စိတ်ဝိညာဉ် မွမ်းမံခြင်းတောင်၏ စာကြည်တိုက်က ကြီးမားခြင်း မရှိချေ။ ၎င်းက အထပ်သုံးထပ်သာ ရှိ၏။
အကွာအဝေး တစ်ခုမှ ကြည့်လျှင် သည်စာကြည့်တိုက်က သာမန်ဟုသာ ထင်ရ၏။ ဝမ်လင်း စာကြည့်တိုက်ထဲ ဝင်သွားသည့်အခါ သူမျက်လုံးက အထဲတွင် ထိုင်နေသော အဘိုးအိုထံသို့ ရောက်သွား၏။ သည်အဘိုးအိုက စဦးစိတ်ဝိညာဉ် အဆင့်နှင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။ သူက သည်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။
အဘိုးအို၏ မျက်နှာက အဝါရောင်သန်း နေ၏။ သူ့ခန္ဓာကိုယ်က ပိန်ပါးပြီး ပင်ပန်းနွမ်းနွယ် နေသည့်ပုံ ပေါက်နေသည်။ သူက တစ်စုံတစ်ယောက် ဝင်လာသည်ကို သတိပြုမိပြီး မျက်လုံးဖွင့်လာပြီး ပြောလိုက်၏။ “တုန်ကင် …”
ဝမ်လင်းက သူ့တုန်ကင်ကို လှမ်းပေးလိုက်၏။ အဘိုးအိုက ၎င်းကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။ “မင်း ဆန္ဒရှိသလောက် လျှောက်ကြည့်နိုင်တယ်။ ဒါပေမဲ့ တတိယ အလွှာကိုတော့ သွားခွင့်မပြုဘူး။ အချိန်က သုံးရက်ရမယ် …”
ဝမ်လင်းက ခေါင်းညိတ်ပြ၏။
ပထမအထက်၌ ကျောက်စိမ်းပြားများ တင်ထားသော စင်တန်းများစွာ ရှိနေ၏။ သည်စင်များကို ဝါး၊ ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ဝမ်လင်းက ၎င်းတို့အပေါ်သို့ ဝှေ့ကြည့်လိုက်၏။ သည်နေရာ၌ နည်းစနစ်မျိုးစုံ ရှိလို့နေသည်။ အချို့ နည်းစနစ်များက သူသိပြီးသား ဖြစ်သော်လည်း အချို့ကတော့ အစတုန်းက လုံးဝ မမြင်ဖူးခဲ့ချေ။
စိတ်ဝိညာဉ်အလံ သန့်စင်ခြင်းနှင့် ပတ်သက်၍တော့ တစ်ခုမှ ရှိမနေခဲ့ချေ။
သူက ပထမထပ်ကို ကြည့်ရှုပြီးနောက် ဒုတိယထပ်သို့ ဆက်တက်လာခဲ့၏။
ဒုတိယထပ်ရှိ နည်းစနစ်များက ပထမထပ်ရှိ နည်းစနစ်များထက် အရေအတွက်အားဖြင့် နည်းပါးသည်။ အခန်းပတ်လည်၌ နည်းစနစ် တစ်ခုချင်းစီ၏ အကြောင်း ဖော်ပြထားသော ကျောက်စိမ်းပြားများက ပြန့်ကျဲလျက် ရှိနေ၏။
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက် ကြည့်ရှုလိုက်ရာ သူက “စိတ်ဝိညာဉ်အလံ ပြုလုပ်ခြင်း နည်းလမ်း …” ဟူသော စကားလေးလုံး ရေးထိုးထားသည့် ကျောက်စိမ်းပြားကို တွေ့လိုက်၏။ သူက ၎င်းကျောက်စိမ်းပြားကို ကောက်ယူ၍ စစ်ကြည့်လိုက်ရာ မျက်မှောင်ကြုတ် သွားမိသည်။
သည်ကျောက်စိမ်းပြားထဲ၌ စိတ်ဝိညာဉ်အလံ ပြုလုပ်ခြင်းနည်းလမ်း အမှန်ပင် ပါရှိ၏။ သို့သော် သည်နည်းလမ်းက လူတိုင်း အသုံးပြုသော နည်းစနစ် ဖြစ်နေသည်။ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က အမှန်တကယ် သည်နည်းလမ်းကိုသာ အသုံးပြုသည် ဆိုလျှင် အခုလို ကျော်ကြားလာခဲ့စရာ အကြောင်း မရှိချေ။
သူက ဒုတိယအလွှာကို သေချာ လေ့လာပြီးနောက် သူလိုချင်တာ တစ်ခုမျှ မရှိမှန်း တွေ့လိုက်၏။ သူက တတိယအလွှာသို့ လှမ်းကြည့်လိုက်သည်။ သူက အအဆင်အခြင်မဲ့စွာ ဘာမှ မလုပ်ချေ။ သည့်နောက် ပိန်းပါးသော အကြီးအဲထံသို့ ပြန်လှည့်လာခဲ့၏။ သူက လက်နှစ်ဖက်ကို နှုတ်ဆက်ဟန် လုပ်၍ မေးလိုက်သည်။ “စီနီယာ … ငါက ဘာကြောင့် တတိယအလွှာကို ဝင်လို့မရတာလဲ …”
အဘိုးအိုက သမ်းဝေလိုက်၏။ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ မင်း သွားလို့မရလို့ ဆိုတာက သွားလို့ မရလို့ပေါ့။ ဒါတောင် နားမလည်ဘူးလား …”
ဝမ်လင်း မျက်လုံးများက အေးစက်သွားပြီး သူက အဘိုးအိုကို အေးစက်စွာ ကြည့်သည်။
အဘိုးအိုက မျက်မှောင်ကြုတ် သွား၏။ သူက တစ်စုံတစ်ခုကို ခပ်တိုးတိုး ရေရွတ်၍ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။ “မင်း ငါ့ကို အဲဒီလို ကြည့်စရာ အကြောင်းမရှိဘူး။ မင်းက စိတ်ဝိညာဉ်အလံပြုလုပ်တဲ့ နည်းလမ်းကို လိုချင်တာမလား။ ငါမင်းကို ပြောလိုက်မယ်။ ဒီနည်းလမ်းက ဒီမှာ မရှိဘူး။ တတိယအလွှာမှလည်း မရှိဘူး။ စိတ်ဝိညာဉ်အလံပြုလုပ်နည်း သိမ်းမှတ်ထားတဲ့ ကျောက်စိမ်းပြား ဆယ်ခုပဲ ရှိတယ်။ မင်းက ဒီနည်းလမ်းကို လိုချင်ရင် ခိုးမှပဲ ရမယ်။ ဒီနေရာရဲ့ ဟိုဘက် လိုဏ်ဂူထဲမှာ ကျောက်စိမ်းပြား တစ်ခု ရှိတယ်။ မင်း ခိုးနိုင်ရင် မင်းအဲဒါကို သင်ယူနိုင်မယ် …”
ဝမ်လင်းက အဘိုးအို ညွှန်ပြသော နေရာသို့ ကြည့်လိုက်၏။ ထိုနေရာ၌ အမှန်ပင် လိုဏ်ဂူတစ်ခု ရှိလို့နေသည်။
“စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာက ဘာစည်းမျဉ်းမှ မရှိဘူး …။ မင်းမှာ သတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိရင် သတ် …။ ဒါမှမဟုတ် တစ်ခုခု လိုချင်ရင် ဒါကိုခိုး။ မင်းက မိန်းမတစ်ယောက်ကို လိုချင်ရင်တောင် သူ့ကို ခိုးနိုင်တယ် …”
“မင်းမှာ ဘာစွမ်းရည်မှ မရှိဘူးဆိုရင်တော့ အခြားစွမ်းရည် မရှိတဲ့လူတွေနဲ့ ပူးပေါင်းပြီး ကျင့်ကြံပါ။ ဒါမှ မင်းကိုမင်း ကာကွယ်နိုင်လိမ့်မယ် …”
“ဘာစည်းမျဉ်းမှ မရှိဘူး။ တစ်ယောက်ယောက်က သူဆန္ဒရှိသလို လုပ်နိုင်တယ် …” ဝမ်လင်းက ပြုံးလိုက်၏။ သည်စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က တကယ့်ကို စိတ်ဝင်စားစရာ ကောင်းနေ၏။ ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မမြင်ရသော အားတစ်ခုက အဘိုးအိုအား ဆွဲကိုင်လာ၏။
အဘိုးအိုက မှင်တက်သွားသည်။ သို့သော် သူက ရယ်မောလိုက်၏။ “သူ့မျက်နှာပေါ်ရှိ စိတ်မရှည်မှု ကလည်း ပျောက်ကွယ်သွားပြီး တိုက်ပွဲ စိတ်ဆန္ဒက အစားထိုး လာခဲ့၏။ ကောင်းတယ် … ကောင်းတယ် … ။ ဒီနှစ်တစ်ရာ အတွင်းမှာ မင်းက ငါ့ကို တိုက်ခိုက်တဲ့ ငါးယောက်မြောက် လူပဲ။ ကောင်းပြီ ငါမင်းနဲ့ ကစားပေးမယ် …”
ထိုသို့ ပြောပြီးသည်နှင့် သူက သူ့ကို ချုပ်နှောင်ထားသည့် အားကို ချိုးဖျက်ရန် လှုပ်ရှားလိုက်သည်။
ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အဘိုးဘိုက နံရံဆီသို့ ပြင်းထန်သော အားတစ်ခုကြောင့် လွင့်ထွက်သွားသည်။
အဘိုးအို၏ ခေါင်းက ချာချာလည် သွား၏။ သူကဒေါသတကြီး မာန်သွင်း၍ တစ်ဖန် ထလာ၍ ထပ်မံ၍ ဝမ်လင်း၏ လွှင့်ပစ်ခြင်းကို ခံရပြန်သည်။
ဘန်း … ။ ဘန်း … ။ ဘန်း … ။
နံရံနှင့် ဆောင့်သံများက တရစပ် ထွက်လာ၏။ အဘိုးအိုကလည်း သွေးတစ်လုတ် အန်လိုက်ရသည်။ ဝမ်လင်းက ထပ်မံ၍ ဆက်လုပ်ရန် ဟန်ပြင်သည်ကို တွေ့သည့်အခါ သူက အလျင်အမြန် အော်ပြောလိုက်၏။ “ဘိုးဘိုး … ကျေးဇူးပြုပြီး ရပ်ပေးပါ။ ငါက မင်းကို ဘိုးဘိုးလို့ ခေါ်ဖို့ ဆန္ဒရှိပါတယ်။ မင်းငါ့ကို ထပ်ပြီး ကိုင်ဆောင့် လွှတ်ပစ်နေရင် ဒီအဘိုးအိုက ပျက်စီး ရတော့မယ် …”
ဝမ်လင်းက ဖြေလျော့ပေး လိုက်သည်။ အဘိုးအိုက အောက်သို့ ပြုတ်ကျလာ၏။ သည့်နောက် သူက ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။ “ဂျူနီယာ ညီလေး … မင်းခွန်အားနဲ့ ဆိုရင် မင်းလိုချင်တာ သွားခိုးနိုင်ပြီ။ မင်းက လူအများကြီးကို မသတ်သေးသ၍ ဘယ်သူမှ မင်းကို စိတ်ဝင်စားမှာ မဟုတ်ဘူး …”
ဝမ်လင်းက အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထွက်ခွာလာ၏။ သိပ်မကြာခင်တွင် သူက အဘိုးအို ညွှန်ပြလိုက်သော လိုဏ်ဂူရှေ့သို့ ရောက်လာခဲ့သည်။ သည်လိုဏ်ဂူအပြင်၌ အတားအဆီး အချို့ ရှိလို့နေသည်။ တမ်လင်းက နတ်ဘုရားအာရုံဖြင့် ဖြန့်ကြက်ကြည့်လိုက်ရာ အထဲ၌ သက်လတ်ပိုင်း လူကြီး တစ်ယောက် ကျင့်ကြံနေသည်ကို တွေ့လိုက်ရ၏။ ဘေးလိုဏ်ဂူ အခန်းလည်း အမျိုးသမီး နှစ်ယောက်ကပါ ကျင့်ကြံလို့နေသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ညာလက်ကို လှုပ်ရှားလိုက်ရာ များစွာသော ပုံရိပ်ယောင် အတားအဆီးများ ဖြစ်ပေါ်လာ၏။ ပေါက်ကွဲသံ တစ်ချက်နှင့်အတူ လိုဏ်ဂူ အပြင်ဘက်ရှိ အတားအဆီး အားလုံး ပျက်စီး သွားလေတော့၏။
အဘိုးအိုက အကွာအဝေး တစ်ခု၌ သည်အခြင်းအရာကို ကြည့်နေရင်း တုန်လှုပ်နေမိသည်။ သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က သွားရှုပ်လို့မရသည့် နောက်တစ်ယောက် ထပ်ရလာပြန်ပြီဟု တွေးနေမိသည်။
သက်လတ်ပိုင်း လူကြီးက သူ့လိုဏ်ဂူ၏ အတားအဆီး ပျက်စီး သွားသောကြောင့် ဒေါသတကြီး အော်ဟောက်လိုက်၏။ သူက အနီရောင် အလင်းတန်း အသွင်သို့ ပြောင်း၍ ချက်ချင်းပျံသန်း ထွက်လာခဲ့၏။ သည့်နောက် သူက စကားတစ်ခွန်းမှ မဆိုဘဲ ခရမ်းရောင် အလံငယ်တစ်ခုကို ထုတ်ယူလိုက်သည်။ အလံထဲကနေ ရာချီသော ဝိညာဉ်များ ပျံသန်း ထွက်လာကြ၏။
သည်ဝိညာဉ်များက အမျိုးသား၊ အမျိုးသမီး ဝိညာဉ်များ အစုံပါဝင်နေသည်။ သူတို့က စူးစူးရှရှ အော်ဟစ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာ၏။
“ငါ့လိုဏ်ဂူကို ဖျက်ဆီးတဲ့အတွက် မင်းသေရမယ် …”
ဝမ်လင်းက တည်ငြိမ်စွာပင် ရှိနေသည်။ လိုဏ်ဂူထဲကနေ ထွက်လာသည့်လူက စဦးစိတ်ဝိညာဉ် အဆင့်သို့ပင် မရောက်သေးချေ။ သူက အမြုတေ ဖွဲ့တည်ခြင်း အထွတ်အထိပ် အဆင့်၌သာ ရှိလို့နေ၏။
သို့ရာတွင် သူ့လက်ထဲရှိ စိတ်ဝိညာဉ် အလံကတော့ နည်းနည်း ကွာခြားမှု ရှိ၏။ ဝမ်လင်းက သည်စိတ်ဝိညာဉ် အလံပေါ်ရှိ ရွှေရောင်မျဉ်း တစ်ကြောင်းကို ရှင်းလင်းစွာ တွေ့မြင်နိုင်၏။ အလံကနေ ထုတ်လွှတ်နေသည့် ဝိညာဉ်များ၏ ပတ်လည်၌ အမည်းရောင် အော်ရာတစ်ခု ရှိလို့နေသည်။ သည်အရာက သာမန်စိတ်ဝိညာဉ် အလံများ၏ ဝိညာဉ်များနှင့် အလွန် ခြားနားနေသည်။
သည်ဝိညာဉ် ရာချီက စွမ်းအင်များနှင့် ပြည့်နေ၏။ အချို့ဆိုလျှင် သာမန်စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ထက် မည်သို့မျှ အားနည်းခြင်း မရှိချေ။
ဝမ်လင်းက သည်အလံ၏ မတူညီကွဲပြားမှုကို တွေ့မြင်ပြီးနောက် သူ့မျက်လုံးများက တလက်လက် ဖြစ်နေသည်။
သည်အလံထဲရှိ ဝိညာဉ်များက ကြီးထွားနိုင်သည့် စွမ်းရည် ရှိလို့နေသည်။
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက လက်ဆန့်ထုတ် လိုက်၏။ သက်လတ်ပိုင်း လူကြီး၏လက်ထဲရှိ စိတ်ဝိညာဉ်အလံက သူ့ထံသို့ ပျံသန်းလာခဲ့၏။ သူက၎င်းအပေါ်ရှိ နတ်ဘုရား အာရုံကို ဖယ်ရှားပစ် လိုက်ပြီး သူ့ကိုယ်ပိုင်အဖြစ် ခတ်နှိပ်လိုက်၏။ သည့်နောက်သူက သည်အရာသည် သူ့စိတ်ဝိညာဉ်နှင့် သဟဇာတ ဖြစ်သွားသည်ကို ခံစားမိလိုက်၏။
စိတ်ဝိညာဉ် အလံ၏ လှုပ်ယမ်းမှုနှင့်အတူ သူ့ထံသို့ တိုးဝင်လာနေသော စိတ်ဝိညာဉ်များသည် ၎င်းအလံ၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူက ကြောင်ငေး သွားမိသည်။ သူက လေအေးတစ်ချက် ရှိုက်သွင်း၍ ချက်ချင်း အနက်ရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို မြေပေါ်သို့ ပစ်ချ၍ အော်ဟောက်၏။ “ငါ အရှုံးပေးပါတယ် … အရှုံးပေးပါတယ်။ လိုဏ်ဂူလည်း မင်းဟာပါ။ ဒီ ကျောက်စိမ်းပြားလည်း မင်းဟာပါ။ ဒီအလံလည်း မင်းဟာပဲ။ ငါ့မှာ ကျင့်ကြံခြင်း ကိုယ်လုပ်တော် နှစ်ယောက်လည်း ရှိတယ်။ ဒီထဲက တစ်ယောက်က ငါ့ ခုထိ ထိတောင်မထိ ရသေးပါဘူး။ မင်း သူတို့နှစ်ယောက်ကိုလည်း ယူနိုင်ပါတယ် …”
“ငါ မင်းကို အကုန်ပေးပြီးပြီး၊ ဒါဆို စည်းမျဉ်းကြောင့် မင်းငါ့ကို သတ်လို့မရတော့ဘူး …” ထိုသို့ ပြောပြီးနောက် သူက နောက်သို့လျင်မြန်စွာ ဆုတ်ပြေးသည်။
ဝမ်လင်းက သူ့ရှေ့က လူကိုကြည့်သည်။ သူက တိုက်ခိုက်ခြင်း မရှိသော်လည်း လက်ဝှေ့ယမ်း လိုက်သည်။ အနက်ရောင် ကျောက်စိမ်းပြားက သူ့လက်ထဲသို့ လျှောက်လာခဲ့၏။ သူက ၎င်းကို သေချာစွာ ကြည့်ရှုစစ်ဆေး ကြည့်လိုက်၏။
ထိုအခိုက်တွင် လိုဏ်ဂူထဲကနေ အမျိုးသမီးနှစ်ယောက် ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်လုံးက ချောမောတည်ငြိမ် လှသည်။ သူတို့ကသည်လို အရာမျိုးနှင့် အသားကျနေပြီး တိတ်ဆိတ်စွာ မတ်တတ်ရပ်လို့ နေ၏။
“ဒါက စိတ်ဝိညာဉ်အလံ ပြုလုပ်ဖို့အတွက် စစ်မှန်တဲ့ နည်းလမ်းပဲ။ ဒါပေမဲ့ ဒါက မပြည့်စုံသေးတဲ့ပုံပဲ …” ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ပြန်ရုပ်လိုက်ပြီး မျက်မှောင်ကြုတ်သည်။
အမျိုးသမီး နှစ်ယောက်ထဲက အပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးက ကျောက်စိမ်းပြားကို ကြည့်၍ ဝမ်လင်း မျက်မှောင်ကြုတ် သွားသည်ကို တွေ့၍ မေးလိုက်သည်။ “စီနီယာအကို … နင်က ဒီနည်းလမ်းဟာ မပြည့်စုံတာကို သတိပြုမိ သွားတာမလား …”
ဝမ်လင်းက ခေါင်းမော့၍ အမျိုးသမီး နှစ်ယောက်ကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်လုံးက အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်၌သာ ရှိလို့နေသေး၏။
ဝမ်လင်းက မေးလိုက်သည်။ “ဘာကြောင့် အဲဒီလို ဖြစ်ရတာလဲ …”
အပြာရောင် ဝတ်စုံနှင့် အမျိုးသမီးက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။ စီနီယာ အစ်ကိုက ဒီနှစ်အပြင်ကလန် တပည့်ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ချင်မူ ဖြစ်ရမယ်။ “ဂျူနီယာညီမ ရှုယင်ကက စီနီယာ အစ်ကိုကို နှုတ်ဆက်ပါတယ်။ စိတ်ဝိညာဉ်အလံ မပြည့်စုံရတဲ့ အကြောင်းကတော့ ဒါက သုံးပိုင်းကွဲ နေလို့ပါ။ တစ်ပိုင်းစီက တောင်သုံးခုဖြစ်တဲ့ စိတ်ဝိညာဉ် မွမ်းမံခြင်း၊ စိတ်ဝိညာဉ် နုတ်ယူခြင်းနဲ့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်းတောင် သုံးခုမှာ တစ်ခုစီ ရှိနေကြတယ် …”
“ဒီနည်းလမ်း သုံးခုကို ပေါင်းစပ်မှသာ စီနီယာအကိုက အစစ်အမှန် စိတ်ဝိညာဉ် အလံကို ပြုလုပ်နိုင်လိမ့်မယ် …”
ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ကျောက်စိမ်းပြားကို ပြန်သိမ်း၍ လိုဏ်ဂူသို့ ကြည့်လိုက်သည်။ သည်နေရာက သူ့သတ်မှတ်ထားသည့် အရာများနှင့် ကိုက်ညီမှုမရှိပေ။ သည့်အတွက်ကြောင့် သူက တောင်အောက်သို့ ဆင်းသက်လာခဲ့၏။
အမျိုးသမီး နှစ်ယောက်က မှင်တက် သွားကြသည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး ဝမ်လင်းနောက်သို့ လိုက်ပါ သွားကြသည်။ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၌ တစ်ဦးတစ်ယောက်တည်း နေခြင်းက အန္တရာယ် များလှ၏။ မင်းကျင့်ကြံမှု အဆင့်က အားမကောင်းဘူး ဆိုရင် မင်းက အခြား လူများအပေါ် မှီခိုသင့်ပေသည်။ သည့်အတွက်ကြောင့်လည်း သည်နေရာ၌ များစွာသော အုပ်စုများ ရှိနေကြခြင်း ဖြစ်လေ၏။
မင်းက တိုက်ပွဲတစ်ပွဲ ရှုံးနိမ့်လျှင် အရာအားလုံးကို လွှဲပေးရမည် ဖြစ်၏။ မင်းက အရာအားလုံးကို လွှဲပြီးသည်နှင့် နောက်လူက မင်းကို သတ်၍ မရတော့ချေ။ မဟုတ်လျှင် အကြီးအကဲများက ကြားဝင်လာလိမ့်မည် ဖြစ်၏။
စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က ဘာကြောင့် ထိုသို့သော စည်းမျဉ်းမျိုး ရှိမှန်း မည်သူမှ မသိကြချေ။
သည့်အတွက်ကြောင့်လည်း သူတို့က ဝမ်လင်းနောက်သို့ လိုက်ပါသွားကြခြင်း ဖြစ်သည်။
ဝမ်လင်းက ပျံသန်းနေရင်း မျက်မှောင်ကြုတ် သွားသည်။ သူက လှည့်၍ ပြောလိုက်၏။ “ငါ့ နောက်မလိုက်ခဲ့နဲ့…” သူက အမျိုးသမီး နှစ်ယောက်ကို အေးစက်စွာ ကြည့်၍ ပြန်လှည့် ထွက်ခွာ၏။
ရှုယင်ဘေးရှိ အမျိုးသမီးက စိုးရိမ်စွာ မေးလိုက်သည်။ “စီနီယာအစ်မ … ငါတို့ ဘာလုပ်သင့်လဲ …”
ရှုယင်က ခြေဆောင့်၍ နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “ငါတို့ ဘာလုပ်နိုင်မှာလဲ။ သူ ငါတို့ကို သူ့နောက်လိုက်လာဖို့ ခွင့်မပြုဘူးဆိုတော့ ငါတို့က မလိုက်ရုံပေါ့။ သူက လိုဏ်ဂူတစ်ခု ရှာတွေ့ပြီးရင် ငါတို့လည်း သူ့နားမှာ လိုဏ်ဂူတစ်ခု ရှာပြီး နေကြတာပေါ့။ အခြားလူတွေက သူ့မျက်နှာကြောင့် ငါတို့ ကျင့်ကြံနေတာကို လာမနှောင့်ယှက် လောက်တော့ဘူး …”
တောင်၏ အောက်ခြေနား၌ ဝမ်လင်းအကြည့်က အငူစွန်း တစ်ခုပေါ်သို့ ကျရောက်သွားသည်။ သူက ထိုအငူကို လက်ညွှန်လိုက်ရာ ဓားပျံတစ်လက်က ၎င်းထံသို့ တိုးဝင်သွား၏။ ၎င်းက ခဏအကြာတွင် လိုဏ်ဂူပုံစံ အဖြစ်သို့ ပြောင်းသွား၏။
ဝမ်လင်းက လိုဏ်ဂူထဲသို့ ပျံသန်းဝင်လာပြီး အတားအဆီး တစ်ခုကို သေချာချမှတ်၍ လိုဏ်ဂူကို ချိပ်ပိတ်ထား လိုက်သည်။
လိုဏ်ဂူထဲ၌ ဝမ်လင်းအကြည့်က ဂူနံရံပေါ်သို့ ကျရောက်သွား၏။ သူက သည်နေရာကို ရွေးချယ်ရသည့် အကြောင်းရင်းက စိတ်ဝိညာဉ် သွေးကြောနှင့် အနီးဆုံးတွင် ရှိနေသောကြောင့် ဖြစ်၏။
သူက ပထမတစ်ကြိမ် တုန်းကလို စိတ်ဝိညာဉ် သွေးကြောကို မစုပ်ယူနိုင်သော်လည်း ၎င်း၏ စွမ်းအားကိုတော့ ငှားရမ်းနိုင်ဦးမည် ဖြစ်သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွား၏။ သူက ပြန်ပေါ်လာသည့်အခါ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်အောက်ရှိ စိတ်ဝိညာဉ် သွေးကြောရှေ့သို့ ရောက်နေခဲ့သည်။
သူက ကြာပွင့်သဏ္ဌာန် ထိုင်ချပြီး နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်၏။ သည်အခါ သူတွေ့လိုက်သည့် အရာကြောင့် ဝမ်လင်းက မှင်တက်သွား၏။
စိတ်ဝိညာဉ် သွေးကြော၏ အနက်ရှိုင်းဆုံး နေရာ၌ နတ်ဘုရား အာရုံအားလုံးကို ပိတ်ဆို့ထားသည့် အမည်းရောင် အခိုးအငွေ့ထု တစ်ခု ရှိလို့နေသည်။ သည်စိတ်ဝိညာဉ် သွေးကြောထဲက စိတ်ဝိညာဉ် စွမ်းအင်များက သည်အခိုးအငွေ့၏ စုပ်ယူခြင်းကို ခံနေရသည်။
ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို သည်အမည်းရောင် အခိုးငွေ့မျာ၏ အစွန်းနားထိ ပို့လွှတ်လိုက်၏။ သည်အခါသူက သည်အမည်းရောင် အခိုးအငွေ့များ အတွင်းမှ ဝိညာဉ် အော်ညည်းသံများကို ထောက်လှမ်းမိ သွား၏။
“ဒါက နတ်ဘုရား အာရုံကို တားဆီးထားတာပေါ့ …” ဝမ်လင်းက သေချာ ကြည့်ရှုလိုက်ရာ သည်အမည်းရောင် အခိုးအငွေ့များ၏ ပတ်လည်၌ အတားအဆီး တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။
သည်အတားအဆီးကြောင့် သူနတ်ဘုရားအာရုံက ဆက်၍ မဝင်ရောက်နိုင်ခြင်း ဖြစ်သည်။ အချိန်အတန်ကြာ ကြည့်ရှုပြီးနောက် ဝမ်လင်းက မျက်လုံးမှိတ်၍ အာရုံစူးစိုက် လိုက်၏။
“ဒါ … ဒါက ရှေးဟောင်း စိတ်ဝိညာဉ် အတားအဆီးများ ဖြစ်နေနိုင်မလား …” ဝမ်လင်းစိတ်ထဲ၌ တုန်လှုပ် နေမိ၏။
***