သက်လတ်ပိုင်း လူကြီးက အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်၌ အချိန်အတန်ကြာ တန့်နေခဲ့ဖူး၏။ သည့်အတွက်ကြောင့်လည်း သူက အတွင်း ကလန်ကနေ အပြင်ကလန် တပည့်များကို ကြီးကြပ်သူအဖြစ် နေရာပြောင်းခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
ဝမ်လင်း၏ ကျင့်ကြံမှုနှုန်းက သူ့ကို မျှော်လင့်ချက် အမျှင်တန်း တစ်ခုကို ဖြစ်စေခဲ့၏။
“တကယ်တော့ ကလန်က အပြင်တပည့်တွေ သေတာရှင်တာကို ဂရုမစိုက်ဘူး။ ဒါ့ကြောင့် ငါက သူ့ကို သတ်ရင်တောင် အဆင်ပြေတယ်။ ဒီလူက လေလွင့်ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်သေးတယ်။ သူ သေသွားရင်လည်း သူ့အတွက် ဘယ်သူကမှ လာရှာမှာ မဟုတ်ဘူး။ ချင်မူ … ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်ပါ။ မင်း ကျင့်ကြံမှုနှုန်းက မြန်လွန်း နေတာကို။ ငါက မင်း အမြုတေ ဖွဲ့တည်ခြင်းအဆင့် ရောက်တဲ့အချိန်ထိ စောင့်ရင် မင်းကို ရင်ဆိုင်ဖို့ ခက်ခဲနေဦးမယ်။ ဒါပေမဲ့ ခုချိန်မှာတော့ မင်းကို လက်ယမ်းရုံနဲ့ သတ်ပစ်နိုင်တယ် …”
သက်လတ်ပိုင်း လူကြီးက ဝမ်လင်းရှိသော လိုဏ်ဂူသို့ ပျံသန်းလာခဲ့၏။ သူက မျက်စိတစ်မှိတ် အတွင်း ဂူအပြင်ဘက်သို့ ရောက်ရှိ လာခဲ့သည်။
ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်လျက် ရှိနေသည်။ သက်လတ်ပိုင်း လူကြီးက မှင်တက်သွား၏။ ပုံမှန်ဆိုလျှင် လူတစ်ယောက် တံခါးပိတ် လေ့ကျင့်လျှင် တံခါးကို လုံးဝချိပ်ပိတ် ထားသည်သာ ဖြစ်၏။ သို့သော် ဝမ်လင်း၏ လိုဏ်ဂူတံခါးက တစ်ဝက်သာ ပိတ်နေခဲ့၏။
သက်လတ်ပိုင်း လူကြီးက ဂူထဲသို့ ရဲဝံ့စွာ ဝင်သွားသည်။ သို့သော်သူ တစ်ခုခု ထူးဆန်းနေတာကို တွေ့ခဲ့သော်လည်း အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့် တစ်ယောက်က သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဟု တွေးနေမိသည်။ ထို့ကြောင့် သူက ဂူထဲသို့ ချက်ချင်း ဝင်လာခြင်း ဖြစ်သည်။
သူက ဂူထဲသို့ ဝင်လာသည်နှင့် ဝမ်လင်းက ကျောက်ခုတင်ပေါ်တွင် ထိုင်၍ သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက စကားမဆိုတော့ဘဲ ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်လိုက်၏။ သူက စိတ်ဝိညာဉ် စွမ်းအင်ကို ဝမ်လင်းထံသို့ တိတ်တဆိတ် ပို့လွှတ် တိုက်ခိုက်၏။
သူက ဝမ်လင်းကို ခုချက်ချင်း မသတ်လို့သေးချေ။ သူက သူ့ကိုဖမ်း၍ မသတ်ခင် မေးခွန်းများ မေးလိုနေသေး၏။
