Switch Mode

အပိုင်း (၄၃၈)

အဆင့်ခြောက် ကျင့်ကြံခြင်းနိုင်ငံ

“ယွမ်ချွဲဇီက ငါ့ကို ကိုယ်တိုင် တောင်းဆိုခဲ့မယ် ဆိုရင်တောင် ငါက ဆန္ဒမရှိရင် မင်းအတွက် လျိုမေကို ကန်ထုတ်ပေးရုံပဲ လုပ်ပေးခဲ့မှာ။ အခြားလက်ဆောင် နှစ်ခုကို ပေးခဲ့မှာ မဟုတ်ဘူး …”

သွန်းထျန် မျက်လုံးထဲရှိ ထူးဆန်းသော အလင်းက ပို၍ အားကောင်းလာသည်။

“မင်းက စန်နူး ဒါမှမဟုတ် ဝမ်လင်း ဘယ်သူပဲဖြစ်ဖြစ် ဒါက ကိစ္စမရှိဘူး။ ငါ့ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က ဟင်္သာပြဒါး ဂြိုဟ်ကို ရောက်လာကတည်းက ငါတို့မှာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ (၃၆) ယောက် ရှိတယ်။ သူတို့ရဲ့ စိတ်ဝိဉာည်တွေက ဒီအလံထဲမှာ ရှိတယ်။ ငါက (၃၇) ယောက်မြောက်ပေါ့။ ငါ့စီနီယာ အစ်ကိုကတော့ (၃၆) ယောက်မြောက်ပေါ့ …”

ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ သူက ခေါင်းမော့၍ သွေးရောင် အဝန်းအဝိုင်း နှစ်ခုကို ကြည့်သည်။

သွန်းထျန်က ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။

“မိတ်ဆွေလေး … မင်းကြည့်စရာ မလိုပါဘူး။ ငါ့စီနီယာ အစ်ကိုက လွန်ခဲ့ နှစ်နှစ်တည်းက သူ့သက်တမ်းကုန်ပြီး သေသွားခဲ့ပြီ။ အဲဒါကို ဟင်္သာပြဒါး နိုင်ငံတောင် မသိဘူး …”

ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေသည်။

သွန်းထျန် မျက်လုံးထဲ၌ ထူးဆန်းသော အလင်းက ပို၍ အားကောင်းလာပြီး ဝမ်လင်းကို ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“မိတ်ဆွေလေး … ငါ့မှာ မင်းအတွက် မေးခွန်းတစ်ခု ရှိတယ်။ မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ထဲကို ဝင်ရောက်ပြီး ကလန်ရဲ့ နောက်ထပ် ဆက်ခံသူဖြစ်ဖို့ ဆန္ဒရှိလား။ ပြီးရင် မင်းရဲ့ နယ်ပယ်နဲ့ ရင်းပြီး ငါ့စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို တစ်နေ့မှာ အဆင့်ခြောက်နိုင်ငံ ဖြစ်လာရမယ်လို့ ကျိန်ဆို ပေးနိုင်မလား …”

ဝမ်လင်းက ချက်ချင်း ပြန်မဖြေဘဲ မေးလိုက်သည်။

“ဘာကြောင့် ကျနော့်ကို ရွေးရတာလဲ …”

“ယွမ်ချွဲဇီက အကြောင်းပြချက် တစ်ခုပေါ့။ အဓိက အကြောင်းကတော့ ငါ့စီနီယာ အစ်ကိုကြောင့်ပဲ။ မိတ်ဆွေလေး စန်နူး … ငါ့စီနီယာ အစ်ကိုရဲ့ နယ်ပယ်က တိုက်ခိုက်နိုင်တဲ့ စွမ်းရည် မရှိဘူး။ ဒါပေမဲ့ ဒီဂြိုဟ် တစ်ခုလုံးမှာ သူ့လို နယ်ပယ်ရှိတဲ့လူက တစ်ယောက်ပဲ ရှိတယ်။ အခြား ဂြိုဟ်တွေမှာတောင် သူ့လို နယ်ပယ်မျိုးက အလွန်တရာ ရှားပါးလှတယ် …”

