ပိုင်ရှောင်ချန်းကြောင့် သွေးသခင် နတ်မီးလျှံစမ်းသပ်ပွဲမှာ ယောက်ယက်ခတ်နေပြီဖြစ်သည်။
အဆုံးမဲ့သွေးကမ္ဘာထဲတွင် ကျားလဲ့တစ်ယောက်သာ ကံဆိုးသေးသည်။ သို့သော်လည်း ယခု သွေးမြေရိုင်းထဲတွင်မူ စုန့်ကျင်းဝမ်နှင့် ရွှယ်မေ့တို့ပင်လျှင် ဖြစ်ပျက်နေသည်များကိုကြည့်ကာ တုန်လှုပ်နေတော့သည်။
ပိုင်ရှောင်ချန်းကြောင့် လူတိုင်းမှာ အသိစိတ်ပျောက်လုနီးပါးဖြစ်နေကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုသို့ဖြစ်အောင် တမင်လုပ်ခြင်းမဟုတ်ချေ။ လူတိုင်းနည်းတူ သူကလည်း တုန်လှုပ်နေတော့သည်။ သို့သော်လည်း သူ၏ ထာဝရအသက်ရှည်နည်း ပညာရပ်မှာ အပြည့်အဝ အလုပ်လုပ်နေပြီး သူ၏ အပြင်အားမှာ လျင်မြန်စွာ မြင့်တက်လာသဖြင့် ပိုင်ရှောင်ချန်း၏ ဝိညာဥ်ရိုင်းများမှာ အရေအတွက် ပိုမိုများလာသည်။
အဌမမြောက် ဝိညာဥ်ရိုင်းကြီးပေါ်ထွက်လာမှုကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းမှာ အက်ကွဲသံများပေါ်လာသည်။ သူ၏ စွမ်းအင်များက တရိပ်ရိပ်တက်နေစဥ် စုန့်ချွဲနှင့် အခြားလူများမှာ အံကြိတ်ကာ ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေသည့်အဖွဲ့ထဲသို့ ပူးပေါင်းသွားကြတော့သည်။
ပိုင်ရှောင်ချန်းမှာ ပို၍ပင် ထိတ်လန့်လာပြီး မည်ကဲ့သို့ ဆက်လုပ်ရမည်ကို ဆက်တိုက်တွေးတောနေတော့သည်။ အဆုံးတွင် သူက အော်ပြောလိုက်တော့သည်။
” စုန့်ချွဲရေ။ ပထမသော့ချောင်းရထားတဲ့ကောင်ကို သွားတိုက်ကွာ။ အဲ့သော့ကို မင်းရရင် ကျန်တာတွေကို ငါအကုန်စုပ်ယူလိုက်မယ်။ အဲ့တာဆို ရွှယ်မေ့က ရှေးဟောင်းသွေးလမ်းကို ရောက်မှာ မဟုတ်တော့ဘူး။
” ဒါမျိုးကို ပိုင်းခြားခြင်းဖြင့် အနိုင်ယူခြင်းလို့ခေါ်တယ်ကွ။ မင်းတို့သာ သူ့ကို စုပြီးတိုက်ခိုက်နေရင် သူတို့က စုပြီး ခုခံရမှာပဲ။ အဲ့တာဆို သော့တွေကို ငါလိုက်စားရုံပဲ။ မင်းတို့သာ ပထမသော့ချောင်းကိုရရင် ကျန်တဲ့သော့တွေကို ငါအကုန် စုပ်ယူလိုက်မယ်ကွာ။ မင်းတို့မရဘူးဆိုရင်လည်း နောက်ဆုံးနှစ်ချောင်းကို ငါချန်ပေးထားမယ်။ အဲ့တာဆို ငါတို့ ထိပ်ဆုံးအဆင့်ရောက်ပြီး သူတို့ အသတ်ခံရမှာ အသေအချာပဲ။”
” အဲ့တာ ငါ့အစီအစဥ်ပဲ။ ဟားဟား။ ဒီနည်းနဲ့ဆို သေချာပေါက်နိုင်မှာပဲ။” ပိုင်ရှောင်ချန်း၏ စကားများမှာ စဥ်းစားလေ ပို၍ အဓိပ္ပါယ်ရှိလာလေဖြစ်သည်။
စုန့်ချွဲနှင့် အခြားလူများမှာ အံ့အားသင့်သွားတော့သည်။ သူတို့သည် လူအများ မဟုတ်သဖြင့် ပိုင်ရှောင်ချန်း၏ အစီအစဥ်ကိုကြားလိုက်ရသောအခါ သူတို့၏မျက်ဝန်းများမှာ အရောင်လက်သွားတော့သည်။
ရွှယ်မေ့၏ ဓမ္မစောင့်ရှောက်သူများကမူ မျက်နှာပျက်သွားကြသည်။ ပထမမြောက်သော့ချောင်းကို ရထားသည့် သက်လတ်ပိုင်း လူမှာ ပို၍ပင်ဆိုးလေသည်။ သူ၏ အသားအရေမှာ အသက်မရှိတော့သကဲ့သို့ ဖြူဆုတ်နေတော့သည်။
စုန့်ကျင်းဝမ်နှင့် တိုက်ခိုက်နေသည့် ရွှယ်မေ့မှာ ပို၍ပင် စိုးထိတ်လာတော့သည်။
” ညမုဆိုး နင်သေချင်နေတာလား။” သူမက အော်ပြောလိုက်သည်။ စုန့်ကျင်းဝမ်ကမူ နှစ်လိုဖွယ်ကောင်းစွာ ရယ်မောလိုက်တော့သည်။
” ညမုဆိုးရဲ့ အကြံအတိုင်း လုပ်ကြဟေ့။” သူမက အမိန့်ပေးလိုက်လေသည်။ သူမ၏ အပြုံးများမှာ နှစ်လိုဖွယ်ကောင်းပါသော်လည်း တိုက်ကွက်များမှာမူ ပြတ်သားလွန်းလှသဖြင့် သူမကို မည်သည့်နည်းနှင့်မျှ မတုန့်ပြန်နိုင်သည့် ရွှယ်မေ့ကို နောက်ဖက်သို့ တွန်းနိုင်လိုက်သည်။ ထို့အပြင် ရွှယ်မေ့မှာ ပိုင်ရှောင်ချန်းကို မည်သို့ ရင်ဆိုင်ရမည်ကို မတွေးနိုင်သေးပေ။
အခြေအနေမှာ စိုးရိမ်ဖွယ်ကောင်းနေတော့သည်။ စုန့်ချွဲနှင့် အခြားလူများမှာ အံကြိတ်ကာ ပိုင်ရှောင်ချန်းကို လိုက်မဖမ်းတော့ပဲ ပထမသော့ချောင်းရယူထားသည့် ဓမ္မစောင့်ရှောက်သူဆီသို့ ပြေးသွားကြတော့သည်။ ရွှယ်မေ့၏ အခြား ဓမ္မစောင့်ရှောက်သူများမှာလည်း ပိုင်ရှောင်ချန်းကို လိုက်မဖမ်းတော့ပဲ ကာကွယ်ရန်ပြင်လိုက်ကြသည်။ ချက်ချင်းပင် ရှုပ်ထွေးလှသည့် တိုက်ပဲဲကြီးတစ်ခု ဖြစ်ပွားသွားတော့သည်။
တဒုန်းဒုန်းမြည်သံများ ပေါ်ထွက်လာပြီး နတ်ဘုရားစွမ်းရည်များနှင့် မှော်သိုင်းများ၏ တောက်ပသော အလင်းရောင်များမှာ လေထုထဲတွင် ထင်ဟပ်နေတော့သည်။
အဆုံးတွင် ပိုင်ရှောင်ချန်းမှာ အသက်ရှူချောင်သွားတော့သည်။
” တော်သေးတာပေါ့။ ငါမြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်လို့။ နို့မို့ဆို ငါတော်တော် အန္တရာယ်ရောက်နေလောက်ပြီ။ အဆင့်မြင့် ကျင့်ကြံခြင်းအခြေခံနဲ့ အစွမ်းထက် မှော်ရတနာတွေပိုင်ဆိုင်ထားတဲ့ လူတွေရှိတယ်။ ပြီးတော့ တချို့က လျှို့ဝှက်ကျွမ်းကျင်သူတွေ။ သူတို့သာ ငါ့ကို ပေါင်းတိုက်ရင် ငါဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။” ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် ထွက်ပြေးလိုက်ပါသော်လည်း တချိန်ထဲမှာပင် မျက်လုံးများ ပြူးသွားတော့သည်။ ထိုနေရာတစ်ဝိုက်တွင် မည်သူမှမရှိပါသော်လည်း သူက တောင်ဖြိုသိုင်းကို တုံ့ဆိုင်းမနေပဲ ထုတ်သုံးလိုက်ပြီး စွမ်းအင်များစွာကို စုစည်းကာ ပေါက်ကွဲသည့်အလား အသုံးချလိုက်သဖြင့် တဟုန်ထိုးရှေ့သို့ ရောက်သွားတော့သည်။
သူက ထို့သို့ ရှေ့သို့ရောက်သွားသောအခါ လေထုထဲမှ သွေးရောင်လက်ဝါးတစ်ခုထွက်လာပြီး မီတာသုံးဆယ် ရှည်လျားသည့် ဓားချီစီးကြောင်းကို ထုတ်လိုက်တော့သည်။
” အီးးး။” တစ်စုံတစ်ယောက်က ရေရွတ်လိုက်လေသည်။ လေထုထဲမှ ခရမ်းရောင်ဝတ်ရုံရှည်ဝတ်ဆင်ထားသည့် မျက်နှာတွင် အသက်အရွယ်ကြောင့် အစက်အပျောက်များထနေသည့် အဘိုးကြီးတစ်ယောက်ထွက်လာသည်။
ပိုင်ရှောင်ချန်း၏မျက်နှာတွင် ချွေးများစီးကျလာတော့သည်။ သူစောစောက ခံစားလိုက်ရသည့် ကြောက်မက်ဖွယ် အန္တရာယ်ခံစားချက်ကြီးမှာ သူကြုံတွေ့ဖူးသမျှထဲတွင် အပြင်းထန်ဆုံးဖြစ်သည်။ အချိန်ကိုက်သာ မရှောင်နိုင်လိုက်ပါက ထိုတိုက်ကွက်မှာ သူ၏ နဖူးကို ဖောက်သွားမည်ဖြစ်သည်။
” ရှောင်ချင်း ပါလား။” သူက စူးရှတောက်ပနေသည့် မျက်ဝန်းများဖြင့် ဆိုလိုက်လေသည်။ ဤအဘိုးကြီးမှာ စုန့်ကျင်းဝမ်း ပြောခဲ့သူလူသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ အခြေခိုင်မာခြင်းအဆင့်မှ အချိန်မရွေးဖောက်ထွက်နိုင်မည့် အဘိုးကြီးပင်ဖြစ်သည်။
ရှောင်ချင်းက ပြုံးက ပြောလိုက်လေသည်။
” ငါဂူပိတ်ကျင့်ကြံနေတာ နှစ်များစွာရှိပြီ။ အခုမှ ပြန်ထွက်လာတာကွ။ အဲ့တာတောင် မင်းရဲ့ အကြောင်းတွေ အများကြီး ကြားထားသေးတယ်။”
သူက အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း အခြားသူများနှင့် လုံးဝမတူချေ။ အမြုတေအဆင့်ကိုသာ သူရောက်ပါက သူသည်လည်း ဂိုဏ်းစောင့်အကြီးအကဲ ဖြစ်လာမည်ဖြစ်သည်။ သူက ပိုင်ရှောင်ချန်းကိုကြည့်လိုက်သောအခါ ပိုင်ရှောင်ချန်းမှာ သတိကြီးကြီးထားနေတော့သည်။ ထိုလူကြီး၏ မျက်လုံးနှစ်လုံးမှ အကြည့်မှာ ဓားမြှောင်တွေအလား စူးရှနေတော့သည်။
