Switch Mode

အပိုင်း(၄၂၇)

လျိုမေနဲ့ ပထမတစ်ကြိမ် တွေ့ဆုံမှု

“ဇွန်လမှာ ကျင်းပမဲ့ ပြိုင်ပွဲက အတွင်းကလန်ကို ဝင်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ပြောကြတာ ကတော့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရဲ့ တန်ဖိုးအရှိဆုံး ရတနာကတော့ စိတ်ဝိညာဉ် သန်းတစ်ရာကျော် ထည့်သွင်းထားတဲ့ စိတ်ဝိညာဉ် အလံတဲ့။ ဒီအလံ ပေါ်ထွက်လာတာနဲ့ ကောင်းကင်ကိုတောင် အရောင်ပြောင်းလဲ သွားစေနိုင်တယ်လို့ ဆိုကြတယ်။ ဒီအလံက ဟင်္သာပြဒါး ဂြိုဟ်ရဲ့ ထိပ်တန်း ရတနာတွေထဲက တစ်ခုလို့ ယူဆလို့ ရတယ် …”

ဒါ့အပြင် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က စိတ်ဝိညာဉ်အလံ သန့်စင်ခြင်းကို အာရုံစူးစိုက် ထားပြီး သူတို့ရဲ့ နည်းစနစ်တွေ အားလုံးနဲ့လည်း ကလန်ရဲ့ ရတနာဝိညာဉ် အလံက ဆက်နွှယ်နေတယ်လို့ ဆိုကြတယ်။ အခြား ဟင်္သာပြဒါးနိုင်ငံရဲ့ ကလန်တွေကလည်း ဝိညာဉ်တွေကို ဘယ်လိုဖမ်းပြီး သန့်စင်ရမှာကို သိကြပေမဲ့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကိုတော့ မယှဉ်နိုင်ကြဘူး။ ငါက သူတို့ရဲ့ နည်းလမ်းကို သင်နိုင်ခဲ့ရင် လေလွင့် ဝိညာဉ်တွေကို အသုံးပြုပြီး စိတ်ဝိညာဉ်အလံ တစ်ခု လုပ်လို့ရမှာပဲ။ ဒါဆိုရင် ဒီတစ်ခုက အတားအဆီး အလံထက် ဘယ်လိုမှ အားနည်းမှာ မဟုတ်ဘူး …”

ဝမ်လင်း မျက်လုံးများက ထိုအကြောင်းကို တွေးနေရင်း တလက်လက် ဖြစ်နေ၏။ သူက လက်ဝှေ့ယမ်း လိုက်သည်။ သည်အခါ အတားအဆီး ပုံရိပ်ယောင်များ ဖြစ်ပေါ်လာပြီး ဂူနံရံများပေါ်သို့ ကျရောက်သွား၏။ သည့်နောက် သူက အဖြူရောင် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။

သည်ကောင်းကင်ဘုံ ကျောက်စိမ်းပြားက အပိုင်းတစ်ခု မရှိတော့သဖြင့် ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင် ပမာဏကလည်း လျော့ကျသွားပြီ ဖြစ်သည်။

“ငါ့ကျင့်ကြံမှု အဆင့်က စဦးစိတ်ဝိညာဉ် အလယ်အဆင့်ထိ ပြန်ကောင်းလာပြီ ဖြစ်တဲ့အတွက် ငါက နောက်ထပ် ကောင်းကင်ဘုံ ကျောက်စိမ်းပြား အပိုင်းကို မျိုချပြီး ငါ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ နယ်ပယ် အမှတ်အသားနဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်ပစ် ရမယ် …” ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သည့်နောက်သူက သည်ကျောက်စိမ်းပြား အပိုင်းကို ပါးစပ်ထဲသို့ ထည့်သွင်းလိုက်၏။

နှိုင်းဆလို့မရသည့် နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာ၏။

သည်အခိုက်တွင် ချူနိုင်ငံရှိ တောင်များ ဝန်းရံနေသော တောင်ကြား တစ်ခုတွင် တခစ်ခစ် ရယ်သံလေးနှင့် ကျားတစ်ကောင်၏ မကျေမနပ် ငိုညည်းသံတို့ ရောပြွမ်း ထွက်ပေါ်လျက် ရှိနေသည်ကို ကြားနေရသည်။

တောင်ကြားထဲ၌ နွေဦးရာသီသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သည့်ကြောင့် မြေကြီးများကလည်း မြက်ခင်းများဖြင့် စိမ်းလန်းနေသည်။ ကျိုးယုလေးက ပန်းတစ်ပွင့် ထွင်းထားသည့် အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားလျက် ရှိ၏။ သူမ ခေါင်းထပ်၌လည်း ကျစ်ဆံမြီး နှစ်ချောင်း ကျစ်လို့ထား၏။ သူမက ကျားတစ်ကောင်၏ ကျောပေါ်၌ ထိုင်နေခြင်း ဖြစ်သည်။ သူမ မျက်နှာကလည်း ပြုံးရွှင်လို့နေသည်။ “အဖြူကောင်လေး … နင်က နင်ပြောသလို မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ငါ နင့်ကို အပြစ်ပေးတဲ့ အနေနဲ့ နင်ကို ဒီနေ့ တုတ်ချောင်းတွေ စားခိုင်းမယ် …”

ကျားကြီးက ဝမ်းနည်းစွာ ဟိန်းသံပြုလေ၏။

သည်နှစ်များအတွင်း သူက သည်မကောင်းဆိုးဝါး မလေး၏ အနိုင်ကျင့် ညှဉ်းပန်းခြင်းကို ခံနေခဲ့ရသည်။ သူက အိပ်နေရင်းဖြင့်ပင် အိပ်မက်ဆိုးများ ထည့်မက်သည့်အထိ အနိုင်ကျင့် ခံနေရ၏။

ကျိုးယုလေးက လက်ခုပ်တီးကာ ပြုံးလို့နေ၏။ “နင့် ဟိန်းသံက ကျယ်လွန်းတယ်။ နင်နောက်တစ်ခါ ကျရင် နူးနူးညံ့့ညံ့ ဟိန်းဖို့ လိုနေပြီ။ အာ…ငါ ရုတ်တရက် ရယ်စရာတစ်ခု တွေးမိပြန်ပြီ။ နင်က ကြက်ပေါက်လေးလို လိမ်ဖယ်လိမ်ဖယ် လမ်းလျှောက်နိုင်လား …”

အဖြူကောင်လေးက မျှော်လင့်ချက် မဲ့ဟန်ဖြင့် ဟိန်းသံ ပြုပြန်သည်။

“ဦးလေးက ဘယ်အချိန် ပြန်လာမလဲ ငါသိချင်မိတယ်။ နင်ကော ဦးလေးကို သတိရလား …” ကျိုးယုလေးက သက်ပြင်းချ၍ ကျားကြီး ခေါင်းကို ပုတ်လိုက်သည်။

ကျားကြီးကလည်း နူးညံ့့စွာ ဟိန်းသံပေးကာ တုံ့ပြန်၏။ သူက ခုထိ သူ့ကိုယ်သူ ကျားတစ်ကောင်လား ကြောက်တစ်ကောင်လား မသေမချာ ဖြစ်စွာဖြင့် တွေးနေမိလေသည်။

ထိုင်ယန်က စေတီအောက်၌ ထိုင်၍ ကျိုးယုလေးကို နူးညံ့စွာ ကြည့်နေ၏။ အချိန်ခဏ အကြာတွင် သူက သက်ပြင်းသဲ့သဲ့ ချမိလိုက်သည်။

ဝမ်လင်း၏ ပျောက်ကွယ်သွားမှု သတင်းက ချူနိုင်ငံသို့ ပျံ့နှံ့လာခဲ့ပြီး ဖြစ်သည်။ သို့သော် သူက ကျိုးယုလေးကို မပြောပြဖြစ်ခဲ့ချေ။ သူက သူ့အကျိုးတော်ဆောင် ဖြစ်သူ ဝမ်လင်း၏ စွမ်းအားကို ယုံကြည်၏။ ဝမ်လင်းက မည်သည့် အန္တရာယ်ကိုမဆို ရှောင်ကွင်း နိုင်လိမ့်မည်ဟု သူ ယုံကြည်မိနေသည်။

အကျိုးတော်ဆောင်က သူ့ကို ကိုးနှစ်အတွင်း ပြန်လာမည်ဟု ပြောခဲ့ပေ၏။ သူက သူပြောခဲ့သလို ကိုးနှစ်အတွင်း ကျိန်းသေ ပြန်လာမည်သာ။

ထိုင်ယန် မျက်လုံးထဲ၌ ထိုသို့ ယုံကြည်ချက်များ ရှိနေ၏။

ထိုင်ယန်နှင့် ပေတစ်ရာ အကွာတွင်တော့ မိုးကြိုးဖားပြုပ် သားရဲ ရှိနေသည်။ သူက ထိုနေရာတွင် လဲလျောင်း၍ နေရောင်ခံ နေ၏။ ၎င်းက တစ်နှစ်လုံး ထိုနေရာကနေ ရွေ့လျားခြင်း မပြုချေ။

ကောင်းကင်ထက်ရှိ အဖြူရောင် တိမ်များကို ကြည့်ရင်း သူက တစ်ခါတစ်ရံ သူ့နေထိုင်ခဲ့သည့် ရှေးဟောင်း နတ်ဘုရားနယ်မြေက ဘဝကို ပြန်သတိရ နေခဲ့သည်။ သူက ထိုနေရာတွင် မွေး၊ ထိုနေရာတွင် ကြီးပြင်း နေထိုင်ခဲ့ခြင်း မဟုတ်လား။ ရှေးဟောင်းနတ်ဘုရား နယ်မြေ၌ သားရဲများက အစာ၊ နေရာတို့အတွက် အမြဲတိုက်ပွဲများ ဖြစ်နေခဲ့သည်။ ထိုနေရာရှိ သားရဲများက သေခြင်းရှင်ခြင်း တိုက်ပွဲများကို မကြခဏ ဆင်နွှဲရလေ့ ရှိသည်။

သည်လို တိုက်ပွဲပေါင်း များစွာကို ဖြတ်သန်း၍ မိုးကြိုးဖားပြုပ်က တဖြည်းဖြည်း ကြီးပြင်း လာခဲ့ခြင်း ဖြစ်သည်။ သည့်နောက်သူက သားရဲအချို့က လွဲ၍ သူစိုးရိမ်ရသည့် အခြားသားရဲများ သိပ်မရှိရတော့သော အဆင့်ထိ ကြီးထွား လာခဲ့ရသည်။

အတိတ်ကို ပြန်တွေးနေရင်း မိုးကြိုးသားရဲ၏ ဝမ်းဗိုက်က ပိန်လိုက်ဖောင်းလိုက် ဖြစ်လို့နေ၏။ သည့်နောက် မကြာခင်တွင် သူက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

သူက ဝမ်လင်း အကြောင်းကိုလည်း တွေးနေမိသည်။ ဝမ်လင်းက သူ့ကို ရှေးဟောင်းနတ်ဘုရား နယ်မြေကနေ ခေါ်ထုတ်ခဲ့သည့်သူ ဖြစ်သည်။ သည့်အပြင် သူက ခြင်သားရဲ အကြောင်းကိုပါ တွေးနေမိသေးသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့၏။ မျက်စိတစ်မှိတ် အတွင်း နွေဦးရာသီ ကုန်လွန်၍ ခုဆို ဇွန်လသို့ပင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဇွန်လက် အခြားလူ အများစုအတွက် အထူးအထွေ အဓိပ္ပာယ်ရှိလှသည် မဟုတ်ချေ။ သို့သော် ဖီးလုနိုင်ငံရှိ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က အပြင်တပည့်များ အတွက်တော့ အရေးကြီးလှသည့် အချိန်အခါပင် ဖြစ်သည်။

အပြင်တပည့်များ ကြားရှိ ပြိုင်ပွဲက သည်လတွင် ကျင်းပမည် မဟုတ်ပါလား။ သည်ပြိုင်ပွဲအတွင်း အပြင် တပည့်များထဲက တစ်ယောက် အတွင်းကလန်၏ တပည့်တစ်ယောက် ဖြစ်လာနိုင်မည် ဖြစ်၏။

ဝမ်လင်းက တံခါးပိတ် ကျင့်ကြံနေရာကနေ နိုးထလာ၏။ သူကမျက်လုံး ဖွင့်လိုက်သည်။ သူ့မျက်လုံးများက ကြည်လင်လို့ နေသည်။ အနီးကပ်ကြည့်လျှင် ကြယ်စုံနေသည့် ကောင်းကင်တစ်ခု အလား သူ့မျက်လုံးများက ဖြစ်တည်နေသည်ကို တွေ့မြင်နိုင်မည် ဖြစ်၏။

သူ့မျက်နှာပေါ်ရှိ လက်ဖက်ရွက် အမှတ်အသားကလည်း အတော်လေး မှိန်ဖျော့ သွားခဲ့ပြီး အပိုင်းအစ ရှစ်ခုလောက်သာ ကျန်နေတော့၏။ သည်ရှစ်ခုက စွန်ထိုင် သူ့ခန္ဓာကိုယ်ပေါ်တွင် ချိပ်ပိတ်ထားသော ချိပ်တံဆိပ်၏ အဓိက သော့ချက်များလည်း ဖြစ်ကြသည်။

ကောင်းကင်ဘုံ ကျောက်စိမ်းပြား၏ သေးငယ်သော အစိတ်အပိုင်းကို ဝမ်လင်းက စုပ်ယူလို့ ပြီးသွားခဲ့ပြီ ဖြစ်သည်။ သည်ကျောက်စိမ်းပြား၏ ဖိအားအောက်တွင် နယ်ပယ် အမှတ်အသားနှင့် ချိပ်တံဆိပ်တို့၏ ပမာဏများစွာက ပျက်စီး သွားခဲ့ရသည်။ သို့သော် သူက ၎င်းအရာနှစ်ခုကို အမြစ်ပြတ် ဖယ်ရှားနိုင်ခြင်း မရှိသေးချေ။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “စဦးစိတ်ဝိညာဉ် နောက်ဆုံး အထွတ်အထိပ် အဆင့် …” သူက ဖြည်းညင်းစွာ မတ်တတ် ထရပ်ပြီးနောက် လိုဏ်ဂူထဲကနေ လမ်းလျှောက် ထွက်လာသည်။

“ငါက ကောင်းကင်ဘုံရဲ့ သေခြင်းရှင်ခြင်း နယ်ပယ်ကို နားလည်ထားတယ်။ ငါက ကမ္ဘာလောကကြီးရဲ့ သေခြင်း ရှင်ခြင်းတွေကို ပိုတွေ့မြင်ရ လေလေ ဒီအရာတွေကြားမှ ပိုပြီး ရောထွေးယှက်တင် ဖြစ်နေလေကို သိခဲ့ရတယ်။ အရင်တုန်းက ငါက သေခြင်းက သေဆုံးခြင်း၊ ရှင်ခြင်းက ရှင်သန်ခြင်းလို့ တွေးထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ခုတော့ ရှင်သန်ခြင်းကလည်း သေဆုံးခြင်း ဖြစ်နိုင်သလို သေဆုံးခြင်း ကလည်း ရှင်သန်ခြင်း ဖြစ်နိုင်တာကို သိခဲ့ပြီ …”

“ငါ … ဝမ်လင်းက ငါ့ဘဝရဲ့ အချိန်အများစုကို သတ်ဖြတ်ခြင်းနဲ့ ကုန်ဆုံးခဲ့တယ်။ ဒါ့ကြောင့် ငါက သေခြင်းတရားနဲ့ ပတ်သက်လို့ အတွေ့အကြုံ ရှိခဲ့ပြီ။ ငါက ခုထိ ရှင်သန်ခြင်းနဲ့ ပတ်သက်လို့ အများကြီး အတွေ့အကြုံ မရှိသေးဘူး။ လီမူဝမ်ရဲ့ ဘဝသစ်က တစ်ခု၊ နောက်ငါ့ခန္ဓာကိုယ်‌ သေဆုံးပြီး ပြန်လည်မွေးဖွား လာတာက နောက်အဖြစ် တစ်ခုပဲ။ ဒါပေမဲ့ ဒီအတွေ့အကြုံ နှစ်ခုက မလုံလောက်သေးဘူး …” ဝမ်လင်းက လိုဏ်ဂူထဲကနေ လမ်းလျှောက် ထွက်လာပြီးနောက် အကွာအဝေး တစ်ခုရှိ တောင်တစ်ခုထံ ငေးကြည့်နေသည်။ သူက ညင်သာစွာ ခေါင်းယမ်း လိုက်ပြန်သည်။

“ငါ့ အတွေးအခေါ်တွေက ငါ ပြာပုံဘဝကနေ ပြန်မွေးဖွား တည်ဆောက်လာပြီး နောက်မှာ ပြောင်းလဲ နေခဲ့တယ်။ အထူးသဖြင့် မီးတိမ်ကျေးရွာမှာ နေခဲ့တဲ့ လအနည်းငယ်ကပေါ့။ ဒီမှတ်ဉာဏ်တွေက ငါ့အထဲမှာ နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားနှင့် နေပြီ။ ငါက ရှင်ခြင်းက ရှင်သန်ခြင်း၊ သေခြင်းက သေဆုံးခြင်း ဆိုတာ မြင်တွေ့ခဲ့ပြီ။ ငါက ရှင်ခြင်းက သေဆုံးခြင်း၊ သေခြင်းက ရှင်သန်ခြင်း ဆိုတာလည်း သိမြင်ခဲ့ပြီ။ သည်နှစ်ခုကို သိမြင် နားလည်ခြင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်နဲ့ အစောပိုင်း အဆင့်နှစ်ခု လိုမျိုးပဲ …”

“ဒီအတွေ့အကြုံက ငါ့ကို ဉာဏ်အလင်း အချို့ ပေးခဲ့တယ်။ ငါက အတိတ်တုန်းက အဆင့်ဖြစ်တဲ့ ရှင်ခြင်းကို ရှင်သန်ခြင်း၊ သေခြင်းကို သေဆုံးခြင်းအဆင့် ပြန်ရောက်နိုင်ရင် အဲဒီနောက်မှာ ငါ့နယ်ပယ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ကို ရောက်နိုင်လိမ့်မယ် …”

“ဒါပေမဲ့ ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အထွတ်အထိပ် အဆင့်ကို ချိုးဖျက် ရောက်နိုင်ဖို့ လိုသေးတယ်။ ငါက ဒီအဆင့်ရောက်ခဲ့ရင် ငါ့နယ်ပယ်က ပြည့်စုံမှု တစ်ခု ရပြီ …”

“စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်ရဲ့ နယ်ပယ် ပြည့်စုံသွားမှုက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူရဲ့ နယ်ပယ်နဲ့တော့ ခြားနား နေဦးမှာပဲ။ ဒီလီယွမ်ဖန်ရဲ့ နယ်ပယ်က ရုပ်ပိုင်းအသွင် ဆောင်ပြီး ငါ့ခန္ဓာကိုယ်ပေါ်မှာ သစ်ရွက် အမှတ်အသားကို ချန်ထားနိုင်ခဲ့တယ်။ ဒီလိုစွမ်းအားက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ယှဉ်နိုင်တဲ့ အရာမဟုတ်ဘူး။ ဆိုလိုတဲ့ အဓိပ္ပာယ်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် တစ်ယောက်ရဲ့ နယ်ပယ်တစ်ခု ပြည့်စုံ သွားခြင်းက အဆင့်တစ်ခုပဲ ရှိသေးတယ်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့ဆိုရင် တစ်စုံတစ်ယောက်က သူ့နယ်ပယ်ကို ပိုနားလည်သ ဘောပေါက်ဖို့ ထပ်မံ လိုအပ်နေဦးမှာပဲ …”

ဝမ်လင်းက စဉ်းစား တွေးတောလို့ နေ၏။ အခုလက်ရှိတွင် သူက လှပသော အမျိုးသမီး တစ်ယောက်သည် သူ့ကို အကွာအဝေး တစ်ခုရှိ လိုဏ်ဂူကနေ ကြည့်လို့နေသည်ကို သတိမပြုမိချေ။

သည်အမျိုးသမီး၏ အကြည့်က အနည်းငယ် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။ သူ့အကြည့်ထဲ၌ ရှုပ်ထွေးမှု၊ သံသယ၊ အကူအညီမဲ့မှုများ ပါဝင်လို့နေ၏။

“အတိတ်တုန်းက စီနီယာကျောက်ရီက ငါ့ကို သူ့ အာဏာတက်ခြင်း သလင်းတုံးကို ပေးခဲ့တယ်။ ဒါက ငါ့ကို အာဏာတက်ခြင်း အဆင့်ကို ရောက်ဖို့ အကူအညီ ပေးနိုင်လိမ့်မယ်။ ဒီသလင်းတုံးက သူ့နယ်ပယ်ကို နားလည် သဘောပေါက်မှုနဲ့ ဖြစ်ပေါ်စေခဲ့တာ ဖြစ်ရမယ် …”

“အာဏာတက်ခြင်း အဆင့် … ငါက ဘယ်အချိန်ကြမှ အာဏာတက်ခြင်း အဆင့်ကို ရောက်နိုင်မလဲ သိချင်မိတယ်။ ခုချိန်မှာတော့ ငါက ချိပ်တံဆိပ် တစ်ခုကိုတောင် မဖယ်ရှား နိုင်သေးဘူး။ ဒါ့ကြောင့် ငါက ခုထိ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ဖို့တောင် ဘာမျှော်လင့်ချက်မှ ထားလို့ မရနိုင်သေးဘူး …”

ဝမ်လင်းက ညင်သာစွာ သက်ပြင်း ချမိသည်။

“ထျန်ယွမ်ဇီက ငါ့ကို တပည့်အဖြစ် လက်ခံမယ်လို့ ပြောခဲ့တယ်။ ကြည့်ရတာ ငါက သူ့ကို အမြန်ရှာဖို့ လိုနေပြီ။ ဒါဆိုရင် ငါက အာဏာတက်ခြင်း အဆင့်ကို ရောက်ဖို့တောင် အခွင့်ရေး ရှိနိုင်တယ်။ ဒါပေမဲ့ ငါက အခုငါ့ရဲ့ ကျင့်ကြံမှု လမ်းကြောင်းကနေ သွေဖည်ဖို့ ဆန္ဒမရှိဘူး။ စစ်ထူနန်ကလည်း ခုထိ မနိုးလာသေးဘူး။ ငါက ငါ့ဂျိနယ်ပယ် တစ်ဆို့မှုကို ချိုးဖျက်ရာမှာ ကူညီပေးနိုင်တဲ့ ဂြိုဟ်သလင်း ကျောက်ကိုလည်း မရှာနိုင်သေးဘူး။ ပိုပြီး အရေးကြီးတာ ကတော့ ထျန်ယွမ်ဇီရဲ့ ဂြိုဟ်မှာက ကျင့်ကြံမှု အဆင့်မြင့်ပြီး အစွမ်းထက်တဲ့ လူတွေအများကြီး ရှိနေမှာပဲ။ ငါက အခုလို အားနည်းနေတဲ့ အချိန်မှာ သွားမယ်ဆိုရင် ထျန်ယွမ်ဇီရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မှာ မဟုတ်ဘူး …”

ဝမ်လင်းက အခုလို အတွေးနက် နေရာမှာ သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိ လိုက်သည်။ သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ သူ့ကို ငေးကြည့်နေသော အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရ၏။

“ဒီအမျိုးသမီးများက ဘယ်သူများလဲ …” ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက အမျိုးသမီး ရှိနေသော လိုဏ်ဂူရှိရာသို့ ပျံသန်း သွားလိုက်၏။

အမျိုးသမီးက သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးကာ နေရာတစ်ခု ဖန်တီးပေး လိုက်သည်။

ဝမ်လင်းက အမျိုးသမီးရှေ့သို့ ရောက်လာခဲ့သည်။ သူက အမျိုးသမီးကို အေးစက်စွာ စူးစိုက်ကြည့် နေ၏။ သူက သည်အမျိုးသမီး ဘယ်လောက် လှသည်ဖြစ်စေ ဂရုမစိုက်ချေ။ သူက ပြောလိုက်၏။ “နင် … ငါ့ကို သိလား …”

အမျိုးသမီးက ဝမ်လင်းကို ကြည့်၍ ညင်သာစွာ ပြောလိုက်သည်။ “နင် ငါ့ကို မမှတ်မိဘူးလား …”

ဝမ်လင်း မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူ အမျိုးသမီးကို အချိန်အတန် ကြာသည့်အထိ စူးစိုက်ကြည့် နေသည်။ သို့သော် သူက သူမကို မည်သည့်နေရာ၌ တွေ့ဖူးမှန်း မမှတ်မိ ဖြစ်နေ၏။

တောင်ပေါ်လေများက သူမ၏ ဆံနွယ်များကို ပင့်တိုက်သွားပြီး ပို၍ ကြည့်ကောင်းအောင် လုပ်ပေးသလို ဖြစ်နေ၏။ သူမက ဆံပင်များကို နားနောက်သို့ ထား၍ နူးညံ့စွာ ထပ်ပြောသည်။ “ငါ့နာမည်က လျိုမေပါ …”

“လျိုမေ …” ဝမ်လင်းက အမျိုးသမီးကို ကြည့်၍ ခဏကြာသည့်အခါ ဆက်ပြောလိုက်သည်။ “ငါ နင့်ကို မသိဘူး …”

လျိုမေက နူးညံ့စွာ သက်ပြင်းချသည်။ သည့်နောက်သူမက ပြုံး၏။ သူမအပြုံးများက ပန်းလေးများ ပွင့်ဖူးလာသည့် အလား ထင်မှတ်ရလေ၏။

“စီနီယာအကို ဝမ်လင်း … အတိတ်တုန်းက ဟုန်ယွီကလန်မှာ ဓားကြီးတစ်လက် ကိုင်ဆောင်ထားတဲ့ လူငယ်တစ်ယောက်။ နင် ငါ့ကို မှတ်မိပြီလား …”

ဝမ်လင်းက သူမက သူ့ကိုယ်သူ ဖော်ပြသည့် အခါတွင် တုန်လှုပ်သွားခြင်း မရှိချေ။ သူက သူမ သူ့ကိုယ်သူ လျိုမေဟု ပြောလိုက်ကတည်းက ခန့်မှန်းမိနေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။ “ငါသိတဲ့ လျိုမေက ရေစိတ်ဝိညာဉ် အရင်းအမြစ် ပိုင်ဆိုင်ထားပြီး ရွှမ်တောက်ကလန်က တပည့် တစ်ယောက်ပဲ။ ဟင်္သာပြဒါး နိုင်ငံရဲ့ တပည့်တစ်ယောက် မဟုတ်ဘူး …”

လျိုမေက မှင်တက်သွားသည်။ သူလိုခံစားမှု အသွင်မျိုးက သူမမျက်နှာပေါ်၌ ဖြစ်တောင့်ဖြစ်ခဲပင်။ သူမက နူးညံ့စွာ မေးလိုက်သည်။ “စီနီယာ အစ်ကိုဝမ် ဆိုလိုတာက ဘာများလဲ …”

ဝမ်လင်းက ပြန်ဖြေခြင်း မရှိဘဲ လျိုမေကိုသာ တည်ငြိမ်စွာ ကြည့်နေ၏။

သိပ်မကြာခင်တွင် လျိုမေက ခေါင်းငုံ့၍ ညင်သာစွာ ပြောလိုက်သည်။ “ငါက စီနီယာ အစ်ကိုဝမ် တစ်ခုခု နားလည်မှု လွဲနေမှာ စိုးမိပါတယ် …”

နင်က ရွှမ်တောက် ကလန်မှာလည်း ပေါ်လာနိုင်စွမ်း ရှိတယ်။ “အခု စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်မှာလည်း ထပ်ပြီး ပေါ်လာနိုင်စွမ်း ရှိတယ်။ ဟင်္သာပြဒါး နိုင်ငံကလွဲလို့ ဒီလို လုပ်နိုင်တဲ့လူ ရှိလိမ့်မယ် ဆိုတာ ငါ မယုံဘူး …” သည့်နောက် ဝမ်လင်းက စကားစဖြတ်၍ လှည့်ထွက်ရန် ပြင်သည်။

လျိုမေက ပြုံး၍ ပြော၏။ “ဒီလောက်နဲ့ စီနီယာ အစ်ကိုဝမ်က ငါ့ကို ဟင်္သာပြဒါး နိုင်ငံကလို့ ကောက်ချက် ချတာလား။ စီနီယာ အစ်ကိုဝမ် သေချာလား … ။ ငါထင်နေတာတော့ နင်က ငါ့ကို စမ်းသပ် နေတာပဲ။ စီနီယာ အစ်ကိုဝမ် ငါနင့်ကို မလိမ်ချင်ပါဘူး။ တကယ်တော့ ငါက ဟင်္သာပြဒါး နိုင်ငံရဲ့ တပည့် တစ်ယောက်ပါ …”

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက လှောင်ပြုံးပြုံး၍ ပြောလိုက်သည်။ “ငါက နင့်ကို စမ်းသပ် နေတာလား … ငါက နင့်အပေါ်မှာ ဝတ်ဆင်ထားတဲ့ လက်ကောက်မျိုး အနီရောင် လိပ်ပြာအပေါ်မှာ မြင်ပြီးနေပြီ …”

ထိုသို့ပြောပြီးနောက် ဝမ်လင်းက လေထဲသို့ ညင်သာစွာ ပျံဝဲသွားတော့သည်။

လျိုမေက ခေါင်းငုံ့၍ သူမလက်ပေါ်ရှိ လက်ကောက်ကို ကြည့်လိုက်သည်။ စောနက တောင်ပေါ်လေ တိုက်ခတ်သွားသည့် အချိန်တွင် သူမ လက်ကောက်ကို လှစ်ဟ ထုတ်ဖော်သလို ဖြစ်သွားခြင်းပင်။ သူမက ထွက်ခွာသွားသော ဝမ်လင်း၏ ပုံရိပ်ကို ငေးကြည့်ရင်း သက်ပြင်းချကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

“သူက နှစ်ငါးရာအတွင်း အများကြီး ပြောင်းလဲသွားပြီ။ အခု သူက အပြစ်ကင်းစင်တဲ့ လူငယ်လေး တစ်ယောက် မဟုတ်တော့ဘူး။ အခုသူက ခိုင်မာတဲ့ နှလုံးသား တစ်ခု ရှိနေခဲ့ပြီ။ ဒါပေမဲ့ သူ့တကယ့် တာအိုနှလုံးသားက ဘာများ ဖြစ်နေမလဲ …”

Comment

Leave a Reply

Options

not work with dark mode
Reset