“သူ့နယ်ပယ်ကတော့ မျှော်မြင်မှု နယ်ပယ်ပဲ။ သူက နဂိုအတိုင်းဆိုရင် သက်တမ်း (၁၀၀) ကျန်သေးတယ်။ ဒါပေမဲ့ သူက သူ့နယ်ပယ်ကို အသက်သွင်းပြီး ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ ရှင်သန်နိုင်တဲ့ လမ်းကြောင်းကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာ သူက ကျရှုံးခဲ့ရတာပါပဲ …”

ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူက သွန်းထျန်စကား ဆုံးသည့်အထိ စောင့်နေလိုက်သည်။

သွန်းထျန်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါ့စီနီယာ အစ်ကိုက သေသွားခဲ့ပေမဲ့ သူသေခါနီးအချိန် အခိုက်အတန့်လေးမှာ မင်းက ကလန်ကို ရောက်လာခဲ့တာပဲ …”

ဝမ်လင်းက မှင်တက်သွားသည်။

“ဒါက တိုက်ဆိုင်မှု တစ်ခုပဲ ဆိုပေမဲ့ ဒီအဘိုးအိုကလည်း အလွန် ခေါင်းမာတဲ့လူ ဖြစ်နေတယ်။ ငါ့သက်တမ်းကလည်း အကန့်အသတ်ကို ရောက်နေခဲ့ပြီ၊ ဒါ့ကြောင့် ငါက ထပ်မံ မစောင့် နိုင်တော့ဘူး။ ငါက မင်းကို ငါ့စီနီယာ အစ်ကိုရဲ့ နယ်ပယ်က ဒီကလန်ကို ရောက်ရှိလာစေ ခဲ့တာလို့ သတ်မှတ်ပြီး အလောင်းအစားတစ်ခု လုပ်ဖို့ ဆန္ဒရှိခဲ့တာပဲ …”

သွန်းထျန်က ခါးသက်စွာ ပြုံးလိုက်သည်။ သူက သူ့ကိုယ်သူ ရူးသွပ်သည့်အတွေး ရှိနေသည့် သူမှန်း သိနေခဲ့သည်။

“ခုစိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာလည်း ငါ့အတွက် အောင်မြင်မှု ယူဆောင်လာပေး နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး။ ငါက ဟင်္သာပြဒါး နိုင်ငံကို ခုလက်ရှိမှာ ဒီစိတ်ဝိညာဉ် အလံနဲ့ သွားပြီး တိုက်ခိုက်ရင်တောင် ငါသေသွားတာနဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က အဆုံးသတ်ပြီ … ဒီစိတ်ဝိညာဉ် အလံလည်း ဟင်္သာပြဒါး နိုင်ငံရဲ့ ယူဆောင်ခြင်းကို ခံရလိမ့်မယ်။ ဒီအလံ မရှိရင် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က အဆုံးသတ်သွားမှာ ကျိန်းသေတယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက ခေါင်းမော့၍ ပြောလိုက်သည်။

“ငါက သဘောတူမယ်ဆိုရင် စီနီယာက ငါ့ကို ဒီစိတ်ဝိညာဉ် အလံကို ပေးမှာမလား …”

သွန်းထျန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါက မင်းကို ငါ့သက်တမ်း ကုန်ဆုံးသွားတာနဲ့ ဒီအလံကို ပေးမှာပါ …”

“အဆင့်ခြောက်နိုင်ငံ …”

ဝမ်လင်းက ခါးသက်စွာပြုံး၍ ခေါင်းရမ်းလိုက်သည်။

“ဂျူနီယာ ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် ဒါက အရမ်းခက်ခဲ လွန်းနေတယ် …”

သွန်းထျန်က သက်ပြင်းချကာ ပြောလိုက်သည်။ “စန်နူး … ငါက အသက်ရှင်ဖို့ ဆယ်နှစ်ပဲ ကျန်တော့တယ်။ ဒီဆယ်နှစ်အတွင်းမှာ ငါက မင်းလုံခြုံမှုအတွက် အာမခံတယ်။ ဒါပေမဲ့ ဒါပြီးရင်တော့ မင်းအပေါ်ပဲ မူတည်သွားပြီ။ မင်းအောင်မြင်တာ ဖြစ်စေ မအောင်မြင်တာ ဖြစ်စေ ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ့စကားကိုတော့ မှတ်ထားပါ။ မှတ်ထားပါ … စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်က မင်းကို အန္တရာယ် မဖြစ်စေတဲ့အပြင် ဒီစိတ်ဝိညာဉ် အလံကိုပါ လက်ဆောင်အဖြစ် ပေးခဲ့တယ်။ ဒါက လုံလောက်နေပြီ …”

ဝမ်လင်းက စဉ်းစားနေသည်။ အချိန်အတန် ကြာသည့်အခါ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါက အကောင်ဆုံး လုပ်ပါ့မယ် …”

သွန်းထျန်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ဝမ်လင်းကို ကြည့်ကာ ရယ်မောလိုက်သည်။ သည့်နောက် သူက သိုလှောင်အိတ်ထဲကနေ ဝမ်လင်းထံသို့ ရွှေရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ကာ ပစ်ပေးလိုက်သည်။

“ငါ့စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာက ဘာမှ ထူးထူးခြားခြား ကျင့်ဝတ်ထုံးတမ်းတွေ မရှိဘူး။ ဒီကျောက်စိမ်းပြားထဲမှာ စိတ်ဝိဉာည်ဆယ်သန်း အလံကို ထိန်းချုပ် အသုံးပြုတဲ့ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း လက်စွဲစာအုပ် ပါတယ်။ ဒါက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရဲ့ အဓိကကျဆုံး အရာပဲ။ ဒီနေ့ကစပြီး မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရဲ့ အဓိက တပည့်တစ်ယောက် ဖြစ်သွားပြီ …”

ဝမ်လင်းက ကျောက်စိမ်းပြားကို ယူ၍ သေချာ ကြည့်လိုက်ပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

“ခုကစပြီး ငါက ငါ့စိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်အလံထဲ ထပ်ပေါင်းထည့်ဖို့အတွက် ပြင်ဆင်တဲ့ အနေနဲ့ တံခါးပိတ် ကျင့်ကြံတော့မယ်။ မင်းအတွက်က စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ ထွက်မသွားတာက ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် မင်းက အန္တရာယ်နဲ့ ကြုံရင်တောင် ငါက ကူညီနိုင်လိမ့်မှာ မဟုတ်ဘူး …”

ဝမ်လင်းက ပြုံးလိုက်သည်။

“ပြဿနာ မရှိပါဘူး။ ငါက ငါ့ကိုယ်ငါ မကာကွယ်နိုင်ရင် ခုထိ အသက်မရှင် သင့်တော့ဘူး။ စီနီယာ စိတ်ပူစရာ မလိုပါဘူး။ ငါ့မှာ ဂရုစိုက်ရမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှိနေသေးတယ်။ ငါက စီနီယာ တံခါးပိတ် ကျင့်ကြံရာကနေ ပြန်မထွက်လာခင် ကျိန်းသေပေါက် ပြန်လာမှာပါ …”

သွန်းထျန်က ဝမ်လင်းကို ကြည့်သည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောသည်။

“မင်းသေချာတယ် ဆိုရင်တော့ ငါဘာမှ ထပ်ပြောစရာ မရှိတော့ဘူး။ မင်းသွားနိုင်ပြီ …”

ထိုသို့ပြောပြီးသည်နှင့် သူက သွေးရောင် အဝန်းအဝိုင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ဝမ်လင်းက လေးစားစွာ လက်နှစ်ဖက်ယှက်၍ ဂါဝရပြုသည်။ သည့်နောက် သူသည်လည်း ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ ထွက်ခွာသွား၏။

ဝမ်လင်း အမြန်နှုန်းက ညအချိန်၌ ကြယ်ပျံတစ်စင်းအလား လျင်မြန်လွန်းလှသည်။ သူ့ဆံပင်များက လေထဲ၌ လွင့်မြောနေပြီး သူ့မျက်လုံးများက ကြယ်များအလား တောက်ပနေသည်။

သူက သွန်းထျန် ပြောပြခဲ့သည့် အရာအားလုံးကို ယုံကြည်ခြင်း မရှိချေ။ တကယ်တော့ ဝမ်လင်းက ခုမှ ကျင့်ကြံခြင်း လောကသို့ ရောက်လာသည့် အသစ်တစ်ယောက် မဟုတ်ချေ။ သူက အရာများစွာကို တွေ့ကြုံခဲ့ဖူး၊ သိမြင်ခဲ့ဖူးပြီး ဖြစ်၏။ သို့ရာတွင် ခုချိန်က သူ သည်ကိစ္စနှင့် ပတ်သက်၍ စဉ်းစားနေရမည့် အချိန် မဟုတ်ချေ။ သွန်းထျန် သူ့ကို စိတ်ဝိညာဉ်အလံ ပေးသည့်နေ့၌ အရာအားလုံး အဖြူအမည်း သည်းကွဲလိမ့်မည် ဖြစ်၏။

“လီယွမ်ဖန် …”

ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နေသည်။ သူက ပို၍ မြန်မြန် ပျံသန်းလိုက်၏။

လွန်ခဲ့သော နှစ်နှစ်က သူသည် အသတ်ခံရလု နီးပါး ဖြစ်ခဲ့ပြီး သူ့ကျင့်ကြံမှု အဆင့်ကိုလည်း ဆုံးရှုံး ခဲ့ရသည်။ ခုချိန်၌ သူ့ကျင့်ကြံမှု အဆင့်က ပြန်ကောင်းမွန်လာခဲ့ပြီး ပထမဆုံး လုပ်ရမည့် အရာက သူ့ကို ခုလို သေလုမြောပါး ဖြစ်စေခဲ့သည့် လီယွမ်ဖန်ကို သတ်ပစ်ရန် ဖြစ်သည်။

“လီယွမ်ဖန်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရန် အတင်းအကြပ် လုပ်ယူခဲ့တဲ့လူ ဖြစ်တယ်။ ဒီတော့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွေကြားမှာ သူက အားအနည်းဆုံးလို့ ယူဆလို့ရတယ်။ ငါ့မူလ ခန္ဓာကိုယ်ကလည်း ကြယ်သုံးလုံးရှိတဲ့ ရှေးဟောင်းနတ်ဘုရား ဖြစ်လာခဲ့ပြီ။ ငါက ငါ့မူလ ခန္ဓာကိုယ်နဲ့ ပေါင်းရင် သူ့ကို တိုက်ခိုက်နိုင်ပြီ …”

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ညအမှောင်ထဲ၌ ပျောက်ကွယ်သွားလေ၏။

တစ်လကြာပြီးနောက် ချူနိုင်ငံ တောင်ကြားထဲ၌ ကျိုးယုလေးက အဖြူကောင်လေးနှင့် ဆော့ကစားလျက် ရှိသည်။ မိုးကြိုးဖားပြုတ် သားရဲကတော့ နေပူစာ လှုံလျက်ပင် ရှိနေသည်။ ထိုင်ယန်ကတော့ ကျင့်ကြံလျက် ရှိနေ၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နှင့် အလွန် နီးကပ်နေခဲ့ပြီ ဖြစ်သည်။ သူ့ကိုယ်ပိုင် နယ်ပယ်ကို နားလည်ရန်သာ လိုတော့၏။

မိုးကြိုးဖားပြုတ်က ရုတ်တရက် မျက်လုံးဖွင့်လာသည်။ ၎င်း၏ မျက်လုံးကြီးများက တောင်ကြား အပြင်သို့ ကြည့်နေ၏။

အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် တောင်ကြားထဲသို့ လမ်းလျှောက်လာနေ၏။ စေတီထံက အာဏာတက်ခြင်းအဆင့် နယ်ပယ်သည်လည်း သူ့အပေါ်၌ သက်ရောက်ခြင်း ရှိမနေခဲ့ချေ။

ကျိုးယုလေးက သူ့မျက်လုံးကို ပွတ်သပ်လိုက်ပြီး ချက်ချင်း ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။ သူက အဖြူကောင်လေး ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး ပျော်ရွှင်စွာ အော်ဟစ်လိုက်၏။

“ဦးလေး … ဦးလေး …”

ဝမ်လင်းက ရယ်မောကာ ကျိုးယုလေးကို ကောက်ချီလိုက်သည်။ သည့်နောက် သူက ထိုင်ယန်ထံသို့ ကြည့်လိုက်၏။

ထိုင်ယန်က မတ်တတ် ထရပ်လာပြီး လေးစားစွာ ပြောလိုက်သည်။

“နှုတ်ဆက်ပါတယ် … အကျိုးတော်ဆောင် …”

ဝမ်လင်းက ပြောလိုက်သည်။

“ထိုင်ယန် … မင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နဲ့ အလွန် နီးကပ်နေပြီ။ ချူနိုင်ငံရဲ့ မြို့တော်ကို သွားပြီး အဲဒီမှာ ဘဝ အတွေ့အကြုံရအောင် နေပါ။ မင်းက နောက်သုံးနှစ်အတွင်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ကျိန်းသေပေါက် ရောက်လိမ့်မယ် …”

ထိုင်ယန်၏ မျက်နှာပေါ်၌ ပျော်ရွှင်တာကော ဝမ်းနည်းတာကော ရှိမနေခဲ့ချေ။ သို့သော် သူ့လက်များက စတင်တုန်ယင်လာသည်။ သူက ပြောလိုက်၏။

“တကယ်ကြီးလား … ကောင်းပါပြီ …”

သူက ကျိုးယုလေးကို ကြည့်သည်။ သည့်နောက် သူက နောက်သို့ ပြန်လှည့်ကာ အံကြိတ်၍ ပျောက်ကွယ်သွားတော့သည်။

ကျိုးယုလေးက ဝမ်လင်းကို ထွေးဖက်၍ အလျင်အမြန် မေးလိုက်သည်။

“ဦးလေး … သမီးအတွက် ကျားကြီးကော …”

အဖြူကောင်လေးက ကျိုးယုလေး စကားကို နားထောင်၍ စိတ်လှုပ်ရှားနေသည်။ သူက စိတ်ထဲ၌ တွေးနေ၏။

“ကြည့်ရတာ ဒီအရှင်ကျားရဲ့ ခါးသီးတဲ့ ဘဝက အဆုံးသတ်တော့မယ်နဲ့ တူတယ်။ ဒီမကောင်းဆိုးဝါး မလေးက နောက်ထပ် အိမ်မွေးတိရစ္ဆာန် အသစ်တစ်ကောင် လိုချင်နေတယ်။ သူက ငါ့ကို ထွက်သွားခိုင်းဖို့ သင့်နေပြီ …”

သူက သူ့ပိုကောင်း လာတော့မည့် ဘဝကို တွေးနေသည်။ သူက ကျားမများနှင့် မတွေ့ရ သည်မှာလည်း အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီ ဖြစ်သည်။ အဖြူကောင်လေးက သည်အကြောင်းကို တွေးနေမိပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင် ဖြစ်ရသည်။

“ကျားကြီး …”

ဝမ်လင်းက သူ့နှာခေါင်းကို ပွတ်လိုက်မိသည်။ သူက သည်ကိစ္စကို တကယ် မေ့နေခဲ့လေသည်။ တကယ်တော့ သူက သည်ခရီးစဉ်တွင် အရာများစွာ တွေ့ကြုံခဲ့ရသည် မဟုတ်လား။

ကျိုးယုလေးက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“ဦးလေး … ဦးလေး ထွက်သွားတုန်းက ကျိုးယုအတွက် ကျားကြီးကြီးတစ်ကောင် ခေါ်လာခဲ့မယ့် ကိစ္စကို မမေ့ဘူးလို့ ပြောခဲ့တယ်လေ …”

အဖြူကောင်လေးက သည်စကားများကို ကြားသည့်အခါ သူ့အမြင်က အမှောင်ကျသွားပြီး သူ့မျှော်လင့်ချက် အိပ်မက်များလည်း ပျောက်ကွယ်သွားတော့သည်။ သူက ကြိတ်၍ သက်ပြင်းချကာ သူ့ဘဝက ဘာကြောင့်များ သည်လောက် ဆိုးရွား နေရတာလဲဟု တွေးနေမိ၏။

ဝမ်လင်းက မဖြစ်ညစ်ကျယ် ပြုံးကာ ကျိုးယုလေး ခေါင်းကို ပွတ်သပ်လိုက်သည်။

“နားထောင်ပါဦး … ဦးလေး ဒီကို ပြန်လာတာ ကျိုးယုလေးကို တစ်နေရာ ခေါ်သွားမလို့ … ဦးလေးက နောက်ကျရင် ကျိုးယုလေးအတွက် ကျားကြီးတစ်ကောင် ဖမ်းပေးပါ့မယ် …”

ကျိုးယုလေးက ကလေးသာ ရှိသေးသည် မဟုတ်လား။ ထို့ကြောင့် သူက သည်စကားကို ကြားသည့်အခါ ချက်ချင်းပင် ပြန်၍ ပျော်ရွှင်သွားပြီး ထပ်မေးလိုက်သည်။

“သမီးတို့ ဘယ်သွားကြမှာလဲ … ဦးလေးက သမီးကို ကစားဖို့ တစ်နေရာရာ ခေါ်သွားမလို့လား …”

“ဦးလေးက သူငယ်ချင်း တစ်ယောက်ကို သွားရှာမလို့ပါ …” ဝမ်လင်း မျက်လုံးထဲ၌ သတ်ဖြတ်လိုမှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။

သည်အခါ အဖြူကောင်လေး၏ မျှော်လင့်ချက်များက တစ်ဖန် ဖြစ်တည်လာပြန်သည်။ သူက သည်နှစ်ယောက်သာ ထွက်ခွာသွားလျှင် သူက လွတ်လပ်ပြီဟု တွေးနေသည်။ သည်အကြောင်းကို တွေးနေရင်း သူကထပ်မံ စိတ်လှုပ်ရှားလာပြန်သည်။

ဝမ်လင်းက ပြောလိုက်သည်။

“ယုအာလေး … စေတီထဲသွား။ ဒီခရီးက အချိန်ကြာမှာ … စေတီထဲမှာဆိုရင် ယုအာလေးက လုံခြုံလိမ့်မယ် …”

ကျိုးယုလေးက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူမအသွင်က စိတ်လှုပ်ရှားလို့ နေသည်။ သူက သည်နေရာကနေ ထွက်သွားမည်ဆိုသည့် စကားကို ကြားသည့် အချိန်၌ အလွန်ပျော်ရွှင်လို့ နေသည်။

“အဖြူကောင်လေး … ငါနဲ့ လိုက်ခဲ့ …”

အဖြူကောင်လေးက ဝမ်းနည်းစွာ ဟိန်းသံပြုသည်။ သူ့မျှော်လင့်ချက်များက တစ်ဖန် ပျက်စီးသွားရ ပြန်သည်။ သူက သူ့ကိုစောင့်နေသည့် ကျားမများ ရှိနေသည့် သည်တောင်ကို ကြည့်၍ တုံ့ဆိုင်းတုံ့ဆိုင်းနှင့် နောက်ဆံတင်းနေ၏။ သို့သော် နောက်ဆုံးတွင်တော့ ကျိုးယုလေးက သူ့ကို ရိုက်ပုတ်လိုက်ရာ စေတီထဲသို့ သူမနှင့်အတူ လိုက်ဝင် လိုက်ရတော့သည်။

ဝမ်လင်းက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ပြုလုပ်လိုက်သည်။ စေတီက အလျင်အမြန် ပြန်ကျုံ့သွားပြီးနောက် သူက ၎င်းကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

သည်လို ပြုလုပ်ပြီးသည်နောက် ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုအခါ မြေကြီးအောက်မှ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် မူလ ခန္ဓာကိုယ်ကလည်း မျက်လုံး ဖွင့်လာခဲ့သည်။ သည့်နောက် မူလ ခန္ဓာကိုယ်က မြေပေါ်သို့ ရောက်ရှိလာသည်။

သူ့နဖူးထက်၌လည်း ခရမ်းရောင် ကြယ်သုံးလုံးက လှည့်ပတ်နေကာ နတ်ဆိုး အလင်းများ ထုတ်လွှတ်နေ၏။

မူလ ခန္ဓာကိုယ်က သူ့ရှေ့တွင် ပေါ်လာသည်နှင့် ဝမ်လင်းနှင့် မူလခန္ဓာကိုယ်တို့ နှစ်ယောက်လုံးသည် အတူ‌လျှောက်လှမ်းလိုက်ကာ တစ်ဦးတည်း အဖြစ်သို့ ပေါင်းစပ်လိုက်သည်။

သည်အရာက အစစ်အမှန် ဝမ်လင်းပင် ဖြစ်သည်။ သူတစ်ယောက်တည်းမှာပင် မူလ ခန္ဓာကိုယ်က အပြင်တွင် ရှိ၍ ကျင့်ကြံခြင်း ကိုယ်ပွားခန္ဓာကိုယ်က အတွင်း၌ ရှိနေသည်။ တိုက်ခိုက်မှု အော်ရာက သူ့ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာ၏။

သည်အခိုက်တွင် ကောင်းကင်သည်ပင် အရောင်ပြောင်းလဲသွား၏။ ကောင်းကင်ထက်၌ မိုးကြိုးလျှပ်စီးများ ပဲ့တင့်ထပ်နေပြီး မိုးသည်းထန်စွာ ရွာချလာခဲ့သည်။

ဝမ်လင်းက ရွှမ်ယွဲ့သို့ လှမ်းမျှော်ကြည့်ရင်း မိုးရေထဲ၌ နတ်ဆိုးတစ်ပါးအလား တည်ရှိနေသည်။

“ရွှမ်ယွဲ့က လီယွမ်ဖန် … ဘီလူးနတ်ဆိုး ကလန်ရဲ့ ဘိုးဘေးနဲ့ ငါ့ခန္ဓာကိုယ်ပေါ်မှာ ချိပ်တံဆိပ် ထားခဲ့တာ စွန်ထိုင် … ခု ငါ့ကျင့်ကြံမှု အဆင့်က ပြန်ကောင်းလာပြီ ဖြစ်တဲ့အတွက် မင်းတို့ တစ်ယောက်ချင်းစီနဲ့ အကြွေး ရှင်းရတော့မယ် …”

“စာရင်းထဲက အရင်ဆုံး လူကတော့ လီယွမ်ဖန်ပဲ”

“ငါ့မူလ ခန္ဓာကိုယ်နဲ့ ကိုယ်ပွား ပေါင်းစပ်ထားမှုထက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်က ပိုသန်မာလား ကြည့်ရတာပေါ့ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset