စစ်ထူနန်၏ လက်မောင်းနှစ်ဖက် ဖြစ်လိမ့်မည်ဟု အစောကတည်းက ကြိုခန့်မှန်းခဲ့သည်။ ခုချိန်မှာတော့ သည်အရာက ပို၍ သေချာသွားပြီ ဖြစ်၏။

သည်နှစ်ရာချီအတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်ထူနန်၏ စိတ်ဝိညာဉ်က တုန်ခါလာခဲ့၏။ သည့်နောက် တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာပြီး လက်မောင်းနှစ်ဖက်အား ဝန်းရံလာခဲ့သည်။

သည်လက်မောင်းများက တဖြည်းဖြည်း စိတ်ဝိညာဉ်ရှိရာသို့ ရွေ့လျားလာခဲ့ပြီး စိတ်ဝိညာဉ်ထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

ဝမ်လင်းက စစ်ထူနန်၏ စိတ်ဝိညာဉ်သည် အလွန်မြန်သောနှုန်းဖြင့် ပြန်ကောင်း လာနေသည်ကို ခံစားမိလိုက်သည်။ ၎င်းစိတ်ဝိညာဉ်၏ တစ်ဝက်တစ်ပျက် ဖော်၍ မြင်ရသည့် အခြေအနေက တဖြည်းဖြည်းဖြင့် ဒြပ်ထုအသွင်ဖြစ်လာခဲ့၏။

သိပ်မကြာခင်တွင် စိတ်ဝိညာဉ်ထံက ထွက်ပေါ်လာသော အလင်းသည် ပျောက်ကွယ်သွားလေသည်။ သည်အခိုက်တွင် စစ်ထူနန်၏ စိတ်ဝိညာဉ်က ပို၍ အထည်ဒြပ် ဖြစ်လာခဲ့သည်။ သို့သော် သူက ခုချိန်ထိ ပြန်နိုးထခြင်း မရှိသေးချေ။

“အတိတ်တုန်းက စစ်ထူနန်ဟာ ငါသာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ရောက်လာခဲ့ရင် သူတစ်ဖန် ပြန်နိုးထနိုင်ဖို့အတွက် ငါကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ်။ သူက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သိပ်တော့ မသေချာခဲ့ဘူး။ ငါစိုးရိမ်တာက ဒါနဲ့ပတ်သက်ပြီး ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်နဲ့ လုပ်ဆောင်မှရမဲ့ တစ်ခုခု ရှိနေမှာကိုပဲ…” ဝမ်လင်းက စစ်ထူနန်၏ စိတ်ဝိညာဉ်ကို ကြည့်နေရင်း အနည်းငယ် စဉ်းစားနေမိ၏။ သည့်နောက် သူက သူ့မိဘနှစ်ပါး၏ စိတ်ဝိညာဉ်ကို ကြည့်လိုက်၏။

သူက သူ့မိဘနှစ်ပါး၏ စိတ်ဝိညာဉ်ကို အချိန်အတန်ကြာ ကြည့်နေခဲ့သည်။ ထို့နောက် သူက ခါးသက်စွာ ပြောလိုက်၏။ “အမေ၊ အဖေတို့ရဲ့သားက ပြန်လည် မွေးဖွားခြင်း စက်ဝိုင်းထဲကို ပြန်ထည့်သွင်းနိုင်ဖို့ ယူဆခဲ့တယ်။ ဒါပေမဲ့ သားက ဒါကို ခုထိမလုပ်နိုင်သေးဘူး…”

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချ၍ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲကနေ ထွက်လာခဲ့သည်။

“ငါက လီယွမ်ဖန်ရဲ့ စိတ်ဝိညာဉ်ကို စစ်ဆေးခဲ့ပြီးပြီး။ သူက ဒီလက်မောင်း နှစ်ဖက်ကို မတော်တဆ ရခဲ့တာပဲ။ ဒီလက်မောင်းတွေက ဘယ်နေရာကလာတယ် ဆိုတာ သူမသိဘူး…” ဝမ်လင်းက ခေါင်းယမ်း လိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။

“ငါက ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေးဆီကနေ ကောင်းကင်ဘုံဓားကို ပြန်ယူကို ယူရမယ်။ စွန်ထိုင်က ဘီလူးနတ်ဆိုးကလန် ဘိုးဘေးနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာ ဒီဘိုးဘေးက သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားကို အသုံးပြုပြီး အနိုင်ယူခဲ့တယ်။ ဒါပေမဲ့ သူလည်း စွန်ထိုင်ရဲ့ အလောင်းရုပ်သေးရဲ့ အမဲလိုက်ခြင်းကို ခံလိုက်ရတယ်။ ဒါကြောင့် ဒီဘိုးဘေးက သေလား ရှင်လား မသိရသေးဘူး…”

“သူက မသေဘူးဆိုရင်တောင် ခန္ဓာကိုယ် အသစ်တစ်ခုကို သိမ်းပိုက်ဖို့ လိုလိမ့်မယ်။ လူတစ်ယောက် သူတို့ရဲ့ ခန္ဓာကိုယ်အသစ်နဲ့ အသားကျဖို အချိန်ကြာရင်လည်း ကြာနိုင်သလို အချိန်တို အတွင်လည်း ဖြစ်နိုင်တယ်။ ငါ သိချင်တာက သူက ခန္ဓာကိုယ်အသစ်နဲ့ လုံးဝ ပေါင်းစပ်ပြီးသွားပြီလား သိချင်တယ်…”

ထို့နောက် ဝမ်လင်းက ရှေးဟောင်း အစီအရင်တစ်ခု အပြင်ဘက်၌ ပေါ်လာခဲ့သည်။

“ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေးက လီယွမ်ဖန်နဲ့ မတူဘူး။ လီယွမ်ဖန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို အတင်းအကျပ် ရောက်အောင် လုပ်ခဲ့တဲ့သူ။ ဒါပေမဲ့ ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေးကတော့ သူ့ကိုယ်ပိုင်ကျင့်ကြံမှု လမ်းကြောင်းနဲ့ ရောက်ခဲ့တာ။ ဒါ့အပြင် ဘီလူးနတ်ဆိုးကလန်ရဲ့ တိုက်ခိုက်တဲ့ ပုံစံက ရှေးဟောင်း နတ်ဘုရားရဲ့ တိုက်ခိုက်ပုံနဲ့တောင် ဆင်နေသေးတယ်။ ဖြစ်နိုင်တာက ဒီကလန်ရဲ့ ဘိုးဘေးက ရှေးဟောင်း နတ်ဘုရားတွေနဲ့ ပတ်သက်မှုတချို့ ရှိနိုင်တယ်…”

“ဒီတော့…ငါက သူ့ကို တိုက်ခိုက် နိုင်လိမ့်မယ်လို့ ယုံကြည်ချက် မရှိသေးဘူး…”

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက တည်နေရာ ရွှေ့ပြောင်းအစီအရင် ရှေ့၌ မတ်တတ်ရပ်နေခဲ့သည်။ သည်တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်၏ ရွှေ့ပြောင်းပေးနိုင်သည့် နေရာများထဲက တစ်နေရာသည် ဘီလူးနတ်ဆိုးကလန် ဖြစ်လေ၏။

ဝမ်လင်းအသွင်က အလွန်ဂနာမငြိမ် ဖြစ်နေသည်။ သူက တွေးတောလို့နေ၏။

“ဒီဘိုးဘေးနဲ့ ပတ်သက်ပြီး အရေးကြီးဆုံးက သူ့သွေးမျိုးဆက် စွမ်းအားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် စွန်ထိုင်ကိုတောင် ထိတ်လန့်စေခဲ့တာပဲ။ စွန်ထိုင်က ဒီဘိုးဘေးနဲ့ တိုက်ပွဲမှာ ဝဲကတော့ထဲ နစ်မြုပ်သွားခဲ့ရတယ်။ ဒါကြောင့် ငါသူ့ကို အနိုင်ယူနိုင်ဖို့ ယုံကြည်ချက်က နည်းသည်ထက် နည်းနေတာပဲ…”

“တိုက်မှာလား…မတိုက်ဘူးလား…” ဝမ်လင်းဘဝ၌ ဖြစ်ခေါင့်ဖြစ်ခဲ တုံ့ဆိုင်းနေမိသည်။

“ငါတိုက်ခိုက်မယ် ဆိုရင် ရလဒ်က မသေချာဘူး…”

“မတိုက်ခိုက်ပြန်ရင်လည်း ဒီလူရဲ့ သတ်နိုင်ဖို့ အကောင်းဆုံး အခွင့်ရေးကို လွဲချော်သွားရလိမ့်မယ်။ ငါသာ သူ ခန္ဓာကိုယ်အသစ် ပြန်သိမ်းပိုက်ထားတဲ့ ဖြစ်စဉ်ကို ပြီးတဲ့အထိ စောင့်နေရင် ငါက သူ့ကို သတ်နိုင်ဖို့ ဘယ်လောက်ကြာတဲ့ အထိ စောင့်ရမလဲ မသိသေးဘူး။ ဒီဘိုးဘေးက ငါ့ကိုသတ်ချင်တဲ့ အကြောင်းက လွန်ခဲ့တဲ့နှစ်တွေက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို ငါ့ရှိမှာမြင်ဖူးတဲ့ ဘီလူးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ကြောင့် ဖြစ်လိမ့်မယ်…”

ဝမ်လင်းက နှစ်ငါးရာကြာ အသက်ရှင်သန်ခဲ့ပြီးသူ တစ်ယောက်ဖြစ်၏။ ဒီနှစ်အတိုင်းအတာဖြင့် ဆိုရင် အနုံဆုံး လူတစ်ယောက်ပင် မြေခွေးတစ်ကောင် ဖြစ်လာနိုင်သည် မဟုတ်လား။ သည်နှစ်ငါးရာက သူ့အတွက် အတွေ့အကြုံများစွာ ရှိစေခဲ့ပေ၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သည့်နောက် သူက ရှေးဟောင်းတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။ သူက ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုကို အစီအရင်ထဲသို့ ထည့်သွင်းလိုက်၏။ ထိုအခါ အလင်းစက်ဆယ်ခုခန့် တောက်ပနေသည့် မြေပုံတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။

ဝမ်လင်းက ညာဘက်လက်ဖြင့် အလင်းစက်တစ်ခုကို ထိလိုက်သည်။ မြေပုံက ပြန်ပျောက်ကွယ် သွားပြီးနောက် အစီအရင်က ပွင့်သွား၏။

အစီအရင်က တောက်ပသည်ထက် တောက်ပလာခဲ့သည်။ ဝမ်လင်းပုံရိပ်ကလည်း ဖြည်းညင်းစွာ ပျောက်ကွယ် သွားလေသည်။

ဖီးလုနိုင်ငံ၏ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုက ဖျတ်ခနဲ တောက်ပလာပြီး ပုံရိပ်တစ်ခုက လှမ်းလျှောက်၍ ထွက်လာ၏။

သည်ပုံရိပ်က ရပ်တန့်ခြင်းမရှိဘဲ စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရှိရာသို့ ဦးတည်ကာ ဆက်သွားလေသည်။

ည၌ စိတ်ဝိညာဉ်သန့်စင်ခြင်း တောင်သုံးခုသည် ထက်ရှသော ဓားသုံးချောင်းက ကောင်းကင်ထက်သို့ ထိုးတက်နေသည်နှင့်ပင် ဆင်တူနေသေး၏။

ဝမ်လင်းပုံရိပ်က စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ အပြင်ဘက်၌ ပေါ်လာခဲ့သည်။ သူက အကာအကွယ် အစီအရင်ကို ကျော်ဖြတ်၍ ရွှေရောင် အဝန်းအဝိုင်းကိုးခု ရှိရာသို့ ပျံသန်းသွားသည်။

ရွှေရောင်အဝန်းအဝိုင်း ကိုးခုက တောက်ပနေခဲ့သည်။ သည့်နောက် သက်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်ပေါ်လာ၏။ သူက ဝမ်လင်းကို မြင်လိုက်သည့် အချိန်တွင် စိတ်ရှုပ်ထွေးဟန် ဖြစ်သွားပြီးနောက် သက်ပြင်းချကာ ပြောသည်။ “ငါ ချူယောင်ထျန်က ဂျူနီယာ ကလန်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…”

“ဂျူနီယာ ကလန်ခေါင်းဆောင်…” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက သွန်းထျန်က သည်စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများ အကြောင်းကို သူ့အကြောင်း ပြောပြထားသည့်ပုံပင်။

ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ ချူယောင် … ငါက ဘိုးဘေးကို နှုတ်ဆက်ချင်လို့ပါ…”

ချူယောင်ဇီက ခေါင်းခါ၍ ပြောလိုက်သည်။ “ဘိုးဘေးက တံခါးပိတ် ကျင့်ကြံနေတယ်။ ဒါကြောင့် အရေးကြီးကိစ္စမရှိဘူး ဆိုရင် သူ့ကို မနှောင့်ယှက်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဘိုးဘေးက မင်းလာမှာကို ခန့်မှန်းထားခဲ့တယ်၊ ဒါကြောင့်ပဲ သူက မင်းအတွက် အရာနှစ်ခု ကြိုပြင်ဆင်ထားခဲ့တယ်…”

ထိုသို့ပြောပြီးနောက် သူ့အသွင်က ပို၍ စိတ်ရှုပ်ထွေးဟန် ပေါက်သွားပြီးနောက် သိုလှောင်အိတ် တစ်ခုကို ပစ်ပေးလိုက်သည်။

ဝမ်လင်းက သည်သိုလှောင်အိတ်ကို ဖမ်းယူလိုက်၏။ သူက ၎င်းကို စစ်ဆေးကြည့်ပြီးနောက် သူ့အသွင်က ထူးဆန်းလို့သွားသည်။

ချူယောင်ထျန်က ခါးသက်စွာ ပြုံး၍ ပြောလိုက်၏။ “ဂျူနီယာ ကလန်ခေါင်းဆောင်က ဘိုးဘေးသွန်းထျန် ကိုယ်တိုင် ပြောခဲ့တဲ့ နောက်တက်လာမဲ့ ကလန်ရဲ့ဆက်ခံသူ အသစ်ဖြစ်တယ်။ ငါက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်မှာ နေခဲ့တာ နှစ်ခုနစ်ရာ ရှိပြီ။ ဒါပေမဲ့ ဘိုးဘေးက ကလန်ရဲ့ အဓိကစိတ်ဝိညာဉ်အလံ မဟုတ်ဘူးဆိုရင်တောင် ဒီလို ပုံရိပ်ယောင်အလံကို တစ်ယောက်ယောက်ကို ပေးခဲ့တာမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး…”

အစောကတည်းက ဘိုးဘေးသွန်းထျန်က သူ့ကိုခေါ်၍ ဝမ်လင်း ရောက်လာသည်နှင့် သည်သိုလှောင်အိတ်ပေးရန် ပြောထားခဲ့ခြင်း ဖြစ်သည်။ သူက သည်သိုလှောင်အိတ်က မည်သည့်အရာ ဖြစ်သည်ကို သိလိုက်သည့်အခါ တုန်လှုပ်သွားမိ၏။ ထိုအခါ ကလန်ပေါ်၌ သူ့သစ္စာတရားနှင့် ဘိုးဘေးသွန်းထျန်ပေါ်မှာ လေးစားမှုသာ မရှိလျှင် သူက လောဘနောက် လိုက်မိမည် ဖြစ်၏။

သည်သိုလှောင်အိတ်ထဲ၌ အရာဝတ္ထုနှစ်ခု ပါနေခဲ့သည်။ သည်နှစ်ခုက ကျောက်စိမ်းပြားတစ်ခုနှင့် စိတ်ဝိညာဉ်အလံတစ်ခု တို့ဖြစ်ကြ၏။

ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်၍ သေချာကြည့်လိုက်သည်။ ခဏအကြာတွင် သူက အသက်ဝဝ ရှူသွင်းလိုက်ပြီးနောက် သွေးရောင်အဝန်းအဝိုင်း ရှိရာသို့ ဦးညွှတ်၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…” သည်အရာက နူးညံသော်လည်း သူ့စိတ်ထဲ၌ အမှတ်ရနေတော့မည် ဖြစ်၏။

ထိုသို့ပြုလုပ်ပြီးသည်နှင့် သူက ချူယောင်ထျန်ကို ခေါင်းညိတ်ပြပြီးနောက် ပျောက်ကွယ် သွားတော့၏။

ချူယောင်ထျန် အသွင်က ပို၍ပင် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာခဲ့သည်။ သူက ခေါင်းယမ်း၍ သက်ပြင်းချကာ ရွှေရောင်အလင်းတန်း ရှိရာသို့ ပြန်သွားလိုက်၏။

“ဘီလူနတ်ဆိုးကလန်ရဲ့ သွေးမျိုးဆက်က အလွန်သန်မာတယ်။ ဒါပေမဲ့ ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ခုမှရောက်ခဲ့ရုံပဲ ရှိသေးတယ်။ ဒါကြောင့် သူက သူ့မျိုးဆက်စွမ်းအားကို အပြည့်အဝ အသုံးမပြုနိုင်သေးဘူး။ သူက တစ်စုံတစ်ယောက်ကို ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက် ဟင်းလင်းပြင်ထဲကိုပဲ တည်နေရာ ရွှေ့ပြောင်းပစ်နိုင်တယ်…” ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ ထွက်ခွာသွားခြင်း မရှိသေးပဲ စိတ်ဝိညာဉ်မွန်းမံခြင်း တောင်ထိပ်၌ ထိုင်လျက်ရှိနေသည်။ သူ့မျက်လုံးများကလည်း တလက်လက် ဖြစ်နေ၏။

ကျောက်စိမ်းပြားထဲ၌ သွန်းထျန်က ဘီလူးနတ်ဆိုးကလန်၏ သွေးမျိုးဆက် စွမ်းအားအကြောင်းကို အချက်အလက် တိတိကျကျ ဖော်ပြထားပေသည်။

ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူက သွန်းထျန် သူ့အတွက် ထားခဲ့ပေးသော သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခရမ်းရွှေရောင် အလင်းတစ်ခု ပျံသန်းထွက်ပေါ်လာ၏။

သည်ခရမ်းရွှေရောင် အလင်းက အလွန်တောက်ပလျက် ရှိနေသည်။ ၎င်းအလင်းက ချက်ချင်းပင် ပေသုံးဆယ်ခန့် ရှည်သည့် စိတ်ဝိညာဉ် အလံတစ်ခုအသွင်သို့ ပြောင်းသွား၏။

တစ်ချိန်တည်းမှာပင် သည်အလံထဲကနေ တစ္ဆေငိုညည်းသံလှိုင်းများ ထွက်ပေါ်လာပြီး ကောင်းကင်က ပို၍ပင် နက်မှောင်သွား၏။

သည်ခရမ်းရွှေရောင် အလင်းများကို အလံထဲ၌ မြင်နေရ၏။ သည်အလင်းတန်းများက အပြင်သို့ထွက်လာလျှင် ကောင်းကင်နှင့် မြေကြီးကိုပင် ဝါးမျိုပစ်မည့်အလား ထင်မှတ်ရသည်။

“စိတ်ဝိညာဉ် ဆယ်သန်းအလံ…” ဝမ်လင်းက အသက်ဝဝရှူသွင်း၍ သည်အလံကို စူးစိုက်ကြည့်သည်။

သည်အရာက ဘိုးဘေးသွန်းထျန်၏ သိုလှောင်အိတ်ထဲရှိ ဒုတိယတစ်ခု ဖြစ်သည်။ သည်အလံကြောင့် ချူယောင်ထျန်၏ အသွင်က အလွန်စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်ခဲ့ခြင်းပင်။ ဝမ်လင်း သည်တစ်ကြိမ် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်သို့ ပြန်လာရသည့် အကြောင်းရင်းက ဘိုးဘေး သွန်းထျန်ဆီကနေ သည်ရတနာအလံကို ငှား၍ ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးကို သတ်ပစ်နိုင်ရန် ဖြစ်သည်။

သို့ရာတွင် သည်အလံက အစစ်အမှန်အလံတော့ မဟုတ်ချေ။ အစစ်အမှန်အလံက တံခါးပိတ် ကျင့်ကြံနေသော သွန်းထျန်ဘေး၌ ရှိလို့နေခဲ့သည်။

ဝမ်လင်းရှေ့ရှိ အလံက အစစ်အမှန်အလံကနေ တစ်ဆင့် ဖန်တီးထားသော အလံတစ်ခုသာ ဖြစ်သည်။ ၎င်းအလံထဲ၌ အစစ်အမှန်အလံ၏ စွမ်းအား သုံးပုံတစ်ပုံခန့်သာ ပါဝင်ပြီး နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။ နှစ်ကြိမ် အသုံးပြုပြီးသည်နှင့် ယင်းအလံက ပျောက်ကွယ် သွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ခုသည်အလံခွဲကပင် တန်ဖိုးဖြတ်၍ မရချေ။ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး အလံကို ဆွဲကိုင်၏။ သူက သည်အလံကို ထိလိုက်သည့် အခိုက်တွင် သူ့မူလစိတ်ဝိညာဉ်က တုန်ခါသွားပြီး သူ့ခန္ဓာကိုယ်ကနေ ဆန့်ထွက်၍ အလံထဲသို့ ဝင်သွားသည်။ သည်အခါ သူက ကျင့်ကြံသူတွေ အတွက် ဖြစ်ပေါ်နေသည့် ငရဲထဲသို့ ဆင်းသက်လိုက်ရသည့် အလား ခံစားလိုက်ရသည်။

သူက စိတ်ဝိညာဉ်ပင်လယ်ကြီး တစ်ခုသည် သူ့ထံသို့ အကြမ်းပတမ်း တိုးဝင်ပြီး ၎င်းပင်လယ်ထဲသို့ ဆွဲနစ်လာသည်ဟု မြင်နေရသည်။

နာကျင် အော်ဟစ်သံလှိုင်းများက ဝမ်လင်းထံသို့ အားကောင်းသော တိုက်ခိုက်မှုများ အလား တိုးဝင်လာခဲ့သည်။ သူက ရုတ်တရက် စိတ်ဝိညာဉ် အပိုင်းအစဆယ်သန်း၏ တိုက်ခိုက်လာသလို ခံစားလိုက်ရသည်။

သူ့သန်မာသော ခန္ဓာကိုယ်နှင့်ပင် သူက သည်ဖိအားအောက်၌ အပိုင်းပိုင်း ကွဲထွက်သွားတော့မည့် အလား ခံစားလိုက်ရသည်။ သူ့အတွက် တုန်လှုပ်မိဆုံး အရာကတော့ သူ့မူလစိတ်ဝိညာဉ်က ပြိုကျ ပျက်စီးတော့မည့် အရိပ်လက္ခဏာ ပြသလာခြင်းပင်။

သူက တိုက်ခိုက်မှု တစ်ခုကိုပင် ခုခံနိုင်စွမ်းမဲ့ရ၏။

အလံကိုင်ထားသော ဝမ်လင်း၏ ညာဘက်လက်က တုန်ယင်နေ၏။ ဝမ်လင်းမျက်လုံးများက တဖျတ်ဖျတ် လက်နေပြီး သူက သွန်းထျန်သူ့ကို ပေးခဲ့သော စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း နည်းစနစ်ကို အလျင်အမြန် အသက်သွင်းရန် အာရုံစိုက်လိုက်၏။

စိတ်ဝိညာဉ် ဆယ်သန်းအလံက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ နံပါတ်တစ် ရတနာတစ်ခု ဖြစ်သည်။ သည်ဂြိုဟ်တစ်ခုလုံးတွင်ပင် သည်ရတနာက ထိပ်တန်းရတနာများထဲက တစ်ခုဟု ယူဆနိုင်သည်။

သည်ရတနာက နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားနှင့် ကောင်းကင်ဘုံဓား ကဲ့သို့ပင် အားကောင်းလွန်းလှသည်။ ၎င်းအတွက် လိုအပ်ချက်ကတော့ ရှေးမျိုးဆက်ထံကနေ လက်ဆင့်ကမ်းပေးသည့် နည်းစနစ်ဖြင့် ထိန်းချုပ်ရန် တစ်ခုသာ လိုသည်။

သည်စိတ်ဝိညာဉ်အလံကို ထိန်းချုပ်သည့် နည်းလမ်းက စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း နည်းလမ်းပင် ဖြစ်သည်။ အခုချိန်၌ ဝမ်လင်းအပါအဝင် သည်နည်းစနစ်ကို သိသည့်လူက နှစ်ယောက်သာ ရှိသည်။

သည်အရာက စစ်ရထားနှင့်တော့ ခြားနား၏။ ဝမ်လင်းက စစ်ရထားကို ထိန်းချုပ်ရန် နည်းစနစ်တစ်ခု ရှိသော်လည်း သူက ၎င်းကို အသုံးပြုရန် အတွက်တော့ အားနည်း လွန်းနေသေးသည်။ ထို့ကြောင့်လည်း စစ်ရထား၏ စွမ်းအားက ရှိသင့်သလောက် မရှိနေခြင်း မည်သည်။

သို့ရာတွင် သည်စိတ်ဝိညာဉ် အလံကတော့ ထိုသို့မဟုတ်ချေ။ သည်စိတ်ဝိညာဉ်အလံကို အသုံးပြုရန်အတွက် ကျင့်ကြံမှု အဆင့်တစ်ခု လိုသော်လည်း စစ်ရထားလောက်တော့ မြင့်မားရန် မလိုချေ။ သူ့မူလစိတ်ဝိညာဉ်နှင့် ကိုယ်ပွားက ပေါင်းစပ်သွားပြီးနောက် ဝမ်လင်း၏ ခုလက်ရှိ ကျင့်ကြံမှုအဆင့်က သည်အလံကို အသုံးပြုနိုင်ရန် လုံလောက်ပေသည်။

သူ့ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း နည်းစနစ်ကို အသက်သွင်းလိုက်သည့် အခါ အလံထဲရှိ မူလစိတ်ဝိညာဉ်က စတင် တောက်ပလာသည်။ သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုးဝင်လာသော စိတ်ဝိညာဉ် အပိုင်းအစများက နာကျင်စွာ အော်ဟစ်ကုန်ကြသည်။

သည်စိတ်ဝိညာဉ် အပိုင်းအစများကြား၌ ခရမ်းရွှေရောင် စိတ်ဝိညာဉ် (၁၂)ခုရှိနေပြီး ၎င်းတို့က ဝမ်လင်းပတ်လည်၌ ဝန်းရံလာသည်။

သည်ခရမ်းရွှေရောင် စိတ်ဝိညာဉ်(၁၂)ခုက ဝမ်လင်းထံသို့ ဦးညွတ်လိုက်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset