အသံထွက်ပေါ် လာသည်နှင့်အတူ အပြာရောင်ဝတ်စုံနှင့် အဘိုးအို တစ်ယောက်က သွေးအဝန်းအဝိုင်း တစ်ခုထဲကနေ လမ်းလျှောက်၍ ထွက်လာ၏။ သူက ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် လူတိုင်းရှေ့သို့ ရောက်လာခဲ့သည်။ သူ့ဝတ်စုံက အလွန်ကြီးမားပြီး လှုပ်ရှားလိုက်သည်နှင့် ၎င်းကပါ လှုပ်ရှားသွား၏။
သည်လူ၏မျက်နှာက မီးခိုးရောင်ဖြစ်နေပြီး သူကအလွန်အိုမင်းနေသည့်ပုံပေါက်သည်။ သို့သော် သူ့မျက်လုံးများက ကြယ်များအလား တောက်ပနေသည်။ သူက ဝမ်လင်းကို ဂရုတစိုက် ကြည့်၍ သူ့လက်ကို ဝှေ့ရမ်းလိုက်သည်။
“မင်းတို့ကိုးယောက် ထွက်သွားနိုင်ပြီ….”
သည့်နောက် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကိုးယောက်က လေးစားစွာ ဦးညွှတ်၍ ပျောက်ကွယ်သွားကြ၏။
ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေပြီး တိုက်ပွဲစိတ်ဆန္ဒကို ဖော်ထုတ်လို့ နေ၏။ သူက အဘိုးအို၏ ကျင့်ကြံမှု အဆင့်ကို ဖြတ်၍ မမြင်နိုင်ချေ။ သို့သော် သည်အဘိုးအိုသည် ကျိန်းသေပေါက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ရပေမည်။
“မိတ်ဆွေလေး စန်နူး … ဒီအဘိုးအိုက မင်းကို စောင့်နေတာ ဒီနေ့နဲ့ဆို နှစ်နှစ်ရှိပြီ …”
အဘိုးအိုက ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံး ထဲ၌လည်း ထူးဆန်းသော အလင်းတန်းတစ်ခု ရှိနေ၏။
ဝမ်လင်းက သည်မျက်လုံး အကြည့်သည် မနေ့က သူ့ကို ကြည့်ခဲ့သော အကြည့်နှင့် အတူတူ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။
“ဒီနေ့ ငါတို့ တွေ့ဆုံမှုက ငါက သူငယ်ချင်းလေးကို လက်ဆောင်လေးတစ်ခု ပေးချင်လို့ပါ …”
သူက ထိုသို့ ပြောပြီးနောက် စိတ်ဝိညာဉ် မွန်းမံခြင်းတောင် ရှိရာသို့ ညွှန်ပြသည်။ သူ့အသံက ပထမ တစ်ကြိမ်တုန်းက နူးညံနေခဲ့၏။ သို့သော် ခုချိန်၌ သတ်ဖြတ်လိုမှုနှင့် ဖိအားများ ပြည့်လာခဲ့၏။
“ဂျူနီယာ လျိုမေ … နင်က စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ အသက်ရှူစာ ဆယ်ကြိမ်အတွင်း ထွက်သွားပါ။ မဟုတ်ရင် နင်က ဟင်္သာပြဒါး နိုင်ငံရဲ့ တပည့် ဖြစ်နေတာတောင်မှ ငါက နင့်ကို သတ်ရလိမ့်မယ် …”
လျိုမေ၏ စွဲဆောင်မှုရှိသော ပုံရိပ်က စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ထက်၌ ပေါ်လာခဲ့သည်။ သူမက အဘိုးအိုကို ချစ်ခင်နှစ်သက်စွာ ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။
“စီနီယာ … ဂျူနီယာက ဆရာရဲ့အမိန့် ရှိနေလို့ပါ။ ငါက စီနီယာကို ဒေါသ မထွက်စေလိုပါဘူး။ ဘာကြောင့် ခုလို လုပ်ရတာလဲ ….”
ဝမ်လင်းအသွင်က တည်ငြိမ်နေဆဲပင်။ သို့သော်သူက မည်သို့ ဖြစ်ပျက်နေသည်ကို အသည်းအသန် စဉ်းစားနေ၏။
အဘိုးအိုက တည်ငြိမ်စွာ ပြောလိုက်သည်။
“အသက်ခြောက်ခါ ရှူချိန် …”
လျိုမေက သက်ပြင်းချသည်။ သူမက အောက်နှုတ်ခမ်းကို ကိုက်၍ ပြောလိုက်သည်။
“စီနီယာ … ဒီဂျူနီယာက ဒီလို ထွက်သွားမယ်ဆိုရင် ဆရာက ငါ့ကို အပြစ်ပေးလိမ့်မယ်။ ဆရာက ဘာဖြစ်ခဲ့တာလဲ မေးရင် ငါက ရွေးချယ်စရာ မရှိဘဲ သူ့ကို ဒီအကြောင်း ပြန်ပြောရလိမ့်မယ် …”
“အသက်လေးခါ ရှူချိန် …”
အဘိုးအို ထံကနေ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ထွက်ပေါ်လာနေသည်။ သူက လက်ဆန့်တန်း လိုက်ရာ ပေသုံးဆယ်ရှည်သည့် အလံတစ်ခု သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။
သည်အလံက ပုံရိပ်တစ်ခုသာ ဖြစ်သော်လည်း ၎င်းထံမှ အားကောင်းသော ဖိအားတစ်ခုကို ခံစားနေရသည်။ ပထမဆုံး တစ်ကြိမ်အဖြစ် လျိုမေ၏ မျက်နှာအသွင်က ကြီးစွာ ပြောင်းလဲသွားသည်။
“စိတ်ဝိညာဉ် ဆယ်သန်းအလံ …”
သူမက အဘိုးအိုကို စူးစိုက်ကြည့်၍ အံကြိတ်ကာ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ကနေ ထွက်ခွာသွား၏။
အဘိုးအိုက လျိုမေ ထွက်ခွာသွားသော နေရာသို့ ကြည့်မနေခဲ့ချေ။ ထို့နောက်သူက ဝမ်လင်းကို ထူးဆန်းသော အလင်းတန်း ပါဝင်နေသည့် အကြည့်ဖြင့် ကြည့်သည်။
“မိတ်ဆွေလေးစန်နူး … ဒီသေးငယ်တဲ့ လက်ဆောင်လေးဆိုရင် ဘယ်လိုလဲ …”
လျိုမေ၏ တည်ရှိမှုက ဝမ်လင်းအတွက် ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။ သူမအနားမှာ ရှိနေလျှင် သူက မြွေဟောက်တစ်ကောင် သူ့ကို ပါးပြင်းထောင်ထား သကဲ့သို့ ခံစားရမြဲ ဖြစ်နေခဲ့သည်။ ခုလျိုမေ ထွက်သွားသည့်အခါ သည်ခံစားချက်က ရုတ်တရက် ပျောက်ကွယ်သွား၏။
ဝမ်လင်းက ခါးသက်စွာ ပြုံးလိုက်သည်။
“ဒါက ဘယ်လို သေးငယ်တဲ့ လက်ဆောင်လဲ။ စီနီယာက ဟင်္သာပြဒါး နိုင်ငံကို ဆန့်ကျင်ဖို့ ဆန္ဒ ရှိနေတာလား။ ဒီလက်ဆောင်ကို လက်ခံရတာ ပျော်ရွှင်တဲ့ ခံစားချက်ထက် ငါ့ကို တကယ်ပဲ စိုးရိမ်ကြောက်လန့် စေတယ် …”
“ဒီစိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ ဘိုးဘေးက တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ် …”
ဝမ်လင်းက ထိုသို့ တွေးနေမိ၏။ သူက လျိုမေသည် ဘိုးဘေး၏ ခွင့်ပြုချက်နှင့် သည်ကလန်ထဲသို့ ဝင်နိုင်ခဲ့သည်ကို သေချာသိနေ၏။ မဟုတ်လျှင် သူမအတွက် ဝင်ရောက်ရန် နည်းလမ်း မရှိချေ။
စောနကတုန်းက သည်အဘိုးအိုကပင် သူမကို နှင်လွှတ်ခဲ့သည်။ အဘိုးအိုက ယနေ့မှာ ဝမ်လင်းရှေ့တွင်ပင် ထိုသို့ ပြုလုပ်ခြင်း ဖြစ်နေသည်။ သူ့အတွက်ကြောင့် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်နှင့် ဟင်္သာပြဒါး နိုင်ငံတို့ကြား ဆက်ဆံရေးသည် ပျက်ခဲ့သည်ဟုပင် ပြောရမလို ဖြစ်နေ၏။
သည်အရာက သေးငယ်သော လက်ဆောင်တစ်ခု မဟုတ်ချေ။
အဘိုးအိုက ရယ်မော၍ ပြောလိုက်သည်။
“ဒါက ဟင်္သာပြဒါး နိုင်ငံကို ဆန့်ကျင်ဖို့ မလုံလောက် သေးပါဘူး။ ခုလက်ရှိ ဟင်္သာပြဒါး နိုင်ငံက အိုနေပြီ။ ဂြိုဟ်တစ်ခုလုံးကို သူ့အမိန့် နာခံဖို့ မလုပ်နိုင်တော့ဘူး …”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။
“စီနီယာက ဘာလိုချင်တာလဲ။ ငါ့ကို ပြောနိုင်ပါတယ် …”
အဘိုးအို၏ မျက်လုံးထဲ၌ အသိအမှတ်ပြုမှု အကြည့်တစ်ချက် ဖြတ်သန်းသွားပြီး သူက ပြောလိုက်သည်။
“အလျင်မလိုပါနဲ့။ ဒါက ပထမဆုံး လက်ဆောင်တစ်ခု သာသာပါပဲ။ ခုက ဒုတိယ လက်ဆောင်။ စန်နူး … မင်းရဲ့ မူလစိတ်ဝိညာဉ်က ပြန်ကောင်းမွန်လုနီးပါး ဖြစ်နေပြီ။ မင်းငါ့ကို လာရှာတဲ့ အကြောင်းကလည်း ငါ့စွမ်းအားရဲ့ ဖိအားကို အသုံးပြုပြီး မင်းကိုယ်မင်း ပြန်ကောင်းအောင် လုပ်ဖို့ပဲ။ ငါ့ဒုတိယ လက်ဆောင်က မင်းရဲ့ ကျင့်ကြံမှု အဆင့်ကို ပြန်ကောင်းအောင် လုပ်ပေးဖို့ပါပဲ …”
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်း စကားပြန်ပြောသည်ကို စောင့်မနေတော့ဘဲ သူ့မျက်လုံး များက လက်ခနဲ ဖြစ်သွာ၏။ စိတ်ဝိညာဉ် သွေးကြောထက် အဆများစွာ အားကောင်းသော ဖိအားက ဝမ်လင်းပတ်လည်၌ ပေါ်လာခဲ့သည်။
“ဒါက လုံလောက်လား …”
ဝမ်လင်း ခန္ဓာကိုယ်က တုန်ရင်နေ၏။ သည်ဖိအားအောက်တွင် သူက သူ့အပေါ်သို့ မရေမတွက်နိုင်သော တောင်များ ဖိနှိပ်ထားသည်ဟု ခံစားနေရသည်။ သူ့ခန္ဓာကိုယ် ထဲကနေလည်း အက်ကွဲသံများ ထွက်ပေါ်လာ၏။ အပိုင်းအစ ဖြစ်နေသော သူ့မူလ စိတ်ဝိညာဉ်ကလည်း တဖြည်းဖြည်း ပြန်၍ နီးကပ်စုဝေးလာသည်။
ဝမ်လင်းက အံကြိတ်၍ ပြောလိုက်သည်။
“မလုံလောက်သေးဘူး …”
အဘိုးအို မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူ့ဆံပင်များက လေမတိုက်ဘဲနှင့် လွင့်မြောနေသည်။ သူ့ဝတ်ရုံကလည်း တဖျပ်ဖျပ် ဖြစ်လို့နေသည်။
အစောပိုင် တုန်းက ဖိအားထက် ဆယ်ဆအားကောင်းသော ဖိအားက ဆင်းသက်လာ၏။ လေဟာနယ်များပင် စတင်အက်ကွဲ လာခဲ့လေသည်။
“ဒါဆိုရင်ရော …”
ဝမ်လင်း အဝတ်အစားများက သွေးများနှင့် စိုရွှဲလာခဲ့ပြီး သူ့မွှေးညှင်း ပေါက်များကနေ သွေးများ ထွက်လာ၏။ သူ့နဖူးပေါ်ရှိ သွေးကြောများကလည်း ထောင်ထနေသည်။ သည့်နောက် ကျန်နေသေးသော လက်ဖက်ရွက်နယ်ပယ် အမှတ်အသား နှစ်ခုမှ တစ်ခုက ပျောက်ကွယ်သွားခဲ့သည်။
ခုလက်ရှိတွင် ဝမ်လင်းက သူ့မူလ စိတ်ဝိညာဉ်၏ အစိတ်အပိုင်းများသည် လျင်မြန်စွာ နီးကပ် စုဝေး၍ ပြန်ကောင်း လာနေသည်ကို ခံစားမိနေသည်။
သူ့ခန္ဓာကိုယ် ထဲကနေ ထွက်ပေါ်လာသော သက်သောင့်သက်သာ ဖြစ်မှုတစ်ခုက သည်ဖိအားကို ဖြေလျော့ပေးနေသည်။
ဝမ်လင်းက အသက်ဝဝ ရှုသွင်း၍ ပြောလိုက်သည်။
“မလုံလောက်သေးဘူး …”
“အို … တကယ်လား … ကောင်းပြီ စန်နူး … ငါရဲ့ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးမပြုဘဲ နေခဲ့တာ နှစ်နှစ်ရာ ရှိနေခဲ့ပြီ။ ငါက ဒီဒုတိယ လက်ဆောင်အတွက် အများကြီး အားစိုက် ရတော့မှာပဲ …”
အဘိုးအိုက ရယ်မော၍ သူ့ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို တုန့်ဆိုင်းခြင်းမရှိ အသုံးပြုသည်။ စိတ်ဝိညာဉ်စွမ်းအင် ဖိအားနှင့် အလွန်ခြားနားသော ဖိအားတစ်ခုက ဆင်းသက် လာလေသည်။
သည်ဖိအားက ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည်။ ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ရင်သွားပြီး သူ့မူလ စိတ်ဝိညာဉ်ကလည်း အံမခန်း အမြန်နှုန်းဖြင့် ပြန်လည် ချိတ်ဆက်လာသည်။
အသက်ရှူစာ ငါးကြိမ်ခန့် ကြာပြီးနောက် သူ့မျက်နှာပေါ်ရှိ နောက်ဆုံး အမှတ်အသားသည်လည်း ပျောက်ကွယ် သွားလေ၏။
သည်တစ်ကြိမ်တွင် ဝမ်လင်းထံကနေ ရယ်မောသံ ထွက်လာပြီး သူ့မျက်လုံးများကလည်း နေတစ်လုံးကဲ့သို့ လင်းလက်လာသည်။ သူ့စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း ခန္ဓာကိုယ်ထဲတွင် ဖြည့်တင်းလာပြီး သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းတိုင်းသို့ ရောက်ရှိလာနေ၏။ သူက သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပေါက်ကွဲ နာကျင်သလို ခံစားနေရာကနေ အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့သည့် သူ့အကန်အသတ်သို့ ရောက်လာခဲ့သည့်အလား သက်သောင့်သက်သာ ခံစားမှုကို ပြန်ရရှိနေခဲ့သည်။
ဝမ်လင်းက ရယ်မောလိုက်သည်။ သည့်နောက် စွန်ထိုင်၏ ချိပ်ပိတ်မှုသည်လည်း ပျက်စီး သွားလေတော့သည်။
သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်သို့ လုံးဝ ပြန်ကောင်းမွန် သွားခဲ့ပြီ ဖြစ်သည်။ သည့်အပြင် သူက အစောပိုင်း သည်အဆင့်မှာတုန်းက ရှိသည့် အချိန်ထက်ပင် ပိုသန်မာ လာခဲ့၏။
ဝမ်လင်းက လက်သီးနှစ်ဖက်ကို စုပ်၍ ဂါဝရ ပြုဟန်ဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်…”
အဘိုးအိုက ဝမ်လင်းကို ကြည့်သည်။ သူ့မျက်လုံး များထဲရှိ ချီးကျူးသည့် အရိပ်အယောင်က ပိုတိုး လာခဲ့ပြီး သူက ပြောလိုက်သည်။
“မင်းက ငါ့ကို ကျေးဇူးတင်ဖို့ စောပါသေးတယ်။ ငါမင်းအတွက် တတိယလက်ဆောင် ပြင်ဆင်လာခဲ့သေးတယ်။ မင်း အဲဒါကို လက်ခံရဲပါ့မလား …”
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက သူ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းလာခဲ့သည့် အတွက် နယ်ပယ်အော်ရာကို ထုတ်လွှတ်နိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။
“ငါက ဘာလို့ လက်မခံ ရဲရမှာလဲ …”
သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဘိုးဘေးသည် ခုလောက် ကုန်ကျ ခံနေသည်က သူ့ကို လုပ်ခိုင်းစေချင်သည့် ကိစ္စတစ်ခုရှိမှန်း နားလည်ထားပြီး ဖြစ်သည်။ သို့သော် သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်က သူ့ကို မည်သည့်အရာအတွက် အကူအညီတောင်းဖို့ လိုနေလည်း မတွေးတက်ချေ။
“ကောင်းတယ် … စန်နူး … ဒီအဘိုးအိုရဲ့ နောက်ဆုံးလက်ဆောင်က မင်းကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ်ကို ရောက်ဖို့ ကူညီပေးမလို့ပဲ။ မင်းရဲ့ နယ်ပယ်နဲ့ ပတ်သက်လို့ကတော့ မင်းဟာမင်း လုပ်ရမှာပေါ့၊ ငါက မင်းကို ဒီလိုလုပ်ပေးဖို့ ဒီနေရာမှာ လုပ်လို့မရဘူး …”
ထိုသို့ ပြောပြီးသည်နှင့် အဘိုးအိုက သွေးရောင် အဝန်းအဝိုင်း ရှိရာသို့ ပျံသန်းသွားလေ၏။
ဝမ်လင်းကလည်း အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအို နောက်သို့ လိုက်ပါသွားသည်။
သွေးရောင် အဝန်းအဝိုင်း အပြင်ဘက်၌ အဘိုးအိုက လက်ဆန့်တန်းလိုက်ရာ သူ့လက်ထဲ၌ ပေသုံးဆယ်ခန့် ရှိသည့် စိတ်ဝိညာဉ် အလံက ထပ်မံပေါ်လာခဲ့သည်။ သည်တစ်ကြိမ်၌လည်း ၎င်းက ပုံရိပ်ယောင်တစ်ခု အသွင်သာ ရှိနေဆဲ ဖြစ်သည်။
ဒါက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်ရဲ့ အဓိက ရတနာဖြစ်တဲ့ စိတ်ဝိညာဉ်ဆယ်သန်း အလံပဲ။ ဒီအလံ ရတနာကြောင့် ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်မှာပဲ ရှိနေသေးပေမဲ့ ငါက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူကိုတောင် ယှဉ်ဝံတယ်။ ငါမင်းကို ပြီးရင် ပြောပြမယ်။ ခုငါက ဒီစိတ်ဝိညာဉ် အလံထဲက စိတ်ဝိညာဉ်အားကို အသုံးပြုပြီး မင်းကျင့်ကြံမှု အဆင့်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်ကို မြှင့်တင်ပေးမယ် …”
အဘိုးအိုက ဝမ်လင်းကို ထက်ရှစွာ ကြည့်၍ အော်ပြောလိုက်သည်။
“ကြာပွင့်သဏ္ဌာန် ထိုင်လိုက် …”
ဝမ်လင်းကလည်း အဘိုးအိုကို ကြည့်၍ သူပြောသည့်အတိုင်း ချက်ချင်းလုပ်လိုက်သည်။
“အဘိုးအိုက ငါ့ကို တိုက်ခိုက်ချင်ရင် ငါ့ကို ဒီလိုမျိုးတွေ ပြန်ကောင်းအောင် လုပ်နေစရာ မလိုဘူး …”
ဝမ်လင်းက ထိုသို့ စိတ်ထဲ၌ တွေးနေမိသည်။
သို့ရာတွင် ဝမ်လင်းက သတိဆက်၍ ထားနေဆဲ ဖြစ်သည်။ သူက တစ်ခုခု မှားနေသည်ဟု ခံစားမိသည်နှင့် ကြယ်သံလိုက် အိမ်မြှောင်နှင့် ထွက်ပြေးလိမ့်မည် ဖြစ်သည်။
အဘိုးအိုက လက်ထဲရှိ အလံကို လှုပ်ယမ်းလိုက်ရာ ဟိန်းဟောက်သံများက အလံထဲကနေ ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ခုကလည်း မြန်ဆန်စွာ ပျံသန်းထွက်လာပြီး ဝမ်လင်းကို ဝန်းရံသွား၏။
သည်စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက ရွှေရောင်နှင့် ခရမ်းရောင် အော်ရာများကို ထုတ်လွှတ်နေပြီး မောက်မာမှုများနှင့် ပြည့်နေ၏။ ဝမ်လင်းက မျက်ခုံးကြုတ်မိသည်။ သည်စိတ်ဝိညာဉ် အပိုင်းအစတိုင်းက စိတ်ဝိဉာည် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများ ရှိလို့နေသည်။
“သူက ဒီအလံနဲ့ အာဏာတက်ခြင်းအဆင့် တစ်ယောက်ကိုတောင် ရင်ဆိုင်ဝံ့တာ အံ့ဩစရာ မရှိတော့ဘူး …”
ဝမ်လင်းက အနည်းငယ် နားလည်လာသလို ခံစားလိုက်ရသည်။
အဘိုးအိုက ခပ်တိုးတိုး ပြောလိုက်သည်။
“မိတ်ဆွေလေး စန်နူး … ဒီအလံထဲမှာ ရှိတဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် စိတ်ဝိညာဉ်များက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ ဘိုးဘေးတွေပဲ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ ဘိုးဘေး တစ်ယောက်က သေတော့မလို ဖြစ်တာနဲ့ သူတို့က သူတို့ ခန္ဓာကိုယ်ကို စွန့်ခွာပြီး စိတ်ဝိညာဉ် အပိုင်းအစအဖြစ် ဒီအလံထဲကို ပေါင်းစပ်လိုက်တာပဲ။ မင်းမှတ်မိ နေရာမှာက ငါသေခါနီးချိန် ကြရင်လည်း မင်းက ငါ့ကို ဒီအလံထဲကို ပေါင်းထည့်ပေးရမယ် …”
အဘိုးအို၏ နောက်ဆုံးစကား ထွက်ပေါ်လာသည့် အခါ ဝမ်လင်း၏ နှလုံးသားက တုန်ခါသွားရ၏။ သူက မည်သို့ ဖြစ်ပျက်တော့မည်ကို နည်းနည်းပို၍ နားလည်လာခဲ့သည်။
ထိုအခိုက်တွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ခုက အားကောင်းသော ရွှေရောင်၊ ခရမ်းရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်လာပြီး သည်နေရာ တစ်ခုလုံးကိုပင် ဖုံးလွှမ်းသွားသည်ဟု ထင်မှတ်ရသည်။
စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ခုထံက ထူထဲသော စိတ်ဝိညာဉ် စွမ်းအင်များသည် ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူက ၎င်းစွမ်းအင်များကို မစုပ်ယူလျှင်ပင် ၎င်းတို့က သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်လို့ နေသည်။
ကောင်းကင်ထက်၌ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ စိတ်ဝိညာဉ် အပိုင်းအစ ဆယ်ခုက ရွှေရောင်၊ ခရမ်းရောင် အလင်းတန်းအဖြစ် ချိတ်ဆက်ထားကြပြီး ဝမ်လင်းက အလယ်တွင် ရှိလို့နေသည်။
ဝမ်လင်း ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက သူတစ်ခါမျှ မကြုံဖူးသည့် အမြန်နှုန်းဖြင့် တိုးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက အလွှာတစ်ခုထိ ရောက်လာခဲ့သည်။ သို့သော် သည်စွမ်းအင်များက ရပ်တန့်ခြင်း မရှိဘဲ ဆက်၍ တိုးတက်နေ၏။
အလွှာနှစ်ခု … သုံးခု … လေးခု … ရှစ်လွှာထိ ရောက်လာသည့် အထိပင် ၎င်းစွမ်းအင်က ဆက်လက်၍ တိုးလာနေတုန်းပင်။
“စန်နူး … ဒီအဘိုးအိုရဲ့ နာမည်က သွန်းထျန် ဖြစ်တာကို မှတ်ထားပါ … မင်း တက်နိုင်လောက်တဲ့အထိ ဒီစွမ်းအင်တွေကို စုပ်ယူပါ။ ဒီအဘိုးအိုက မတွန့်တိုတက်ဘူး …”
***