ဝမ်လင်းက လျိုမေ ပျောက်ကွယ် သွားသည်ကို ကြည့်နေရင်း သူ့မျက်လုံးများက အေးစက်လာခဲ့၏။
“ငါက လျိုမေရဲ့ ကျင့်ကြံမှု အဆင့်ကို ဖြတ်မမြင်နိုင်ဘူး။ ဒါ့ကြောင့် သူမက ငါ့ထက် ကျင့်ကြံမှုအဆင့် ပိုမြင့်ရမယ်။ မဟုတ်ရင် သူမက ကျူးချွဲဇီရဲ့ တပည့်တစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ ဒီအမျိုးသမီးက ဘာကြောင့် ငါ့ဆီလာခဲ့တာလဲ မသိရဘူး …”
ဝမ်လင်းက မျက်မှောင်ပိုကြုတ် သွားမိသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ရှုယင်နှင့် လျိုဝေတို့သည် သူ့လိုဏ်ဂူနှင့် ဆယ့်နှစ်ပေကျော် အကွာသို့ ရောက်ရှိ သွားကြသည်။
ဝမ်လင်းက ကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ချေ။ သို့သော် သူက သည်အမျိုးသမီး နှစ်ယောက်ကြောင့် သူက လျိုမေ၏ အတွင်း သဏ္ဌာန်ကို မြင်နိုင်ခဲ့ရသည်။ သည့်အတွက်ကြောင့်လည်း သူက သူတို့နှစ်ယောက်ကို မကန်ထုတ်တော့ခြင်း ဖြစ်၏။
“လျိုမေက ငါ့ကျင့်ကြံမှု အဆင့် ပြန်မကောင်းခင် ကတည်းက ငါ့ကို သတ်လို့ရတဲ့ အခွင့်ရှိရဲ့သားနဲ့ မသတ်ခဲ့ဘူး။ ဒါ့ကြောင့် သူ့ရည်ရွယ်ချက်က ငါ့ကို သတ်ဖို့လာတာ မဟုတ်လောက်ဘူး။ သူမရဲ့ ပြောဆို ဆက်ဆံပုံမှာ စိတ်ခံစားချက်တွေ ပြည့်နေတယ်လို့ ထင်ရပေမဲ့ ရက်စက် ကြမ်းကြုတ်မှုတွေလည်း ရှိနေတယ်။ ဒါက ထူးဆန်းတယ်။ သူမက လုံးဝ ကောင်းတဲ့ ရည်ရွယ်ချက် ရှိမှာ မဟုတ်ဘူး …” ဝမ်လင်းအသွင်က နက်မှောင်နေ၏။
သည့်နောက် သူက လိုဏ်ဂူရှိရာသို့ ပြန်လာခဲ့ပြီး ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်သည်။
“ကျင့်ကြံခြင်းက ခုဆို ပြဿနာတစ်ခု မဟုတ်တော့ဘူး။ ငါ့ မူလစိတ်ဝိညာဉ် ပြန်ကောင်း လာတာနဲ့ ငါ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်ကို ပြန်ရောက်ပြီ။ အရေးကြီးဆုံးက ငါ့မူလ စိတ်ဝိညာဉ်ကို ပြန်ကောင်းမွန်အောင် လုပ်ဖို့ပဲ …”
“ငါက ပိုအားကောင်းတဲ့ စိတ်ဝိညာဉ် စွမ်းအင် ဖိအားကို ရှာဖို့လိုနေပြီ။ အဲဒီနေရာမှာပဲ ငါ့မူလ စိတ်ဝိညာဉ်ပြန် ကောင်းမွန်အောင် လုပ်လို့ရနိုင်မယ် …” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပျောက်ကွယ်လို့ သွား၏။
သည့်နောက်သူက စိတ်ဝိညာဉ် မွမ်းမံခြင်းတောင် အောက်ခြေရှိ စိတ်ဝိညာဉ် သွေးကြော နေရာတွင် ပြန်ပေါ်လာခဲ့သည်။
သည်နေရာက စိတ်ဝိညာဉ် သွေးကြေ၏ အောက်ဆုံးအပိုင်း ဖြစ်သည်။ သည်အောက်ဆုံး အပိုင်း၏ ပေ (၃၀၀၀) အောက်တွင် ရွှေရောင်အလံ ရှိနေ၏။
သည်အကွာအဝေးလောက် ဆိုလျှင် စိတ်ဝိညာဉ် အလံထဲရှိ ချီလင်သားရဲက သူ့ကို နှောင့်ယှက်မည် မဟုတ်ချေ။
ဝမ်လင်းက ထိုင်နေရင်းဖြင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ထံသို့ စုဝေးလာနေသည်ကို ခံစားမိ၏။ ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ မျက်လုံး မှိတ်လိုက်သည်။ သည်တစ်ကြိမ်၌ သူက စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူခြင်း မပြုချေ။ ထိုအစား သည်စွမ်းအင်၏ ဖိအားကို အသုံးပြု၍ သူ့မူလ စိတ်ဝိညာဉ် ပြန်ကောင်းမွန်အောင် လုပ်နေ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။ ရှုယင်နှင့် လျိုဝေတို့ သည်လည်း သတိပြန်ရ လာပြီး သူတို့က ဝမ်လင်းလိုဏ်ဂူ၏ အပြင်ဘက်တွင် ရှိမနေသည်ကို တွေ့လိုက်ရ၏။ သည့်နောက် သူတို့နှစ်ယောက်က ခဏတာ ဆွေးနွေးပြီးနောက် သည်အနီး အနားတွင်ပင် လိုဏ်ဂူ အသေးတစ်ခု ပြုလုပ်၍ တိတ်ဆိတ်စွာ ကျင့်ကြံ နေကြလေ၏။
သည်နေ့တွင် ဝမ်လင်းက သူ့မူလ စိတ်ဝိညာဉ်ကို ပတ်ဝန်းကျင် စိတ်ဝိညာဉ် သွေးကြောမှ ဖိအားများကို ငှားရမ်း သုံးဆွဲ၍ ရူးသွပ်စွာ သိပ်သည်းလို့ နေ၏။ သူက ရုတ်တရက် မျက်လုံးပွင့် လာခဲ့သည်။
သူ့မူလ စိတ်ဝိညာဉ်က လုံးဝ ပြန်ကောင်းမွန်ခြင်း မရှိသေးသော်လည်း ၎င်းက လွန်ခဲ့သော လအနည်းငယ် ကထက် စာလျှင်တော့ များစွာ ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ခုချိန်၌ သူ့မျက်နှာပေါ်၌လည်း လက်ဖက်ရွက် နယ်ပယ် အမှတ်အသားက နှစ်ခုသာ ရှိတော့၏။
ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက နတ်ဘုရား အာရုံကို ဖြန့်ကြက်၍ ရွှေရောင်အလံ ထံသို့ ပို့လွှတ်လိုက်သည်။
သည်အခိုက်တွင် အလံဘေး၌ ပုံရိပ်ယောင် တစ်ခု ပေါ်လာခဲ့ပြီး ၎င်းအလံထဲက ဟိန်းသံတစ်ခု ထွက်ပေါ်လာ၏။ အလံဘေးရှိ ချီလင် သားရဲကြီး၏ မျက်လုံးများက နီရဲလျက် ရှိနေ၏။
ပုံရိပ်ယောင်က နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်လေ၏။
ဝမ်လင်းက သည်ပုံရိပ်ယောင်သည် မည်သူဖြစ်မှန်း သိလိုက်၏။ သည်လူက စဦးစိတ်ဝိညာဉ် အထွတ်အထိပ် အဆင့်သို့ ရောက်နေသော စိတ်ဝိညာဉ် မွမ်းမံခြင်း တောင်၏ အကြီးအကဲဖြစ်သူ ဖြစ်သည်။
“သေစမ်း …။ ဒီ စိတ်ဝိညာဉ် တစ်သိန်းအလံက ပိုပိုပြီး သန်မာအားကောင်း လာနေတယ်။ ငါ့ကျင့်ကြံမှုနှုန်းနဲ့ ဒီအလံကို ဘယ်အချိန်ကျမှ သန့်စင်နိုင်မှာလဲ …” အဘိုးအို၏ မျက်နှာက ရှုံ့တွနေသည်။
သည်ချီလင် သားရဲက ဝမ်လင်းကဲ့သို့ အဘိုးအိုကိုတော့ တက်ကြစွာ တိုက်ခိုက်ခြင်း မရှိချေ။ ၎င်း၏ သွေးစာနေသော မျက်လုံးထဲ၌ သရော် အထင်သေးဟန် အငွေ့အသက်များ ပါနေ၏။
“ဒီ သောက် တိရစ္ဆာန်ကောင် …” အဘိုးအိုက အော်ဟောက်လိုက်၏။ “ဘိုးဘေးတွေက ဒီတောင် သုံးခုအောက်မှာ ရှိတဲ့ ချိပ်ပိတ်ထားတဲ့ အလံကို ဘယ်သူမဆို သန့်စင်နိုင်ရင် ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ပြောခဲ့တယ်။ တစ်နေ့ မင်းက ငါ့အပိုင် ဖြစ်ရမယ် …”
“ဝေါင်း …” ချီလင်သားရဲက နှာခေါင်းရှုံ့၏။ သူ့မျက်လုံးထဲရှိ အထင်သေးမှု ကလည်း ပိုတိုးသွားခဲ့သည်။
“ဟက် …” အဘိုးအိုက သိုလှောင်အိတ် ထဲကနေ ရွှေရောင်အလံ တစ်ခုကို ထုတ်ယူလိုက်သည်။ သူကသည်အလံကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ထွက်လာကြ၏။ ရှေ့ဆုံး၌ မူလစိတ်ဝိညာဉ် အဖြစ် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် ဝိညာဉ်တစ်ကောင် ရှိလို့နေသည်။ ၎င်းနောက်၌ အလယ်အဆင့်နှင့် အစောပိုင်းအဆင့် စိတ်ဝိညာဉ် ဆယ်ကောင် ရှိနေ၏။ ၎င်းတို့နောက်၌မူ မရေမတွက်နိုင်သော ကျင့်ကြံမှုအဆင့် မျိုးစုံရှိသည့် စိတ်ဝိညာဉ်များ ရှိနေကြသည်။
အဘိုးအိုက အော်ဟစ်လိုက်၏။ “စိတ်ဝိညာဉ် တစ်သောင်း … ဝါးမျိုစမ်း …” သူက အလံကို ချီလင်ထံသို့ ညွှန်လိုက်သည်။ သည့်နောက် မရေမတွက်နိုင်သော စိတ်ဝိညာဉ်များက ချီလင်သားရဲထံသို့ တစ်ဟုန်ထိုး တိုးဝင် သွားကြသည်။
ချီလင်သားရဲက မျက်ခုံးပင့်၍ ကြည့်ပြီး လျှပ်စီးတန်း တစ်ခုလို လှုပ်ရှားလိုက်သည်။ ၎င်းက ရှောင်ဖယ်ခြင်း မရှိဘဲ သူ့ထံသို့ ဝင်လာနေသော စိတ်ဝိညာဉ်များထံသို့ တန်းတန်းမတ်မတ် တိုးဝင်ပြီး ရူးသွပ်စွာ စတင် ဝါးမျို၏။
သည်အဖြစ်က အဘိုးအိုအတွက် သည်သားရဲနှင့် တိုက်ခိုက်ခြင်းက ပထမဆုံးအကြိမ် မဟုတ်တော့သည့် အတွက် သူက တုန်လှုပ်မိခြင်း မရှိချေ။ အဘိုးအိုက သားရဲ စိတ်ဝိညာဉ်များကို ဝါးမျို နေသည်ကို စောင့်ကြည့်နေ၏။ ၎င်းက စိတ်ဝိညာဉ် တစ်ကောင် ဝါးမျိုပြီး သွားတိုင်း အနည်းငယ် ပိုကြီးမား လာခဲ့သည်။
ပုံမှန်အားဖြင့် သူ့ကျင့်ကြံမှု အဆင့်နှင့် သည်ချီလင် သားရဲကို ယှဉ်နိုင်ခြင်း မရှိချေ။ သို့သော်သူက စိတ်ဝိညာဉ် သန့်စင်ခြင်းကို အထူးပြု လေ့ကျင့်ထားသူ ဖြစ်သည်။ စိတ်ဝိညာဉ် တစ်သောင်း အလံနှင့်ဆိုလျှင် သူက သည်သားရဲကို အနည်းငယ်မျှတော့ ကိုင်တွယ်နိုင်သည်။
သိပ်မကြာခင်တွင် အဘိုးအိုလက်က လျင်မြန်စွာ လှုပ်ရှားလာ၏။ သူက အမျိုးစုံသော ချိပ်တံဆိပ်များကို ပြုလုပ်နေသည်။ သိပ်မကြာခင်တွင် သူ့လက်မွေးညင်းပေါက် များကနေ သွေးများစီးကျ လာခဲ့သည်။ သူ့အသွင်က အလွန် လေးနက် သွားပြီးနောက် သူ့ရှေ့၌ သွေးလုံးတစ်ခု ပေါ်ထွက်လာလေ၏။
အဘိုးအိုက အော်ဟောက်လိုက်သည်။ “သွေးစတေးခြင်း” သူက ထိုသို့ ပြောပြီးသည်နှင့် သွေးလုံးက ရုတ်တရက် မရေမတွက်နိုင်သော သွေးစက်များ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားပြီး သည်ဧရိယာ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ချီလင်သားရဲ ဝါးမျိုနေသော စိတ်ဝိညာဉ်များက အားအင် ဖြည့်တင်းမှုများစွာ ရရှိလာသကဲ့သို့ စတင် လှုပ်ရှားလာသည်။ သူတို့က ချီလင်သားရဲ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာရန် ကြိုးစားလာကြ၏။
အပြင်ဘက်၌လည်း မူလစိတ်ဝိညာဉ်၏ အမိန့်ပေးမှု အောက်၌ များစွာသော စိတ်ဝိညာဉ်များက ချီလင်သားရဲကို တိုက်ခိုက် နေကြသည်။
စဦးစိတ်ဝိညာဉ် အဆင့် စိတ်ဝိညာဉ် များကလည်း မန္တန်များ အသုံးပြု၍ တိုက်ခိုက် နေကြသည်။ သို့သော် ချီလင်သားရဲက အလွန်အမင်း ထိတ်လန့်သွားခြင်း မရှိဘဲ သူ့မျက်လုံးထဲ၌ အထင်သေးမှုများနှင့်သာ ပြည့်လို့နေသည်။
ချီလင်သားရဲက ရုတ်တရက် ကြမ်းကြုတ်စွာ ဟိန်းသံပြု၏။ ရွှေရောင် အလံထဲက အမည်းရောင် အခိုးငွေ့များ ထွက်လာပြီး နောက်ထပ် ဒီမွန်သားရဲ တစ်ကောင် ဖြစ်ပေါ်လာ၏။
သည်သားရဲ နှစ်ကောင်က အတိအကျ တူညီနေသည်။
အဘိုးအို၏ အသွင်က ရုပ်ဆိုးသွား၏။ သူက ချီလင်သားရဲကို တိုက်ခိုက်ခဲ့သည့် နောက်ဆုံး တစ်ကြိမ်က ဒုတိယချီလင် သားရဲတစ်ကောင် ထပ်မံ ထွက်ပေါ် လာသည့်အခါ အတင်းအကျပ် ပြန်ဆုတ်ခဲ့ရသည်။ ခုတစ်ကြိမ်၌လည်း သူက ထပ်မံ၍ သားရဲနှစ်ကောင်ကို တွေ့လိုက်ရသဖြင့် သူ့အသွင်က ရှုံ့မဲ့လို့နေသည်။
သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနက်ရောင် အလင်းတန်း တစ်ခုက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။ သည်အနက်ရောင် အလင်းတန်းထဲရှိ အရာဝတ္ထုက ခေါင်းလောင်းတစ်ခု ဖြစ်နေသည်။ သည်ခေါင်းလောင်း လက်ကိုင်က ခရမ်းရောင် သစ်သားဖြင့် ပြုလုပ်ထားပြီး ၎င်းပေါ်၌လည်း ရှုပ်ထွေးသော စာလုံးများ ရေးထွင်းထားသည်။
“ငါက မင်းကို ရင်ဆိုင်ဖို့ တစ်ခုတည်း အတွက်နဲ့ အလွန် ရှားပါးတဲ့ ရတနာတစ်ခုနဲ့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း တောင်က ဒီစိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း ခေါင်းလောင်းကို လဲလှယ်ခဲ့ရတယ် …” အဘိုးအိုက ထိုသို့ အော်ပြောလိုက်သည်။ သည့်နောက်သူက ခေါင်းလောင်းကို လှုပ်ယမ်း၏။ ခေါင်းလောင်း မည်သံနှင့်အတူ လူသားအသွင် ဦးချိုတစ်ချောင်း ရှိသည့် သားရဲများ ဖြစ်ပေါ်လာပြီး ချီလင်သားရဲ နှစ်ကောင်ထံသို့ တိုးဝင် သွားကြသည်။
ချီလင်သားရဲ နှစ်ကောင်က ပိတ်လှောင်ခြင်း ခံလိုက်ရပြီး ၎င်းတို့က ဆက်လက် ဟိန်းဟောက်နေကြ၏။
အဘိုးအိုက သူ့လက်ထဲရှိ ရတနာကို ကြိုးစား ထိန်းချုပ်နေရင်း ပျော်ရွှင်လို့ သွား၏။
သို့သော် ထိုအခိုက်၌ အလံထဲကနေ အမည်းရောင် အခိုးငွေ့များ ထပ်မံ ထွက်လာပြီး နောက်ထပ် တတိယမြောက် ချီလင်သားရဲ တစ်ကောင် ထွက်ပေါ် လာခဲ့လေ၏။
အဘိုးအိုက မချင့်မရဲ ဖြစ်စွာ အော်ဟစ်လိုက်သည်။ သည်တစ်ကြိမ်၌ သူက အစွမ်းကုန် အသုံးချ၍ တတိယချီလင် သားရဲကို အတင်းအကျပ် ရင်ဆိုင်သည်။ သို့သော် သည်နေ့တွင် သူက အလွန် မျှော်လင့်ချက်မဲ့မှုကို ခံစားနေရသည်။ ပထမ တစ်ကြိမ်၌ သူက ချီလင်သားရဲ တစ်ကောင်သာ ရှိသည်ဟု တွေးထင်ခဲ့သည်။ သို့သော် သူက စိတ်ဝိညာဉ် တစ်သောင်း အလံကို အသုံးပြု၍ ပထမဆုံး ချီလင်သားရဲကို ချုပ်နှောင်ရန် ကြိုးစားစဉ် ဒုတိယတစ်ကောင် ထွက်လာခဲ့၏။
သူက ဒုတိယ ချီလင်သားရဲကို ရှုံးနိမ့်ခဲ့ရသည်။
ခုတစ်ကြိမ် လာသည့်အခါကျတော့ သူကများစွာ အားထုတ်ပြီး ခေါင်းလောင်းကို ရရှိအောင် လုပ်ခဲ့ရသည်။ သို့သော် သည်တစ်ကြိမ်၌လည်း တတိယ ချီလင်သားရဲ ထွက်ပေါ်လာပြန်၏။
သည့်အတွက်ကြောင့် သူက နောက်ထပ် လေးကောင်မြောက်၊ ငါးကောင်မြောက်၊ ခြောက်ကောင်မြောက် … အစရှိသဖြင့် ထပ်ထွက်လာနိုင်ဦး မလားဟု မတွေးမိဘဲ မနေနိုင်တော့ချေ။
“ဒီအလံက ဒီနေရာမှာ အချိန်အကြာကြီး ရှိခဲ့တာတောင်မှ ဘယ်သူမှ မယူနိုင်တာ အံ့ဩစရာ မရှိတော့ဘူး …” အဘိုးအိုက သက်ပြင်းချ၍ လက်လျှော့ဟန် ပြင်လိုက်သည်။
သို့သော် သည်အချိန်၌ အားကောင်းသော နတ်ဘုရား အာရုံတစ်ခုက အဘက်ဘက်မှ ဆင်းသက်လာ၏။ အဘိုးအို၏ အသွင်က ကြီးစွာပြောင်းလဲ သွားသည်။ သူက သည်နတ်ဘုရား အာရုံကို ခုခံနိုင်ခြင်း မရှိချေ။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်နှင့် ရင်ဆိုင်နေရ သကဲ့သို့ ခံစားမိနေသည်။
သို့ရာတွင် နှိုင်းယှဉ်လျှင် အခုခံစားချက်က များစွာ ပိုအားကောင်း နေခဲ့သည်။
ဒါ”က တံခါးပိတ် ကျင့်ကြံနေတဲ့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ဘိုးဘေး ဖြစ်ရမယ် …” အဘိုးအိုက တုန်ရင်သွားပြီး ခပ်မြန်မြန် ပြောလိုက်၏။ “တပည့် ဝူသောက်ချီက ဘိုးဘေးကို နှုတ်ဆက်ပါတယ် …”
စွမ်းအားကောင်းသော နတ်ဘုရားအာရုံ ရောက်လာချိန်၌ တတိယချီလင် သားရဲက အထိတ်တလန့် အော်လိုက်ပြီး အနက်ရောင် အလင်းတန်း၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။ ၎င်းက လွတ်မြောက်ရန် အော်ဟစ်ရုန်းကန် နေ၏။
“ဟက် …” အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာပြီး ဧရာမလက်ကြီး တစ်ဖက်က လေဟာနယ် ထဲကနေ ဆန့်တန်း ထွက်လာပြီး ရွှေရောင် စိတ်ဝိညာဉ် အလံဆီသို့ လှမ်းလာခဲ့သည်။
သည်အခိုက်၌ ရွှေရောင် စိတ်ဝိညာဉ် အလံက စတင် လှုပ်ရှားသွားပြီး ချီလင်သားရဲ သုံးကောင်ထပ် ပို၍ ထွက်ပေါ်လာကြပြီး လက်ကြီးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။ ချီလင်သားရဲ သုံးကောင်၏ မျက်လုံးများက ကြမ်းကြုတ် နေကြ၏။ သို့သော် ၎င်းတို့ မျက်လုံးထဲ၌ ကြောက်ရွံ့မှု အရိပ်အငွေ့များလည်း ရှိလို့နေသည်။
လက်ကြီး၏ ရိုက်ချက် တစ်ခုတည်းဖြင့် ချီလင်သားရဲ တစ်ကောင်က မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ပြိုကွဲသွား၏။ ၎င်းစိတ်ဝိညာဉ်များက ဦးတည်ရာမဲ့ လွတ်ထွက် ကုန်ကြ၏။
ကျန်နေသေးသည့် နှစ်ကောင်ကလည်း လျင်မြန်စွာဖြင့် လက်ကြီးကို တိုက်ခိုက် လိုက်ကြသည်။
နတ်ဘုရား အာရုံထဲမှ နောက်ထပ် နှာခေါင်းရှုံ့သံ တစ်ခု ထပ်မံထွက်ပေါ် လာပြီးနောက် အနက်ရောင် အခိုးအငွေ့များက နေရာအနှံ့ ပြန့်ကျဲ၍ သည်အရာများက အနက်ရောင် လှံအဖြစ်သို့ သိပ်သည်းသွားကာ ချီလင်သားရဲ ထံသို့ ထိုးစိုက်လာ၏။
ဝမ်လင်းက အစောပိုင်းတုန်းက သည်ချီလင် သားရဲနှင့် ရင်မဆိုင်နိုင်ခဲ့ချေ။ အကြောင်းကတော့ သူ့ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အလယ်အဆင့်ထိသာ ပြန်ကောင်းမွန် သေးသောကြောင့် ဖြစ်၏။ သို့ရာတွင် ခုတစ်ကြိမ်တွင် သူက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်ပြီး စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက ခုချိန်၌ နယ်ပယ်ကိုသာ အသုံးပြုလို့ မရသေးသည့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သည်အရာက ချီလင်သားရဲကို ရင်ဆိုင်နိုင်ရန် လိုအပ်သည် ထက်ပင် ပိုနေသေး၏။
ရွှေရောင်အလံ ထဲကနေ ထွက်ပေါ်လာသည့် အခြား ချီလင်သားရဲများ အားလုံးက ပေါင်းစပ် သွားထားသည့်ထက် ပိုအားကောင်းသော ဟိန်းသံတစ်ခုက ရွှေရောင် အလံထဲကနေ ထပ်မံ ထွက်ပေါ်လာ၏။ ၎င်းက ရွှေရောင် အော်ရာတစ်ခု ရှိနေသည်။ ချီလင်သားရဲ အားလုံးက သည်ဟိန်းသံကို ကြားလိုက်သည့် အခါ မရေမတွက်နိုင်သော စိတ်ဝိညာဉ် အပိုင်းအစများ အဖြစ်သို့ ပြိုကွဲသွားပြီး ရွှေရောင် အလံထံသို့ ရွေ့လျား သွားကြ၏။
ချီလင်သားရဲများ ပြိုကွဲသွားသည်နှင့် ဝူသောက်ချီ ထံကနေ ညည်းတွားသံ ထွက်ပေါ်လာ၏။ သူ့ရတနာများ အားလုံးက ချီလင် သားရဲများနှင့် တိုက်ခိုက်နေခဲ့သည့် အတွက်ကြောင့် သူသည်လည်း ချီလင်သားရဲများ ပြိုကွဲရာမှ ထွက်ပေါ်လာသည့် လှိုင်းကြောင့် နာကျင် သွားရသည်။
ကြောက်ဖို့ကောင်းတယ်။ သူက အထိတ်တလန့် နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်စဉ် သူ့ရှေ့၌ ပုံရိပ်တစ်ခု ရောက်ရှိလာ၏။ သည်ပုံရပ်က သူ့ကို လက်ညွှန်လိုက်ရာ ဝူသောက်ချီသည် ပစ်လဲကျသွားသည်။
ဝူသောက်ချီ ရှေ့တွင် ဝမ်လင်းက မတ်တတ် ရပ်နေပြီး လက်ဆန့်တန်း လိုက်ရာ ဝူသောက်ချီ၏ စိတ်ဝိညာဉ် အလံနှင့် ခရမ်းရောင် သစ်သား ခေါင်းလောင်းတို့က သူလက်ထဲသို့ ပျံသန်း လာခဲ့တော့သည်။ ဝမ်လင်းက ရွှေရောင်အလံကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက တလက်လက် ဖြစ်နေ၏။
“ဒီတော့ ဒါက ဒီရွှေရောင် စိတ်ဝိညာဉ်အလံရဲ့ အစစ်အမှန် မူလ စိတ်ဝိညာဉ်ပေါ့ …” အခြား ချီလင်သားရဲများက ၎င်းရွှေရောင် အော်ရာ၏ အမိန့်ကို နာခံရသည့် အဆင့်သာ ရှိနေပေသည်။
ရွှေရောင်အော်ရာက စိတ်ဝိညာဉ် အပိုင်းအစများကို စုပ်ယူပြီးနောက် ၎င်းက ဟိန်းသံပြုလိုက်ရာ စိတ်ဝိညာဉ် မွမ်းမံခြင်းတောင် တစ်ခုလုံးပင် တုန်ခါသွား၏။ စိတ်ဝိညာဉ် အပိုင်းအစများစွာ ပေါင်းစပ်၍ ဖြစ်ပေါ်လာသော သည်ရွှေရောင်အော်ရာ ထုတ်လွှတ်နေသည့် ရွှေရောင်ချီလင် သားရဲက ဝမ်လင်း ရှေ့၌ ပေါ်လာခဲ့တော့သည်။
***