ရှေးဟောင်း စိတ်ဝိညာဉ် အတားအဆီးများက ရှေးဟောင်း အတားအဆီးများ ထဲ၌ အရှားပါးဆုံး ဖြစ်သည်။ သည်အတားအဆီးက စိတ်ဝိညာဉ် တစ်ခုကို ကြားခံအဖြစ် အသုံးပြုခြင်း ဖြစ်၏။ သည်အတားအဆီးက အလွန်လည်း စွမ်းအားကောင်း၏။
ပုံမှန် အတားအဆီးများသည် ပုံသေအရာများ ဖြစ်ကြ၏။ ၎င်းပုံမှန် အတားအဆီးများကို ဖွင့်လှစ်ရန် အချို့ သော့ချက်များသာ လိုသည်။
သို့သော် စိတ်ဝိညာဉ် အတားအဆီး တစ်ခုကတော့ မတူညီတော့ပေ။ ၎င်းက သက်ရှိ တစ်မျိုးဟုပင် ယူဆ၍ ရ၏။ အမှန်တော့ ယင်းရှေးဟောင်း စိတ်ဝိညာဉ် အတားအဆီးက အသက်ရှင် နေသေးသည့် စိတ်ဝိညာဉ် အစိတ်အပိုင်း တစ်ခုကို အစီအရင်အဖြစ် ဖန်တီးထားခြင်း ဖြစ်သည်။
ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပျောက်ကွယ် သွား၏။ သူပြန်ပေါ် လာသည့်အခါ ရှေးဟောင်း စိတ်ဝိညာဉ် အတားအဆီးနားသို့ ရောက်နေခဲ့၏။
သူ့ခန္ဓာကိုယ် ပေါ်လာသည်နှင့် အမည်းရောင် မြူခိုးများက စတင် လှုပ်ရှားသွားပြီး တစ္ဆေမျက်လုံး နှစ်ခု ဖြစ်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် ဆွဲဆွဲငင်ငင် တစ္ဆေအော်မြည်သံ တစ်ခုက မြူခိုးများထဲကနေ ထွက်ပေါ်လာသည်။
ဝမ်လင်း မူလစိတ်ဝိညာဉ်က သူအသံကြောင့် တုန်ခါသွားသည်။ ထို့ကြောင့် သူက နောက်သို့ ကဗျာကယာ ဆုတ်လိုက်ရ၏။
သည်အော်မြည်သံက သတိပေးချက် တစ်ခု ဖြစ်သည်။
“ဒီ စိတ်ဝိညာဉ် အတားအဆီးကို ချိပ်ပိတ်ဖို့ ဆိုရင် ရတနာတစ်ခု ရှိမှ ဖြစ်မယ် …” ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူ့လက်ကို အလျင်အမြန် လှုပ်ရှားနေရင်း ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာခဲ့သည်။ ပုံရိပ်ယောင် တစ်ခုပြီးတစ်ခုက သူ့ပတ်လည်၌ ဝန်းရံလာသည်။
“ချိုးဖျက်စမ်း …” ဝမ်လင်းက အမည်းရောင် မြူခိုးထံသို့ လက်ညွှန်၍ အော်ဟစ်လိုက်၏။ သူ့ပတ်လည်ရှိ ပုံရိပ်ယောင်များက နဂါးတစ်ကောင် အဖြစ်သို့ ပြောင်း၍ ယင်းမြူခိုးထံသို့ တိုးဝင် သွားလေ၏။
တစ္ဆေမျက်လုံး နှစ်ခုက ဒေါသဖြင့် ပြည့်လာခဲ့သည်။ မြူခိုးက စတင် လှုပ်ရှားလာ၏။ သည့်နောက် ပထမတစ်ကြိမ်ထက် ပိုဖိနှိပ်နိုင်သော အသံတစ်ခု ထပ်မံ ထွက်ပေါ်လာ၏။
သူအော်မြည်သံက ဝမ်လင်း စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည့်အခါ သူက သူ့မူလ စိတ်ဝိညာဉ်က အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပြီး ချက်ချင်း နာကျင်မှုကို ခံစားလိုက် ရသည်။ ဝမ်လင်းက ရှုံ့မဲ့စွာ နောက်သို့ အမြန်ဆုတ်သည်။
ထိုအခိုက်၌ အမည်းရောင်မြူခိုးက ပို၍ပြင်းထန်စွာ လှုပ်ရှားလာပြီး လျင်မြန်စွာ ကျုံ့လာခဲ့၏။ မြူခိုးငွေ့များက ဗဟိုတွင် သိပ်သည်းလာသည်။ မျက်စိတစ်မှိတ် အတွင်း သည်အမည်းရောင် မြူခိုးက သားရဲတစ်ကောင် အဖြစ်သို့ သိပ်သည်းသွား၏။
သည်သားရဲ ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက သည်မြူခိုးထဲ၌ ရွှေရောင် အလံတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ သည်မြူခိုးများက သည်အလံကနေ ထွက်ပေါ်လာနေခြင်း ဖြစ်၏။
သားရဲက မြေပေါ်သို့ ခြေချလာ၏။ ၎င်း၏ခေါင်းက ဝမ်လင်းနှင့် မျက်နှာချင်းဆိုင် ရှိနေပြီး ၎င်းက ပါးစပ်ဟ၍ တစ္ဆေဆန်ဆန် မျက်လုံးများဖြင့် ကြည့်နေသည်။
အစောပိုင်းက ဝမ်လင်း ပစ်လွှတ်လိုက်သော အတားအဆီး ပုံရိပ်ယောင်က သားရဲ ခန္ဓာကိုယ်ပေါ်တွင် တဖျတ်ဖျတ် တောက်ပနေ၏။
သားရဲက ခေါင်းခါယမ်း လိုက်ရာ ၎င်း၏နှာခေါင်းထဲကနေ အပူစီးကြောင်း နှစ်ခု ထွက်ပေါ်လာ၏။ သည့်နောက် ၎င်းက ဝမ်လင်းကို ကြည့်လိုက်ပြီး သူ့ထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။
“ချီလင်သားရဲ …” ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ပျောက်ကွယ်သွား၏။
သည်သားရဲ၏ ဝင်ဆောင့် တိုက်ခိုက်မှုက လွဲချော် သွားလေ၏။ ၎င်းက အကွာအဝေး တစ်ခုကို လှမ်းကြည့်ရင်း ဟိန်းဟောက်နေ၏။ သည်ဟိန်းသံက စိတ်ဝိညာဉ်သွေးကြော တစ်လျှောက် ပျံ့နှံ့လာလေ၏။ သို့သော် ၎င်းဟိန်းသံက ပေတစ်ထောင် အရောက်တွင် ညင်သာသော အားတစ်ခု၏ တားဆီးခြင်း ခံလိုက်ရ၏။
သားရဲက မြူခိုင်းထဲသို့ ပြန်မဝင်ခင် ဒေါသတကြီး ဟိန်းသံပြု၏။ သည့်နောက် ရွှေရောင်အလံငယ် ထဲသို့ ဝင်ရောက်ပျောက်ကွယ် သွားလေ၏။
ဝမ်လင်းက စိတ်ဝိညာဉ် သွေးကြော၏ ပေတစ်ထောင်ကျော် အကွာတွင် ပြန်ပေါ်လာခဲ့သည်။ သူက မျက်မှောင်ကြုတ် သွားပြီး မြူခိုးရှိနေဿော နေရာသို့ ကြည့်လို့နေရင်း အနည်းငယ် မျက်မှောင်ကြုတ် သွား၏။
“ဒီသားရဲက လင်းထျန်ဟူ ကောင်းကင်ဘုံ နယ်မြေကို ခေါ်ဆောင်လာခဲ့တဲ့ ချီလင်သားရဲနဲ့ ဆင်တူသော်လည်း ချီလင် မဟုတ်ဘူးပဲ။ ဒီရွှေရောင် အလံငယ်က စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ ရတနာ ဖြစ်ရမယ်။ ဒီသားရဲက ဒီအလံကို စောင့်ကြပ်နေတဲ့ သားရဲဖြစ်သလို အလံထဲမှ ရှိနေတဲ့ စိတ်ဝိညာဉ်များထဲက စိတ်ဝိညာဉ် တစ်ခုလည်း ဖြစ်လိမ့်မယ် …”
“စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ စိတ်ဝိညာဉ်အလံ ပြုလုပ်တဲ့ နည်းလမ်းက ရှေးဟောင်း စိတ်ဝိညာဉ် အတားအဆီးနဲ့ ဆက်စပ်နေတာပဲ။ ဒါပေမဲ့ နည်းလမ်း အတိအကျတော့ ငါမသိဘူး …” ဝမ်လင်း မျက်လုံးများက စဉ်းစားနေရင်းဖြင့် တလက်လက် ဖြစ်လို့နေ၏။
“ဒီသားရဲ စွမ်းအားက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစောပိုင်း အဆင့်လောက် ရှိမယ်။ ငါ့ကျင့်ကြံမှု အဆင့်က ခု ပြန်မကောင်းမွန် သေးဘူး။ ဒါ့ကြောင့်ငါက ဒီသားရဲကို ဖမ်းဆီးဖို့ အလျင်လိုလို့ မရဘူး …” ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် လေ့ကျင့်ရန် လိုဏ်ဂူထဲသို့ ပြန်သွား၏။
လျိုမေကို တွေ့ပြီးနောက် ဟင်္သာပြဒါး နိုင်ငံသို့ ရောက်တုန်းက ခံစားခဲ့ရသည့် အန္တရာယ် ခံစားချက်ကို ပြန်ခံစား နေရသည်။ လျိုမေက သူ့ကို ရှာတွေ့ သွားနိုင်ခြင်းသည် ဆိုးလွန်းလှ၏။
သူက အချိန်အတန်ကြာ စဉ်းစားကြည့် နေသော်လည်း လျိုမေရောက်လာခဲ့သည့် အကြောင်းကို ရှာမတွေ့နိုင်သေးဘဲ ဖြစ်နေသည်။ သူက သူမ၏ ကျင့်ကြံမှု အဆင့်ကိုလည်း ဖြတ်၍ မမြင်နိုင်ချေ။ သည့်အတွက်ကြောင့် သူက သူမကို အစောပိုင်း တွေ့ကတည်းက သတ်ပစ်ရန် မကြိုးစားခြင်း ဖြစ်၏။
“ဒီကိစ္စတစ်ခုလုံးက ထူးဆန်းလွန်း နေတယ်။ ဟင်္သာပြဒါး နိုင်ငံရဲ့ ဆုံးဖြတ်ချက်တွေက ဘယ်လိုမှ ယုတ္တိမရှိဘူး။ ငါထင်နေတဲ့ အန္တရာယ် အငွေ့အသက် တကယ် ဖြစ်လာရင်တော့ ဒီအရှုပ်အထွေးတွေကို ထားခဲ့ပြီး ငါက ဟင်္သာပြဒါး နိုင်ငံကနေ ထွက်ပြီး ထျန်ယွမ်ဇီကို ရှာဖွေရမယ် …”
ဝမ်လင်းက ထိုသို့ စဉ်းစားနေမိ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေသည်။ မျက်စိတစ်မှိတ် အတွင်း လများစွာ ကုန်ဆုံး သွားခဲ့ပြန်၏။
ဝမ်လင်းက သည်နေရာကို ပထမဆုံး စရောက်တုံးက လိုဏ်ဂူ အပြင်ဘက်တွင် မြက်ရိုင်းများဖြင့် ပြည့်နေခဲ့လေ၏။ တကယ်တော့ သူရွေးချယ်ခဲ့သော သည်နေရာက ချောင်ကျလှ၏။
သို့သော် ခုချိန်၌ မြက်ရိုင်းများ ရှိမနေတော့ချေ။ ထိုအစား တစ်ယောက်ယောက်က မွှေးရနံ့သင်းသော ပန်းများကို အနီးအနား၌ စိုက်ပျိုးလို့ ထား၏။ ကျောက်စကျောက်န များကိုလည်း ရှင်းလင်းထားပြီး တိတိပပ ကျောက်တုံးလေးများကို စီစီရီရီ အစားထိုးထား၏။ သည့်အပြင် လုပ်၍ ကျောက်ထိုင်ခုံ လေးများကို ချခင်းထားသော နေရာအချို့ပင် ဟိုနား သည်နားတွင် ရှိလို့နေသေးသည်။ သည့်အပြင် ကျောက်ရေကန်လေး တစ်ခုပင် ရှိလို့နေပြီး သည်ရေကန်ထဲ၌ ရွှေရောင် ငါးလေးများက ကူးခပ်လို့ပင် နေနေ၏။
သည်နေရာက နေထိုင်ရှုပျော်သော အငွေ့အသက်ကို ပေးစွမ်းလို့ နေလေသည်။
ရှုယင်နှင့် လျိုဝေ တို့နှစ်ယောက်ကလည်း သည်အမိုး လုပ်ထားသည့် နေရာတစ်ခု အောက်၌ ထိုင်နေကြသည်။ သူတို့ရှေ့တွင်လည်း သစ်သီးဗန်းတစ်ခု ရှိလို့နေသည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက် စကားစမြည် ပြောဆိုနေရင်း ဝမ်လင်း နေနေသော လိုဏ်ဂူတံခါးဝသို့ ကြည့်လို့နေသည်။
လျိုဝေက မျက်ခုံးလှုပ်ကာ တုန်ရင်စွာ ပြောလိုက်သည်။ “စီနီယာအစ်မ ရှုယင် … စီနီယာ အစ်ကိုချင်မူက ထွက်လာလိမ့်မယ်လို့ ထင်လား …။ သူက ငါတို့ သူ့ခွင့်ပြုချက် မရဘဲ ခုလိုတွေ လုပ်ထားတော့ သူက ငါတို့ကို အမြင်ကပ် သွားဦးမယ် …”
လျိုဝေက အစောပိုင်းတုန်းက အမျိုးသမီး နှစ်ယောက်ထဲက တစ်ယောက် ဖြစ်သည်။ သူမက သေးသွယ်သော ခန္ဓာကိုယ် ရှိပြီး ရှုယင်ထက် ခေါင်းတစ်လုံးစာ ပု၏။ ဒါပေမဲ့ သူမခန္ဓာကိုယ်က အလွန်လှပြီး ဆွဲဆောင်မှု ရှိလှ၏။
“ကျင့်ကြံသူတိုင်းက ပတ်ဝန်းကျင်ကောင်းကို ကြိုက်နှစ်သက်ကြတဲ့ အတွက် ငါတို့ခုလိုတွေ လုပ်ထားတာက ပြဿနာ မရှိလောက်ပါဘူး။ ငါတို့က ဒီနေရာကို လှပသာယာအောင် လုပ်ထားတာပဲ ။ သူက ပျော်ရွှင်ဟန် မပြဘူးဆိုရင်တောင် ဒေါသတော့ မထွက်လောက်ဘူး။ ဂျူနီယာညီမလေး လျိုဝေ စိတ်အေးအေး ထားပါ …” ရှုယင်က ပြုံး၍ လျိုဝေက ပြုံး၍ ပြောပြီးနောက် သူက သစ်သီးတစ်လုံးကို ကောက်ယူ၍ တစ်ကိုက် ကိုက်လိုက်သည်။
လျိုဝေက ပျော်ရွှင်ပုံ ရသွားပြီး ပြောလိုက်သည်။ “ဒီနှစ်လအတွင်း စီနီယာချင်မူရဲ့ ဂုဏ်သတင်းက ငါတို့ညီမ နှစ်ယောက်ကြောင့် တော်တော်လေး ပျံ့နှံ့ခဲ့တယ်။ ဒါ့ကြောင့် ငါတို့ဘဝက ပိုပြီး ကောင်းလာမှာပါ …။ ဒီလိုပဲ ဆက်ဖြစ်နေရင် ဘယ်လောက် ကောင်းလိုက်မလဲ။ ဒီနှစ်လအတွင်း ငါက လွန်ခဲ့တဲ့ တစ်နှစ်ကထက် ပိုများတဲ့ အပျက်အစီး စိတ်ဝိညာဉ်တွေကို ပိုစုမိနိုင်ခဲ့တယ် …”
ရှုယင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဘယ်သူမှ ငါတို့ ရှိက မလုယူခင် သေးရင်တော့ ငါတို့က ကျိန်းသေပေါက် စိတ်ဝိညာဉ်တစ်ရာ အလံကို ပြုလုပ်နိုင်လိမ့်မယ်။ အဲဒီနောက် ငါတို့က ဒါကို အသုံးပြုပြီး ကျင့်ကြံရင် အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်ကို ရောက်ဖို့ သေချာတယ် …”
လျိုဝေက ခပ်တိုးတိုး ပြောလိုက်သည်။ “စီနီယာအစ်မ … ငါတို့ ရှိကို တစ်နေ့တစ်နေ့ လည်ပတ်တဲ့လူတွေ ရောက်လာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နည်းနည်း စိတ်ပူနေမိတယ်။ စီနီယာ ချင်မူက ဒါကိုသိသွားရင် ငါတို့ကို လွယ်လွယ်နဲ့ ခွင့်လွှတ်မှာ မဟုတ်ဘူး …”
“သူ မသိ …” ရှုယင်၏ စကားမဆုံးသေးခင် အနီရောင် အလင်းတန်း တစ်ခုက တောင်ထိပ်ကနေ ဆင်းသက်လာပြီး သူတို့ရှေ့ ဂူဝင်ပေါက်နားသို့ ရောက်လာ၏။ သည်အလင်းတန်းက ကြည့်ကောင်းလှသော သက်လတ်ပိုင်း လူကြီးပင် ဖြစ်သည်။ လေနှင့်အတူ လွင့်မျောနေသော သူ့ဆံပင်များက အလွန် ကြည့်ကောင်းမှုကို ပေးစွမ်းနေ၏။
“ဂျူနီယာညီလေး ချင်မူ … ငါက ကောတုံးဂျန်ပါ။ ငါတို့နှစ်ယောက် စကားပြောဖို့ မျှော်လင့်ပါတယ် …”
ရှုယင်က မတ်တတ်ရပ်ကာ ပြောလိုက်သည်။ “စီနီယာအစ်ကို ကောတုံး … ကျေးဇူးပြု၍ ပြန်ပါ။ စီနီယာအစ်ကို ချင်မူက ခုထိ တံခါးပိတ် လေ့ကျင့်နေလို့ပါ …”
ကောတုံးဂျန်က မျက်မှောင်ကြုတ် သွား၏။ သူက ရှုယင်ထံသို့ တစ်ချက်ကြည့်၍ မေးလိုက်သည်။ “မင်းတို့ နှစ်ယောက်က ချင်မူရဲ့ ကိုယ်လုပ်တော်တွေလား …”
လျိုဝေမျက်နှာက အနီရောင် သန်းသွားပြီး သူက စကားတစ်ခွန်းမှ မဆိုပေ။ ရှုယင်၏အသွင်က ပုံမှန်အတိုင်း ရှိနေပြီး သူမက ပြောလိုက်သည်။ “စီနီယာအစ်ကို ငါတို့က အစ်ကို ချင်မူရဲ့ ကိုယ်လုပ်တော်တွေပဲ ဖြစ်ပါတယ် …”
ကောတုံးဂျန်၏ မျက်လုံးက အေးစက်သွားပြီး သူက အော်ပြောလိုက်၏။ “အဓိပ္ပာယ် မရှိလိုက်တာ … မင်းက တခြားလူတွေကို အရူးလုပ်ချင်ရင် အဆင်ပြေ သေးတယ်။ ဒါပေမဲ့ ငါ့ကိုတောင် အရူးလာလုပ် နေရဲသေးတယ်။ မင်းတို့နှစ်ယောက် …”
ထိုသို့ ပြောပြီးနောက် သူက ပြန်လှည့်၍ လက်မြှောက်လိုက်သည်။ စိတ်ဝိညာဉ် စွမ်းအင်လှိုင်း အချို့က သူ့လက်ကနေ ထွက်၍ သွားပြီး နဂါးအသွင်သို့ ပြောင်းကာ လိုဏ်ဂူထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားလေ၏။
သည်နဂါးအသွင် ပေါ်လာသည့် အခိုက်တွင် လေတိုးသံမျာ မြည်ဟည်းသွား၏။ နဂါးက လိုဏ်ဂူဝင်ပေါက် တံခါးပေါ်သို့ ထိမှန်သွားရာ ဝင်ပေါက်ရှိ အစီအရင်က လင်းလက်သွားသည်။ နဂါးကလည်း ရပ်တန့်သွား၏။ တစ်ချိန်တည်းမှာပင် ဧရာမလက်ကြီး တစ်ဖက် ထွက်ပေါ်လာပြီး နဂါးကို ဖမ်းဆုပ်၍ ညှစ်ခြေပစ် လိုက်သည်။ နဂါးက ထိတ်လန့်စွာ မည်တမ်း၍ တစ်စစီ ဖြစ်သွားလေ၏။
ကောတုံးဂျန်၏ အသွင်က ပြောင်းလဲသွားသည်။ သူကနောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်၍ လိုဏ်ဂူထံသို့ စူးစိုက်ကြည့် လိုက်သည်။
ဝမ်လင်းက လိုဏ်ဂူထဲကနေ ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာ၏။ နေအလင်းရောင်က ဝမ်လင်းပေါ်သို့ ဖြာကျလာသည့် အချိန်တွင် တစ်စုံတစ်ယောက်က အနက်ရောင် အခိုးငွေ့များကို မြင်တွေ့ရမည် ဖြစ်၏။ သည်အနက်ရောင် အခိုးအငွေ့များက ဝမ်လင်းနောက်တွင် တဖြည်းဖြည်း စုစည်းသွားပြီး ဧရာမ အရိုးခေါင်းကြီး အသွင် ဖြစ်ပေါ်သွား၏။
“စိတ်ဝိညာဉ် တစ်ထောင်အလံ ပုံရိပ်ယောင် …” ကောတုံးဂျန်၏ အသွင်က ထပ်မံ၍ ပြောင်းလဲသွားပြီး သူကနောက်သို့ ပိုဆုတ်မိသွား၏။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် ကောတုံးဂျန်ကို သေချာ ကြည့်လိုက်သည်။ သည်လူ၏ ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အစောပိုင်း အဆင့်၌ ရှိနေသည်။
“မင်းရဲ့ စိတ်ဝိညာဉ်အလံ ငါ့ကို ပေးပါ။ ဒါဆို မင်းကို ထွက်သွားခွင့် ပြုမယ် …” ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။
ကောတုံးဂျန်၏ အသွင်က ရှုံ့မဲ့သွားပြီး သူက ရွှေရောင် မျဉ်းလိုင်းနှစ်ခု ရှိနေသည့် အလံငယ် တစ်ခုကို ထုတ်ယူလိုက်သည်။ သူက အလံကို လှုပ်ခါလိုက်ရာ စိတ်ဝိညာဉ် အပိုင်းအစများက တစ်ခုပြီးတစ်ခု အလံထဲကနေ ပျံသန်း ထွက်လာကြသည်။ သူတို့က ကောတုံးဂျန်ကို ဝန်းရံထားပြီး ဝမ်လင်းကို ဟိန်းဟောက်သံ ပြု၏။
သူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ရင်းဖြင့် ဝမ်လင်းကို ပြောလိုက်သည်။ ငါ့မှာလည်း ဝိညာဉ်တစ်ထောင် စိတ်ဝိညာဉ်အလံ ရှိတယ်။ “မင်းနိုင်မယ်ဆိုင် ငါ ဒါကို ပေးမယ် …”
သူ့ပတ်လည်၌ ဝန်းရံနေသော စိတ်ဝိညာဉ် အပိုင်းအစများက ဝမ်လင်းထံသို့ ရုတ်တရက် တိုးဝင်သွားသည်။ အချို့ စိတ်ဝိညာဉ် အပိုင်းအစများသည် အခြေခံ တည်ဆောက်ခြင်း အဆင့်၌ ရှိ၏။ အခြား စိတ်ဝိညာဉ် အပိုင်းအစများကတော့ အမြုတေ ဖွဲ့တည်ခြင်း အဆင့်၌ ရှိနေကြသည်။ ခြေလက်အင်္ဂါများ ရှိနေသည့် စိတ်ဝိညာဉ် တစ်ခုကတော့ စဦးစိတ်ဝိညာဉ် အော်ရာကို ထုတ်လွှတ်နေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ရှိနေဆဲပင်။ သူက လက်ညွှန်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။ “ဝဲကတော့ …”
သူက ထိုသို့ ပြောလိုက်သည်နှင့် သူ့ထံသို့ တိုးဝင်လာနေသော စိတ်ဝိညာဉ် အပိုင်းအစများက ကြောက်ရွံ့ ထိတ်လန့်ဖွယ် အော်မြည်၍ ဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သိပ်မကြာခင်တွင် စဦးစိတ်ဝိညာဉ် အော်ရာ ထုတ်လွှတ်နေသည့် စိတ်ဝိညာဉ် အပိုင်းအစက လွဲ၍ ကျန်သည့် စိတ်ဝိညာဉ် အပိုင်းအစများ အားလုံးက ပျောက်ကွယ် သွားလေသည်။
သည်စဦး စိတ်ဝိညာဉ် အပိုင်းအစက ဝမ်လင်းမသိသော နည်းစနစ် တစ်ခုကို အသုံးပြု၍ ဝဲကတော့ ထံကနေ လွတ်မြောက်အောင် လုပ်နိုင်ခဲ့သည်။ ၎င်းက အကွာအဝေး တစ်ခုထိ လျင်မြန်စွာ လွတ်မြောက်ရန် ကြိုးစားသည်။
“ဒါက ဘာလဲ …” ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက လက်ဆန့်တန်းလိုက်ရာ ထိုစိတ်ဝိညာဉ်က ဖမ်းယူခြင်း ခံလိုက်ရသည်။
ဝမ်လင်းက သည်စိတ်ဝိညာဉ်ကို ကြည့်ရှုပြီးနောက် ကောတုံးဂျန်ကို ကြည့်ကာ ပြောလိုက်သည်။ “မင်း ဒီစဦးစိတ်ဝိညာဉ် အပိုင်းအစကို ဘယ်နေရာက ရခဲ့တာလဲ …”
ကောတုံးဂျန်က ကြိတ်၍ သက်ပြင်း ချမိသည်။ သူက ဝမ်လင်း အသုံးပြုသော စိတ်ဝိညာဉ် ဝဲကတော့ကို မြင်လိုက်သည်နှင့် ခုခံရန် လက်လျော့လိုက်ပြီ ဖြစ်သည်။
စီနီယာ အစ်ကိုချင်မူ … စိတ်ဝိညာဉ် မွမ်းမံခြင်းတောင်မှာ စိတ်ဝိညာဉ် ဝဲကတော့ကို ကျွမ်းကျင် တတ်မြောက်နိုင်တဲ့ သုံးယောက်မြောက်လူ ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီစဦးစိတ်ဝိညာဉ် အပိုင်းအစကတော့ ငါက စိတ်ဝိညာဉ် နုတ်ယူခြင်း တောင်ရဲ့ စိတ်ဝိညာဉ် အလံပြုလုပ်ခြင်း စာအုပ်နဲ့ ဝိညာဉ်ကိုးရာ စိတ်ဝိညာဉ် အလံတို့ကို ဒီစဦးစိတ်ဝိညာဉ် အစိတ်အပိုင်း အတွက် လဲလှယ်ခဲ့တာပါ …”
***