ဝမ်လင်းမျက်လုံးက လှောင်ပြုံးသည့် အသွင်များ ထွက်ပေါ်နေ၏။ သူက သိုလှောင်အိတ်ထဲက အတားအဆီး အလံကို ထုတ်ယူ၍ ဝှေ့ယမ်းလိုက်ရာ အတားအဆီး အလင်းတစ်ခုက တန်းခနဲ ထွက်သွားပြီး စိတ်ဝိညာဉ် အလင်းတန်းနှင့် ထိပ်တိုက် တွေ့သွားသည်။
စိတ်ဝိညာဉ် စွမ်းအင်က ချက်ချင်း ပျက်စီးသွားလေ၏။
“မင်းက သေဖို့ လုပ်နေတာပဲ …” သက်လတ်ပိုင်း လူကြီးက နှာခေါင်းရှုံ့၍ သုံးလက်မရှိသည့် ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူက လက်ထဲ၌ ဓားကိုကိုင်၍ သူ့ထံသို့ တိုးဝင်လာနေသော အတားအဆီး အခိုးအငွေ့ထံသို့ တိုးဝင်သွား၏။ သူ့စိတ်ထဲ၌ အခြေခံ တည်ဆောက်ခြင်း နောက်ဆုံးအဆင့် ဂျူနီယာ တစ်ယောက်က သူ့ရွှေရောင် အမြုတေဖြင့် သန့်စင်ထားသော သည်ဓား၏စွမ်းအားကို တောင့်ခံနိုင်မည် မဟုတ်ဟု ထင်နေ၏။
သို့သော် သူ့အပြုံးက အေးခဲသွား၏။ ဓားက အတားအဆီး အခိုးအငွေ့များကို ထိမိသည်နှင့် အက်ကွဲပျက်စီး၍ အောက်သို့ ပြုတ်ကျသွားသည်။
ဝမ်လင်းက ခေါင်းယမ်း၍ ပြောလိုက်သည်။ “ငါ စတင် ကျင့်ကြံတုန်းက မင်းတောင် မမွေးသေးဘူး …”
သက်လတ်ပိုင်း လူကြီး၏ မျက်နှာက ဖြူရော်သွားပြီး သူက သွေးအန်ထုတ် လိုက်ရ၏။ သူက တုံ့ဆိုင်းခြင်း မရှိဘဲ လှည့်၍ ထွက်ခွာဟန် ပြင်သည်။ သို့သော် အတားအဆီး အခိုးအငွေ့များကို သူ့ကိုဖမ်းချုပ်၍ နောက်သို့ တရွတ်တိုက် ပြန်ဆွဲခေါ်လေ၏။
သက်လတ်ပိုင်း လူကြီးက မျက်လုံးဖွင့်၍ စကားပြောဟန် ပြင်လိုက်သည်။ သို့သော် ဝမ်လင်းက တစ်ချက် လှမ်းရိုက်လိုက်ရာ သူက သွားများကျိုးကြေပြီး ထိတ်လန့်စွာ အော်လိုက်ရ၏။
“ငါက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က …” သက်လတ်ပိုင်း လူကြီးက နာကျင်မှုကြောင့် ကြောက်ရွံ့ ထိတ်လန့်နေသည်။
သူက စကားပြောလို့ မပြီးသေးခင် ဝမ်လင်းက ထက်မံ ရိုက်ထည့်ပြန်သည်။ သူက ရူးချင်သလိုပင် ဖြစ်လာ၏။ သူက စတင် ကျင့်ကြံကတည်းက ခုလိုမျိုး အနိုင်ကျင့်ခြင်းကို မခံရဖူးချေ။
“ငါက သေတဲ့အထိ တိုက်မယ် …” သက်လတ်ပိုင်း လူကြီးက အော်ပြောလိုက်၏။ သည့်နောက် အက်ကွဲကြောင်းများက သူ့ရွှေရောင် အမြုတေပေါ်၌ ဖြစ်ပေါ်လာ၏။ သူ့မျက်လုံးများ ကလည်း နီရဲနေပြီး ဝမ်လင်းထံသို့ လှမ်းကြည့်နေ၏။
“မင်း ရွှေရောင် အမြုတေကို ဖောက်ခွဲတာက အချည်းနှီး ဖြစ်လိမ့်မယ် …” ဝမ်လင်းက လက်ထဲရှိ အတားအဆီး အလံကို လှုပ်ယမ်းလိုက်သည်။ အတားအဆီး အခိုးအငွေ့များစွာက ချက်ချင်း ရှေ့သို့ တိုးဝင်သွား၏။ မျက်စိတစ်မှိတ် အတွင်း သူတို့က သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားပြီး သူ့အမြုတေကို ပိတ်လှောင်ပစ်၏။ သက်လတ်ပိုင်း လူကြီးက တုန်လှုပ်သွားသည်။ သူ့ခန္ဓာကိုယ်ရှိ ရွှေရောင်အမြုတေ သည်လည်း အပြင်သို့ ထွက်လာ၏။
ဝမ်လင်းက ရွှေရောင် အမြုတေကို ဖမ်းဆုပ်၍ မျိုချပစ်သည်။
သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်က တုန်ရင်နေ၏။ သူက သွေးများ အန်ထုတ် လိုက်ရပြီး သူ့ခန္ဓာကိုယ်ကလည်း အားနည်း သွားလေ၏။ သူက စိတ်ထဲ၌ တုန်လှုပ်မိ နေသည်။ “သူက အခြေခံ တည်ဆောက်ခြင်း အဆင့် မဟုတ်ဘူး။ သူက အခြေခံ တည်ဆောက်ခြင်း အဆင့် မဟုတ်ဘူး …”
သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက စိမ့်ထွက် ကုန်ကြသည်။ သူက အံကြိတ်၍ အားနှစ်ကာ ပြောလိုက်သည်။ “မင်း … မင်းက ဘယ်သူလဲ …”
“မင်း သိဖို့ မတန်ဘူး …” ဝမ်လင်းက သက်လတ်ပိုင်း လူကြီး၏ ရှေ့သို့ ရောက်သွားပြီး သူ့မျက်ခုံးကြားကို လက်ညွှန်လိုက်၏။ သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက ပြူးကျယ်သွားပြီး ပစ်လဲကျ သွားတော့၏။
ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။ သူက ထိုလူကို မသတ်ချင်ခဲ့ပေ။ သို့သော် သည်လူက သူ့ကို အတင်းဖိအား ပေးခဲ့၏။ သူက သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ကို ရိုက်ချလိုက်ရာ ခန္ဓာကိုယ် တစ်ခုလုံးက ပြာမှုန်အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ် သွားလေတော့၏။
ဝမ်လင်းက လိုဏ်ဂူထဲကနေ လမ်းလျှောက်၍ ထွက်လာပြီး လိုဏ်ဂူအမှတ် (၇၄၃) သို့ သွားလေ၏။
လိုဏ်ဂူအမှတ် (၇၄၃)၏ အပြင်ဘက် ဝင်ပေါက်တံခါးတွင် ဝမ်လင်းက အတားအဆီး တစ်ခုကို လက်ဝှေ့ယမ်း၍ နေရာ ချလိုက်၏။ သည့်နောက်သူက လိုဏ်ဂူထဲသို့ ဝင်လာခဲ့သည်။
သူက လိုဏ်ဂူဝတွင် အတားအဆီး တစ်ခုကို ချ၍ဝင်လာခဲ့သည့်က အကြောင်းရှိပေသည်။ “ဘယ်သူလဲ …” အသံတစ်သံက လိုဏ်ဂူ အထဲကနေ ထွက်ပေါ်လာသည်။ သားသတ်သမား အသွင်ရှိသည့် လူငယ် တစ်ယောက်က ကျောက်ခုတင်ပေါ်၌ ထိုင်လျက်ရှိနေပြီး သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်၏။
သည့်နောက် သူက ဒေါသ ထွက်သွားလေည်။ သို့သော် သူက ရေအေးတစ်ခွက် သူ့အပေါ် လောင်းချလိုက် သလို ခံစားလိုက်ရ၏။ သူက ဝမ်လင်းသည် လိုဏ်ဂူ၏ အတားအဆီးကို မည်သို့ဖြတ်ကျော် လာသည်ကို မသိချေ။ သူတွေးမိ လိုက်သည်က သည်လူက တည်နေရာ ရွှေ့ပြောင်း၍ လာတာ ဖြစ်နိုင်ပေ၏။
“စီ … စီနီယာ …” သူ့အသံက တုန်ရင်နေ၏။ သူ့စကားမဆုံးခင် ဝမ်လင်းက သူ့ရှေ့သို့ ရောက်လာခဲ့၏။ သည့်နောက် ဝမ်လင်းက ထိုလူငယ်၏ မျက်ခုံး နှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။ ထိုအခါ လူငယ်က ဘေးသို့ လဲကျသွား၏။ ဝမ်လင်းက သူ့ကို ဆက်၍မကြည့်ပဲ သူ့မျက်လုံး အကြည့်က ညာလက် ဂူနံရံပေါ်သို့ ကျရောက်သွား၏။
သိပ်မကြာခင်တွင် ဝမ်လင်းက သိုလှောင်အိတ်ထဲ ကနေ ဓားတစ်လက် ထုတ်ယူလိုက်၏။ သူက နံရံသို့ လက်ညွှန်လိုက်ရာ ဓားက နံရံကို ခုတ်ထစ်လေ၏။
ဂူထဲ၌ ကျောက်တုံးကို ဓားဖြင့် ထစ်ခုတ်သံများ ထွက်ပေါ်လာသည်။ သိပ်မကြာခင်တွင် လူတစ်ယောက်စာ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာ၏။ ဝမ်လင်း သည်အပေါက်ထဲသို့ ဝင်လိုက်သည်။
ဓားက ဂူအပေါက် လမ်းကြောင်းတစ်ခု ဖန်တီးနေစဉ်တွင် ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွား၏။ သည်လိုဏ်ခေါင်းက ပေ(၃၀၀)ကျော် ရှိနေလေ၏။ လိုဏ်ခေါင်း အဆုံး၌ ရွှေရောင်တောက်ကာ နေသည့် အခန်းတစ်ခု ရှိလို့နေသည်။
“စိတ်ဝိညာဉ် သွေးကြော မျက်လုံးနေရာ …” ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်သွားသည်။ သူက ပျော်ရွှင်သွား၏။
သူက ဓားပျံကို လက်ညွှန်လိုက်ရာ ၎င်းက လိုဏ်ခေါင်းကို ဖြတ်၍ ပြန်လှည့်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဓားပျံသည် လိုဏ်ဂူထောင့်၌ လဲကျနေသော သားသတ်သမား အသွင်လူငယ်၏ ဘေးရှိ မြေကြီးပေါ်သို့ စိုက်ဝင်သွားသည်။
ဓားက ချက်ချင်း အပိုင်းအစများ အဖြစ် ကွဲထွက်သွားပြီး အတားအဆီး တစ်ခု ဖြစ်ပေါ်ကာ သည်လူငယ်ကို အတားအဆီးထဲ၌ ပိတ်လှောင် ထားလိုက်သည်။
ဝမ်လင်းက ဝင်ပေါက်ရှိ ဂူနံကို ဖိချလိုက်ရာ နံရံပေါ်ရှိ လိုဏ်ခေါင်းသည် စတင် လှုပ်ရှားသွား၏။ သိပ်မကြာခင်တွင် သူ့နောက်ရှိ လိုဏ်ခေါင်းသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။
တစ်ယောက်ယောက်က လိုဏ်ဂူ (၇၄၃)ကို ကြည့်လျှင် တစ်ခုခု မှားနေသည်ဟု မထင်ရတော့ချေ။
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်၍ စိတ်ဝိညာဉ် သွေးကြောမျက်လုံး နေရာသို့ အတားအဆီး တစ်ခုကို နေရာချသည်။ သည့်နောက် သူက ၎င်းမျက်လုံး နေရာရှိရာ အထဲသို့ ဝင်ရောက်၍ ပျောက်ကွယ်သွားသည်။
ခုချိန်၌ သူက တောင်၏အတွင်းပိုင်း အနက်ထဲသို့ ရောက်ရှိနေ၏။ သူ့ပတ်လည်၌ စိတ်ဝိညာဉ်မျက်လုံး နေရာများ ဝန်းရံနေသည်။
သည်နေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ကျင့်ကြံသူများက တိုက်ရိုက် စုပ်ယူ၍ မရချေ။ အကြောင်းကတော့ သည်စွမ်းအင်များထဲ၌ မသန့်စင်မှုများစွာ ရှိနေသောကြောင့် ဖြစ်သည်။ ၎င်းစွမ်းအင်များကို ကျင့်ကြံသူများက မစုပ်ယူခင် ပြုပြင် ပြောင်းလဲရန် လိုအပ်၏။
သို့ရာတွင် သည်အရာက အဆင်နိမ့် ကျင့်ကြံသူများ အတွက်သာ သက်ရောက်မှု ရှိသည်။ ထို့ကြောင့် ဝမ်လင်းက သည်အရာကို ဂရုစိုက်ခြင်း မရှိချေ။
သည်နေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များက စွမ်းအားကောင်းသော ကျင့်ကြံသူများ ဖန်တီးနိုင်သည့် အဆင့်တစ်ခု ကဲ့သို့ ရောက်ရှိနေခဲ့၏။ သို့ရာတွင် သည်စွမ်းအင်များက သဘာဝအလျောက် ဖြစ်ပေါ်နေခြင်းပင်။ သည့်အတွက်ကြောင့် ကျင့်ကြံသူ တစ်ယောက် ထုတ်လွှတ်သည့် စွမ်းအင်များနှင့် နှိုင်းယှဉ်၍ မရချေ။
ဝမ်လင်းက အထဲသို့ ဝင်လာသည်နှင့် စွမ်းအင်များ၏ ဖိအားက ချက်ချင်း သက်ရောက်လာသည်။ သည်ဖိအားက သူ့အပေါ်သို့ တောင်တစ်လုံး ဖိချထား သကဲ့သို့ ရှိနေသည်။
သို့ရာတွင် သည်တောင်က အပေါ်ကနေ ဖိနှိပ်ထားသည့် သဘောမျိုး မဟုတ်ဘဲ ဝမ်လင်း ခန္ဓာကိုယ်ကိုသာ ဘက်ပေါင်းစုံကနေ ဖိနှိပ်ထားခြင်း ဖြစ်၏။
သည့်အတွက်ကြောင့် သူ့ခန္ဓာကိုယ်ထဲ၌ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူက စိတ်ပူပန်ရမည့် အစား အလွန်ပင် ပျော်ရွှင်မိနေ၏။ သည်အရာက သူရှာဖွေနေသော စိတ်ဝိညာဉ် စွမ်းအင် ဖိအားမျိုးပင် ဖြစ်ချေ၏။ သည်ဖိအား အောက်တွင် သူ့ ပြိုကွဲနေသော မူလစိတ်ဝိညာဉ်က ပြန်လည်စတင် ဖြစ်ပေါ်နေသည်။
“ငါက နည်းလမ်း အားလုံးကို အသုံးပြုရမှာပဲ …” သူက သိုလှောင်အိတ်ထဲက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုကို ထုတ်ယူလိုက်၏။ သည့်နောက် သူက အသက်ဝဝ ရှူပြီး မာန်သွင်း လိုက်ပြီးနောက် စိတ်ဝိညာဉ် ကျောက်တုံး သုံးခုကလည်း ပေါက်ကွဲ ထွက်သွား၏။
သည်ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ် စွမ်းအင်များက ပတ်ဝန်းရှိ စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပေါင်းစပ်သွားသည်။ ဝမ်လင်း ခန္ဓာကိုယ်ပေါ်ရှိ ဖိအားကလည်း ရုတ်တရက် တိုးလာခဲ့သည်။
သူ့မျက်လုံး ထဲ၌လည်း ပျော်ရွှင်မှုများနှင့် ပြည့်နှက်လို့ နေ၏။
“နည်းနည်းလေး လိုသေးတယ် …” ဝမ်လင်းက အံကြိတ်၍နောက် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးနှစ်ခုကို ပေါက်ကွဲစေ လိုက်ပြန်သည်။ ထိုအခါ ဝမ်လင်း ခန္ဓာကိုယ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင် ဖိအားက ကြီးမားစွာ တိုးလာခဲ့၏။
သည်ဖိအားအောက်တွင် ဝမ်လင်း၏ ပြိုလဲ၍ တစ်စစီ ဖြစ်နေသော မူလ စိတ်ဝိညာဉ်က တဖြည်းဖြည်း ပြန်၍ သိပ်သည်း လာခဲ့သည်။
တစ်ချိန်တည်း မှာပင် နှိုင်းဆမရသည့် စိတ်ဝိညာဉ် စွမ်းအင် ပမာဏက ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။ နယ်ပယ် အမှတ်အသားနှင့် ချိပ်ပိတ်မှုတို့ပင် ၎င်းစွမ်းအင်များကို တားဆီးနိုင်စွမ်း မရှိတော့ချေ။
ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်က အဆုံးစွန်သော နှုန်းဖြင့် ပြန်ကောင်းမွန် လာနေ၏။
သူက အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်သို့ ဖြတ်ကျော်သွားသည်။
အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ပင် ရောက်လာခဲ့၏။
အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်။
အလယ်အလတ် အဆင့်။
နောက်ဆုံးအဆင့်။
စဦး စိတ်ဝိညာဉ် အစောပိုင်းအဆင့်။
စိတ်ဝိညာဉ် သွေးကြောမျက်လုံး ဗဟိုချက်ကလည်း စတင် မှိန်ဖျော့လာသည်။ စိတ်ဝိညာဉ် သွေးကြော ကျောက်တုံးများ သည်လည်း ဖုန်မှုန့်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲ ပျံ့နှံ့ကုန်ကြသည်။
အသက်ဆယ်ချိန် ရှူစာကြာချိန်။
အသက်ဆယ်ခါ ရှူချိန်လောက်ဖြင့် တောင်ပေါ်ရှိ ပေါက်နေသော အပင်များအားလုံး ညှိုးနွမ်း သွားကြသည်။
သည်အချိန်လေး အတွင်းဖြင့် တောင်ထဲရှိ စိတ်ဝိညာဉ်သွေးကြော တစ်ခုလုံး သည်လည်း မှိန်ဖျော့ ပျောက်ကွယ်သွား၏။ တောင်တစ်ခုလုံးက ခုချိန်၌ အသုံးမဝင်တော့သော စိတ်ဝိညာဉ် သွေးကြောတစ်ခုသာ ကျန်ရှိတော့သည်။
ထိုအခိုက်တွင် တောင်ထဲရှိ လိုဏ်ဂူများတွင် ကျင့်ကြံနေသော အပြင်တပည့် ထောင်ချီက မျက်လုံးဖွင့် လာကြသည်။ သူတို့က သူ့တို့ဂူထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များ ပျောက်ကွယ် သွားသည်ကို သတိပြုမိ လိုက်ကြသည်။ သည့်အပြင် အားကောင်းသော စုပ်အားတစ်ခုက သူတို့ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကိုပင် စုပ်ယူနေခဲ့သည်။
ကြောက်လန့်တကြားဖြင့် အပြင်တပည့်များ အားလုံးက နည်းအမျိုးမျိုး သုံးကာ ဂူထဲကနေ အလျင်အမြန် ထွက်ပြေးကြသည်။ သူတို့က ဂူထဲ၌ ဆက်၍ မနေဝံ့ကြတော့ချေ။
တောင်ထဲရှိ စိတ်ဝိညာဉ် သွေးကြောအတွင်း၌ ဝမ်လင်းက မျက်လုံးဖွင့် လာခဲ့သည်။ သူက ချက်ချင်း တည်နေရာ ရွှေ့ပြောင်း၍ ပျောက်ကွယ် သွားလေ၏။ သူက တောင်အပြင်ဘက်၌ ပြန်ပေါ်လာခဲ့၏။ အပြင်တပည့်များ အားလုံးက သူ့ပတ်လည်၌ ရှိနေကြသည်။ သူတို့က မျက်နှာများပေါ်၌ တုန်လှုပ် ကြောက်လန့် နေပြီး သည်အကြောင်းကို ပြောဆိုနေကြသည်။
သားသတ်သမား အသွင်ရှိသည့် ကျင့်ကြံသူကိုပါ ဝမ်လင်းက အတားအဆီးကို ဖယ်ရှား၍ ထွက်လာခွင့် ပေးလိုက်သည်။ သူက ဝမ်လင်းကို တွေ့မြင်သည့်အခါ ချက်ချင်း ထိတ်လန့်ကြောက်ရွံ့ သွား၏။
သို့ရာတွင် ဝမ်လင်း၏ အကြည့် တစ်ချက်ကြောင့် သူက ချက်ချင်း လေးစားဟန် ပြ၍ ဆူဆူညံညံ မလုပ်ဝံ့တော့ချေ။
သည်အခိုက်တွင် အကြည့်တစ်ခုက သူ့ထံသို့ ကျရောက်လာ၏။ သူက ခေါင်းလှည့်၍ ကြည့်လိုက်ရာ လှပသော အမျိုးသမီး တစ်ယောက်သည် သူ့ကို ရင်းနှီးစွာ ပြုံး၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဝမ်လင်းက မျက်မှောင်ကြုတ် သွားသည်။ သူက သည်အမျိုးသမီးနှင့် ပတ်သက်ရန် အချိန်မရှိချေ။ သူက သူမကို အေးစက်စွာ တစ်ချက် လှမ်းကြည့်ပြီးနောက် သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။
“စဦးစိတ်ဝိညာဉ် အလယ်အလတ် အဆင့် …။ ငါ့အခု လုပ်ဆောင်ချက်က ငါ့ကို ဒီကျင့်ကြံမှု အဆင့်လောက်ထိ ပြန်ကောင်းမွန် လာလိမ့်မယ်လို့ မမျှော်လင့်မိဘူး။ ဒီအတိုင်းဆိုရင် ငါ့မူလ စိတ်ဝိညာဉ်ကလည်း ပြန်ကောင်း လာခဲ့ပြီ။ ဒါက လုံးဝမကောင်းမွန် သေးပေမဲ့လည်း ငါက ခုငါ့နယ်ပယ်ကို အသုံးပြုနိုင်ပြီ …” ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူ့မျက်လုံးများက တည်ငြိမ်လို့နေ၏။
သို့ရာတွင် နှိုင်းယှဉ်ကြည့် ရလျှင် သူရရှိခဲ့သော သေခြင်းရှင်ခြင်း အတွေ့အကြံများက ပို၍ပင် အရေးကြီးလို့ နေသေး၏။
အပြင်ဘက် ကလန်တောင်၏ ကြီးမားသော ပြောင်းလဲမှုက အတွင်းကလန်၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။ အတွင်း ကလန်ထဲက လူသုံးယောက် ထွက်လာ၏။ သုံးယောက်ထဲက အဖြူရောင် ဆံပင်နှင့် အကြီးအကဲ တစ်ယောက်က ဖိအားတစ်ခု ထုတ်လွှတ်၍ အော်ဟောက်လိုက်သည်။ “အားလုံး … တိတ်တိတ်နေကြ …”
***