” သူ့ရဲ့ စိတ်စွမ်းအင်ပင်လယ်တွေက အပြည့်အဝ စုစည်းဖို့ နည်းနည်းပဲလိုတော့တာ။ ငါရှိသမျှ အစွမ်းအကုန်ထုတ်သုံးရင်တော့ သူနဲ့ယှဥ်ချနိုင်လောက်တယ်။ ဒါပေမဲ့ အခု ငါက ထိန်းထိန်းသိမ်းသိမ်းပဲ တိုက်နိုင်သေးတာဆိုတော့…..သူ့ကိုယှဥ်နိုင်ဦးမှာ မဟုတ်ဘူး။ ” သူက တစ်ခဏလေးမျှ တုံ့ဆိုင်းမနေပဲ ထွက်ပြေးရန် ပြင်လိုက်တော့သည်။
” ဘာလို့ ဒီလောက်မြန်မြန်ကြီး ထွက်ပြေးချင်နေရတာလဲ။ ညီလေး ညမုဆိုးရဲ့။” ရှောင်ချင်းက ပြုံးကာ ပိုင်ရှောင်ချန်း၏ အမြန်နှုန်းအတိုင်းပင် ရှေ့သို့တစ်လှမ်းလှမ်းလိုက်သည်။ ထို့နောက်သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သောအခါ သွေးရောင်ဓားချီစီးကြောင်းတစ်ကြောင်း ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းကို ခုတ်လိုက်တော့သည်။
” မင်း ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာတုံး။” ပိုင်ရှောင်ချန်းက မေးလိုက်လေသည်။ ” ငါက မပြေးပဲ ဘာလုပ်ရမှာတုံးကွ။ မင်းငါ့ကိုသတ်တာကိို ထိုင်စောင့်နေရမှာလား။ မင်းရဲ့ကျင့်ကြံခြင်းလမ်းစဥ်တွေကြောင့် ခေါင်းမကောင်းတော့ဘူးလားဟ။ ” ထိုသို့ ဆက်တိုက်ပြောကာ သူက လှစ်ခနဲလှုပ်ရှားလိုက်ပြီး သွေးဓားကို ရှောင်တိမ်းလိုက်တော့သည်။
ရှောင်ချင်း၏ အပြုံးမှာ အသက်မဲ့သွားတော့သည်။ သူ့ဘဝတစ်လျှောက် တိုက်ခိုက်ခဲ့ဖူးသမျှ လူများထဲတွင် မည်သူကမှ သူ့ကိုဤသို့ မပြောဘူးချေ။ သူက တင်းမာနေသည့် မျက်နှာထားဖြင့် အေးစက်စက် ချောင်းဟန့်ကာ ပြောလိုက်လေသည်။ ” အရိုင်းအစိုင်းကောင်။ ငါမင်းကိုမိလို့ကတော့ မင်းလျှာကို ဆွဲထုတ်ပစ်မယ်။ အဲ့ကျမှ မင်းဘာပြောနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။”
ထို့နောက် သူက အေးစက်စွာ ရယ်မောလိုက်ပြီး ရှေ့သို့နောက်တစ်လှမ်း လှမ်းလိုက်တော့သည်။ တချိန်ထဲမှာပင် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သွေးချီစီးကြောင်းတစ်ကြောင်းကိုထုတ်ကာ ပိုင်ရှောင်ချန်းဆီသို့ ပစ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်နေပါသော်လည်း ပျံသန်းရင်းနှင့် အကြံတစ်ခုကို ထုတ်နေတော့သည်။
” ကြည့်ရတာ ကျင့်ကြံနေတုံး မင်းတကယ်ပဲ ခေါင်းထိသွားတဲ့ပုံပဲကွ။ ငါ့မှာ လျှာမရှိလို့ စကားမပြောနိုင်ဘူးဆိုရင်တောင် နတ်ဘုရားစိတ်စွမ်းအင်ကိုသုံးပြီး စကားပြောဦးမှာပဲ။”
သွေးရိုင်းနယ်မြေထဲတွင် သူတို့ပြေးလွှားနေကြချိန် ရှောင်ချင်းက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည်။ ရံဖန်ရံခါတွင် သူ၏မှော်သိုင်းများ ထိမှန်ပါသော်လည်း ပိုင်ရှောင်ချန်း၏ ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးမားသည့် အပြင်အားကြောင့် ရှောင်ချင်းမှာ အံ့အားသင့်နေရတော့သည်။
ရှောင်ချင်း၏ လက်ရှိ တိုက်ပွဲစွမ်းရည်နှင့််ဆိုပါက အခြားမည်သည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူကိုမဆို အနိုင်ယူနိုင်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ မယုံနိုင်စဖွယ် လျင်မြန်လှပြီး ပုံမှန်နှင့်မတူအောင် သန်မာလှပေသည်။ အချိန်ပိုကြာလေ သူက ပိုမြန်လာလေပင် ဖြစ်နေတော့သည်။ သူ၏ စိတ်စွမ်းအင်ပမာဏမှာ မယုံကြည်နိုင်ဖွယ်ပင်။
” အလယ်ပိုင်းလူသားတာအိုအခြေခိုင်မာခြင်း အဆင့်ပဲ ရှိတဲ့ကောင်က ဘာလို့ ဒီလိုမျိုး စွမ်းအားတွေထုတ်နိုင်ရတာလဲ။ ” ရှောင်ချင်း၏ မျက်ဝန်းများမှာ အရောင်လက်သွားသည်။ သွေးရိုင်းနယ်မြေထဲတွင် ပိုင်ရှောင်ချန်းပြသနေသည့် တိုက်ပွဲစွမ်းရည်များမှာ သူ့အတွက် တုန်လှုပ်ဖွယ်ဖြစ်နေတော့သည်။ ပို၍ ထူးဆန်းသည်မှာ သွေးရောင်သော့ချောင်းများပင် ဖြစ်သည်။
ပိုင်ရှောင်ချန်းတွင် ထူးခြားသည့်အချက်မှာ တစ်ချက်ထဲရှိပါက အကြောင်းအရင်းကိုရှာဖွေရလွယ်ကူပြီး ထိုပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာရန်လည်း ပို၍ လွယ်ကူမည်ဖြစ်သည်။ သို့သော်လည်း များစွာသော ထူးဆန်းထွေလာများဖြစ်ပျက်နေသဖြင့် မည်သည်ကစ၍ အဖြေရှာရမှန်းမသိ ဖြစ်နေကြပြီး အလွဲလွဲ အချော်ချော် ဖြစ်နေကြတော့သည်။
ရှောင်ချင်းမှာ မျက်လုံးများပင် မှေးသွားပြီး နောက်တစ်ခေါက် ထပ်လိုက်ပြန်တော့သည်။ ပိုင်ရှောင်ချန်းကမူ တစ်ယောက်ထဲ ညည်းညူနေတော့သည်။ ရှောင်ချင်းမှာ သူ၏ခန္ဓာကိုယ်တွင် ကော်နှင့် ကပ်ထားသည့်အလားပင်။ ပိုင်ရှောင်ချန်းက မည်မျှပင် မျက်ခြေဖြတ်နေပါသော်လည်း သူက ဆက်၍ နောက်ကလိုက်ဖမ်းနေဆဲပင်။ ပိုင်ရှောင်ချန်းတွင် အံ့အားသင့်ဖွယ် အပြင်အားမရှိပဲ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ ရောက်မနေပါက ဤကဲ့သို့သော အမြန်နှုန်းမျိုးကို ဤမျှအကြာကြီး ထိန်းထားနိုင်မည်မဟုတ်ချေ။
” ငါ့အပြင်အားက ကြီးမားတဲ့အဆင့်ကိုရောက်တဲ့ အချိန်ထိပဲစောင့်နေ။ အဲ့ကျမှ ဒီအဘိုးကြီးကို ငါဘယ်လောက်စွမ်းကြောင်းပြရမယ်။” ပိုင်ရှောင်ချန်းက အံကြိတ်နေတော့သည်။ ယခုတွင် သူက ဆယ်နာရီမြောက်သို့ရောက်ရန် စောင့်မျှော်နေတော့သည်။ ယခုသူ့တွင် ဝိညာဥ်ရိုင်းရှစ်ကောင်၏ စွမ်းအင်ရှိနေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူက မကျေနပ်နိုင်သေးပေ။ သူက သော့ချောင်းများကို ထပ်၍စုပ်ယူကာ သူ့ ဝိညာဥ်ရိုင်းများ၏ စွမ်းအားများကို တည်မြဲအောင် လုပ်ချင်နေတော့သည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ အဆုံးတွင် သတ္တမနှင့် အဌမမြောက်နာရီကုန်လွန်သွားပြီးနောက် နဝမမြောက်နာရီသို့ ရောက်လာတော့သည်။ လူအားလုံး တွက်ဆထားသည့်အတိုင်းပင် သွေးရောင်အလင်းပျောက်တစ်ပျောက် ထွက်ပေါ်လာသည်။ ၎င်းက ပိုင်ရှောင်ချန်း၏ နဖူးတည့်တည့်သို့ ပျံသန်းသွားတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ပိုင်ရှောင်ချန်းနှင့် လက်မအနည်းငယ်အကွာသို့ ရောက်သွားတော့သည်။
သူက တစ်ခဏလေးမှ မရပ်ပဲ ရှေ့သို့ပျံသန်းသွားသဖြင့် အနီရောင်အစက်အပျောက်လေးက ချက်ချင်းပင် သူ၏ နဖူးထဲသို့ စိမ့်ဝင်သွားတော့သည်။ အစတွင် ထိုနေရာပတ်လည်တွင် တောက်ပသည့်အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေပါသော်လည်း လျင်မြန်စွာပင် မှေးမှိန်သွားသည်။ တချိန်ထဲမှာပင် ထာဝရကောင်းကင်ဘုရင်၏ ဒုတိယအဆင့်က အပြည့်အဝ အလုပ်လုပ်နေပြီဖြစ်သည်။
ဝိညာဥ်ရိုင်းကိုးကောင်၏ စွမ်းအင်များ ပေါ်ပေါက်လာသောအခါ သူ၏ခန္ဓာကိုယ်ထဲတွင် တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာသည်။ ရှောင်ချင်းမှာ ပိုင်ရှောင်ချန်း၏ အတွင်းမှ တိုးပွားနေသည့် စွမ်းအားကို အာရုံခံမိလိုက်သောအခါ မျက်လုံးပြူးသွားတော့သည်။
” ဒီကောင်လေးက တော်တော်ထူးဆန်းတာပဲ။ အခုသူ ဒီသော့ကို စုပ်ယူလိုက်ပြီဆိုတော့ ငါ့ကိုတိုက်ဖို့ ယုံကြည်ချက်အပြည့် ရှိသွားလောက်ပြီ။” ရှောင်ချင်းက လျင်မြန်စွာ သူ၏အနီးသို့ ပျံသန်းသွားပါသော်လည်း သူ၏အနီးသို့မရောက်ခင်ပင်တွင် ပိုင်ရှောင်ချန်းက တိုက်ခိုက်လိုသည့် စိတ်များပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ပြန်ကြည့်လိုက်လေသည်။ တချိန်ထဲမှာပင် သူ၏ အပြင်အားမှာ တမုဟုတ်ခြင်း မြင့်တက်သွားတော့သည်။
“အဘိုးကြီး ရှောင်ချင်း။ ညမုဆိုးဆိုတဲ့ ကျုပ်နဲ့ ချရဲလား။ ” ပိုင်ရှောင်ချန်းက သူ၏အင်္ကျီ ညာလက်ကိုဝှေ့ယမ်းကာ နှစ်ဦးချင်းယှဥ်ချရန် စိန်ခေါ်နေသည့်အလား ရှောင်ချင်းကို လက်ညှိုးထိုးလိုက်တော့သည်။
” နောက်ဆုံးတော့ မင်းကငါ့ကိုယှဥ်ချနိုင်ပြီလို့ ထင်သွားပြီပေါ့။ ဟုတ်ပြီလေ။ မင်းကို အခွင့်အရေးတစ်ခေါက်လောက် ပေးရတာပေါ့။” ရှောင်ချင်းက ရှေ့သို့တစ်လှမ်း တိုးလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို ထုတ်ဖော်လိုက်တော့သည်။
“ ကောင်းပြီ ရှောင်ချင်း။ ကျုပ်လာပြီနော် ” ပိုင်ရှောင်ချန်းမှာ တိုက်ခိုက်လိုစိတ်ပြင်းထန်နေသည့် မျက်ဝန်းများဖြင့် အော်ဟစ်လိုက်သည်။ သို့သော်လည်း ရှောင်ချင်းကို မျက်နှာမူမိသွားသည့်အချိန်တွင် သူက လှစ်ခနဲ နောက်ပြန်ထွက်ပြေးတော့သည်။ သူ၏ အပြင်အားမှ အံ့သြဖွယ် စွမ်းအားများကို ထုတ်ယူကာ ယခင်ကထက်ပင် မြန်ဆန်သည့် အမြန်နှုန်းဖြင့် သုတ်ချေတင်တော့သည်။
ရှောင်ချင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူ၏မျက်လုံးများ ပြူးသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ တိုက်ခိုက်တော့မည့်အလား အော်ဟစ်နေပါသော်လည်း တချိန်ထဲမှာပင် အဝေးသို့ ပြေးထွက်သွားပြီဖြစ်သည်။
” လုံးဝ အရှက်မရှိတဲ့ကောင်။” ရှောင်ချင်းက အော်ဟစ်နေတော့သည်။ သူ၏ မျက်လုံးထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်။ ထိုသို့ခေတ္တမျှ ကြန့်ကြာသွားမှုကြောင့် ပိုင်ရှောင်ချန်းနှင့် သူ၏အကြားတွင် အဝေးကြီးဝေးသွားပြီဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက နောက်ပြန်ပြေးနေသည်ကိုရပ်လိုက်လေသည်။ထို့နောက် ရှောင်ချင်းကိုကျောပေးကာ ယခင်ကထက်ပင် ပို၍မြန်သည့် အမြန်နှုန်းဖြင့် ထွက်ပြေးသွားတော့သည်။
” ကျုပ် ခင်ဗျားနဲ့ ချတော့ချချင်တယ်။ ” သူက လှမ်းအော်ပြောလိုက်လေသည်။ ” ဒါပေမဲ့ အခု ချလို့မရသေးဘူး။ ခဏလောက်ထပ်စောင့်ဗျာ။ ဆယ့်တစ်နာရီမြောက်ရောက်လို့ ကျုပ်ဝိညာဥ်ရိုင်းကိုးကောင် အပြည့်အဝ ထုတ်ဖော်ပြီးသွားရင် ခင်ဗျားကို အမှုန့်ကြိတ်ပြမယ်။ အဘိုးကြီးရေ။ ”
ပိုင်ရှောင်ချန်းမှာ သူ့ကိုယ်သူ အရှက်မရှိသည်ဟု လုံးဝ မခံစားရချေ။ ရှောင်ချင်းကို မလှိမ့်တပတ်လုပ်နိုင်လိုက်သည်ဟူ၍ပင် သူက တွေးနေတော့သည်။