Switch Mode

အပိုင်း(၄၃၂)

လျိုမေနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှု

သည်သုံးလ တံခါးပိတ် ကျင့်ကြံပြီးနောက် စိတ်ဝိညာဉ် သွေးကြော အကူအညီဖြင့် ဝမ်လင်းက စဦးစိတ်ဝိညာဉ် အဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။ သူက ခုချိန်၌ သူ့မူလ စိတ်ဝိညာဉ်ပြန်လည် ဖွဲ့စည်းနိုင်ရန်သာ လိုတော့၏။ ထိုသို့ မူလစိတ်ဝိညာဉ် အကောင်းတိုင်း ပြန်ဖြစ်သွားလျှင် သူ့ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ပြန်ရောက်နိုင်ပြီ ဖြစ်၏။

သူ့ခန္ဓာကိုယ်ပေါ်ရှိ လက်ဖက်ရွက် နယ်ပယ် အမှတ်အသားနှင့် စွန်ထိုင်၏ ချိပ်တံဆိပ် တို့ကိုလည်း ဝမ်လင်းက ဖျက်ဆီးနိုင်လု နီးနီး လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

သည်အရာတွေနှင့် ယှဉ်လျှင် သူ့အကြီးမားဆုံး အောင်မြင်မှုကတော့ သူက မမြင်ရသော တစ်စုံတစ်ခုနှင့် ဖုံးအုပ်ထားသည့် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် တစ်ခုလုံးကို ရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။

သည်ကလန် တစ်ခုလုံးကို ဖုံးလွှမ်းထားသော မမြင်ရသော အရာက စိတ်ဝိညာဉ် အပိုင်းအစများကို ထုတ်လွှတ်လျက် ရှိနေသည်။ သည့်နောက် မတူညီသော စိတ်ဝိညာဉ် စွမ်းအင်ရာချီက ၎င်းစိတ်ဝိညာဉ် အပိုင်းအစများကို တိုက်ခိုက်ရန် ထွက်လာလေ့ ရှိသည်။

သည်စိတ်ဝိညာဉ် အပိုင်းအစများက တူညီသော နေရာတွင် ဘယ်တော့မှ ပေါ်မလာတက်ချေ။ သည်အရာများက စိတ်ဝိညာဉ် မွမ်းမံခြင်းတောင်၏ အစိတ်အပိုင်း တိုင်း၌ ပျံ့နှံ့လျက် တည်ရှိကြသည်။

သည်အရာကို သတိပြုမိ ပြီးနောက် ဝမ်လင်း နှလုံးသားက လှုပ်ရှား မိနေသည်။ သူက စိတ်ဝိညာဉ်အလံ ပြုလုပ်ခြင်း စာအုပ်ကို အလျင်အမြန် ထုတ်၍ ၎င်းကို ခဏတာ စစ်ဆေး ကြည့်ပြီးနောက် အချို့ လျှို့ဝှက်ချက်များကို သိမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။

စိတ်ဝိညာဉ် အလံကို သန့်စင်ပြုလုပ်သည့် နည်းလမ်းက စိတ်ဝိညာဉ် မွမ်းမံခြင်း၊ နုတ်ယူခြင်းနှင့် ချိပ်ပိတ်ခြင်း တောင်သုံးလုံးတွင် သုံးပိုင်းကွဲ၍ ရှိနေသည်။

စိတ်ဝိညာဉ် မွမ်းမံခြင်းက ကမ္ဘာပေါ်ရှိ စိတ်ဝိညာဉ် အစိတ်အပိုင်းများကို သန့်စင်ပြီး အလံတစ်ခုထဲ၌ ချိပ်ပိတ်ကာ ထိုစိတ်ဝိညာဉ် အပိုင်းအစများကို ပျောက်ကွယ်ခြင်း မရှိဘဲ ကြီးထွားလာအောင် ပြုလုပ်သည့် နည်းလမ်း တစ်ခု ဖြစ်၏။

စိတ်ဝိညာဉ် နုတ်ယူခြင်း နည်းလမ်းကတော့ သည်မွမ်းမံခြင်း နည်းလမ်းနှင့် မတူညီပေ။ မက စိတ်ဝိညာဉ် အစိတ်အပိုင်းများ သန့်စင်ခြင်းကို မပြုလုပ်နိုင်ချေ။ ၎င်းက သက်ရှိ လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို နုတ်ယူပြီး အလံထဲ၌ ချိပ်ပိတ်ကာ ထိန်းချုပ်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။

နောက်ဆုံးတစ်ခု စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း နည်းလမ်းကတော့ အနည်းငယ် ရှုပ်ထွေးလေ၏။

စိတ်ဝိညာဉ် မွမ်းမံခြင်းတောင်၏ အဆိုအရ စိတ်ဝိညာဉ် အလံများသည် အဆင့် ဆယ်ခု ရှိသည်ဟူ၍ပင်။ စိတ်ဝိညာဉ် ရာချီပါသော အလံ၊ စိတ်ဝိညာဉ် ထောင်ချီသော အလံ … အစရှိသဖြင့် ဖြစ်လေ၏။ အလံတစ်ခု၌ စိတ်ဝိညာဉ် ပိုများများ ပါရှိလေလေ ၎င်းအလံက ပို၍ အစွမ်းထက်လေ ဖြစ်၏။

စိတ်ဝိညာဉ် ဆယ်ချီ၊ရာချီ ပါဝင်သော စိတ်ဝိညာဉ်အလံများက အတွေ့ရ များပေသည်။ သို့သော် စိတ်ဝိညာဉ် တစ်ထောင်ပါဝင်သော အလံတစ်ခု ကတော့ အချို့သော မန္တန်များကို အသုံးပြု လာနိုင်မည့် ဖြစ်ပြီး ယင်းအလံ၏ စွမ်းအားက ၎င်းအလံ၏ မူလစိတ်ဝိညာဉ်ပေါ် မူတည်လေ၏။ တ်

စိတ်ဝိညာဉ် တစ်ထောင် အလံကို ပြုလုပ်ရန် အတွက် ကျင့်ကြံသူ တစ်ယောက်က မူလ စိတ်ဝိညာဉ်တစ်ခု ရှိရမည် ဖြစ်၏။ သည့်အချက်ကြောင့်လည်း စိတ်ဝိညာဉ် တစ်ထောင် အလံများက အတော်လေး ရှားပါးနေခြင်းပင်။ များစွာသော ရာချီစိတ်ဝိညာဉ် အလံများသည် ၎င်း၏ အကန့်အသတ် ဖြစ်သည့် စိတ်ဝိညာဉ် (၉၉၉) သို့ရောက်ရှိနိုင်သည်။ သို့သော် မူလစိတ်ဝိညာဉ် တစ်ကောင် မရှိလျှင် ၎င်းရာချီ စိတ်ဝိညာဉ် အလံက စိတ်ဝိညာဉ် တစ်ထောင် အလံနှင့် မည်သို့မျှ နှိုင်းယှဉ်ခြင်း ပြုနိုင်မည် မဟုတ်ချေ။

မူလ စိတ်ဝိညာဉ်အတွက် လိုအပ်ချက် တစ်ခုသာ ရှိသည်။ ယင်းလိုအပ်ချက် ကတော့ စိတ်ဝိညာဉ် အလံထဲသို့ ပေါင်းစပ်ထားသည့် အခြား စိတ်ဝိညာဉ်များထက် မူလ စိတ်ဝိညာဉ်က သန်မာ ရမည်ဖြစ်သည်။

ဝမ်လင်းက စိတ်ဝိညာဉ် အလံကို လေ့လာနေစဉ် သူက ကလန် အောက်ဘက်ရှိ ချီလင်သားရဲ အကြောင်းနှင့် ပတ်သက်၍ တွေးနေခဲ့သည်။ သည်သားရဲက ရွှေရောင် စိတ်ဝိညာဉ် အလံ၏ မူလစိတ်ဝိညာဉ် ဖြစ်ရပေမည်။

ဝမ်လင်းက သည်သုံးလ အတွင်း များစွာသော စိတ်ဝိညာဉ် အပိုင်းအစများကို စုဆောင်းနိုင်ခဲ့၏။ သည်လို ပြုလုပ်နိုင်ခဲ့သည့် အကြောင်းကတော့ စိတ်ဝိညာဉ် သွေးကြောထဲ၌ စိတ်ဝိညာဉ် အပိုင်းအစများက လာရောက် စုဝေးနေသောကြောင့် ဖြစ်သည်။ ဝမ်လင်းက ပထမဆုံး အကြိမ်အဖြစ် စိတ်ဝိညာဉ် သွေးကြောကို စစ်ဆေး ကြည့်ချိန်တွင် ၎င်းစိတ်ဝိညာဉ် အပိုင်းအစများသည် သည်နေရာ၌ ရှိမနေခဲ့ချေ။ တစ်စုံတစ်ယောက်က သူ မစစ်ဆေးခင် ကတည်းက စုဆောင်း သွားသည်မှာ ရှင်းလင်းပေ၏။

သည်စိတ်ဝိညာဉ် သွေးကြော၌ စုဝေးလာတက်သည့် စိတ်ဝိညာဉ် အပိုင်းအစများသည် ကလန်၏အောက်ခြေရှိ ရွှေရောင်စိတ်ဝိညာဉ်အလံ၏ စုပ်ယူခြင်းကို ခံကြရ၏။

ဝမ်လင်း၏ စိတ်ဝိညာဉ်အလံ၌ ပါဝင်နေသော စိတ်ဝိညာဉ်များထဲ၌ တစ်ကောင်သည် စဦးစိတ်ဝိညာဉ် အဆင့်အစောပိုင်း အဆင့် ရှိနေ၏။ ဝမ်လင်းက ၎င်းစိတ်ဝိညာဉ်ကို သူ့အလံ၏ မူလ စိတ်ဝိညာဉ်အဖြစ် အသုံးပြုထားခြင်း ဖြစ်သည်။

စဦးစိတ်ဝိညာဉ် အဆင့် စိတ်ဝိညာဉ် အပိုင်းအစများက များစွာ ပေါ်လာတက်ခြင်း မရှိချေ။ ၎င်းတို့က နှစ်နှစ်၊ သို့မဟုတ် သုံးနှစ်လောက်မှ တစ်ကောင် ပေါ်လာတက်ခြင်း ဖြစ်၏။ သည်အဆင့် စိတ်ဝိညာဉ်တစ်ကောင် ပေါ်လာတိုင်းလည်း စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ ထိပ်တန်း တပည့်များက ၎င်းအတွက် တိုက်ခိုက်လေ့ ရှိကြ၏။

ကောတုံးဂျန်၏ စကားများက ဝမ်လင်းကို စိတ်လှုပ်ရှား စေခဲ့၏။ သူက စိတ်ဝိညာဉ် နုတ်ယူခြင်းတောင်၏ တပည့်များက သက်ရှိများထံမှ စိတ်ဝိညာဉ်များကို နုတ်ယူ၍ ၎င်းတို့၏အလံထဲသို့ ထည့်သွင်း ချိပ်ပိတ်ထားသည့် အကြောင်းကို တွေးလိုက်မိသည်။ သူက အချိန် တစ်ခုကျလျှင် စိတ်ဝိညာဉ် နုတ်ယူခြင်းတောင်၏ နည်းလမ်းကို အရယူပြီး လေ့လာရန် ဆုံးဖြတ်လိုက်သည်။

စိတ်ဝိညာဉ် ဝဲကတော့သည် စိတ်ဝိညာဉ်အလံ ပြုလုပ်ခြင်း လမ်းညွှန် စာအုပ်ထဲ၌ ဖော်ပြထားသည့် နည်းလမ်း သုံးခုထဲက တစ်ခု ဖြစ်လေ၏။ သည်နည်းလမ်း သုံးခုကတော့ သိပ်သည်းခြင်း၊ စိတ်ဝိညာဉ် ဝဲကတော့နှင့် သွေးစတေးခြင်း တို့ ဖြစ်ကြ၏။

သိပ်သည်းခြင်း နည်းစနစ်ကတော့ ရိုးရှင်း၏။ ယင်းနည်းစနစ်ဖြင့် ကျင့်ကြံသူ တစ်ယောက်သည် စိတ်ဝိညာဉ် အပိုင်းအစများကို အလံထဲ၌ ထားရှိခြင်း ဖြစ်သည်။

စိတ်ဝိညာဉ်ဝဲကတော့ နည်းစနစ်ကတော့ ရှားပါးလှသည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းနည်းစနစ်ကို လေ့လာ သင်ယူနိုင်ရန် ကျင့်ကြံသူ တစ်ယောက်သည် အနည်းဆုံး စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ ဖြစ်ရပေမည်။ သို့သော် စဦး စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတိုင်းလည်း ၎င်းနည်းစနစ်ကို မလေ့လာ နိုင်ကြချေ။ ဥပမာအနေဖြင့် ကောတုံးဂျန်သည် စဦးစိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း ထိုနည်းစနစ်ကို မသင်ယူနိုင်ခဲ့ချေ။

နောက်ဆုံးကတော့ သွေးစတေးခြင်း နည်းစနစ် ဖြစ်သည်။ သည်နည်းစနစ်ကို အသုံးပြုခြင်းဖြင့် စိတ်ဝိညာဉ် အလံ၏ စွမ်းအားကို အဆများစွာ တိုးတက် သွားစေလိမ့်မည် ဖြစ်သည်။

သို့ရာတွင် သည်နည်းစနစ်က အလွန် ကျင့်ကြံရန် ခက်ခဲ၏။ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့် အများစုပင် ၎င်းနည်းစနစ်ကို ခုထိ သင်ယူနိုင်ခြင်း မရှိကြသေးချေ။

ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်ရာ စိတ်ဝိညာဉ် ဝဲကတော့က ပျောက်ကွယ်လို့ သွား၏။ သူက စိတ်ဝိညာဉ် အလံကို ထုတ်လိုက်ရာ ကောတုံးဂျန်၏ အလံရှိ စိတ်ဝိညာဉ် အပိုင်းအစ များစွာသည် ဝမ်လင်းအလံ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

ကောတုံးဂျန်၏ အသွင်က အလွန် ရုပ်ဆိုးလို့ သွား၏။ ၎င်းက သည်စိတ်ဝိညာဉ် အပိုင်းအစ များစွာကို ရရှိရန်အတွက် နှစ်များစွာ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရခြင်း ဖြစ်၏။ သူက သက်ပြင်း ချရုံနှင့် ခါးသီးစွာ ပြုံးနေရုံသာ တက်နိုင်တော့၏။

သည်အရာသည် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ စည်းမျဉ်း ဖြစ်နေသည် မဟုတ်လား။ သူက ဝမ်လင်းထံကနေ စိတ်ဝိညာဉ် အလံကို လုယူရန် လာရောက် ခဲ့သော်လည်း ထိုအစား သူ့အလံသာ ပါသွားခဲ့ရ၏။ သူက နောက်ထပ် သက်ပြင်း ချမိပြန်သည်။ သည့်နောက် သူက ဝမ်လင်းကို လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်ပြီး သူခံစားချက်ကို ဖိနှပ်ထား လိုက်၏။

ဝမ်လင်းက သူရရှိခဲ့သော စဦး စိတ်ဝိညာဉ်ကို သူ့အလံထဲသို့ ထည့်သွင်းလိုက်သည်။ သိပ်မကြာခင်တွင် အလံထဲ၌ ရှိနှင့်ပြီးသော စဦး စိတ်ဝိညာဉ်နှင့် ခုစဦး စိတ်ဝိညာဉ် အသစ်တို့သည် တိုက်ခိုက် ကုန်ကြ၏။

ဝမ်လင်းက အလံကို ဆက်၍ ကြည့်နေခြင်း မရှိချေ။ သူက အနိုင်ရသူသည် မူလ စိတ်ဝိညာဉ် အသစ် ဖြစ်လာမည်ကို သိပြီးသား ဖြစ်၏။

ရှုယင်နှင့် လျိုဝေတို့က ဘေး၌ တိတ်ဆိတ်စွာ ရပ်နေရင်း သူတို့နှလုံးများက ခုန်ပေါက်လျက် ရှိနေကြသည်။ ရှုယင်က စီနီယာချင်မူ အစ်ကိုသည် စိတ်ဝိညာဉ် ဝဲကတော့ကို ကျွမ်းကျင် နေလိမ့်မည်ဟု လုံးဝ မထင်မှတ် ထားမိချေ။

ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်လိုက်၏။ သည်နေရာက သာယာ ပျော်ရွှင်ဖွယ် ကောင်းလို့နေ၏။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါက မင်းတို့နှစ်ယောက် ငါ့လိုဏ်ဂူနားကို ပြောင်းလဲပစ်တာ အပြစ် မတင်တော့ဘူး။ မင်းတို့ နှစ်ယောက် မြန်မြန် ထွက်သွားကြတော့ …”

ရှုယင်က အသနားခံသည့် အသွင်ဖြင့် ပြောလိုက်သည်။ “စီနီယာအစ်ကို ချင်မူ … ငါတို့နှစ်ယောက်က စီနီယာကို မနှောင့်ယှက်ပါဘူး။ ငါတို့ ခုထွက်သွားရင် ငါတို့ ကြိုးကြိုးစားစား ရှာထားရတဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေ အခိုးခံ ရလိမ့်မယ်။ ငါတို့ နှစ်ယောက်စလုံး လုံခြုံတဲ့ နေရာမှာ ကျင့်ကြံချင်တာပါ။ ငါတို့က စီနီယာကို ဒုက္ခ မများစေရပါဘူး …”

ဝမ်လင်းက ဘာမျှ ပြောဆိုခြင်း မပြုချေ။ သို့သော် သူ့မျက်လုံးက အေးစက်လာ၏။

သည် ဝမ်လင်း အကြည့်က သူမအပေါ်သို့ ကျရောက် လာသည့်အခါ ရှုယင်က တုန်လှုပ်လို့ သွားသည်။

လျိုဝေက အစောကတည်းက ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ သူမက သည်အချိန်၌ စကားပင် မပြောနိုင်ဘဲ စတင် ငိုကြွေးတော့၏။ လျိုဝေက အလွန် အရည်အချင်း ရှိပေသည်။ သူမက အမြုတေ ဖွဲ့တည်ခြင်း အလယ်အဆင့်ကို မြန်ဆန်စွာ ရောက်ရှိခဲ့သူ ဖြစ်၏။ သည့်နောက် သူမက အပြင်တပည့် ပြိုင်ပွဲ၌ ယှဉ်ပြိုင်ပြီး အတွင်းတပည့် ဖြစ်လာခြင်း ဖြစ်လာသည့်သူ ဖြစ်သည်။

သူမက အတွင်းကလန် ထဲသို့ ဝင်လာပြီးသည့်အခါ အခုလိုမျိုး အခြေအနေတွေကို မမျှော်လင့်ခဲ့ချေ။ အတွင်းကလန်က သန်မာသူသည် အားနည်းသူကို ဝါးမျိုသည့်နေရာ ဖြစ်လို့နေခဲ့၏။ သည်အရာက သူမမျှော်လင့် ထားသည်နှင့် လုံးဝ ခြားနား နေခဲ့လေသည်။

ဝမ်လင်းက မျက်မှောင်ကြုတ် သွား၏။ သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်ကို လွှင့်ပစ်ရန် ဟန်ပြင်လိုက်ပြီးမှ ရုတ်တရက် ခေါင်းမော့၍ ကောင်းကင်ထက်သို့ စူးစိုက်ကြည့် လိုက်၏။

သည်အခါ အစိမ်းရောင် ဝတ်စုံနှင့် ကြည့်ကောင်းလှသည့် ပုံရိပ်လေး တစ်ခုက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဝမ်လင်းရှေ့ ပေတစ်ရာ အကွာသို့ ရောက်လာခဲ့၏။

“လျိုမေ …” သည် အမျိုးသမီးကို မြင်လိုက်သည့် အခါ ဝမ်လင်းက ပို၍ပင် မျက်မှောင်ကြုတ်မိ သွားသည်။

လျိုမေက ပြုံး၍ ပြောလိုက်သည်။ “အစ်ကိုချင်မူရဲ့ ကျင့်ကြံမှု အဆင့်က တော်တော်လေး ပြန်ကောင်းမွန် နေပြီပဲ။ ဂုဏ်ပြုပါတယ် …”

လျိုမေက ထိုသို့ပြောလိုက်သည့် အခိုက်တွင် ဝမ်လင်းက လေထဲသို့ လက်ညွှန်လိုက်ရာ ရှုယင်နှင့် လျိုဝေတို့သည် သတိလစ် သွားကြ၏။

“လျိုမေ … ဒီလို ဟန်ဆောင်မနေနဲ့။ နင်က ငါနဲ့နင့်ရဲ့ အတိတ်ပုံရိပ်ကို ဖျက်ဆီးခဲ့တယ် …” ဝမ်လင်းက လျိုမေကို စူးစိုက်ကြည့် နေ၏။ သူ့အသံကလည်း အေးစက် နေခဲ့သည်။

လျိုမေက ဝမ်လင်းကို ကြည့်နေသည်။ သူမက သက်ပြင်း သဲ့သဲ့ချ၍ ပြောလိုက်၏။ “ဝမ်လင်း … ဘေးကပ်ဆိုးကြီး တစ်ခုက နင့်အပေါ်ကို ကျရောက်ခါ နီးနေပြီ။ သွားပါ … ဟင်္သာပြဒါး ဂြိုဟ်က ထွက်သွားတော့ …”

ဝမ်လင်းအသွင်က တည်ငြိမ် နေဆဲပင်။ သူက လျိုမေ ပြောပြီးသည့် အထိ စောင့်နေပြီး ဘာမှ ကြားဖြတ်ပြောခြင်း မပြုချေ။

လျိုမေက ခပ်တိုးတိုး ပြောလိုက်၏။ “ငါ နင့်ကို မလိမ်ပါဘူး။ နင်က ငါဟာ ဟင်္သာပြဒါး နိုင်ငံက တစ်ယောက်မှန်း သိပြီး ဖြစ်မှာပါ … ။ ဒါပေမဲ့ ငါက သာမန် တပည့်တစ်ယောက် မဟုတ်ဘူး။ ငါ့ဆရာက ဟင်္သာပြဒါး နိုင်ငံရဲ့ နံပါတ်တစ် ကျင့်ကြံသူ ကျုးချွဲဇီပဲ …”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့စိတ်ထဲရှိ အရာအားလုံးက တဖြည်းဖြည်း ရှင်းလင်းလာ၏။ သူက မေးလိုက်သည်။ “ငါနဲ့ တိုက်ခိုက်ပြီးတော့ အနီရောင် လိပ်ပြာက ဘယ်လို ဖြစ်သွားလဲ …” လျိုမေစကားကို နားထောင်ပြီးသည့် အခါ သူက ရုတ်တရက် ချိတ်ဆက်မိ သွားပြီး နောက်ဆုံး ကြောက်မက်ဖွယ် ကောက်ချက် တစ်ခုကို ရလိုက်၏။

လျိုမေမျက်နှာ၌ အသိအမှတ် ပြုသည့် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။ သူမက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “အနီရောင်လိပ်ပြာ … သူမက စီနီယာ အစ်ကိုရဲ့ သတ်တာ ခံလိုက်ရပြီ …”

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိ သွားသည်။ သူကြိုတင် ခန့်မှန်းမှုက သေချာ သွားပြီးနောက် သူက ပြောလိုက်သည်။ “ကြည့်ရတာ ငါနဲ့ အနီရောင် လိပ်ပြာရဲ့ တိုက်ပွဲက တချို့လူတွေအတွက် ခွေးတိုက်ပွဲ တစ်ခုလို ဖြစ်နေခဲ့တာပဲ …”

လျိုမေက အောက်နှုတ်ခမ်းကို ကိုက်၍ ထပ်ပြောလိုက်သည်။ “အစ်ကိုဝမ် … နင် ထွက်သွားသင့်ပြီ။ မြန်လေ ကောင်းလေပဲ …” သူမက ဝမ်လင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်သည်။ သည့်နောက် သက်ပြင်းချကာ ထွက်ခွာသွား၏။

လျိုမေက ထွက်သွားနေရင်း သက်ပြင်းချကာ တွေးနေမိသည်။ “ဝမ်လင်း … ။ ငါလျိုမေက ဆရာရဲ့ အမိန့်အရ နင့်တာအို နှလုံးသားပေါ်မှာ အမှတ်အသား လုပ်ရမှာ … ။ ဒါက ငါ လျိုမေ ငြင်းဆန်နိုင်တဲ့ အရာ မဟုတ်ဘူး။ ငါက ဆရာရဲ့ အနိမ့်ကို မနာခံလို့ မရဘူး။ နင့်အရိပ် က ငါ့တာအို နှလုံးသားပေါ်မှာ ပေါ်မလာခဲ့ဘူး ဆိုရင် ငါက နင်နဲ့ ဒီတာအိုနှလုံးသား တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့စရာ အကြောင်း မရှိဘူး။ ငါ လျိုမေက စိတ်ကူးတစ်ထောင် နယ်ပယ်ကို နားလည်ခဲ့တဲ့လူ။ ငါ့နှလုံးသားက ရက်စက် ကြမ်းကြုတ်နေတောင် အပြင်ဘက်မှာ စိတ်ခံချက် မျိုးစုံကို ဖော်ပြနိုင်စွမ်း ရှိတယ်။ နင်က ငါ့ကို ဘယ်လို နိုင်သွားတာလဲ …” သူမ မျက်လုံးထဲ၌ ရက်စက်လိုမှုများ ဖြတ်ပြေး သွားသော်လည်း သူမက ဖုံးကွယ်နိုင်ခဲ့၏။

ဝမ်လင်းက လျိုမေ၏ နောက်ကျောကို ကြည့်၍ မျက်မှောင်ကြုတ် နေမိဆဲ ဖြစ်သည်။ လျိုမေက သူ့ကို ပြဿနာကို ညွှန်ပြခဲ့သော်လည်း သည်အရာကပင် မရေမတွက်နိုင်သော သံသယတွေကို ချန်ထားခဲ့သလိုလည်း ဖြစ်နေခဲ့၏။

ဝမ်လင်းက ထပ်မံ၍ မျက်မှောင်ကြုတ် လိုက်ပြီး သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဒီအရာ အားလုံးက ထူးဆန်းနေတယ်။ ငါက ခုထိ ဒီလျိုမေနဲ့ ပတ်သက်ပြီး တစ်မျိုးကြီး ထိတ်ထိတ်လန့်လန့် ခံစားနေရတုန်းပဲ။ ထူးဆန်းတယ် …”

သည့်နောက် သူက ရှုယင်နှင့် လျို့ဝေတို့ကို ကြည့်လိုက်၏။ သူက လက်ဝှေ့ယမ်း လိုက်၍ သူတို့နှစ်ယောက်ကို သူ့လိုဏ်ဂူနှင့် ပေတစ်ထောင် ဝေးသည့် နေရာသို့ ရွှေ့လိုက်၏။ သူက သူတို့နှစ်ယော်ကို ထိုသို့ ရွှေ့လိုက်စဉ် သူ့နှလုံးသားက တုန်ခါသွား၏။ သူက ရုတ်တရက် တစ်စုံတစ်ခုကို ပြန်အမှတ်ရ သွားမိသည်။

သူက ညာလက်ကို ဆန့်တန်း၍ သူတို့နှစ်ယောက်ကို ပြန်ဆွဲခေါ်လိုက်သည်။

ရှုယင်၏ အသွင်က အစောပိုင်းတုန်းက သန်မာပြီး ဆုံးဖြတ်ချက် ပြတ်သွားသည့်ဟန် ရှိခဲ့သည်။ သူက တခြား မိန်းကလေး အတွက်ပင် ပြောပေး နေသေး၏။ သို့သော်ခု သူအိပ်ပျော် နေချိန်တွင် သူမအသွင်က အားနည်းမှုနှင့် အကူအညီမဲ့မှုတို့ကို လှစ်ဟ နေလေ၏။

လျိုဝေကတော့ အစောပိုင်းတုန်းက အလွန် အားနည်းနေသည့် အသွင် ဖြစ်နေခဲ့သည်။ သို့သော် ခု အိပ်ပျော်နေချိန်၌ သူမအသွင်က ဆုံးဖြတ်ချက် ပြတ်သားပြီး ရက်စက်သည့် အသွင် ဖြစ်နေ၏။ သူမက အပြင်ပိုင်း၌ အလွန် အားနည်းသည်ဟု ထင်ရသော်လည်း အတွင်းဘက် ခြမ်း၌မူ အလွန် သန်မာနေခဲ့၏။

ဝမ်လင်းက သူ့ဦးနှောက်ထဲ၌ လျှပ်စီးလက် သွားသလို ခံစားနေရပြီး မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက လျိုဝေကို ကြည့်၍ နှာခေါင်းရှုံ့သည်။ “အခု ငါက လျိုမေကို တွေ့လိုက်တိုင်း ဘာလို့ တစ်မျိုးကြီး ထူးဆန်းနေသလို ခံစားနေရတာကို နားလည်သွားပြီ … ။ သူမက ဂရုစိုက်သလို ခံစားချက်တွေကို ပြသနေပေမဲ့ တကယ်တော့ သူမရဲ့ အစစ်အမှန် ရက်စက် ကြမ်းကြုတ်တဲ့ ဗီဇကို ဖုံးကွယ် ထားတာပဲ …”

***

Comment

Leave a Reply

Options

not work with dark mode
Reset