“ဒီလူက …”
သည်သွေးရောင် အဝန်းအဝိုင်းထဲက မျက်လုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားနေပြီး သူ့မျက်လုံးများက တဖျပ်ဖျပ် ဖြစ်နေသည်။
“စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်မှာ ငါက ဆက်နေဖို့ကိစ္စ သိပ်မရှိတော့ဘူး။ ငါ့မူလ စိတ်ဝိညာဉ် ပြန်ကောင်းဖို့အတွက် ငါက အံ့ဖွယ်ဆေးလုံးတွေ လိုနေပြီ။ ဒီလို မဟုတ်ရင် စိတ်ဝိညာဉ်စွမ်းအင် ဖိအား အရမ်းများတာ လိုလိမ့်မယ်။ ငါ့မှာ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါကနည်းနည်း အန္တရာယ် များလိမ့်မယ် …”
ဝမ်လင်းက စိတ်ဝိညာဉ် နှုတ်ယူခြင်းတောင်နှင့် စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း တောင်တို့ထံသို့ ဆုံးဖြတ်ချက် ပြတ်သားစွာ လှမ်းကြည့်လိုက်သည်။
သူက အလင်တန်းအသွင် ပြောင်း၍ စိတ်ဝိညာဉ်မွန်းမံခြင်း တောင်ကနေ ထွက်၍ စိတ်ဝိညာဉ် နှုတ်ယူခြင်း တောင်ထံသို့ ပျံသန်းသွား၏။
သူပျံသန်းနေစဉ်တွင် စိတ်ဝိညာဉ်မွန်းမံခြင်း တောင်ပေါ်ကနေ အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီး တစ်ယောက်က သူ့ကို တည်ငြိမ်စွာ ကြည့်လို့နေ၏။ သူမက သက်ပြင်းချ၍ ခပ်တိုးတိုး ပြောလိုက်သည်။
“သူပြန်ကောင်းလာမှုက မြန်ဆန်လွန်းတယ် … ငါက သူ့တာအို နှလုံးသားပေါ်မှာ ငါ့အရိပ်ကို ထားနိုင်ဖို့ဆိုရင် သူ့တာအို နှလုံးသားက ဘာလဲဆိုတာကို ရှာဖွေရလိမ့်မယ် … ဒါပေမဲ့ ငါက သူ့တာအို နှလုံးသားကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ဘူး။ စီနီယာအစ်ကိုဝမ် … နင့်ရဲ့ တာအို နှလုံးသားက ဘာများ ဖြစ်နေမလဲ …”
ဝမ်လင်းက စိတ်ဝိညာဉ်နှုတ်ယူခြင်း တောင်ပေါ်သို့ ခြေချမိသည်နှင့် သူ့နတ်ဘုရား အာရုံကို ဖြန့်ကြက်လိုက်ပြီး လှိုဏ်ဂူတစ်ခု ရှိရာသို့ ဦးတည်သွားလိုက်၏။ သည်လှိုဏ်ဂူထဲ၌ ရှိနေသော လူက အကြီးအကဲ ခေါင်းဆောင်အပြင် ကျင့်ကြံမှု အမြင့်ဆုံးဖြစ်သူ စုဂျင်ရှီ ရှိနေသည်။
ဝမ်လင်းပုံရိပ် ပေါ်လာသည်နှင့် စုဂျင်ရှီက ကျင့်ကြံ နေရာကနေ မျက်လုံး ဖွင့်လာပြီး စိတ်ဆိုးသည့် အသွင် ထွက်ပေါ်နေ၏။
ဝမ်လင်းက လှိုဏ်ဂူထဲသို့ ဝင်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်၏။
“မင်းမှာ စိတ်ဝိညာဉ် နှုတ်ယူခြင်း ကျောက်စိမ်းပြား ရှိလား …”
စုဂျင်ရှီက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။ သူက သည်လူ၏ ကျင့်ကြံမှု အဆင့်ကို ဖြတ်မမြင်နိုင်ချေ။ သည့်အပြင် အစကလည်း သည်လူ့ကို မတွေ့ဖူးခဲ့ချေ။ သို့သော် သူ့ဝတ်စုံအရ သည်လူက စိတ်ဝိညာဉ် မွန်းမံခြင်းတောင်မှ လူတစ်ယောက်ဖြစ်မှန်း သူက သိလိုက်သည်။
စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၌ တောင်သုံးလုံး၏ တပည့်များကို တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ဆက်ဆံမှုကို ခွင့်ပြုထား၏။ လူတစ်ယောက်က အရည်အချင်းရှိလျှင် သူက သူလိုချင်သော နည်းစနစ် သုံးခုလုံးကို သင်ယူနိုင်ပေသည်။
စုဂျင်ရှီက လွန်ခဲ့သော နှစ်များစွာက စိတ်ဝိညာဉ် မွန်းမံခြင်းတောင်ကို သွား၍ စိတ်ဝိညာဉ် မွန်းမံခြင်း ကျောက်စိမ်းပြားကို ရယူခဲ့သည်။
စုဂျင်ရှီက အံကြိတ်၍ ပြောလိုက်သည်။
“ငါက မင်းကို စိတ်ဝိညာဉ်နှုတ်ယူခြင်း ကျောက်စိမ်းပြားကို ပေးလို့ရတယ်။ ဒါပေမဲ့ ငါ့စိတ်ဝိဉာည် အလံအတွက် စိတ်ဝိညာဉ် အပိုင်းအစ သုံးရာ ထည့်ပေါင်းဖို့ လိုနေသေးတယ်။ ဒီတော့ မင်းက ငါ့ကို ဒီစိတ်ဝိညာဉ် အပိုင်းအစသုံးရာ ပေးနိုင်ရင် ငါက စိတ်ဝိညာဉ်နှုတ်ယူခြင်း ကျောက်စိမ်းပြားကို ကြည့်ခွင့် ပေးနိုင်တယ် …”
ဝမ်လင်းက စုဂျင်ရှီကို ကြည့်သည်။ သည့်နောက် သူက သူက ထောင်ချီ စိတ်ဝိညာဉ်အလံကို ထုတ်၍ လှုပ်ခါလိုက်သည်။ သည်အခါ စိတ်ဝိညာဉ် အပိုင်းအစ သုံးရာက ပျံသန်းထွက်လာ၏။
ဝမ်လင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ သည်စိတ်ဝိညာဉ် အပိုင်းအစ သုံးရာက အနက်ရောင် ပုလဲလုံး အဖြစ်သို့ ပြောင်းသွားသည်။ ထို့နောက် သူက စုဂျင်ရှီထံသို့ ကမ်းပေးလိုက်သည်။
စုဂျင်ရှီကလည်း ဆုံးဖြတ်ချက် ပြတ်သားသော လူတစ်ယောက် ဖြစ်သည်။ သူက ခရမ်းရောင် ကျောက်စိမ်းပြားကို ထုတ်၍ ဝမ်လင်းထံသို့ ပြန်ကမ်းပေးလိုက်သည်။ သူက မေးလိုက်၏။
“စီနီယာအစ်ကိုရဲ့ နာမည်က ဘယ်လိုခေါ်လဲ …”
“ချင်မူ …”
ဝမ်လင်းက ကျောက်စိမ်းပြားကို ထုတ်၍ ကြည့်သည်။ သည်ကျောက်စိမ်းပြားထဲ၌ အမှန်ပင် သက်ရှိစိတ်ဝိညာဉ် တစ်ခုကို နှုတ်ယူပြီး မပျောက်ပျက်အောင် ထိန်းနိုင်သည့် နည်းလမ်း ပါရှိ၏။ သည့်နောက် ၎င်းစိတ်ဝိညာဉ်ကို အသုံးပြု၍ မည်သို့ သန့်စင်ရမည့် နည်းလမ်းပါ ပါရှိသည်။
စိတ်ဝိညာဉ်နှုတ်ယူခြင်း ကျောက်စိမ်းတွင် နည်းလမ်းသုံးခု ပါဝင်သည်။ သည်နည်းလမ်း သုံးခုက စိတ်ဝိညာဉ် ငြိမ်သက်ခြင်း၊ စိတ်ဝိညာဉ် ဖြားယောင်းခြင်းနှင့် စိတ်ဝိညာဉ် အဆိပ်တို့ ဖြစ်ကြ၏။
စိတ်ဝိညာဉ် ငြိမ်သက်ခြင်းက စိတ်ဝိညာဉ် နှုတ်ယူခြင်းအတွက် အဓိက ကျသည်။ စိတ်ဝိညာဉ် ငြိမ်သက်ခြင်း မရှိလျှင် သက်ရှိတစ်ယောက်ထံမှ စိတ်ဝိညာဉ် နှုတ်ယူရန် အောင်မြင်နိုင်ချေ နည်းလွန်းသွားမည် ဖြစ်သည်။ သည်လို ငြိမ်သက်အောင် အသုံးပြုနိုင်ရင်တော့ အောင်မြင်နိုင်ချေ များမည် ဖြစ်သည်။
စိတ်ဝိညာဉ် ဖြားယောင်းခြင်းကတော့ သက်ရှိ လူတစ်ယောက်ထံကနေ စိတ်ဝိညာဉ်ကို အမှန်အကန် စွဲထုတ်ယူသည့် နည်းစနစ် ဖြစ်သည်။
နောက်ဆုံးနည်းလမ်း စိတ်ဝိညာဉ် အဆိပ်ကတော့ အကြမ်းကြုတ်ဆုံးနှင့် သည်နည်းလမ်း သုံးခုတွင် အားအကောင်းဆုံး ဖြစ်သည်။ စိတ်ဝိညာဉ်မွန်းမံခြင်း တောင်၏ သွေးစတေးခြင်း နည်းလမ်းနှင့်ပင် နှိုင်းယှဉ်၍ ရသည်။
စိတ်ဝိညာဉ် အဆိပ်က ထူးဆန်းသော နည်းတစ်ခု ဖြစ်သည်။ ၎င်းနည်းဖြင့် သက်ရှိတစ်ယောက်၏ စိတ်ဝိညာဉ်ကို အဆိပ်ဖြစ်စေ၍ တိတ်ဆိတ်စွာ သတ်ပစ်နိုင်ပေသည်။ ၎င်းက လုံလောက်အောင် သန့်စင်နိုင်လျှင် အဆိပ်ပါဝင်သော စိတ်ဝိညာဉ် အဖြစ်သို့ ပြောင်းလဲနိုင်၏။
လွန်ခဲ့သော အချိန်များစွာက စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ တပည့်တစ်ယောက်သည် ကလန်ကို သစ္စာဖောက်၍ ထွက်ပြေးခဲ့သည်။ သူက သည်နည်းလမ်းကို အသုံးပြုပြီး အဆင့်လေး နိုင်ငံတစ်ခုသို့ သွားရောက်ကာ သူ့ကိုယ်ပိုင် နတ်ဆိုးဆေးကလန်ကို တည်ထောင်ခဲ့သည်။
သည်လူက ထူးဆန်းသော နည်းလမ်းကို အသုံးပြု၍ အဆိပ်သင့် စိတ်ဝိညာဉ်ကို ဆေးလုံးအဖြစ် သန့်စင်နိုင်စွမ်း ရှိခဲ့သည်။ သည့်နောက် သည်ဆေးလုံးထဲသို့ သေခြင်း အော်ရာကိုပါ ထည့်သွင်း လိုက်သည့်အခါ ၎င်းဆေးလုံးက အစိမ်းရောင် အမြုတေ အဖြစ်သို့ ပြောင်းသွားခဲ့၏။ သူက သည်အရာကို အစိမ်းရောင် အမြုတေ နည်းလမ်းဟု ခေါ်ခဲ့သည်။ သည်နည်းလမ်းကပင် သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိခဲ့သည်။ သူက သူ့ခေတ် သူ့အခါတွင် ပါရမီရှင် တစ်ယောက်အဖြစ်ပင် ယူဆလို့ရ၏။
အစိမ်းရောင် အမြုတေနှင့် ရွှေရောင် အမြုတေတို့သည် လုံးဝတူညီခြင်း မရှိပေ။ လူတစ်ယောက်က ရွှေရောင်အမြုတေ တစ်ခုသာ ရှိနိုင်သော်လည်း အစိမ်းရောင် အမြုတေကတော့ မြောက်မြားစွာ ရှိနိုင်သည်။ သူက သည်စိတ်ဝိညာဉ် အဆိပ်နည်းလမ်းကို အဆင့်မြှင့်တင်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ပင် ရောက်ရှိနိုင်ခဲ့သည်။ သည်စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်သည့် အခါတွင် သူ့ထံ၌ အစိမ်းရောင် အမြုတေ သန်းချီ၍ ရှိနေခဲ့ပြီ ဖြစ်သည်။
သူက တိုက်ခိုက်သည့်အခါ အစိမ်းရောင် အမြုတေ ထောင်ချီကို ထုတ်လွှတ်၍ ပေါက်ကွဲစေသည့် နည်းဖြင့် တိုက်ခိုက်လေ့ရှိသည်။ သူ့စွမ်းအားကြောင့် အချို့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်များပင် ဂရုမစိုက်ဘဲ သွားမရှုပ်လိုကြချေ။
စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကပင် သည်လူ၏ သစ္စာဖောက်သွားမှုနှင့် ပတ်သက်၍ မည်သို့မျှ အရေးယူ ဆောင်ရွက်ခဲ့ခြင်း မရှိချေ။ သည်အရာက လူအများကိုပါ စိတ်ရှုပ်ထွေး သွားစေခဲ့သည်။ သည်လူ ပျောက်ကွယ်သွားခြင်းနှင့် အတူ သူ့ဒဏ္ဍာရီကလည်း သမိုင်းထဲ၌ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
စုဂျင်ရှီက ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။
“စီနီယာအစ်ကို ချင်မူက စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်းတောင်ကို သွားပြီး ချိပ်ပိတ်ခြင်း ကျောက်စိမ်းကို သွားယူဖို့ ဆန္ဒ ရှိနေသေးပါသလား …”
ဝမ်လင်းက စိတ်ဝိညာဉ် နှုတ်ယူခြင်း ကျောက်စိမ်းကို သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။
စုဂျင်ရှီက ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။
“စီနီယာအစ်ကို ချင်မူက မသွားတာ ပိုကောင်းလိမ့်မယ်။ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်း တောင်မှာက ဘိုးဘေး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်တွေကိုပဲ ဒီစိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း ကျောက်စိမ်းကို ခွင့်ပြုထားတယ် … ဒီတောင်မှာက စိတ်ဝိညာဉ် မွန်းမံခြင်းနဲ့ နှုတ်ယူခြင်း ကျောက်စိမ်းပြားတွေပဲ ရောပြီး ရှိနေတယ် …”
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိချေ။ သူက ခေါင်းညိတ်ပြပြီးနောက် ပျောက်ကွယ် သွားတော့၏။
သည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်းတောင်၌ ပြန်ပေါ်လာခဲ့သည်။ သူက သည်တောင်၏ တပည့်တစ်ယောက် ထံမှလည်း စုဂျင်ရှီ သူကို့ ပြောခဲ့သည့် အတိုင်းသာ ထပ်ကြားခဲ့ရ၏။
ဝမ်လင်းက စိတ်ဝိညာဉ် နှုတ်ယူခြင်းနှင့် ချိပ်ပိတ်ခြင်း တောင်များအောက်ရှိ စိတ်ဝိညာဉ် သွေးကြောများကိုပါ စစ်ဆေးကြည့်နေခဲ့သည်။ ထိုအခါ သူက စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်းတောင်၌ စိတ်ဝိညာဉ် အလံတစ်ခုကို တွေ့ခဲ့သော်လည်း ၎င်းအလံက အလွန်စွမ်းအား မကောင်းလှချေ။ သည့်အတွက်ကြောင့် သူက ၎င်းအလံကို မည်သည့် အားထုတ်မှုမှ မလိုဘဲ ရယူနိုင်ခဲ့၏။
စိတ်ဝိညာဉ်နှုတ်ယူခြင်း တောင်၏ အောက်ခြေတွင်တော့ မည်သည့် အလံမှ ရှိမနေခဲ့ချေ။ ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်များစွာကတည်းက သည်စိတ်ဝိညာဉ် အလံကို တစ်စုံတစ်ယောက်က ယူဆောင် သွားသည်မှာ ရှင်းလင်းနေ၏။
သည်အရာများ ပြုလုပ်ပြီးနောက် ဝမ်လင်းက ခေါင်းမော့၍ ရွှေရောင် အဝန်းအဝိုင်း ကိုးခုနှင့် သွေးရောင် အဝန်းအဝိုင်း နှစ်ခုတို့ထံသို့ လှမ်းကြည့်သည်။ ခဏအကြာတွင် သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုများနှင့် ပြည့်လာခဲ့သည်။
“ငါ့မူလ စိတ်ဝိညာဉ်က ပြန်ကောင်းလာမလား၊ မလာဘူးလားက ဒီနေ့ပေါ် မူတည်နေတယ်။ ငါက ဒီနေ့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဘိုးဘေးနဲ့ တိုက်ခိုက်ရမယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူရဲ့ စိတ်ဝိညာဉ် ဖိအားအောက်မှာ ဆိုရင် ငါ့မူလ စိတ်ဝိညာဉ်က ပြန်ကောင်းလာနိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက ကြယ်သံလိုက် အိမ်မြှောင်ကို အသုံးပြုပြီး လွတ်မြောက်အောင် လုပ်ရမယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူက ငါ့ကို ဖမ်းချင်ရင်တောင် သူတို့လုပ်နိုင်မှာ မဟုတ်ဘူး …”
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူ့မျက်လုံး ထဲ၌လည်း တိုက်ပွဲဆာလောင်စိတ်များ ပြည့်လို့လာ၏။
သူက အလင်းတန်း တစ်ခုအသွင် ပြောင်း၍ ရွှေရောင်အလင်း အဝန်းအဝိုင်း ကိုးခုထံသို့ ဦးတည်သွားလေ၏။ သူ့ဘယ်ဘက် လက်ထဲ၌ စိတ်ဝိညာဉ်တစ်သောင်း အလံကို ကိုင်ဆောင်ထားပြီး ညာဘက်လက်၌ အတားအဆီး (၉၉၉) ခုရှိသော အတားအဆီး အလံကို ကိုင်ဆောင်ထားသည်။ သည့်နောက်သူက ရွှေရောင် အဝန်းအဝိုင်း ကိုးခုရှေ့သို့ ရောက်လာခဲ့သည်။
သူက အနီးသို့ ကပ်သွားပြီး အလံနှစ်ခုကို လှုပ်ရမ်းလိုက်သည်။ စိတ်ဝိညာဉ် အလံထဲကနေ ရွှေရောင် ချီလင်သားရဲက ပျံသန်းထွက်လာ၏။ ၎င်းချီလင် သားရဲ၏ နောက်၌ အနက်ရောင် ချီလင်သားရဲ ကိုးကောင်ရှိနေပြီး ၎င်းချီလင် သားရဲတို့၏ နောက်တွင်တော့ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ ရှိလို့နေသည်။ သည်အခိုက်တွင် စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်တစ်ခုလုံးသည် စိတ်ဝိညာဉ် အပိုင်းအစများနှင့် ဖုံးလွှမ်းသွားလေ၏။
သည်တစ်ကြိမ်က ပထမဆုံး အကြိမ်အဖြစ် စိတ်ဝိညာဉ်တစ်သောင်း အလံကို အသုံးပြုခြင်း ဖြစ်သည်။ ၎င်းအလံ၏ စွမ်းအားက သူစိတ်ကူး ထားသည်ထက် ပိုလေသည်။
ရွှေရောင် ချီလင်သားရဲက ဟိန်းသံပြု၍ ရွှေရောင်အဝန်းအဝိုင်း ကိုးခုထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ဘန်း … ဘန်း … ဘန်း …
ကျယ်လောင်သော ပေါက်ကွဲသံများနှင့် အတူ ရွှေရောင်ချီလင်နှင့် ၎င်းနောက်ရှိ အနက်ရောင် ချီလင်များသည် ရွှေရောင် အဝန်းအဝိုင်း ကိုးခုနှင့် ထိတိုက်မိကြသည်။ သည်လို ဝင်ရောက် တိုက်ခိုက်မှုက အသက်အရွယ် မျိုးစုံးရှိသည့် ယောက်ျား၊ မိန်းမများကို အဝန်းအဝိုင်း ကိုးခုကနေ ထွက်ပေါ်လာခဲ့စေ၏။
သည်လူ ကိုးယောက်က စိတ်ဝိညာဉ်သန့်စင်ခြင်း ကလန်၏ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ပေါ်ထွက်လာသည်နှင့် ချီလင်သားရဲများက တုန်လှုပ်စွာ ကြည့်နေမိကြ၏။
ရွှေရောင် ချီလင်သားရဲက နောက်သို့ အနည်းငယ် ပြန်ဆုတ်ကာ ၎င်း၏ ခေါင်းကြီးကို ခါယမ်းလိုက်ရာ အမည်းရောင် အခိုးငွေ့တန်း နှစ်ခုက ပျံ့နှံ့သွား၏။
ဝမ်လင်းက သည်ရွှေရောင် ချီလင်သားရဲ အပေါ်သို့ တက်လိုက်သည့် အခါတွင်တော့ ၎င်းက ခေါင်းထပ်ခါခြင်း မပြုတော့ဘဲ သူ့ရှေ့ရှိ လူကိုးယောက်ကိုသာ ကြမ်းကြုတ်စွာ ကြည့်နေ၏။
သည်အခိုက်တွင် ကိုးယောက်ထဲက သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်က ဝမ်လင်းကို မှုန်ကုပ်စွာ ကြည့်၍ တိုက်ခိုက်ရန် ဟန်ပြင်သည်။
ဝမ်လင်းက သူမကို တစ်ချက် ဝှေ့ကြည့်လိုက်၏။
သည့်နောက် ဝမ်လင်းထံကနေ မွန်းစတားဆန်သော အော်ရာတစ်ခု ပျံ့နှံ့လာ၏။ သည်အော်ရာက သည်အမျိုးသမီး ကိုင်တွယ်နိုင်သည့်ထက် များစွာပိုနေခဲ့သည်။ တကယ်တော့ ဝမ်လင်းက နယ်ပယ် အသုံးမပြု နိုင်သေးသည်က လွဲ၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်၏။
သူက အနီရောင် လိပ်ပြာကိုပင် တိုက်ခိုက်နိုင်ခဲ့သည် လူဖြစ်သည်။ သည့်အတွက်ကြောင့် သူ့စွမ်းအားက အများစုထက် သာလွန်ပေသည်။ သည်အမျိုးသမီးက ခုမှ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေး၏။ သူက သူမကို အလွယ်တကူ သတ်ပစ်နိုင်သည်ဟု မပြော နိုင်သော်လည်း ခက်ခဲခြင်းလည်း ရှိမည် မဟုတ်ချေ။
ဝမ်လင်းထံကနေ အော်ဟောက်သံနှင့်အတူ အားကောင်းသော အော်ရာ ထွက်ပေါ်လာသည့်အခါ အမျိုးသမီးက နောက်သို့ ပြန်ဆုတ်၏။ သူမမျက်နှာ၌လည်း ထိတ်လန့်မှုများ ပြည့်သွားသည်။
သည့်နောက် သူမက ချက်ချင်း ဒေါသထွက်လာပြန်၏။ သူမက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ပြီးနောက် သူမက လူတစ်ယောက်၏ ခုလို အော်ဟောက်ခြင်းကို မခံရဘူးချေ။ သို့ရာတွင် သူမက သူ့ဒေါသကို ချိုးနှိမ်၍ ဝမ်လင်းထံသို့သာ စူးစိုက် ကြည့်နေသည်။
စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်လာသည့် လူတစ်ယောက်က မည်သို့ ရူးမိုက်ပါ့မည်နည်း။ သူမက ရွှေရောင်ချီလင် တစ်ကောင်ထဲကိုပင် မတိုက်ခိုက်နိုင်မှန်း သူ့ကိုယ်သူ သိနေ၏။
ဝမ်လင်းက ရွှေရောင်သားရဲ ထိပ်ပေါ်တွင် မတ်တတ် ရပ်နေရင်းဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်းတို့ကိုးယောက် … ဖယ်ပေးပါ …”
“မောက်မာလိုက်တာ …” အစိမ်းရောင်ဝတ်စုံနှင့် အဘိုးအိုက နှာခေါင်းရှုံ့ကာ သူ့ညာလက်ဖြင့် ဝမ်လင်းထံသို့ လက်ညွှန်သည်။ သည်အခါ စိတ်ဝိညာဉ် စွမ်းအင်တန်းက ချိန်းကြိုး တစ်ခုအသွင် ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်သွားသည်။
ဝမ်လင်းက အတားအဆီး အလံကို လှုပ်ရမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးများစွာ ပျံသန်းထွက်လာ၏။ သည်အတားအဆီး များက အနက်ရောင် လှံအဖြစ်သို့ ပြောင်း၍ ရှေ့သို့ ထိုးထွက်သွားသည်။ လှံနှင့် ချိန်းကြိုးတို့က ထိပ်တိုက်တွေ့ကြပြီး ချက်ချင်း ပျက်စီး သွားကြသည်။ သို့ရာတွင် လှံကတော့ အဘိုးအိုထံသို့ ဆက်လက်၍ ပျံသန်းတိုးဝင်သွား၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက စိတ်ဝိညာဉ်အလံကို လှုပ်ရမ်းသည်။ စိတ်ဝိညာဉ်တစ်သောင်း အပိုင်းအစများနှင့် အတူ ချီလင်သားရဲက ဟိန်းသံများ ပြုသည်။ ဝမ်လင်းက
“ဝါးမျိုစမ်း …”
ဆိုသည့် စကားတစ်ခွန်း ဆိုလိုက်သည့်အခါ စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးသည် ရှေ့သို့ တဟုန်ထိုး ထွက်သွား၏။
ထိုအခိုက်တွင် သွေးအဝန်းအဝိုင်း တစ်ခုထံကနေ ရှေးဟောင်း အသံတစ်ခု ထွက်ပေါ်လာ၏။
“မိတ်ဆွေလေး … ဒီအဘိုးအိုက နင့်ကို စောင့်နေရတာ အတော် ကြာခဲ့ပြီ …”
***