Switch Mode

အပိုင်း(၄၂၉)

စိတ်ဝိညာဉ် သန့်စင်ခြင်း အတွင်းကလန်

သေဆုံးခြင်း မန္တန်က ဂျိနယ်ပယ်ကို လေ့လာခဲ့သော ရှေးဟောင်း ကျင့်ကြံသူများ ဖန်တီးခဲ့သော အရာဖြစ်သည်။ ၎င်းက ကျင့်ကြံရန် ခက်ခဲသော်လည်း ထိန်းချုပ်ရန် လွယ်၏။

၎င်းက “သေ” ဆိုသည့် စကားတစ်ခွန်း ဆိုပြီးသည်နှင့် ပစ်မှတ်ထား ခံရသောလူသည် ချက်ချင်း သေဆုံးသွားရလေ့ ရှိသည်။

၎င်းနည်းစနစ်ကို ကျင့်ကြံရန် အတွက် လူတစ်ယောက် အောက်ရာသုံးခုကို တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်ရ၏။

သည်အော်ရာ သုံးခုက သေခြင်းအော်ရာ၊ ယင်အော်ရာနှင့် သတ်ဖြတ်ခြင်း အော်ရာတို့ ဖြစ်ကြသည်။

သေခြင်းအော်ရာက အလောင်းများထံက စွမ်းအင်များကို စုပ်ယူ၍ ရရှိနိုင်သည်။ ၎င်းက ယင်စွမ်းအင် တစ်မျိုး ဖြစ်သော်လည်း သေခြင်းနှင့် ပြည့်နေ၏။

ဒုတိယတစ်ခု ယင်အော်ရာကတော့ အမျိုးသမီးများ၏ စိတ်ဝိညာဉ်များ ထံကနေ ရရှိနိုင်သည်။ သည်ယင်အော်ရာတွင် ရှင်သန်ခြင်းဓာတ် ပါဝင်၏။

သည်အော်ရာ နှစ်ခုကို ရရှိပြီးနောက် ကျင့်ကြံသူက သည်နှစ်ခုကို ပေါင်းစပ်၍ တတိယအော်ရာ သေဆုံးခြင်း အော်ရာကို ဖြစ်ပေါ်အောင် လုပ်ရသည်။ သည်အော်ရာ သုံးခုကို ပေါင်းစပ်ပြီးနောက် သူတို့က ဆယ်ရာခိုင်နှုန်းသာ အသက်ရှင်နိုင်ဖို့ အခွင့်အရေးရှိသည်။ မည်သည့် သက်ရှိအပေါ်ကိုပဲ ဖြစ်ဖြစ် သေခြင်းမန္တန်ကို အသုံးပြုနိုင်သည်။ လူတစ်ယောက်က သေခြင်း မန္တန်ကို စတင်လေ့ကျင့် သည်နှင့် နေ့တိုင်း အလွန်အမင်း နာကျင်မှုကို ခံစားရမည် ဖြစ်သည်။ သုံးနှစ်ကြာတိုင်း သည်ကျင့်ကြံသူက ရှင်သန်ရန် ဆယ်ရာခိုင်နှုန်းသာ ရှိသည့် စမ်းသပ်မှုကို ဖြတ်ကျော်ရမည် ဖြစ်သည်။

သည်လို အတွေ့အကြုံများ ထည်လဲကျော်ဖြတ် ပြီးသည်နောက် သေဆုံးခြင်း မန္တန်၏ ပထမအဆင့် ပြည့်စုံခြင်းကို ရောက်ရှိမည် ဖြစ်သည်။ လူတစ်ယောက်က ၎င်းကို ဆက်၍ လေ့ကျင့်လိုလျှင် သူတို့ကိုယ်တိုင် သေဆုံးနိုင်သည့် အခွင့်အရေးက ပိုတိုးလာမည်သာ ဖြစ်သည်။ သည်သေခြင်း မန္တန်က ဂျိနယ်ပယ်ကို တုပထားခြင်း ဖြစ်လေ၏။

သို့သော် ၎င်းက ဂျိနယ်ပယ်ထက် အားနည်းပြီး အလွန်လည်း အန္တရာယ် များလှသည်။ ၎င်းက အဆမတန် ပေးဆပ်ပြီးမှာသာ ကျင့်ကြံနိုင်သည့် နည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်း၏ စွမ်းရည်က အံ့ဩစရာ ကောင်းသော်လည်း တဖြည်းဖြည်းဖြင့် သည်နည်းစနစ်က ပျောက်ဆုံးလာခဲ့ပြီး ကျင့်ကြံသူလည်း နည်းသထက် နည်းလာခဲ့သည်။

စီမာက သေ ဆိုသည့်စကားကို ပြောလိုက်ပြီးနောက် သေခြင်းမန္တန်ကို အသက်သွင်း ထား၏။ ထူးဆန်းသော စွမ်းအင်လှိုင်းများက သူ့လက်ချောင်း ထိပ်ကနေ ပျံ့နှံ့လာပြီး သူက ၎င်းလက်ချောင်းဖြင့် ဝမ်လင်းထံသို့ ညွှန်လိုက်၏။

ဝမ်လင်း မျက်လုံးထဲ၌ ထူးဆန်းသော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာသည်။ သူက သေခြင်းမန္တန်နှင့် တွေ့ကြုံနေချိန်၌ လှုပ်ပင်မလှုပ်ချေ။ စီမာက သူ့ကို လက်ညှိုး ထိုးလိုက်စဉ် သူက ယင်အော်ရာ အမျှင်တန်းက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားမိသည်။

သည်ယင်စွမ်းအင်က သူ့ တစ္ဆေလောက ပျံတက်ခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့စဉ်က သူအသုံးပြုခဲ့သော ယင်စွမ်းအင်နှင့် အလွန် ခြားနားလှသည်။ သည်ယင်အော်ရာ ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်ထဲ၌ အခြားအော်ရာ တစ်ခု ထွက်ပေါ်လာခဲ့သည်။

သည်အော်ရာက ဝမ်လင်းကို တုန်လှုပ် သွားစေသည်။ ၎င်းအော်ရာက သူ့မူလခန္ဓာကိုယ် ထဲကနေ ပေါ်လာလျှင် သူက ခုလို အံ့အားသင့်မိမည် မဟုတ်ချေ။ သို့သော် အခုလက်ရှိ သူ့ခန္ဓာကိုယ်က လူများစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်း မရှိသေးပေ။ သို့သော် ခုချိန်၌ သတ်ဖြတ်ခြင်း အော်ရာက သူ့ခုခန္ဓာကိုယ်ထဲ၌ ဖြစ်တည်နေဆဲ ရှိနေသည်။

သည်သတ်ဖြတ်ခြင်း အော်ရာက မှိန်ဖျော့နေ သေးသော်လည်း ၎င်းက ယင်အော်ရာနှင့် ပေါင်းစပ်သွားပြီး အလွန် ထက်ရှသော ဓားသွားတစ်ခုလို ဖြစ်ပေါ်၍ မူလစိတ်ဝိညာဉ် ထံသို့ တိုက်ရိုက် တိုးဝင်လာသည်။

သို့ရာတွင် ဝမ်လင်း၏ ခွန်အားဖြင့် ဆိုလျှင် သူက သည်ထူးဆန်းသည့် အော်ရာကို ချက်ချင်း ဖျက်ဆီးပစ်နိုင်၏။ အတွေး တစ်ချက်ဖြင့်ပင် သူ့မူလစိတ်ဝိညာဉ်က သည်ထူးဆန်းသော စွမ်းအားကို အေးခဲပစ်လိုက်၏။ သူ့ ဂျိနယ်ပယ်ကို နားလည် ထားမှုကြောင့် သူက သေဆုံးခြင်း မန္တန်ကို ချက်ချင်း ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သည်။

သေဆုံးခြင်း အော်ရာက စွမ်းအားကောင်း လှသော်လည်း ၎င်းက ဂျိနယ်ပယ်နှင့် ယှဉ်လျှင် အလွန် အားနည်းလွန်း နေသေး၏။

ဂျိနယ်ပယ်က နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကနေ သန္ဓေပြောင်းလဲ ထားခြင်း ဖြစ်သည်။ ၎င်းက ကျင့်ကြံခြင်း နယ်ပယ်တူသည့် မည်သူ့ကိုမဆို သတ်ပစ်နိုင်စွမ်း ရှိပေသည်။

သေဆုံးခြင်း မန္တန်ကလည်း ကျင့်ကြံသူ အဆင့်နိမ့်သည့် လူဆိုလျှင် တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်၏။ သို့သော် ကျင့်ကြံမှု အဆင့်မြင့်သည်လူဆိုလျှင် အနည်းငယ် အားစိုက်ထုတ်ရ၏။

ဥပမာ … အမြုတေ ဖွဲ့တည်ခြင်း အလယ်အလတ် အဆင့်ကျင့်ကြံသူက ၎င်းမန္တန်ကို အသုံးပြုလျှင် သည်အဆင့်ထက် နိမ့်သည် မည်သည့် ကျင့်ကြံသူကိုမဆို ချက်ချင်း သတ်ပစ်နိုင်စွမ်း ရှိသည်။ သူနှင့်အဆင့်တူ ဆိုလျှင်လည်း အောင်မြင်နိုင်သည့် သတ်ပစ်နိုင်သည့် အခွင့်ရေး ရှိသေး၏။ အကယ်၍ မသတ်နိုင်ဘူး ဆိုရင်ပင် အနည်းဆုံး သူ့ရန်သူကို တုန်လှုပ် သွားစေနိုင်သည်။

သို့ရာတွင် သူက အမြုတေ ဖွဲ့တည်ခြင်း နောက်ဆုံးအဆင့်နှင့် ယဉ်ဆိုင်ရလျှင် သည်နည်းစနစ်က အလွန် အသုံးမဝင်တော့ချေ။ မန္တန် အသုံးပြုသူက ဂရုမစိုက်လျှင် တန်ပြန် သက်ရောက်ခြင်း ခံရမည် ဖြစ်၏။

သည်မန္တန်က ဂျိနယ်ပယ်နှင့် ယှဉ်လျှင် အလွန့်အလွန် အားနည်း သေးသည်။

ဝမ်လင်းက ခေါင်းမသိမသာ ခါလိုက်သည်။ သေဆုံးခြင်း မန္တန်က ထူးဆန်းသော်လည်း ၎င်းက သူ့အတွက် ဘာမှမဟုတ်ချေ။ အတွေး တစ်ချက်ဖြင့်ပင် သည်မန္တန်၏ စွမ်းအားကို သူ့ခန္ဓာကိုယ်ထဲက ပျောက်ကွယ်သွားအောင် လုပ်နိုင်၏။

၎င်းမန္တန် စွမ်းအင်က ပျောက်ကွယ် သွားသည်နှင့် စီမာ၏မျက်လုံး သူငယ်အိမ်က ကျုံ့သွားသည်။ သူ့ခန္ဓာကိုယ် ကလည်း တုန်ရင်သွား၏။ သည့်နောက်သူက သွေးတစ်လုတ် အန်ထုတ်လိုက် ရသည်။ သူက သူအသုံးပြုသည့် မန္တန်၏ တန်ပြန် အစွမ်းကြောင့် မြေပေါ်သို့ လဲကျသွားတော့သည်။

သည်အခိုက်တွင် အတွင်းကလန်က နောက်ထပ် စိတ်ဝိညာဉ်စွမ်းအင်က စီမာခန္ဓာကိုယ်ကို အတွင်းကလန်ထဲသို့ ဆွဲခေါ်သွားလေ၏။

သံသယရှိစရာ မလိုဘဲ ဝမ်လင်းက သည်ပြိုင်ပွဲ၏ အနိုင်ရသူ ဖြစ်လာခဲ့သည်။

သည်ပြိုင်ပွဲကို ကြီးကြပ်ပေးနေသော အတွင်းကလန်၏ တပည့်က ဝမ်လင်းကို လက်သီးဆုပ် နှုတ်ဆက်ဟန် ပြု၍ ပြောလိုက်သည်။ “ငါ့နာမည်က ဝမ်ကျန်ပါ … ။ ငါတို့နောက်တစ်ကြိမ် တွေ့ရင် ငါက မင်းကို ဂျူနီယာ ညီလေးလို့ ခေါ်မယ်။ ချင်မူ … ငါ့နောက်လိုက်ပြီး အကြီးအကဲနဲ့တွေ့ပါ …”

ဝမ်လင်းက ခေါင်းညိတ်၍ ပြုံးနေ၏။ သူက ဝမ်ကျန်နောက်မှ လိုက်၍ အတွင်းကလန်သို့ သွားလေသည်။

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ အတွင်းဘက် ကလန်က ကောင်းကင်ဘုံ အလားပင်။ သူက အစီအရင်များကို ဖြတ်ကျော် သွားရင်းနှင့် မိုးထိ ထိုးတက်နေသော တောင်သုံးခုကို မြင်တွေ့ခဲ့ရ၏။

သူတို့ပျံသန်း နေစဉ် ဝမ်ကျန်က ရှင်းပြလိုက်၏။ ဒီတောင်သုံးခုက စိတ်ဝိညာဉ် သန့်စင်ခြင်းကလန် အတွင်းမှာ ရှိတဲ့ အုပ်စုသုံးခုက ပိုင်ဆိုင်တယ်။ “ဒီအုပ်စု သုံးခုကတော့ စိတ်ဝိညာဉ် မွမ်းမံခြင်း၊ စိတ်ဝိညာဉ် နုတ်ယူခြင်းနဲ့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း တို့ဖြစ်ကြတယ် …”

ဝမ်လင်းက ခေါင်းညိတ်၍ တောင်သုံးခု ရှိရာသို့ ကြည့်လိုက်သည်။

ဒီတောင်သုံးခု၏ နောက်ဘက်တွင် ရွှေရောင် အဝန်းအဝိုင်းကြီးများ ရှိနေ၏။

“ဒီ ရွှေရောင်အလင်း အဝန်းအဝိုင်း ကိုးခုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် စီနီယာတွေ ကျင့်ကြံတဲ့ နေရာပဲ။ တနေ့ ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရင်တော့ ဆယ်ခု ဖြစ်လာမှာပေါ့ …” ဝမ်ကျန်၏အသံက လိုချင်ဆန္ဒများနှင့် ပြည့်နေသည်။

ဝမ်လင်းက ရွှေရောင်အလင်း အဝန်းအဝိုင်းများကို ကြည့်နေ၏။ သူက သည်နေရာ ကနေပင် သည်အဝန်းအဝိုင်း များထံကနေ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအင်များ ထုတ်လွှတ် နေသည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။

“ငါသာ ပြန်ကောင်းလာရင် ဒီအဝန်းအဝိုင်း ထဲမှာ ရှိနေတဲ့ ဘယ်သူကမှ ငါ့ပြိုင်ဘက် မဖြစ်နိုင်ဘူး …” ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ရှိနေသည်။

ဝမ်ကျန်က ခေါင်းလှည့်၍ မေးလိုက်သည်။ “ချင်မူ … မင်း စန်နူးအကြောင်း သိလား …”

“စန်နူး …” ဝမ်လင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ငါ သူ့နာမည် ကြားဖူးတယ် …”

“ငါ့တို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူ ဆယ်ယောက် ရှိခဲ့တယ်။ ဒါပေမဲ့ တစ်ယောက် စန်နူး သတ်တာ ခံလိုက်ရတာ …” ဝမ်ကျန်၏ မျက်လုံးထဲ၌ လေးစားမှုများဖြင့် ပြည့်နေ၏။ “စန်နူးက ငါ့ ပန်းတိုင်ပဲ။ တနေ့ ငါက ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်အောက် နံပါတ်တစ် ကျင့်ကြံသူ ဖြစ်လာရမယ် …”

“အို … တကယ်လား …” ဝမ်လင်းက အချိန်အတန်ကြာ တွေးကြည့်သော်လည်း သူသတ်ခဲ့သည် သည်ကလန်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူကို မမှတ်မိဘဲ ဖြစ်နေ၏။

ဝမ်ကျန်က ပြောလိုက်၏။ “ဒီကိစ္စကို သိတဲ့လူ အများကြီးမရှိဘူး။ ဒီစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ဘိုးဘေးက အခြားနိုင်ငံကို အလည် သွားခဲ့တယ်။ ဒါပေမဲ့ သူက စန်နူးနဲ့ အငြင်းအခုံ ဖြစ်ပြီး သူ သတ်တာ ခံလိုက်ရတာ …”

ဝမ်လင်းက သူ့နှာခေါင်းကို ပွတ်သပ်လိုက်သည်။ သူက တကယ်ကို မမှတ်မိဘဲ ဖြစ်နေ၏။

“ဒီစန်နူးက ခုချိန်မှာ ပျောက်ကွယ်သွားတာ သေချာတယ်။ ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ သွန်းထျန်က ငါ့ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ …” ဝမ်ကျန်က သက်ပြင်း ချလိုက်၏။

“ဘိုးဘေး သွန်းထျန်လား …” ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။

“ဒါက မင်းကို ပြောပြလည်း ဘာမှတော့ မဖြစ်ပါဘူး။ မင်းက အတွင်း ကလန်ရဲ့ အဖွဲ့ဝင် ဖြစ်လာတော့မှာပဲ။ ငါတို့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ နှစ်ယောက် ရှိတယ်။ တစ်ယောက်တော့ ဘိုးဘေး သွန်းထျန်ပဲ …”

ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူက ရွှေရောင်အလင်း အဝိုင်းကိုးခု၏ နောက်တွင် သွေးနီရောင် အော်ရာတစ်ခု ရှိနေသည်ကို ဝိုးတိုးဝါးတား မြင်လိုက်ရသည်။

သူတို့နှစ်ယောက် လမ်းလျှောက် လာရင်းဖြင့် စိတ်ဝိညာဉ် မွမ်းမံခြင်း တောင်သို့ ရောက်လာခဲ့ကြသည်။ တောင်ထိပ်၌ အစိမ်းရောင် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ခန်းမတစ်ခု ရှိလို့နေသည်။ ဝမ်ကျန်က ပြောလိုက်သည်။ “ချင်မူ … အထဲသွားကြမယ်။ အကြီးအကဲက အထဲမှာ မင်းအတွက် စီစဉ်ထားတာ ရှိလိမ့်မယ် …”

ဝမ်လင်းက ခေါင်းညိတ်၍ ခန်းမထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွား၏။

သည်ခန်းမက လုံးဝ မှောင်မိုက်နေသည်။ သူဝင်လာသည့် အခိုက်တွင် သူက ပတ်ဝန်းကျင်မှ ဖိအားကို ခံစားလိုက်ရသည်။ သူဖိအားက ဝမ်လင်းအတွက် ဘာမှမဟုတ်လှချေ။ သို့သော် သူက သည်ဖိအားကို မခံနိုင်သည့်အသွင် ဟန်ဆောင်၍ လမ်းလျှောက်တာကို ရပ်တန့်လိုက်၏။

စက္ကန့်အနည်းငယ် အကြာတွင် သည်ဖိအားက လျော့ကျသွားပြီး ရှေးဟောင်း အသံတစ်ခု ထွက်ပေါ်လာ၏။ “ဝင်လာခဲ့ …”

ဝမ်လင်းက စိတ်သက်သာရာ ရသွားဟန်ဖြင့် ဆက်၍ လျှောက်လာခဲ့၏။

သည်ခန်းမက ရုတ်တရက် လင်းထင်းသွားပြီး အစိမ်းရောင် အလင်းများက ခန်းမပတ်လည်၌ လင်းလက်လာ၏။ ခန်းမအလယ်၌ အစိမ်းရောင် ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ထိုင်လျက်ရှိနေသည်။ သူက ဝမ်လင်းထံသို့ ကြည့်နေ၏။

သည်လူ၏ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် နောက်ဆုံး အထွတ်အထိပ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် နယ်ပယ်တစ်ခု ရှိရန်သာ လိုတော့၏။

အဘိုးအိုက သူ့အကြည့်ကို ဝမ်လင်းထံကနေ ပြန်ရုပ်သိမ်းပြီး ပွင့်လင်းစွာ ပြောလိုက်၏။ “မင်း နာမည် ဘယ်လိုခေါ်လဲ …”

ဝမ်လင်းက လက်နှစ်ဖက်ကို ယှက်၍ လေးစားစွာ ပြန်ဖြေလိုက်သည်။ “တပည့်နာမည်က ချင်မူပါ …”

အဘိုးအို၏ မျက်လုံးများက အလေးအနက် ဖြစ်သွားပြီး သူက မေးလိုက်သည်။ “မင်းက ဘယ်လိုလုပ် စီမာရဲ့ သေဆုံးခြင်း မန္တန်ကို ချိုးဖျက်နိုင်တာလဲ …”

ဝမ်လင်းက တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။ “တပည့်က ကျင့်ကြံမှုအဆင့်ကို လျှိုထားတာပါ။ တပည့်ရဲ့ ကျင့်ကြံမှုအမှန်က အမြုတေ ဖွဲ့တည်ခြင်း အထွတ်အထိပ် အဆင့်ပါ။ ဒါ့ကြောင့် သေဆုံးခြင်း မန္တန်က တပည့်ကို နာကျင်ထိခိုက်မှု မဖြစ်စေခဲ့ဘူး …”

အဘိုးအိုက ခေါင်းညိတ်လိုက်၏။ သူ့အမြင်အရ သည်ချင်မူက လိမ်နေခြင်းမဟုတ်ဟု ထင်မြင်နေသည်။ သူက ဝမ်လင်း ဝင်လာကတည်းက အမြုတေဖွဲ့တည်ခြင်း အလယ်အဆင့် မဟုတ်မှန်းနှင့် အထွတ်အထိပ် အဆင့်သာ ဖြစ်ကြောင်း သိလိုက်ပြီး ဖြစ်သည်။

အဘိုးအိုက ဝမ်လင်း ရှေ့သို့ မျက်စိတစ်မှိတ် အတွင်း ရောက်လာ၏။ သူက ဝမ်လင်းမျက်ခုံး နှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။

ဝမ်လင်းက ရှောင်ခြင်း မပြုချေ။ သည်လက်ချောင်းက သူ့ကို ထိလိုက်သည်နှင့် အေးစက်စက် စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့သည်။ သို့သော် ဝမ်လင်းက မူလ စိတ်ဝိညာဉ်ကြောင့် သည်စွမ်းအင်ကို စိုးရိမ်ခြင်း မရှိချေ။

သိပ်မကြာခင်တွင် အဘိုးအိုက သူ့လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်၏။ သူ့မျက်လုံးထဲ၌လည်း အေးစက်မှုများ ရှိမနေတော့ချေ။ သူကပြောလိုက်၏။ “ငါက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ အကြီးအကဲ တစ်ယောက်ပဲ။ မင်းက တောင်တစ်ဖက်ခြမ်းကို သွားပြီး မင်းအတွက် တုန်ကင်နဲ့ ဝတ်စုံကို သွားယူနိုင်တယ်။ မင်းက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ စာကြည့်တိုက် ထဲကနေလည်း နည်းစနစ် တစ်ခုကို သွားယူနိုင်တယ်။ ဒါ့အပြင် ဒီတောင်ပေါ်မှာ ရှိတဲ့ ဘယ်လိုဏ်ဂူကိုမဆို ကျင့်ကြံဖို့အတွက် ဖွင့်လှစ်နိုင်တယ်…”

“စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာ ဆရာဆိုတာ မရှိဘူး။ လူတိုင်းက သူတို့ကိုယ်ပိုင် လုပ်ဆောင် ရတယ်။ မင်း မေးစရာ တစ်ခုခုရှိရင် ငါ့ကို မေးနိုင်တယ်။ သွားတော့ …”

ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီး လေးစားသည့် ဟန်ပန်ဖြင့် ပြန်ထွက်ခွာသွား၏။

သူထွက်သွားပြီး မကြာခင်တွင် ခန်းမထဲ၌ အားကောင်းသော နတ်ဘုရား အာရုံနှစ်ခု ထွက်ပေါ်လာ၏။

“ဂျူနီယာညီလေး … ဒီလူက ဘယ်လိုလဲ …”

အဘိုးအိုက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “စိုးရိမ်စရာ ဘာမှမရှိဘူး …”

“ဂျူနီယာ ညီလေး … ဒီနှစ်တွေမှာ ဘိုးဘေးတွေ အားလုံးက တံခါးပိတ် ကျင့်ကြံ နေကြတယ်။ ငါတို့က မကောင်းတဲ့ ရည်ရွယ်ချက် ရှိတဲ့လူတစ်ယောက်ကိုမှ ကလန်ထဲဝင်ခွင့် မပြုနိုင်ဘူး …”

အဘိုးအိုက အေးစက်စွာ ပြောလိုက်၏။ “ဟာသပဲ … ။ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို ဖုံးကွယ်ထားတဲ့ အကြောင်းရင်းတွေနဲ့ လာကြတာ ခုမှ မဟုတ်ပါဘူး။ ငါ့ စီနီယာအစ်ကို နှစ်ယောက်ရဲ့ လက်အောက်မှာ ရှိတဲ့ တပည့် ဆယ်ယောက်ထဲက တစ်ယောက်တောင် ဒီလို ဖုံးကွယ်ထားတဲ့ အကြောင်းရင်းတွေ ရှိနေခဲ့တယ် မဟုတ်လား။ မင်းတို့နှစ်ယောက်က မင်းတို့ ကိုယ်ပိုင် တောင်တွေကိုပဲ သေချာ စီမံနေသင့်တယ်။ ငါ့စိတ်ဝိညာဉ် မွမ်းမံခြင်းတောင်ရဲ့ ကိစ္စတွေကို မင်းတို့နှစ်ယောက် စိုးရိမ်စရာ မလိုပါဘူး …”

“ဂျူနီယာညီလေးရဲ့ မကျေနပ်ချက်က တကယ့်ကို အားကောင်းတာပဲ။ အလိုလို အလိုက်သင့် တိုက်ခိုက်တက်တဲ့ လူက ငါ့ စိတ်ဝိညာဉ် နုတ်ယူခြင်းတောင်က ရွေးချယ်လိုက်တယ်။ သေဆုံးခြင်း မန္တန်ကို သိတဲ့လူကတော့ စိတ်ဝိညာဉ် ချိပ်ပိတ်ခြင်း တောင်က ရွေးချယ်လိုက်တယ်။ နောက်ဆုံး ကျန်ခဲ့တဲ့လူက ပြိုင်ပွဲရဲ့ အနိုင်ရတဲ့သူပဲ။ ဂျူနီယာညီလေးက ဘာလို့ မပျော်မရွှင် ဖြစ်နေရတာလဲ …”

အဘိုးအို၏ အသွင်က ရုပ်ဆိုးသွား၏။ “အဓိပ္ပာယ် မရှိလိုက်တာ … မင်းတို့ နှစ်ယောက်လုံးက အထူးစွမ်းရည် ရှိတဲ့ နှစ်ယောက်ကို ရခဲ့တယ်။ ဒါပေမဲ့ ဒီလူက ကျင့်ကြံခြင်း အဆင့်နည်းနည်းလေး ပိုမြင့်တာပဲ ရှိတယ် …”

သည်အခါ နတ်ဘုရား စိတ်အာရုံနှစ်ခုက ကျယ်လောင်စွာ ရယ်မော၍ ပျောက်ကွယ် သွားလေတော့၏။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုပ်သိမ်း၍ တောင်တစ်လျှောက် လမ်းလျှောက်လို့ သွားသည်။

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းနှင့် ဒီအဆင့်ထက် ကျင့်ကြံသူများ အားလုံးက တံခါးပိတ် ကျင့်ကြံနေကြတယ်။ စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်က သူတို့သုံးယောက်ပဲ စီမံနေကြတာပဲ …” ဝမ်လင်းက သည်အကြောင်းကို တွေးနေရင်းဖြင့် တောင်ကုန်း တစ်ခုဆီသို့ လမ်းလျှောက်၍ သွားလေ၏။

သူက တုန်ကင်နှင့် ဝတ်စုံများကို ရပြီးနောက် ဝမ်လင်းက အစောကြီးပဲ ရှိနေသေးသည်ကို သတိပြုမိသောကြောင့် သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ စာကြည့်တိုက်ထံသို့ လမ်းလျှောက်၍ သွားလေတော့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset