ရွှမ်ယွဲ့နိုင်ငံ နှင်းရေခဲနတ်ဘုရား ကျောင်းဆောင်၌ လီယွမ်ဖန်က ကြာပွင့်သဏ္ဌာန် ထိုင်၍ ကျင့်ကြံလျက် ရှိသည်။ သူ့ပတ်လည်၌ ကြီးမားသော ရေခဲတုံးငါးခုက ဝန်းရံနေသည်။ ရေခဲတုံး တစ်ခုစီက ရောင်စုံအလင်း ငါးခုကို ထုတ်လွှတ်လျက် ရှိပြီး သူက ၎င်းတို့ထံကနေ ကောင်းကင်ဘုံ စိတ်ဝိညာဉ် အမျှင်တန်းများကို စုပ်ယူနေ၏။
သည်ရေခဲတုံး တစ်ခုစီ၌ လက်မ အရွယ်ခန့်ရှိသော ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ခုစီ ရှိနေကြသည်။
အခုလက်ရှိ လီယွမ်ဖန်က သိပ်အခြေနေ မဆိုးသည့်ဟန် ရှိသည်။ သို့သော် သူ့အသွင်က မှိန်ဖျော့နေကာ မျက်နှာကလည်း ဖြူရော်လို့ နေသည်။
အချိန်အတန် ကြာပြီးနောက် သူက မျက်လုံးဖွင့် လာခဲ့သည်။ သူ့မျက်လုံး အကြည့်ထဲ၌ ကြောက်ရွံ့မှုများ တွဲခိုနေ၏။
“ဘယ်လိုတောင် အားကောင်းတဲ့ မိုးကြိုး အလင်းတန်းလဲ။ ဒီအလင်းတန်းထဲမှာ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်တွေ ပါဝင်နေတယ်။ ငါက ဒီအလင်းတန်းရဲ့ စွမ်းအားကို တစ်ဝက်လောက် လျှော့ချ နိုင်ခဲ့တာတောင် ဒါက ငါ့အပေါ် ကျရောက် လာတဲ့အခါ ငါ့ကို ဒီလို ဒဏ်ရာမျိုးတွေ ရစေနိုင်သေးတယ် …”
လီယွမ်ဖန်က စွန်ထိုင်နှင့် ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေးတို့ တိုက်ခိုက် နေစဉ်တွင် ဝမ်လင်းကို သတ်ရန် ကြိုးစားခဲ့၏။ သို့ရာတွင် သူက စွန်ထိုင်၏ မိုးကြိုးနှင့် တိုက်ခိုက်ခံရပြီး များစွာ အားထုတ်ပြီးမှသာ လွတ်မြောက်အောင် ထွက်ပြေးနိုင်စွမ်း ရှိခဲ့သည်။
သူက ဟင်္သာပြဒါး နိုင်ငံက လျှို့ဝှက်နည်းစနစ် တစ်ခုကို အသုံးပြု၍ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိခဲ့သူ ဖြစ်သည်။ သူက အနာဂတ်တွင် အဆင့် ချိုးဖျက်နိုင်ရန် မျှော်လင့်ချက် မရှိတော့ချေ။
ထို့ကြောင့် သူက အခြားအဆင့်တူ ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် အတော်လေး အားနည်းပေ၏။
လီယွမ်ဖန်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များထက် သန်မာသော်လည်း အခြား အစစ်အမှန် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူများ ထက်တော့ အားနည်းပေသည်။ သည့်အတွက်ကြောင့် သူက စွန်ထိုင်၏ မိုးကြိုး လျှပ်စီးကို ကြံ့ကြံ့ခိုင်ရန် နည်းလမ်း မရှိချေ။
“စန်နူးက သေသလား ရှင်သလား ငါမသိဘူး။ သူက မသေဘူး ဆိုရင်တောင် သူ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ငါ့လက်ဖက်ရွက် နယ်ပယ်ကို လွယ်လွယ်ကူကူ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး …” လီယွမ်ဖန်က နှာခေါင်းရှုံ့ လိုက်ပြီး သူ့မျက်လုံးများ ကလည်း အေးစက်လို့ နေ၏။
“ဒီဂျူနီယာ အနီရောင် လိပ်ပြာက နှစ်တစ်ရာကြာ တံခါးပိတ် လေ့ကျင့်မယ်လို့ ကြေညာခဲ့တယ်။ သူမ ထွက်လာတာနဲ့ ကျိန်းသေ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်နေပြီ။ ဒါပေမဲ့ အဲဒီချိန်ကြရင် ငါ့သက်တမ်းက အဆုံးသတ်တော့မယ်။ ဒါနဲ့ ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေးက စန်နူးရဲ့ ခန္ဓာကိုယ်ကို ဘာလို့ လိုချင်နေတာလဲ။ ဒါက ထူးဆန်းနေတယ်။ ငါမသိတာ တစ်ခုခုများ ရှိနေလား …”
လီယွမ်ဖန်က အနည်းငယ် စဉ်းစားနေသည်။ သို့သော် သူက အကြောင်းပြချက်ကို မခန့်မှန်းနိုင်ချေ။
ဖီးလုနိုင်ငံ အတွင်းရှိ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ အပြင်တပည့်များက အသုံးပြုသော တောင်တစ်ခုတွင် ဝမ်လင်းက ကျင့်ကြံနေရာ ကနေ နိုးထလာ၏။
“အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့် …”
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်၌ ကပ်နေသော စိတ်ဝိညာဉ် စွမ်းအင်မြူကလည်း စတင် ရွေ့လျား၍ သူ့ကိုယ်ထဲသို့ ဝင်ရောက်သွား၏။
ဝမ်လင်း၏ မျက်နှာပေါ်ရှိ နယ်ပယ် အမှတ်အသားက အနည်းငယ် ဖျော့တော့သွားပြီ ဖြစ်၏။
“ဒီတုပထားတဲ့ စိတ်ဝိညာဉ် သွေးကြောမျက်လုံးက ငါ့အတွက် မလုံလောက်တော့ဘူး။ ငါက ပိုသိပ်သည်းတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေ ရှိတဲ့ နေရကို ရှာဖို့လိုနေပြီ။ အစစ်အမှန် စိတ်ဝိညာဉ် သွေးကြောမျက်လုံး ရှိတဲ့နေရာ ကတော့ ငါ့အတွက် လုံလောက်တယ်လို့ ယုံကြတယ် …” ဝမ်လင်းက အစီအရင်ကို ပြန်တည်ဆောက် ပြုပြင်လိုက်ပြီး သည်တုပထားသည့် စိတ်ဝိညာဉ် သွေးကြော မျက်လုံးကို ပြန်ဖုံးကာ လိုဏ်ဂူထဲကနေ လမ်းလျှောက် ထွက်လာ၏။
လိုဏ်ဂူ အပြင်မှာက နေသာလျက်ရှိ၏။ သူက အကွာအဝေး တစ်ခုသို့ လှမ်းကြည့်လိုက်ရာ နွေဦးရာသီ၏ အရိပ် လက္ခဏာများ ရှိနေသည်ကို တွေ့လိုက်ရသည်။ တောင်ဘေးခြမ်းများက စိမ်းလန်းလို့ နေပြီး ကြည်နူးဖွယ် ခံစားမှုကို ပေးစွမ်းလို့နေ၏။ လေများက ခုထိအအေးဓာတ် ရှိနေဆဲ ဖြစ်သော်လည်း အန္ဓေးဓာတ်များလည်း ပါဝင်လာခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် သူ့အသွင်က ပြောင်းလဲသွား၏။ သူက ဘေးတစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
သူ့လိုဏ်ဂူဘေး၌ များစွာသော လိုဏ်ဂူများ ရှိလို့နေသည်။ သူက တစ်ချိန်လုံး တံခါးပိတ် လေ့ကျင့်နေသည့် အတွက် သက်လတ်ပိုင်း လူကြီးကလွဲ၍ အခြား မည်သူနှင့်မျှ တွေ့ဆုံမိခြင်း မရှိချေ။
အခုချိန်၌ သူနှင့် ပေတစ်ရာ အကွာလောက်ရှိ လိုဏ်ဂူကနေ အမျိုးသမီး တစ်ယောက် လမ်းလျှောက်၍ ထွက်လာနေသည်။ သူမက အပြာရောင် ဖျော့ဖျော့ဝတ်စုံကို ဝတ်ဆင်ထားသည်။
သူခေါင်းပေါ်ရှိ ဆံပင်အနက်များက လေနှင့်အတူ မျောလွင့်နေသည်။ သူမက အလွန် နူးညံ့့ပုံရပြီး သူမပါး နှစ်ဖက်က ပန်းရောင်သန်းနေကာ အလွန် ကြော့ရှင်းလှသည်။
သည်အမျိုးသမီးက သူ့အနီး၌ တစ်ယောက်ယောက် ရှိနေသည်ကို သတိပြုမိဟန် ရသွားပြီး လှည့်ကြည့်သည်။ သူမမျက်လုံးများကလည်း ရှင်းပြလို့ မရအောင် လှပလွန်းသည်။ သူမက ဝမ်လင်းကို တွေ့သည့်အခါ ပြုံးပြပြီးနောက် အကွာအဝေး တစ်ခုထံသို့ ငေးမောနေ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက သည်မိန်းကလေးကို ချက်ချင်း သိလိုက်၏။ သူမက သူတွေ့ခဲ့သော နေဝင်ချိန်တွင် ပျံသန်းသွားသည့် တစ်ယောက် ဖြစ်လို့နေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သည်။ “ဒီမိန်းကလေးကို ကြည့်ရတာ ရင်းနှီးနေတဲ့ပုံပဲ။ ဒါပေမဲ့ ငါက သူကို တစ်ခါမှ မတွေ့ဖူးဘူးလို့ ယုံနေမိတယ် …”
အတိတ်တုန်းက လျိုမေသည် ရွှမ်တောက်ကလန်တွင် ရှိခဲ့စဉ်က ကိုယ်ပွားတစ်ထောင် နည်းစနစ်ကို အသုံးပြု၍ ဖန်တီးထားသော သူမ၏ ကိုယ်ပွားသာ ရှိခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သည်မိန်းကလေး အကြောင်း ဆက်၍ ဂရုစိုက် မနေတော့ချေ။ သူမက သူမြင်ဖူးသမျှ ထဲတွင် အလှဆုံး မိန်းကလေး ဖြစ်သော်လည်း သူ့အတွက်တော့ လီမူဝမ်နှင့် နှိုင်းယှဉ်လို့ မရချေ။ သို့သော် သူက သူ့အာရုံစိုက်မှုကိုတော့ ရရှိနိုင်ခဲ့၏။
သူက တောင်ပေါ်ကနေ ခုန်ဆင်းသွားပြီး အောက်သို့ ဆင်းနေရင်းဖြင့် ပတ်ဝန်းကျင်ကို စူးစမ်းနေ၏။ သည့်နောက် သူ့အကြည့်က လိုဏ်ဂူများထဲက တစ်ခုပေါ်သို့ ကျရောက်သွားသည်။
သည်လိုဏ်ဂူနှင့် ပတ်သက်၍ ထူးခြားတာ တစ်ခုမျှ ရှိမနေခဲ့ချေ။ အကွာအဝေး တစ်ခုမှ လှမ်းကြည့်ရင်း သူက သည်လိုဏ်ဂူက၏နံပါတ်က (၇၄၃) ဖြစ်သည်ကို တွေ့လိုက်ရ၏။
‘ဒါက ဒီနေရာမှာ ဖြစ်လိမ့်မယ် …” ဝမ်လင်းကို ခြေချ၍ သည်လိုဏ်ဂူကို ကြည့်၏။
သူက ကျင့်ကြံနေစဉ်တွင် တုပထားသည့် စိတ်ဝိညာဉ် သွေးကြော မျက်လုံးနှင့် ချိတ်ဆက်ထားသည့် အစစ်အမှန် သွေးကြောမျက်လုံးက မည်သည့်နေရာ ဖြစ်သည်ကို ရှာဖွေနေခဲ့၏။ ခု၎င်းလိုဏ်ဂူကို ကြည့်နေရင်း သူက သည်လိုဏ်ဂူနံပါတ် (၇၄၃)က အစစ်အမှန် စိတ်ဝိညာဉ် သွေးကြောမျက်လုံးနှင့် အနီးဆုံးဖြစ်သည်ကို ချက်ချင်း ဆုံးဖြတ်နိုင် လိုက်၏။
“အထဲမှာ တစ်ယောက်ယောက် ရှိနေတယ် …” ဝမ်လင်းက လိုဏ်ဂူ၏ဝင်ပေါက်တံခါးက ချိပ်ပိတ် ထားသည်ကို တွေ့လိုက်ရ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် အစီအစဉ်တစ်ခု ရေးဆွဲလိုက်သည်။
သူက သူ့လိုဏ်ဂူရှိရာသို့ ပြန်လှည့်ရန် ပြင်လိုက်စဉ် သက်လတ်ပိုင်း လူကြီးက သူ့အိမ်ကနေ လမ်းလျှောက်၍ ထွက်ပေါ်လာ၏။ သူ့မျက်လုံးများက တလက်လက် ဖြစ်နေပြီး ဝမ်လင်းကို ကြည့်နေ၏။
သက်လတ်ပိုင်း လူကြီး၏ အသွင်က မည်သည့် စိတ်လှုပ်ရှားမှုမှ ရှိမနေခဲ့ချေ။ သူက ဝမ်လင်းကို ပြောလိုက်၏။ “ချင်မူ ဒီကိုလာ …”
သတ်ဖြတ်လိုမှု စိတ်ဆန္ဒက ဝမ်လင်း မျက်လုံးထဲ၌ ထွက်ပေါ်သွား၏။ သူက သက်လတ်ပိုင်း လူကြီး၏ ဆယ်ပေခန့် အကွာသို့ လှမ်းလာလိုက်၏။
“အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အထွတ်အထိပ်အဆင့် …” သက်လတ်ပိုင်း လူကြီက မျက်မှောင်ကြုတ် သွားသည်။ သူ့နှလုံးကလည်း ရူးသွပ်ဖွယ် ခုန်နေမိ၏။ သူက ချင်မူနှင့် ပတ်သက်၍ ထူးဆန်း နေသည်ဟု ခံစားမိနေသည်။ ချင်မူ၏ ကျင့်ကြံမှုနှုန်းက အလွန် မြန်လွန်းလှ၏။ သူက သည်နေရာသို့ စရောက် လာတုန်းက အခြေခံ တည်ဆောက်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိသေး၏။
သက်လတ်ပိုင်း လူကြီးက သူ့ကိုနောက်တစ်ကြိမ် ထပ်တွေ့သည့်အခါ သူက အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့်သို့ ရောက်နေခဲ့၏။
အခု တစ်ကြိမ်တွင်တော့ သည်ချင်မူက အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အထွတ်အထိပ် အဆင့်သို့ပင် ရောက်နေခဲ့ပေသည်။ သက်လတ်ပိုင်း လူကြီးက လျှာသပ်မိ သွားသည်။ သူက ချက်ချင်း တွေးမိလိုက်၏။ သည်ချင်မူက နောက်တစ်ကြိမ်သူနှင့် ပြန်တွေ့သည့်အခါ သူ့ကျင့်ကြံမှု အဆင့်ဖြစ်သည့် အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်ရှိနေတော့မည် ဖြစ်သည်။
“ဒီချင်မူက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ရတနာ တစ်ခုခု ရှိလိမ့်မယ်၊ ဒါမှ မဟုတ်ရင် သူ့ကျင့်ကြံမှု နည်းစနစ်က အလွန် ထူးဆန်းနေတာ ဖြစ်ရမယ် …” သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။ “ချင်မူ … နောက်တစ်ကြိမ် မင်းနဲ့ ထပ်တွေ့ရင် ငါက ရောင်းရင်း ကျင့်ကြံသူလို့ ခေါ်နေရာတော့မှာကို စိုးရိမ်မိတယ် …”
ဝမ်လင်းက သည်လူ့ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။ “ပြဿနာ မရှိပါဘူး …”
သက်လတ်ပိုင်း လူကြီး၏ မျက်လုံးထဲ၌ မကျေမနပ် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သို့သော် သူက ၎င်းခံစားချက်ကို ချက်ချင်း ဖုံးကွယ်၍ ပြုံးကာ ဆက်ပြောလိုက်သည်။ “ချင်မူ … မင်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်သွားမယ် ဆိုရင် မင်းက နောက်လ အနည်းငယ်ကျရင် အတွင်း တပည့်ဖြစ်ဖို့ ပြိုင်ပွဲမှာ အခွင့်အရေးကောင်း တစ်ခု ရှိလာလိမ့်မယ်။ မင်းသာ အဓိကတပည့် ဖြစ်သွားရင် မင်းက ဒီနေရာကို ပြန်လာပြီး အမှတ်ရ နေရမယ်နော် …”
ဝမ်လင်းက ပြုံး၍ ပြန်ဖြေလိုက်၏။ “ဒါပေါ့ … ဒါပေမဲ့ ငါ့အခန်းက စိတ်ဝိညာဉ် စွမ်းအင်တွေက မလုံလောက်ဘူး ဖြစ်နေတယ်။ ငါက နောက်ထပ်လိုဏ်ဂူ အခန်း တစ်ခုကိုများ ပြောင်းလို့ ရနိုင်မလား သိချင်မိပါတယ် …”
သက်လတ်ပိုင်း လူကြီးက မှင်တက်သွားပြီး သူက ပြောပြလိုက်၏။ နံပါတ် (၇၀၀) အောက်လိုဏ်ဂူတွေက အကြီးအကဲ တစ်ယောက်ရဲ့ ခွင့်ပြုချက် လိုတယ်။ “ဒါပေမဲ့ ငါက မင်းကို တစ်ကြိမ်တော့ ဒီလိုဏ်ဂူ နံပါတ်တွေကို လျှောက်ကြည့်ဖို့ ကူညီနိုင်ပါတယ် …”
ဝမ်လင်းက ခေါင်းခါကာ ပြောလိုက်သည်။ “သင်က ဒုက္ခများစရာ မလိုပါဘူး …။ ငါက နံပါတ် (၇၄၃) လိုဏ်ဂူဆိုရင် ရပါပြီ …”
သက်လတ်ပိုင်း လူကြီးက လိုဏ်ဂူနံပါတ် (၇၄၃) သို့ကြည့်လိုက်၏။ သည့်နောက်သူက ရယ်မောကာ ပြောလိုက်သည်။ “ပြဿနာမရှိဘူး။ ဒါပေမဲ့ ချင်မူ … (၇၄၃)က စိတ်ဝိညာဉ်စွမ်းအင် ပိုများပေမဲ့လည်း အကောင်းဆုံးတော့ မဟုတ်ဘူးနော် …”
“ရပါတယ် …” ဝမ်လင်းက ရယ်မော၍ အလယ်အလတ် စိတ်ဝိညာဉ် ကျောက်တုံးနှစ်ခုကို ထုတ်ပေးလိုက်၏။ “ငါက စီနီယာကို ကျေးဇူးတင်ပါတယ်။ ဒီအပို စိတ်ဝိညာဉ် ကျောက်တုံးက ငါ့ လေးစားမှုကို ပြသတာပါ …”
သက်လတ်ပိုင်း လူကြီးက ၎င်းစိတ်ဝိညာဉ် ကျောက်တုံးကို လက်ခံလိုက်ပြီး စိတ်ထဲ၌ ကျိတ်၍ နှာခေါင်းရှုံ့၏။ “ခုက အချိန်မတန်သေးဘူး။ ဒါပေမဲ့ ညရောက်ရင်တော့ မင်းက ငါ့ကို စိတ်ဝိညာဉ် ကျောက်တုံး ဘယ်လောက်ပေးပေး ငါက မင်းကျင့်ကြံမှုနှုန်း ဘာလို့ အဲဒီလောက် မြန်ဆန်နေလဲကို ရှာဖွေရလိမ့်မယ် …”
သူက သည်အကြောင်းကို စိတ်ထဲ၌ တွေးနေသော်လည်း အပြင်ဘက်၌မူ ရယ်မောနေ၏။ သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်ပြီး သတင်းပို့မှု တစ်ခုကို မှတ်တမ်းတင်သည်။ သည့်နောက် ကျောက်စိမ်းပြားက ဖျတ်ခနဲ ပျံသန်းသွားသည်။ သက်လတ်ပိုင်း လူကြီး၏ ထိန်းချုပ်မှု အောက်တွင် ၎င်းကျောက်စိမ်းပြားက ဂူနံပါတ် (၇၄၃) ထံသို့ ပျံသန်း သွားလေသည်။
ခဏာအကြာတွင် လူတစ်ယောက်က လိုဏ်ဂူနံပါတ် (၇၄၃) ခုကနေ ပျံသန်းထွက်လာ၏။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာကလည်း အသားပိုများနှင့် ပြည့်နေ၏။ သူက ကျင့်ကြံသူ တစ်ယောက်ထက် စာလျှင် သားသတ်သမား တစ်ယောက်နှင့်ပင် ပို၍ တူနေသေး၏။ သူက သတ်လတ်ပိုင်း လူကြီးကို လက်နှစ်ဖက် ယှက်၍ နှုတ်ဆက်လိုက်သည်။ “စီနီယာ … ကျွန်တော့်ကို ဘာများ ပြောချင်လို့လဲ …”
သက်လတ်ပိုင်း လူကြီးက ပြောလိုက်၏။ “ငါ့ကို မင်းတုန်ကင်ပေးပါ။ ငါမင်းကို အခြားလိုဏ်ဂူ ပြောင်းပေးမယ် …”
“လိုဏ်ဂူပြောင်းတာလား … ။ ကျွန်တော် မပြောင်းချင်ပါဘူး။ ဒီနေရာမှာ ကျင့်ကြံရတာ အဆင်ပြေနေသားပဲ။ ဘာလို့ ကျွန်တော်က ပြောင်းရမှာလဲ …” သည်လူက နှာခေါင်းရှုံ့၏။ သူ့အကြည့်က ဝမ်လင်းပေါ်သို့ ရောက်သွား၏။ သူက ပြောလိုက်သည်။ “စီနီယာက ဒီကောင့်အတွက် ကျွန်တော့်ကို ပြောင်းပေး စေချင်တာလား … ။ ကျွန်တော့်ကို အလယ်အလတ် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာပေးပါ။ မဟုတ်ရင် ဒါနဲ့ ပတ်သက်ပြီး အိပ်မက် မက်မနေနဲ့ …”
ထိုသို့ ပြောပြီးနောက်သူက သက်လတ်ပိုင်း လူကြီးကိုပင် မကြည့်ဘဲ သူ့လိုဏ်ဂူနံပါတ် (၇၄၃) သို့ပြန်လှည့်သွား၏။
“ဟမ် …” သက်လတ်ပိုင်း လူကြီးက ထိုလူ၏ ကျောကုန်းကို လှမ်းကြည့်လိုက်၏။ သူက ချင်မူကိစ္စ ဖြေရှင်းပြီးရင် သူက သည်လူ့ကို ပညာပေးရန် ဆုံးဖြတ်လိုက်၏။
“ချင်မူ … မင်းအရင်ဆုံး ပြန်ဦး။ ငါ မင်းကို မနက်ဖြန်ကျရင် တခြားလိုဏ်ဂူ ရှာပေးမယ် …”
သူက ထိုသို့ ပြောပြီးသည်နှင့် အင်္ကျီလက်အိုးကို ခါ၍ သူနေရာသို့ ပြန်လှည့်ထွက် သွားတော့သည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေပြီး သူက သူ့လိုဏ်ဂူရှိရာသို့ ပျံသန်း သွားလိုက်၏။ သူက စိတ်ထဲ၌ နှာခေါင်းရှုံ့သည်။ သက်လတ်ပိုင်း လူကြီးက သူ့ကို လာမရှုပ်မှသာ သည်လူက အသက်ရှင်နိုင်မည် ဖြစ်သည်။ သို့ရာတွင် သက်လတ်ပိုင်း လူကြီးက လောဘကြီးပြီး သည်ည သူ့ရှိလာလျှင် ဝမ်လင်းက သူ့ကို သတ်ပစ်ရမည် ဖြစ်သည်။
ညက လုံးဝ တိတ်ဆိတ်လို့ နေသည်။ သက်လတ်ပိုင်း လူကြီးက သူ့နေရာကနေ လမ်းလျှောက်၍ ထွက်လာ၏။ သူက ဝမ်လင်း လိုဏ်ဂူကို လောဘတက်၍ ကြည့်နေလေသည်။
***