ဝမ်လင်းက ပျံသန်းနေသော အမျိုးသမီးငယ်ကို သေချာကြည့် နေစဉ်မှာပင် သူမက စိတ်ဝိညာဉ် သန့်စင်ခြင်းကလန် အတွင်းပိုင်းသို့ ဝင်ရောက်သွား၏။
“သူ့ကို … ငါရင်းနှီးနေတယ် …” ဝမ်လင်းက တစ်ချက် ထပ်ကြည့်လိုက်ပြီး အနည်းငယ် စဉ်းစားလိုက်သည်။ သို့သော် သူက သည်အမျိုးသမီးငယ်ကို အရင်က မည်သည့် နေရာတွင် တွေ့ဖူးသည်ကို ပြန်မမှတ်မိဘဲ ဖြစ်နေ၏။
သူက တောင်အောက်ကို ဆင်းလာခဲ့ပြီး တောင်ကြော အလယ်နားရှိ အဆောက်အဦများ ရှေ့သို့ ရောက်လာခဲ့၏။
သက်လတ်ပိုင်း လူကြီးက မျက်လုံးမှိတ်၍ ကျင့်ကြံလျက် ရှိသည်။ သူက ဝမ်လင်း ရောက်လာသည်ကို တွေ့လိုက်သည်အခါ ဖျတ်ခနဲ ကြည့်လိုက်၏။ သိုသော် သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများ ပြည့်နေပြီး သူက မျက်လုံး အပြူးသားနှင့် ဝမ်လင်းကို ကြည့်နေမိသည်။
“ဟာ … မင်းက အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့်ကိုတောင် ရောက်သွားပြီလား …” သည်လူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများနှင့် ပြည့်နေ၏။
ဝမ်လင်းက ကြိတ်၍ သက်ပြင်း ချမိသည်။ သူ့မူလ စိတ်ဝိညာဉ်က ပြိုကွဲနေသဖြင့် သူက သူ့ကျင့်ကြံမှု အဆင့်ကို ဖုံးကွယ် မထားနိုင်ချေ။ သည့်အတွက်ကြောင့် အမြုတေ ဖွဲ့တည်ခြင်း အဆင့် ကျင့်ကြံသူက သူ့ကို ဖြတ်၍ မြင်နိုင်ခဲ့သည်။
ဝမ်လင်းက စိတ်ထဲ၌ တွေးနေမိသည်။ “ငါက ငါ့မူလ စိတ်ဝိညာဉ်ကို အမြန်ပြန်ကောင်း လာအောင် လုပ်ရမယ်။ မဟုတ်ရင် ဒါက နောက်ဆို ပြဿနာ ဖြစ်လာနိုင်တယ် …” သူက လေးစားစွာ ပြောလိုက်၏။ “တပည့်က နဂိုထဲက ခြေတစ်လှမ်းပဲ လိုတော့တာပါ။ ဒီနေရာကလည်း စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီးရှိနေတဲ့ အတွက် ကံကောင်းပြီး အခြေခံ တည်ဆောက်ခြင်း အလယ် အဆင့်ကို ရောက်ရှိနိုင်ခဲ့တာ …”
သက်လတ်ပိုင်း လူကြီး၏အသွင်က ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် သူက အနည်းငယ် စဉ်းစားလိုက်၏။ ဝမ်လင်းက ထူးဆန်းနေခြင်း မရှိပေ။ သို့သော် သူ့ကျင့်ကြံမှု အဆင့်တိုးတက်မှု အမြန်နှုန်းကသာ အနည်းငယ် ပိုမြန်နေခြင်း ဖြစ်၏။
သူက ဝမ်လင်းကို အကောင်းမြင် သွား၏။ သည့်နောက် ဝမ်လင်းက မည်သူမည်ဝါ ဖြစ်သည်ကို ပြန်စဉ်းစား လိုက်ပြီးနောက် မေးလိုက်၏။ “မင်းက ဒီကို ဘာလုပ်လုပ်တာလဲ …”
ဝမ်လင်းက လက်သီးဆုပ် ဂါဝရပြုဟန်ဖြင့် ပြောလိုက်သည်။ “တပည့်က စိတ်ဝိညာဉ် စွမ်းအင်ပိုများတဲ့ လိုဏ်ဂူနဲ့ ချိန်းချင်လို့ပါ …”
သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ် သွားသည်။ “ကျင့်ကြံသူတွေက အရမ်း လောဘ မကြီးသင့်ဘူး။ မင်း ကျင့်ကြံမှုနှုန်းက မြန်လွန်းနေတယ်။ ဒါ့ကြောင့် မင်းအခြေခံက မခိုင်မာသေးဘူး။ မင်းက ဒီလို ဆက်လုပ်ရင် ဘယ်တော့မှ အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်မှာ မဟုတ်တော့ဘူး …”
ဝမ်လင်းက အနည်းငယ် စဉ်းစား၍ ပြောလိုက်သည်။ “တပည့် နားလည်ပါတယ်။ ဒါပေမဲ့ စီနီယာက သဘောတူဖို့ မျှော်လင့်မိပါတယ် …”
သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “မင်းက အတင်းအကျပ် တောင်းဆိုတော့လည်း ငါ မင်းကို မတားတော့ပါဘူး။ ဒါပေမဲ့ အခန်း ပြောင်းတာက အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ပိုကျသင့်တယ် …”
ဝမ်လင်းက ခါးသက်စွာ ပြုံး၏။ သူက အသည်ကွဲဟန် ဖမ်းလိုက်ပြီး အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးကို ကမ်းပေးလိုက်၏။
သက်လတ်ပိုင်း လူကြီးက ကျောက်တုံးကို ယူကာ ပြောလိုက်သည်။ “ငါ့ကို မင်း တုန်ကင် ပေးပါ …”
ဝမ်လင်းက တုန်ကင်ကို ထုတ်ပေးလိုက်၏။ သက်လတ်ပိုင်း လူကြီးက တုန်ကင်ကို သိမ်းပြီးနောက် နောက်ထပ်တစ်ခု ထပ်ကာ ပြောလိုက်သည်။ “လိုဏ်ဂူ နံပါတ်နည်းလေ အထဲမှာ စိတ်ဝိညာဉ် စွမ်းအင်တွေ ပိုများလေပဲ …” ထိုသို့ ပြောပြီးနောက် သူက တုန်ကင်ကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။
တုန်ကင်ကို ဖမ်းပြီးနောက် ဝမ်လင်းက ဂူနံပါတ်သည် (၈၀၃) ဖြစ်နေသည်ကို တွေ့လိုက်၏။ သည့်နောက်သူက သက်လတ်ပိုင်း လူကြီးကို အလျင်အမြန် ကျေးဇူးတင်ပြီး ထွက်ခွာ သွားတော့သည်။
သူထွက်သွားသည့် အခါ သက်လတ်ပိုင်း လူကြီး၏ မျက်လုံးက ဖျတ်ခနဲ တောက်ပသွားသည်။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ “ထူးဆန်းတယ် …” သည့်နောက်သူက လိုဏ်ဂူ (၁၀၉၀) ခုမြောက်ထံသို့ ပျံသန်းသွား၏။
မျက်စိတစ်မှိတ် အတွင်း သူက လိုဏ်ဂူထဲသို့ ရောက်ရှိသွား၏။ သူက လိုဏ်ဂူကို အနည်းငယ် ရှာဖွေကြည့် လိုက်သော်လည်း တစ်ခုခု မှားနေသည်ကို မတွေ့ရချေ။ သူက စဉ်းစားလိုက်၏။
“ငါကပဲ သံသယတွေ ဝင်နေတာလား။ သူက မျက်စိတစ်မှိတ် အတွင်း အဆင့်ချိုးဖျက် နိုင်သွားတာက အရမ်းများ မြန်လွန်း မနေဘူးလား …” သက်လတ်ပိုင်း လူကြီးက အနည်းငယ် စဉ်းစား၍ လိုဏ်ဂူထဲ ကနေ ပြန်ထွက်လာ၏။ သူက သည်ချင်မူလို့ ခေါ်သည့် တစ်ယောက်ကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။
ဝမ်လင်းက လိုဏ်ဂူ နံပါတ်(၈၀၃) သို့ ရောက်လာခဲ့သည်။ လိုဏ်ဂူ၏ အရွယ်ကတုန်းက ပထမလိုဏ်ဂူနှင့် တူတူပင် ဖြစ်သည်။ သို့သော် အလယ်၌ အသေးစား အစီအရင်တစ်ခု ရှိလို့နေ၏။
သည်အစီအရင်က အလွန် ရှုပ်ထွေးလှသည်။ ၎င်းက အစစ်အမှန် မရှိဘူး ဟူ၍ပင် ထင်မှတ်ရ၏။
ဝမ်လင်းက လိုဏ်ဂူထဲသို့ ဝင်လာပြီးနောက် သူ့အကြည့်က အစီအရင်ပေါ်သို့ ကျရောက်သွား၏။ သူက ခဏတာ ကြည့်ရှုပြီးနောက် သည်အစီအရင်က စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်းပေးသည့် အရာ ဖြစ်ကြောင်း သိလိုက်သည်။
သည်အစီအရင်ပေါ်၌ မလိုအပ်သည့် အရာများပါ ထည့်ပေါင်းထား၏။ ကြည့်ရသည်မှာ သည်အစီအရင်ကို မစူးစမ်းနိုင်ရန် ကာကွယ်ထားခြင်း ဖြစ်ပေမည်။
သည်အစီအရင်၏ ရည်ရွယ်ချက်က ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များကို စုစည်း၍ စွမ်းအင် သိပ်သည်းသော နေရာတစ်ခု အဖြစ် ဖန်တီးလိုခြင်း ဖြစ်သည်။ သို့ရာတွင် သည်အစီအရင်က စိတ်ဝိညာဉ် သွေးကြောမျက်လုံး တစ်ခုပေါ်၌ အသုံးပြုရမည် ဖြစ်သည်။ မဟုတ်လျှင် များစွာ အကျိုးရှိလိမ့်မည် မဟုတ်ချေ။
စိတ်ဝိညာဉ် သွေးကြော မျက်လုံးများက လူတစ်ယောက် ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောနေရာ အမှတ်များနှင့် ဆင်တူ၏။
“ဒီနေရာကတော့ စိတ်ဝိညာဉ် သွေးကြောမျက်လုံး တစ်ခု မဖြစ်နိုင်ဘူး။ ဒါက တုပထားတဲ့ ဟာပဲ ဖြစ်ရမယ် …” ဝမ်လင်းက အချိန်အတန်ကြာ ၎င်းအစီအရင်ကို ကြည့်ရှုရင်း လျှို့ဝှက်ချက်ကို ရှာဖွေနေ၏။
သူ့ကျင့်ကြံမှု အဆင့်က နယ်ပယ်နှင့် ချိပ်တံဆိပ်ကြောင့် ချိပ်ပိတ်ခြင်း ခံထားရသော်လည်း သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သည့်အပြင် သူ့နှစ်ငါးရာ အတွေ့အကြုံများကိုပါ ထပ်ပေါင်းလျှင် သူက သည်အစီအရင်ကို ချက်ချင်း ဖြတ်မြင်နိုင်စွမ်း ရှိလေ၏။
သည်အစီအရင်က အမြုတေ ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများပင် ခက်ခက်ခဲခဲ ကြိုးစားရင် ၎င်းကို သိမြင်နိုင်သည်ဟု ပြော၍ ရ၏။ စဦး စိတ်ဝိညာဉ် အဆင့်ဆိုရင်လည်း ၎င်းကို နားလည်ရန် အတွက်က ခက်ခဲဦးမည် ဖြစ်သည်။
တကယ်တော့ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က သည်တောင် တစ်ခုလုံးကို ပြင်ပတပည့်များ အတွက် လိုဏ်ဂူများအဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။ သည့်အတွက်ကြောင့် သူတို့က အစီအရင်ကို ဖြတ်မမြင်နိုင်ရန် အတားအဆီးများ လုပ်ထားမည်သာ ဖြစ်သည်။
သို့သော် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ ဘိုးဘေးက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် တစ်ယောက်သည် သည်တောင်၌ အပြင်တပည့်အဖြစ် လာရောက်ကျင့်ကြံ နေလိမ့်မည်ဟု လုံးဝစိတ်ကူး ထားမိမည် မဟုတ်ချေ။
ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက ညာလက်ကို အစီအရင်ပေါ်သို့ ရွေ့လျားလိုက်၏။
ဝမ်လင်းက အစီအရင်ကို ကြည့်၍ တွေးနေ၏။ “ဒီ အစီအရင်က တုပထားတဲ့ စိတ်ဝိညာဉ် သွေးကြော မျက်လုံးက အစစ်အမှန် တစ်ခုနဲ့ ချိတ်ဆက် ထားလိမ့်မယ်လို့ ငါယုံတယ် …”
သူက အနည်းငယ် စဉ်းစားပြီးနောက် ကြာပွင့်သဏ္ဌာန် ထိုင်၍ အတားအဆီးများကို ဂူနံရံပေါ်၌ နေရာ ချလိုက်၏။ သည့်နောက် သူက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးသုံးခုကို ထုတ်ယူ၍ စတင် ကျင့်ကြံ၏။
သည်နေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များက ပထမ လိုဏ်ဂူထက် ပိုများပြား သိပ်သည်း၏။
ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုကိုပါ ထပ်ပေါင်းလျှင် စိတ်ဝိညာဉ် စွမ်းအင် သိပ်သည်းမှုက ကြောက်မက်ဖွယ် ကောင်းသည့် အဆင့်ထိ ရောက်ရှိသွား၏။ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကသာ သည်အရာကို မြင်လျှင် တုံ့ဆိုင်းခြင်း မရှိဘဲ သည်နေရာကို ခိုးယူပေလိမ့်မည်။
သည်နေရာတွင် ကျင့်ကြံခြင်းက သူတို့၏ ကျင့်ကြံမှုနှုန်းကို အလွန် တိုးတက်စေမည် ဖြစ်သည်။
ဝမ်လင်က သူ့ကိုယ်သူ ကျင့်ကြံခြင်း၌ နှစ်မြှုပ်ထား၏။ သူက အချိန်ကိုပင် မေ့လျော့နေသည်။ တစ်ချိန်လုံး သူ့ခန္ဓာကိုယ်က စိတ်ဝိညာဉ် စွမ်းအင်မြူလွှာ တစ်ခုနှင့် ဖုံးလို့နေသည်။
စိတ်ဝိညာဉ် စွမ်းအင်များက တစ်ခုသော သိပ်သည်းမှုသို့ ရောက်လျှင် မည်သည့် နေရာကိုမျှ လွင့်ပြယ်ခြင်းလည်း မရှိသည့်အတွက် အပြာရောင် မြူလွှာအဖြစ်သို့ သိပ်သည်းသွား၏။ ခုချိန် လိုဏ်ဂူ ကြမ်းပြင်သည် သည်အပြာရောင် မြူလွှာဖြင့် ဖုံးအုပ်ကာ အလွန်လှပနေ၏။
ဝမ်လင်း ခန္ဓာကိုယ်၌လည်း စိတ်ဝိညာဉ် စွမ်းအင်မြူများက ပို၍ စုဝေးလာကြ၏။ အကွာအဝေး တစ်ခုမှ ကြည့်လျှင်သူက အပြာရောင်လူသား တစ်ယောက်လို ဖြစ်နေ၏။ သို့သော် သူ့နဖူးပေါ်ရှိ လက်ဖက်ရွက် အမှတ်အသား ကတော့ နက်ရှိုင်းစွာ ရှိနေပြီး အတော်လေး ထိတ်လန့်ဖွယ် ကောင်းလှ၏။
စိတ်ဝိညာဉ် စွမ်းအင်များက ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စုဝေးလာ၏။ သို့ရာတွင် တစ်ချိန်တည်းမှာ လက်ဖက်ရွက်နယ်ပယ် အမှတ်အသားနှင့် ချိပ်တံဆိပ်တို့ ကလည်း စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူနေကြ၏။ ၎င်းတို့က ပို၍ ခိုင်မာ လာကြ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဝမ်လင်းကလည်း သည်နေရာတွင် တံခါးပိတ် ကျင့်ကြံနေသည်က နှစ်လ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သည်နှစ်လ အတွင်း သူ့ခန္ဓာကိုယ်က တစ်လက်မမျှ မရွေ့ချေ။ သူက တစ်ချိန်လုံး ကျင့်ကြံခြင်း အဆင့်မြင့်လာရန် အတွက်သာ အသုံးချနေ ကျင့်ကြံနေ၏။
သို့ရာတွင် သူ့ကျင့်ကြံမှု အဆင့်က ပိုမြင့်လာလေလေ စိတ်ဝိညာဉ် စွမ်းအင်များကလည်း ပို၍ လိုလာလေလေ ဖြစ်နေ၏။ သည့်အတွက် သူ့ကျင့်ကြံမှုနှုန်းက လျော့ကျ လာခဲ့၏။ သည်နှစ်လ အတွင်း သူက အခြေခံ တည်ဆောက်ခြင်း နောက်ဆုံး အဆင့်သို့ ရောက်ရှိခဲ့၏။ သူက အခြေခံ တည်ဆောက်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရန် အကွာအဝေး တချို့သာ လိုတော့၏။
ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုကလည်း အမှုန်အဖြစ်သို့ ပြောင်းသွား၏။ သည်အခြင်းအရာက ဝမ်လင်း နှလုံးသားကို နာကျင်မှု ဖြစ်ပေါ်စေ၏။ သူက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး အသုံးပြု၍ ကျင့်ကြံခြင်းကို ရှောင်ကြဉ်ရန် ဆုံးဖြတ်လိုက်၏။
သည်နေ့တွင် ဝမ်လင်းမျက်လုံး အကြည့်က လိုဏ်ဂူ အခန်းထဲရှိ အစီအရင်ပေါ်သို့ ကျရောက်သွားသည်။ သူက မြေပြင်ကို လက်ဝါးနှင့် ရိုက်ချလိုက်ရာ အစီအရင်က အက်ကွဲ သွားလေ၏။ သည့်နောက် သည်အစီအရင် အောက်တွင် နောက်ထပ် အခြား အစီအရင်တစ်ခု ထွက်ပေါ် လာခဲ့သည်။
“ဒီနေရာမှာ ရှိတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက မလုံလောက်သေးဘူ။ ငါက တုပထားတဲ့ စိတ်ဝိညာဉ် သွေးကြော မျက်လုံးကနေ စွမ်းအင်တွေကို တိုက်ရိုက်စုပ်ယူရင်း ဒါကငါ့အတွက် အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ဖို့ လုံလောက်တဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို ရသင့်နေပြီ …”
ဝမ်လင်း မျက်လုံးများက အစီအရင်ကို စူးစိုက်ကြည့်၍ တလက်လက် ဖြစ်နေသည်။ သူက ၎င်းအစီအရင်ကို စတင် လေ့လာနေ၏။
အစီအရင် ဆိုသည်က အတားအဆီး တစ်မျိုးသာ ဖြစ်၏။ ဝမ်လင်းက အတားအဆီးများနှင့် ပတ်သက်၍ ကျွမ်းကျင် ရင်းနှီးမှုရှိပြီးသား ဖြစ်သည်။ အနည်းငယ် လေ့လာပြီးနောက် သူက တချို့တစ်ဝက် နားလည်လာ၏။
သူက လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ် စွမ်းအင်များက ရွေ့လျားသွား၏။ သူက ချိပ်တံဆိပ် ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ဖန်တီးပြီးနောက် နဖူးထက်၌ ချွေးစို့လာခဲ့သည်။
သည်ပုံရိပ်ယောင် အတားအဆီးသည် ဝမ်လင်း၏ ကိုယ်ပိုင် ဖန်တီးမှုတစ်ခု ဖြစ်၏။ ၎င်းက သာမန် အတားအဆီးများနှင့် လုံးဝ ခြားနားသည်။ သူ့လက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် သာမန် အတားအဆီးများကို ဖန်တီးရန်က လွယ်ကူလှသည်။ သို့သော် သည်ပုံရိပ်ယောင် အတားအဆီး များကတော့ သူ့အတွက် ခက်ခက်ခဲခဲ ပြုလုပ်ရခြင်း ဖြစ်သည်။
အတိတ်တုန်းက သူက အမြုတေ ဖွဲ့တည်ခြင်း အဆင့်နှင့် ရှေးဟောင်း နတ်ဘုရား နယ်မြေတွင် သည်လို အတားအဆီး များစွာကို ဖန်တီးနိုင်ခဲ့သည်။ သို့သော် ခုချိန်၌ သူက အခြေခံ တည်ဆောက် နောက်ဆုံး အဆင့်တွင်သာ ရှိနေပေသည်။
သူ့ခုလက်ရှိ ကျင့်ကြံမှု အဆင့်ဖြင့် သူက တစ်ခုမျှသာ ပြုလုပ်နိုင်စွမ်း ရှိနေ၏။
ဝမ်လင်းက လက်လှုပ်ရှားမှုက ပိုပိုမြန်ဆန် လာခဲ့ပြီး ချိပ်တံဆိပ် ပုံရိပ်ယောင်များက တစ်ခုတည်း အဖြစ်သို့ ပြောင်းသွားသည်။ ဝမ်လင်းက အစီအရင်က လက်ညွှန်၍ ပြောလိုက်၏။ သည့်နောက် ပုံရိပ်ယောင် အတားအဆီး တစ်ခုက အစီအရင်ပေါ်သို့ နေရာကျသွားသည်။
အစီအရင်က ချက်ချင်း တုန်ခါသွားပြီး ၎င်းထံကနေ ပြင်းထန်သော အားတစ်ခု ထွက်ပေါ် ပျံ့နှံ့လာသည်။
ဝမ်လင်းက ထိုအားကို ရှောင်၍ အစီအရင်ကို စူးစိုက်ကြည့် နေသည်။
အားပျောက်ကွယ် သွားသည်နှင့် အစီအရင် အသက်ဝင် နေသည်က ရပ်တန့်သွားသည်။ ၎င်းထံကနေ စိတ်ဝိညာဉ် စွမ်းအင်များ ထပ်မံ၍ ထွက်မလာတော့ချေ။ ဝမ်လင်းက ရှေ့သို့ လျှောက်၍ အစီအရင်ကို လက်ညွှန်သည်။ သည့်နောက် အစီအရင်က အက်ကွဲသွားပြီး လက်သီးဆုပ်ခန့် စိတ်ဝိညာဉ် ကျောက်တုံးတစ်ခု ထွက်ပေါ်လာလေ၏။
သည်စိတ်ဝိညာဉ် ကျောက်တုံး၏ အရောင်က အနီရောင် ရှိလို့နေသည်။ ဝမ်လင်းက ၎င်းကို ချက်ချင်း မည်သည့် အရာမှန်း သိလိုက်၏။ သည်ကျောက်တုံးက ခွန်သလင်းတုံးဟု လူသိများသည် ကျောက်တုံးဖြစ်သည်။ ၎င်းက စိတ်ဝိညာဉ် စွမ်းအင်များကိုသာ စုပ်ယူနိုင်ပြီး သိုလှောင် ထားနိုင်ခြင်းတော့ မရှိချေ။
စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်လင်းက ညာလက်ဖြင့် သည်အနီရောင် ကျောက်တုံးပေါ်သို့ ဖိချပြီး စတင် ကျင့်ကြံသည်။ သည်အခါ သည်ခွန်သလင်း ကျောက်ထဲကနေ စိတ်ဝိညာဉ် စွမ်းအင်များက မယုံနိုင်ဖွယ် အမြန်နှုန်းနှင့် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင် လာကြသည်။
သည်စွမ်းအင်များစွာ တိုးဝင်လာသည့် အခါ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များက ပွင့်ဟ၍ ၎င်းအပေါ်များ ထဲကနေ အနက်ရောင် အခိုးအငွေ့များ ထွက်နေသည်လို့ ခံစားမိနေ၏။
သူ့မျက်နှာပေါ်ရှိ လက်ဖက်ရွက် အမှတ်အသားကလည်း မှိန်သွားသည်။ ၎င်းက ပျက်စီးသွားခြင်း မရှိသေးသော်လည်း အားနည်း သွားခဲ့သည်မှာ ရှင်းလင်း၏။
ဝမ်လင်းက အလွန် ပျော်ရွှင်နေ၏။ သူက စိတ်ဝိညာဉ် သွေးကြော မျက်လုံးကနေ တိုက်ရိုက် စုပ်ယူခြင်းက ခုလောက် အကျိုးများလိမ့်မည်လို့ မထင်မှတ် ထားချေ။ သို့သော် သူက ၎င်းသည် ပထမဆုံး အကြိမ်တွင်သာ အခုလောက် အကျိုးသက်ရောက်မှု ရှိသည်ကို သိ၏။ သည် စိတ်ဝိညာဉ် စွမ်းအင်များ မြှင့်တက်လာမှုက ပြန်၍ တည်ငြိမ်သွားလျှင် သူက ပိုစွမ်းအား ကောင်းသော စိတ်ဝိညာဉ်သွေးကြော မျက်လုံး တစ်ခုကို ထပ်မံ ရှာဖွေရပေမည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ သူက သူ့စိတ်ထဲရှိ အနှောင့်အယှက် ဖြစ်နေမှုများကို ဖယ်ရှားလိုက်၏။ သည့်နောက် ခွန်သလင်း ကျောက်ထဲကနေ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ် စွမ်းအင်များက တည်ငြိမ် သွားတော့၏။ ဝမ်လင်းကလည်း ကျင့်ကြံခြင်းတွင် နစ်မြုပ် နေရာမှာ တစ်ဖန် ပြန်နိုးထ လာခဲ့၏။
***