သည်ရွှေရောင် ချီလင်က လင်းထျန်ဟူ ယူလာခဲ့သော ချီလင်သားရဲနှင့် အတိအကျ တူ၏။ ကွာခြားတာဟူ၍ အရောင်တစ်ခုသာ ရှိသည်။
သို့သော်လည်း ၎င်း၏ အော်ရာက ဓားသူတော်စင် လင်းထျန်ဟူ ပိုင်ဆိုင်သော ချီလင်သားရဲထက် အားနည်းလေသည်။
“ချီလင် စိတ်ဝိညာဉ် အပိုင်းအစ …”
ဝမ်လင်းက သားရဲကို စူးစိုက်ကြည့်၍ လက်ဆန့်ထုတ်သည်။ ထိုအခါ အနက်ရောင် အခိုးငွေ့များက လှံအသွင် ပြောင်းသွားလေ၏။
ရွှေရောင် ချီလင်သားရဲက ဟိန်းသံပြုသည်။ သည့်နောက် ၎င်း၏ ရှေ့၌ ရွှေရောင် အလင်းလုံး တစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ဝမ်လင်းက ရှေ့သို့ တိုး၍ လှံဖြင့် ထိုးစိုက်သည်။
ဘန်း …
ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုနှင့်အတူ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင် သွေးကြောကိုပါ အက်ကွဲသွားစေ၏။ ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရပြီး ရွှေရောင် အလင်းလုံးကလည်း ပျောက်ကွယ်သွား၏။
“စိတ်ဝင်စားစရာပဲ …” လင်းထန်ဟူ၏ ချီလင်သားရဲက အသက်ရှိသော်လည်း ၎င်း၏ အမွေအနှစ် ဆုံးရှုံးနေသဖြင့် မန္တာန်များကို အသုံးမပြုနိုင်ပေ။ သည်စိတ်ဝိညာဉ် အပိုင်းအစက အားနည်းသော်လည်း မန္တာန်ကို အသုံးပြုနိုင်နေ၏။ ၎င်းက သားရဲအမွေအနှစ် မှတ်ဉာဏ်ကို ရရှိထားသည်မှာ ရှင်းလင်းပေသည်။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ထဲကနေ ခေါင်းလောင်းနှစ်ခုကို ထုတ်ယူလိုက်သည်။ သူက ခေါင်းလောင်းနှစ်ခုကို ချီလင်းသားရဲ အနီးသို့ ပစ်လွှတ်လိုက်သည်။
ချီလင်သားရဲက သူ့လက်ကို မြှောက်၍ ရိုက်ချသည်။ သည်တုန်ခါမှု လှိုင်းက ပတ်ဝန်းကျင် စိတ်ဝိညာဉ် သွေးကြောကို ပျက်စီးသွားစေပြီး ခေါင်းလောင်း နှစ်ခုပေါ်သို့ ကျရောက်လာ၏။
ဝမ်လင်းက နှာခေါင်းရှုံ့သည်။ သူက ရုတ်တရက် ရွှေ့၍ လှံဖြင့် ရှေ့သို့ ပစ်လွှတ်၏။ လှံက လေထဲကို ဖြတ်၍ ချီလင်သားရဲကို ထိုးစိုက် ဖြတ်ကျော်သွားသည်။
ချီလင်သားရဲက ဟိန်းဟောက်လိုက်၏။ လှံဖြင့် အထိုးခံရသော နေရာကနေ အမည်းရောင် အခိုးငွေ့များ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ပြောင်းသွားလေ၏။
ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ် အလံကို ထုတ်ယူ၍ လှုပ်ရမ်းလိုက်သည်။ ထိုအခါ သည်စိတ်ဝိညာဉ် အပိုင်းအစများက သူ့လှံရှိရာသို့ ပျံသန်းလာကြ၏။
ချီလင်သားရဲက ဟိန်းသံပြု၍ ချက်ချင်းပင် သည်စိတ်ဝိညာဉ် အစိတ်အပိုင်းများကို သူ့ခန္ဓာကိုယ် ထဲသို့ စုပ်ယူ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ညာလက်ကို လှုပ်ရှားလိုက်ပြီး စိတ်ဝိညာဉ် ဝဲကတော့ တစ်ခုကို ဖန်တီးလိုက်သည်။ သည့်နောက် သူက စိတ်ဝိညာဉ် အပိုင်းအစများ အတွက် ချီလင်သားရဲနှင့် စတင်တိုက်ခိုက်လေသည်။
ဝမ်လင်းက ချီလင်သားရဲကို အာရုံပြောင်းအောင် တိုက်ခိုက်နေစဉ်မှာ ခေါင်းလောင်းနှစ်ခုက ကြီးမားလာခဲ့ပြီး ချီလင်သားရဲနှင့် နီးကပ်သွား၏။ ချီလင်သားရဲက နှာမှုတ်လိုက်ရာ အမည်းရောင် အခိုးငွေ့ စီးကြောင်းနှစ်ခု ထွက်ပေါ်လာပြီးနောက် ချီလင်အငယ်စား နှစ်ကောင်အဖြစ်သို့ ပြောင်းသွား၏။ နှစ်ကောင်လုံးက ခေါင်းလောင်းကို ထုရိုက်လိုက်ကြ၏။
ဝမ်လင်းသည် ချီလင်နှစ်ကောင်ကို ချိပ်ပိတ်ပစ်ရန် အတားအဆီး လှိုင်းနှစ်ခုကို ပစ်လွှတ်လိုက်သည်။ သည့်နောက် သည်နှစ်ကောင်က ခေါင်းလောင်းထဲ၌ ပိတ်မိသွားပြီး ဝမ်လင်း၏ သိမ်းဆည်းခြင်း ခံလိုက်ရသည်။
ရွှေရောင်ချီလင် သားရဲထံကနေ မြောလွင့်လာသည် စိတ်ဝိညာဉ် အပိုင်းအစများကို ကြည့်နေရင်း ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက နှာခေါင်းရှုံ့၍ အော်ဟောက်၏။
“သောက်တိရစ္ဆာန် … မင်းက မင်းဘိုးဘေးရဲ့ စွမ်းအားလောက်သာ ရှိနေခဲ့မယ်ဆိုရင် ငါက မင်းပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ခုမင်းက စိတ်ဝိညာဉ် အပိုင်းအစလေး တစ်ခုကနေ သိပ်သည်းလာတဲ့ ပုံရိပ်ယောင် ခန္ဓာကိုယ်လေးပဲ ရှိတာပါ။ မင်းကို ဖျက်စီးဖို့က ဘာမှ ခက်လှတာ မဟုတ်ဘူး …”
ထိုသို့ ပြောပြီးနောက် ဝမ်လင်းလက်က လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ပုံရိပ်ယောင် အတားအဆီး တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။ သည်အတားအဆီး များက ချီလင်သားရဲကို ပိုက်ကွန် တစ်ခုကဲ့သို့ ဝန်းရံလာ၏။
ချီလင်သားရဲက ဟိန်းဟောက်၍ စတင်ရုန်းကန်ရာ အတားအဆီးက ပျက်စီးသွား၏။ သို့ရာတွင် ဝမ်လင်းက ရပ်တန့်ခြင်း မရှိဘဲ ပိုများသည့် အတားအဆီးများကို ချီလင် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်စေသည်။
သူက စက္ကန့် အနည်းငယ်အတွင်း မရေမတွက်နိုင်သော အတားအဆီး များစွာကို ပို့လွှတ်နေစဉ် သူ့နဖူးထက်၌ တဖြည်းဖြည်း ချွေးစို့လာခဲ့သည်။ ချီလင်သားရဲက ပို၍ ကျယ်လောင်စွာ ဟိန်းဟောက်သည်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်က တဖြည်းဖြည်း အားလျော့လာ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက သိုလှောင်အိတ်ထဲက အတားအဆီး အလံကို ထုတ်ယူလိုက်သည်။ သူက အလံကို တစ်ချက် ခါယမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီး အခိုးငွေ့များက မရေမတွက်နိုင်သော အနက်ရောင် လှံပုံစံသို့ ပြောင်း၍ ဝမ်လင်းရှေ့၌ ပေါ်လာ၏။ ဝမ်လင်း၏ အမိန့်ပေးမှုဖြင့် သည်အနက်ရောင်လှံက ချီလင်သားရဲထံသို့ တိုးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ညာဘက်လက်ကို ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လှုပ်ရှား၍ စိတ်ဝိညာဉ် ဝဲကတော့များကို ဖန်တီးနေ၏။ သူ့ညာဘက်လက်က တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားနေပြီး စိတ်ဝိညာဉ် ဝဲကတော့ တစ်ခုပြီး တစ်ခုကို ဖန်တီးဖြစ်ပေါ် စေနေသည်။
မရေမတွက်နိုင်သော အနက်ရောင် လှံများက ချီလင်သားရဲထံသို့ ထိုးစိုက်နေရာ ၎င်းသားရဲ၏ မျက်လုံးထဲ၌ ဒေါသများ ပြည့်လို့လာတော့၏။ ၎င်းက သူ့ခန္ဓာကိုယ်ကို ခါယမ်းလိုက်ရာ ရွေရောင် အလင်းလုံး ဆယ်လုံးကျော်က သူ့ပတ်ပတ်လည်၌ ဝန်းရံလာသည်။
ဘန်း … ဘန်း …
လှံများနှင့် ရွှေရောင် အလင်းလုံးများ ထိပ်တိုက် တွေ့ဆုံမှုကြောင့် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။ လှံအများစုက ရပ်တန့် သွားကြသော်လည်း အချို့က ချီလင်သားရဲ ခန္ဓာကိုယ်ပေါ်သို့ ထိမှန်လေသည်။ ထိုအခါ ချီလင်သားရဲ ခန္ဓာကိုယ်ကနေ လွင့်ထွက်လာသည့် စိတ်ဝိညာဉ် အပိုင်းအစများကိုလည်း ဝမ်လင်း ဖန်တီးထားသည့် စိတ်ဝိညာဉ် ဝဲကတော့များက စုပ်ယူပစ်နေ၏။
ချီလင်သားရဲက ကျယ်လောင်စွာ ဟိန်းသံပြု၍ ပို၍ အပြင်းအထန် ရုန်းကန်သည့် အတွက်ကြောင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးများက တစ်ခုပြီးတစ်ခု ပျက်စီးကုန်ကြသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ သူက ချီလင်သားရဲ စိတ်ဝိညာဉ် အပိုင်းအစကနေ ဖြစ်လည်သည့် ပုံရိပ်ယောင် ခန္ဓာကိုယ်က ခုလောက်ထိ စွမ်းအား ကောင်းနေလိမ့်မည်လို့ မထင်ထားမိချေ။ ၎င်းကိုသာ အနည်းငယ်ဆက်ပြီး ကြီးထွားခွင့်ပေးလျှင် ၎င်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားကို သိပ်မကြာခင်တွင် ပိုင်ဆိုင်လာနိုင်၏။
ဝမ်လင်း မျက်လုံးများက နက်မှောင်နေ၏။ သူက ညာလက်ကို မြှောက်လိုက်ရာ သားရဲချုပ်နှောင်ခြင်း လက်ကောက်က ပျံသန်းထွက်လာ၏။ ၎င်းက ဘေးတစ်ဖက်သို့ ရောက်လာသည်နှင့် နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထား အသွင်သို့ ပြောင်း၏။
စစ်ရထား၏ သားရဲက အနီရောင် လိပ်ပြာနှင့် တိုက်ပွဲပြီးသည့်နောက် များစွာ အားနည်းသွားခဲ့၏။ သို့ရာတွင် ၎င်းက ချီလင်သားရဲကို မြင်သည်နှင့် ၎င်း၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်လုံးများကလည်း လောဘနှင့် ပြည့်လာ၏။
ချီလင်သားရဲက သည်စိတ်ဝိညာဉ် သားရဲကို တွေ့မြင်လိုက်သည့်အခါ ၎င်းက ကျယ်လောင်စွာ ဟိန်းသည်။ သည်စိတ်ဝိညာဉ် သားရဲက ချီလင်သားရဲ၏ သဘာဝ ရန်သူတော် ဖြစ်သည်။ ၎င်းက အတားအဆီးများကို ရုန်းကန်နေသည်အား ရပ်တန့်လိုက်သည်။ သူ့မျက်လုံး ထဲ၌လည်း တိုက်ပွဲဝင် စိတ်ဆန္ဒများ ထွက်ပေါ်လာသည်။
ဝမ်လင်းက သည်အချင်းအရာကို တွေ့သည့်အခါ အံ့အားသင့်သွား၏။ သူ့မျက်လုံးများကလည်း တလက်လက် ဖြစ်နေသည်။ သူက ချက်ချင်း စစ်ရထားထံသို့ ချိပ်တံဆိပ်တစ်ခု ပို့လွှတ်လိုက်သည်။ ပထမဆုံး အကြိမ်အဖြစ် စိတ်ဝိညာဉ် သားရဲက ပျော်ရွှင်စွာ ဟိန်းသံပြု၏။ သူက အရင်အကြိမ်တွေ တုန်းကကဲ့သို့ ဝမ်လင်းကို ဟိန်းဟောက်၍ ဝါးမျိုပစ်ရန်ပင် မကြိုးစားတော့ချေ။ ၎င်းက ချီလင်သားရဲ ထံသို့သာ တဟုန်ထိုး တိုးဝင်လေ၏။
ချီလင်သားရဲက ဟိန်းသံပြု၏။ မရေမတွက်နိုင်သော ရွှေရောင် အလင်းလုံးများက စိတ်ဝိညာဉ် သားရဲ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန် ချီလင်သားရဲ ရှေ့၌ ပေါ်လာခဲ့သည်။
စိတ်ဝိညာဉ် သားရဲက ဟိန်းသံပြု၍ ရွှေရောင် အလင်းတန်းများကို ဖြတ်ကျော်၍ ချီလင်သားရဲကို ဝင်ဆောင့်ပစ်သည်။
သားရဲ နှစ်ကောင်လုံးက နာကျင်စွာ ညည်းတွားလိုက်ကြသည်။ စိတ်ဝိညာဉ် သားရဲက အလွန် လျင်မြန်စွာ တဟုန်ထိုး တိုးဝင်သည့်အတွက် ၎င်းခန္ဓာကိုယ် ပေါ်ရှိ ချိန်းကြိုးများသည် အကန့်အသတ်သို့ ရောက်သွား၏။ စစ်ရထားမှ ချိန်းကြိုးများက စိတ်ဝိညာဉ်သားရဲကို နောက်သို့ အတင်းအကြပ် ပြန်ဆွဲခေါ်သည့်အတွက် ၎င်းက နာကျင်သွားသည်။ စိတ်ဝိညာဉ်သားရဲက နောက်သို့လှည့်၍ ချိန်ကြိုးများကို ကိုက်ပစ်သည်။ သို့သော် သူဘယ်လောက် ကြိုးစားပါစေ ချိန်းကြိုးများကို မဖျက်စီးနိုင်ချေ။ သည့်နောက် ၎င်းက ဝမ်လင်းထံသို့ ပြန်လှည့်၍ ဟိန်းဟောက်သည်။ ၎င်း၏ ရည်ရွက်ချက်က သိသာနေသည်။
ချီလင်သားရဲက စိတ်ဝိညာဉ် သားရဲအတွက် ပြိုင်ဘက် မဟုတ်ချေ။ ၎င်းခန္ဓာကိုယ် ပေါ်ရှိ အတားအဆီးများ အားလုံးက ပျက်စီးသွားပြီး စိတ်ဝိညာဉ် အပိုင်းအစ များစွာက ၎င်းခန္ဓာကိုယ်ထဲမှ လွတ်ထွက်သွား၏။
သည်စိတ်ဝိညာဉ် အပိုင်းအစများ ပေါ်ထွက်လာသည်နှင့် ၎င်းတို့က အနီးအနားရှိ စိတ်ဝိညာဉ် ဝဲကတော့များ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ မျက်စိ တစ်မှိတ်အတွင်း ၎င်းစိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက စုပ်ယူခြင်း ခံလိုက်ရသည်။
ရွှေရောင်ချီလင် သားရဲခန္ဓာကိုယ်က အစောပိုင်း တုန်းကလောက် အထည်ဒြပ် မရှိတော့ဘဲ ပုံရိပ်ယောင် ဆန်လာ၏။ ၎င်းက စိတ်ဝိညာဉ် သားရဲကို မချင့်မရဲ မျက်လုံးများဖြင့် ကြည့်နေ၏။ ၎င်းက ခပ်တိုးတိုး ဟိန်းဟောက်လိုက်၏။ သို့သော် ရှေ့သို့ တိုးသွားခြင်း မပြုရဲချေ။
တကယ်တော့ ၎င်းက စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုသာ ဖြစ်သည်။ ၎င်း၏ အထွတ်အထိပ် အချိန်တုန်းက စိတ်ဝိညာဉ် သားရဲထက် သန်မာလိမ့်မည် ဖြစ်၏။ သို့သော် ခုချိန်၌ ၎င်းက စိတ်ဝိညာဉ် သားရဲ၏ ပြိုင်ဘက် မဟုတ်ချေ။
ချီလင်သားရဲက လွင့်စဉ်သွားသဖြင့် ရွှေရောင်အလံက အစောင့်အကြပ် မရှိသလို ဖြစ်သွား၏။ ဝမ်လင်းက ရွှေရောင်အလံ ရှေ့၌ ပေါ်လာခဲ့ပြီး ၎င်းကို ဖမ်းဆုပ်ရန် ဟန်ပြင်သည်။
သို့ရာတွင် ချီလင်သားရဲက ဒေါသတကြီး ဟိန်းသံပြု၍ ဝမ်လင်းထံသို့ လှမ်း၍ တိုက်ခိုက်သည်။ ဝမ်လင်းက နှာခေါင်းရှုံ့၍ လက်ဆန့်တန်းလိုက်ရာ စစ်ရထားပေါ်ရှိ ချိန်းကြိုးများက ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
ချိန်းကြိုးများ ထိန်းချုပ်ထားခြင်း မရှိသည့်အခါ စိတ်ဝိညာဉ်သားရဲက အူမြူးစွာ ဟိန်းသံပြု၍ ချီလင်သားရဲကို တိုက်ခိုက်ပြန်သည်။
ချီလင်သားရဲက မချင့်မရဲ ဟိန်းသံပြုသည်။ အကူအညီမဲ့စွာ ခံစားရသဖြင့် သူက ဝမ်လင်းကို မတိုက်ခိုက်တော့ဘဲ လွတ်မြောက်ရန်သာ ကြိုးစားလိုက်၏။
စိတ်ဝိညာဉ် သားရဲက ချီလင်သားရဲ နောက်သို့ လိုက်သည်။ ချီလင်သားရဲ ထံကနေ စိတ်ဝိညာဉ် အစိတ်အပိုင်းများစွာ ထပ်မံထွက်ပေါ်လာပြီး ဝဲကတော့များ၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။
ဝမ်လင်းက ရွှေရောင်အလံကို ဖမ်းဆုပ်လိုက်သည်။ သူက ၎င်းအလံကို ထိလိုက်သည်နှင့် အေးစက်စက် အော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာဖြတ်သန်းပြီး နောက်မှ ပြန်ပျောက်ကွယ် သွားလေသည်။ ဝမ်လင်းက စိတ်ဝိညာဉ် အလံက စုပ်ယူထားသော စိတ်ဝိညာဉ် အဆီအနှစ် အချို့ကို ထွေးထုတ်လိုက်ရင်း ပျော်ရွှင်လို့ သွားသည်။
ဝမ်လင်းက မာန်သွင်း၍ အလံကို ဆွဲယူသည်။
ရွှေရောင်အလံ ရှိသော နေရာကနေ လက်မောင်းလုံးခန့်ရှိသည့် အမည်းရောင် အခိုးအငွေ့ဒြပ်ထု တစ်ခု ထွက်ပေါ်လာပြီး စိတ်ဝိညာဉ် မွန်းမံခြင်း တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
သည်အခါ စိတ်ဝိညာဉ် မွန်းမံခြင်းတောင်၏ တပည့်များ အားလုံးက ကောင်းကင်ထက်ကို ကြည့်၍ မှက်သက် နေမိကြသည်။ သူတို့က မြေအောက်ထဲက ဟိန်းသံများ ထွက်ပေါ်လာခဲ့သည်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။ သို့သော် သည်ဟိန်းသံများက စွမ်းအား ကောင်းလွန်းသည်မှာ သိသာသဖြင့် မည်သူကမျှ စစ်ဆေးကြည့်ရဲခြင်း မရှိကြပေ။
တောင်သုံးခုကြားရှိ ရွှေရောင် အလင်းအဝန်း အဝိုင်းများသည်ပင် ညင်သာစွာ တုန်ခါလာသည်။ သည့်နောက် ရှစ်ခုမြောက် ရွှေရောင် အဝန်းအဝိုင်း ထဲကနေ လူတစ်ယောက် လမ်းလျှောက်၍ ထွက်လာ၏။ သည်လူ၏ ဆံပင်များက ဖြူစွတ်နေပြီး သူ့မျက်နှာက ရှုံ့တွနေသည်။ သူက မည်သို့ ဖြစ်ပျက်သည်ကို စစ်ဆေးကြည့်ရန် ထွက်လာခဲ့စဉ်တွင် တစ်စုံတစ်ခုကို ကြားလိုက်ရသဖြင့် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက နောက်သို့ ပြန်လှည့်၍ သွေးရောင် အဝန်းအဝိုင်း နှစ်ခုရှိရာသို့ ဦးညွှတ်လိုက်၏။
“ဘိုးဘေးရဲ့ အမိန့်အနေနဲ့ …”
ထိုသို့ ပြောပြီးနောက် သူက ရွှေရောင် အဝန်းအဝိုင်းထံသို့ ပြန်သွားလေ၏။
ဝမ်လင်းက ရွှေရောင်အလံကို ကိုင်ဆောင်ထားပြီး ၎င်းကို လှုပ်ရမ်းကြည့်ကာ ပြောသည်။
“ဒီအလံရဲ့ မူလစိတ်ဝိညာဉ် ချီလင်သားရဲ ပြန်လာစမ်း …”
မျက်စိ တစ်မှိတ်အတွင်း ချီလင်သားရဲက စိတ်ဝိညာဉ် သားရဲ၏ အတင်းအကြပ် ဖိအားပေးခြင်း ခံရပြီး ထောင့်တစ်ခုထဲသို့ ရောက်နေ၏။ သူက အကြိမ်များစွာ ဝါးမျိုခံရပြီးနောက် ဟိန်းသံတစ်ချက်ပြု၍ ရွှေရောင် အလံထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားတော့သည်။
ဝမ်လင်းက သူ့လက်ထဲရှိ စိတ်ဝိညာဉ်အလံက တုန်ခါသွားသည်ကို ခံစားမိလိုက်၏။ သူက ၎င်းအလံကို သိမ်းဆည်းလိုက်၏။ သူက အလွန် ပျော်ရွှင်နေသည်။
စိတ်ဝိညာဉ် သားရဲက အလွန်အမင်း ဒေါသထွက်သွားသည်။ သူက ဝမ်လင်းကို နက်ရှိုင်းစွာ မုန်းမိနေသည်။ အကြောင်းကတော့ ၎င်းက သူလုံးဝ ဝါးမျိုပစ်ခါနီး အစာကို ဝမ်လင်းကို ခိုးယူ လိုက်သောကြောင့်ပင်။ ၎င်းက ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာ၏။
ဝမ်လင်းက သည်စိတ်ဝိညာဉ် သားရဲကို အမှန်တကယ် ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း သူက ၎င်းကို ချိပ်ပိတ် ပစ်နိုင်နေဆဲပင်။ သူက စစ်ရထားထံသို့ လက်ညွှန်သည်။ မရေမတွက်နိုင်သော ချိန်းကြိုးများက စစ်ရထားထံကနေ ထွက်လာပြီး စိတ်ဝိညာဉ်သားရဲ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။
သည့်နောက် စိတ်ဝိညာဉ် သားရဲက ဒေါသတကြီး ဟိန်းဟောက်နေရင်းဖြင့် စစ်ရထား၏ ဆွဲခေါ်မှုကြောင့် တဖြည်းဖြည်း နောက်သို့ ပြန်ဆုတ်သွားရပြီး သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲသို့ ပြန်ရောက်ရှိသွား၏။
ဝမ်လင်းက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ချက်ချင်း သိမ်းဆည်းခြင်း မပြုသေးချေ။ သို့သော် ၎င်းကို ချိပ်ပိတ်၍ သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ သည့်နောက် သူက ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်မွန်းမံခြင်း တောင်ထိပ်၌ ပေါ်လာခဲ့၏။
ခုချိန်တွင် တောင်ပေါ်တွင် အမည်းရောင် အခိုးအငွေ့များက ထုထည်စွာ ရှိနေသည်။ ဝမ်လင်းက သည်အမည်းရောင် တိမ်တိုက် အခိုးအငွေ့များကို ကြည့်၍ စဉ်းစားနေ၏။
“တောင်အောက်ဘက်က တိုက်ပွဲ ဆူညံမှုက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းနဲ့ အထက်အဆင့်တွေရဲ့ အာရုံကို ဆွဲဆောင်သွားလိမ့်မယ်။ ခုထိတော့ စစ်ဆေးဖို့ ဘယ်သူမှ ထွက်မလာသေးဘူး။ ဒီကိစ္စက စိတ်ဝင်စားစရာပဲ …”
ဝမ်လင်းက ရွှေရောင် အဝန်းအဝိုင်း ကိုးခုနှင့် ထိုနောက်ရှိ သွေးရောင် အဝန်းအဝိုင်း နှစ်ခုကို စူးစိုက် ကြည့်နေသည်။ သူက သူ့ကျင့်ကြံမှုက လုံးဝ ပြန်မကောင်း သေးသော်လည်း သူက စိုးရိမ်ခြင်း မရှိချေ။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက် ထွက်လာမည် ဆိုရင်ပင် သူက လေဟာနယ်ကို ဖွင့်၍ ကြယ်သံလိုက် အိမ်မြှောင်ကို အသုံးပြုကာ ထွက်ပြေးနိုင်သေးသည်။
သူက သွေးရောင် အဝန်းအဝိုင်း နှစ်ခုထဲက တစ်ခု၏ မျက်လုံးတစ်စုံကနေ သူ့ထံသို့ ကြင်နာစွာ ကြည့်နေသည်ကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။ သည့်နောက် ၎င်းအကြည့်က ချက်ချင်း ပြန်ပျောက်ကွယ်သွားသည်။
“အယ်…”
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။
***