ဟင်္သာပြဒါး နိုင်ငံဂြိုဟ်၏ အရှေ့ဘက်ခြမ်းတွင် အစိမ်းရောင် အလင်းတန်း တစ်ခုက ပျံသန်းလျက် ရှိသည်။ သို့ရာတွင် သည်လူက ခန္ဓာကိုယ်နှင့် ပျံသန်းနေခြင်း မဟုတ်ဘဲ သူ့မူလ စိတ်ဝိညာဉ်ဖြင့် ပျံသန်းနေခြင်း ဖြစ်၏။
သူက ရှုပ်ပွလို့ နေသည်။ သူ့မူလ စိတ်ဝိညာဉ်ပေါ်၌ လက်သီးဆုပ်ခန့် အပွန်းအပဲ့ သုံးခုရှိနေ၏။ တစ်ခုစီကလည်း ငွေရောင်အလင်းတန်း ထုတ်လွှတ်နေကြသည်။
သည်လူကတော့ ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေးဖြစ်သည်။ သူက စွန်ထိုင်၏ နတ်ဆိုး ကလေးကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ပြီး လွတ်မြောက်အောင် ထွက်ပြေးခဲ့ရသည်။ သူက ခုချိန်တွင် ဝမ်လင်းနှင့် ပတ်သက်၍ ပူပန်မိခြင်း လုံးဝ မရှိတော့ချေ။
သို့သော် နတ်ဆိုးကလေးက အလွန် ထူးဆန်း၏။ သူက စကားတစ်ခွန်းမှ မဆိုဘဲ သူ့နောက်သို့ လိုက်ပါနေသည်။ သည်ပြီးခဲ့သော လအနည်းငယ် အတွင်း သူက ဂြိုဟ်တစ်ခုလုံး နီးပါး ပတ်ပြေးပြီးခဲ့လေပြီ ဖြစ်၏။
သည်ထွက်ပြေးနေစဉ် အတွင်းမှာပင် ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေးက နတ်ဆိုးကလေး၏ လက်သီးချက် အနည်းငယ်ကို ထိမှန်ခံခဲ့ ရသေးသည်။ သက်လက်သီး လေးများကြောင့် သူ့မူလ စိတ်ဝိညာဉ်က ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့လေ၏။ သူကသာ အချိန်အကြာကြီး ကျင့်ကြံခဲ့သည့် ကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်၊ ဘီလူးနတ်ဆိုး ကလန်၏ လျှို့ဝှက်နည်းစနစ် အချို့သာ မရှိလျှင် သူက ထွက်ပြေးနိုင်ခဲ့ လိမ့်မည် မဟုတ်ချေ။
နောက်ဆုံး၌ သူက သည်နတ်ဆိုး ကလေးကို ဂြိုဟ်၏ မြောက်ဘက် အစွန်းဆုံးသို့ မျှားခေါ်ခဲ့ပြီး သူ့သွေးမျိုးစက် စွမ်းအားကို ထပ်မံ အသုံးပြုခဲ့သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရခဲ့ရ၏။ သည်မြောက်ဘက် အစွန်းပိုင်းတွင် ဟင်္သာပြဒါး နိုင်ငံက ရှေးဟောင်း အတားအဆီး တစ်ခုကို ပြုလုပ်ထားခဲ့၏။ သူက သည်နေရာတွင် နတ်ဆိုးကလေးကို ပိတ်လှောင်ခဲ့ပြီးမှ ထွက်ပြေးလွတ်မြောက် လာနိုင်ခဲ့လေ၏။
သည်က ခုချိန်၌ အလွန် အားနည်း နေခဲ့သည်။ သူက လူအများ၏ အာရုံစိုက်မှုကို မလိုချင်သဖြင့် ဘီလူးနတ်ဆိုး ကလန်သို့ အမြန်ပြန်လာ နေ၏။ သူက ကလန်သို့ ပြန်ရောက်သည်နှင့် ကလန်အဖွဲ့ဝင် တစ်ယောက်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး ချက်ချင်း တံခါးပိတ် ကျင့်ကြံတော့၏။
ဝမ်လင်းကိုတော့ သူက ခုချိန်၌ ရှာဖွေရဲခြင်း မရှိသေးချေ။ ဟင်္သာပြဒါးနိုင်ငံ သည်ကိစ္စကို စတင်စုံစမ်း နေခဲ့သည်ကို သူသိနေခဲ့၏။ ထို့ကြောင့်သူက အံကြိတ်၍ လက်လျှော့နေရုံသာ တတ်နိုင်တော့၏။
သူက ဝမ်လင်းကို မဖမ်းမိသော်လည်း သူ့ထံကနေ ထူးဆန်းသော ဓားတစ်လက်ကို ရရှိခဲ့၏။ ဘိုးဘေးက ကျင့်ကြံနေရာ ကနေ မျက်လုံးဖွင့်လာ၏။ သူ့မူလ စိတ်ဝိညာဉ်က သူသိမ်းပိုက်ထားသော ခန္ဓာကိုယ်၌ ပတ်၍ ရွေ့လျားနေ၏။ သူ့မျက်လုံးများ ကလည်း နက်မှောင် နေခဲ့သည်။
သည်သိမ်းပိုက် ထားသော ခန္ဓာကိုယ်က ချက်ချင်းပင် သူ့ကိုယ်ပိုင် ဖြစ်သွားခဲ့၏။
ဘိုးဘေး၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက သိုလှောင်အိတ် ထဲကနေ ကောင်းကောင်ဘုံ ဓားကို ထုတ်လိုက်ပြီး သူ့ရှေ့၌ ရစ်ဝဲစေလိုက်သည်။
ဘိုးဘေးက ကောင်းကင်ဘုံ ဓားကို လက်ညွှန်၏။ သည့်နောက် ဓားထဲကနေ ကြောက်မက်ဖွယ် အသံများ ထွက်ပေါ်လာ၏။ သည်အသံထဲ၌ ခွင့်လွှတ်မှု တောင်းခံလိုခြင်းများ ပါဝင်နေသေးသည်။
ဘိုးဘေးက အော်ပြောလိုက်သည်။ “ဓားစိတ်ဝိညာဉ် … ထွက်လာစမ်း …”
အနက်ရောင် အခိုးအငွေ့များက ဓားထဲကနေ ထွက်ပေါ်လာပြီး ရှုလီကော၏ အသွင်ဖြစ်ပေါ်လာ၏။ သူက ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် သက်ညှာပေးရန် တောင်းပန်ဟန် ပြုသည်။ “အရှင် … ခွင့်လွှတ်ပေးပါ။ ငါ့ကိုမသတ်ပါနဲ့။ ငါက ဝမ်ဆိုတဲ့လူရဲ့ အတင်းဖိအားပေး ခံရတာပါ။ သူ့အပေါ် ငါ့အမုန်းတရားက အရှင့်ထက် မလျော့ပါဘူး။ ငါက သူ့ကို အရိုးထဲကကို မုန်းနေတာပါ …”
ဘီလူးနတ်ဆိုး ကလန်က ရှုလီကော၏ စကားကို ကြားသည့်အခါ မှင်တက်သွား၏။ သူက ချက်ချင်းပြုံး၍ ပြောလိုက်သည်။ “မင်းက တကယ့်ကို ထူးဆန်းတဲ့ ဓားစိတ်ဝိညာဉ်ပဲ။ ဓားစိတ်ဝိညာဉ် အများစုက ပြတ်သားပြီး သစ္စာရှိကြတယ် …”
ရှုလီကောက ချက်ချင်းပင် ကျေနပ်စွာ ပြုံးကာ ပြောသည်။ “မင်း ဘိုးဘေး ရှု …”
ဘိုးဘေးက ရှုလီကောကို စိုက်ကြည့်လိုက်၏။
ရှုလီကောက သူ့အသွင်ကို ချက်ချင်းပြင်ကာ ပြောလိုက်သည်။ “ဒီအစေခံ ဓားစိတ် ဝိညာဉ်တွေက ငါနဲ့ ဘယ်နှိုင်းလို့ ရပါ့မလဲ။ ဉာဏ်ရှိတဲ့လူ ဆိုတာ ဘယ်သူ့နောက် လိုက်ရမယ်ဆိုတာ သိတယ် …”
ဘီလူးနတ်ဆိုး ကလန်က ရှုလီကောထံသို့ ကြည့်လိုက်သည်။ သည့်နောက် အစိမ်းရောင် အလင်းတန်း တစ်ခုက ရှုလီကောထံသို့ တိုးဝင်သွား၏။ ရှုလီကောက ဝမ်လင်းအကြောင်း မကောင်းပြော နေစဉ်မှာပင် ချက်ချင်း ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။
ဘိုးဘေးက နှာခေါင်းရှုံ့၍ မန္တန်ကို ဖယ်ရှားပေး လိုက်၏။ ထို့နောက်သူက ထပ်ပြောသည်။ “ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ဓားစိတ်ဝိညာဉ်ပဲ။ မင်း ဆန္ဒနဲ့မင်း အညံ့ခံမယ် ဆိုရင် ငါက မင်းအပေါ်မှာ အတားအဆီး မလုပ်ဘူး။ တကယ်တော့ မင်းက ငါ့လက်ထဲကနေ ဘယ်လိုပဲဖြစ်ဖြစ် လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ပါဘူး …”
အမှန်တော့ အစိမ်းရောင် အလင်းတန်းက ချိပ်ပိတ်မှုတစ်ခု ဖြစ်သည်။ ၎င်းက ရှုလီကောကို နာကျင်စွာသည် သာမက ချိပ်ပိတ်လည်း ထားသည်။
အဘိုးအိုက အလွန် အံ့အားသင့် နေမိ၏။ သူက သူ့ခန္ဓာကိုယ် အသစ်ကို ချိန်သားကျအောင် နောက်ထပ်အနည်းငယ် စမ်းစစ်ရန် ဆုံးဖြတ်လိုက်သည်။
ရှုလီကောက ချက်ချင်းပင် ကျေးဇူးတင်သည့် အသွင် ဖော်ပြသည်။ သူက သူ့ ရင်ဘတ်ကို ပုတ်၍ ပြော၏။ “အရှင် စိတ်မပူပါနဲ့။ ငါက အမြဲတမ်း သစ္စာရှိပါတယ်။ ဒီ ဝမ်လင်းက ငါ့ကို ကောင်းကောင်း မဆက်ဆံလို့ ငါက သူ့ကို ပုန်ကန်တာ။ ဒါပေမဲ့ အရှင်က ငါ့ကို ကောင်းကောင်း ဆက်ဆံတော့ မနာခံဘဲ မနေဝံ့ပါဘူး။ ဒါက ငါ့ ကျိန်ဆိုမှုပဲ။ ဒါကို ချိုးဖျက်မိရင် တစ်သောင်းသော နတ်ဆိုးတွေက ငါ့နှလုံးသားကို ထိုးစွပါစေ …”
သည်စကားများကို နားထောင်ပြီး အဘိုးအိုက ပေါ့ပါးသွား၏။ ရှုလီကောက ခုမှ စိတ်သက်သာရာ ရ၍ သက်ပြင်း ချနိုင်တော့သည်။ သူက စိတ်ထဲ၌ တွေးနေ၏။ “မင်း ဘိုးဘိုး ရှုလီကောက သိပ်တော်ပြီးသား။ ငါက ဒီမိစ္ဆာလေး (ဝမ်လင်း) ကငါ့ကို ဘယ်တော့ လာကယ်နိုင်မလဲ မသိသေးဘူး။ ဒါ့ကြောင့် ငါက ခုသည်းခံ ထားရမယ်။ ငါက ပထမဆုံး အရှုံးပေးပြီးနောက် အနာဂတ် ကျရင်တော့ ဒီအဘိုးကြီးကို ပြန်လက်စား ချေရမယ်။ ငါ ရှိုလီကောက အရမ်း သစ္စာရှိတယ်။ ဒီမိစ္ဆာလေးက ငါ့အပေါ်မှာ ကောင်းမွန်ခဲ့တယ်။ ဒါ့ကြောင့် ငါက သူ့ကို ဘယ်လိုလုပ် သစ္စာဖောက် နိုင်ပါ့မလဲ …”
ဘီလူးနတ်ဆိုး ကလန်က ဘိုးဘေး၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက နဂိုတုန်းက သည်ဓား၏ စိတ်ဝိညာဉ်ကို ဖယ်ရှား သုတ်သင်ပစ်ပြီး သူ့ကိုယ်ပိုင် စိတ်ဝိညာဉ် တစ်ခုကို ထည့်သွင်းရန် ကြံစည်ထားခဲ့သည်။ သို့သော် ၎င်းဓားက အရင်ဓား စိတ်ဝိညာဉ် မဟုတ်သည့်အတွက် သူက ဓားစွမ်းအားကို အပြည့်အဝ သုံးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
သည့်အပြင် သည်ဓား စိတ်ဝိညာဉ်က မရိုးရှင်းလှချေ။ ၎င်းက အသနားခံဖို့ အတွက် လုံလောက်သည့် အသိဉာဏ် ရှိနေ၏။ သည့်အတွက်ကြောင့် သူက သည်ဓားကို ပို၍ပင် လက်လွှတ်လိုစိတ် မရှိတော့ချေ။
ဓားစိတ် ဝိညာဉ်များက အသိဉာဏ် ရှိသည်မှာ ရှားလွန်းသည်ဟု ပြော၍ရ၏။ တိုက်ပွဲအတွင်းတွင် အသိဉာဏ်ရှိသော ဓားစိတ်ဝိညာဉ်၏ အကျိုးကျေးဇူးမှာ အများကြီး ရှိသည်။
သူက ရှုလီကောသည် ဓား၏မူလ ဓားစိတ်ဝိညာဉ် မဟုတ်မှန်း မသိချေ။ ရှုလီကောက အသိဉာဏ် ရှိနေရခြင်းမှာ သူက မကောင်းဆိုးဝါး ဖြစ်နေသောကြောင့်ပင်။
ရှုလီကောက သူကျိန်ဆိုထားသည့် ဟာကို ဖောက်ဖျက်လျှင်ပင် သူ့အတွက် အန္တရာယ် မဖြစ်ချေ။
ဘီလူးနတ်ဆိုး ကလန်က အနည်းငယ် စဉ်းစားပြီးနောက် ရှုလီကောကို ဓားထဲသို့ ပြန်သွင်းလိုက်ပြီး သူက ဓားကို သေချာ လေ့လာနေသည်။ သူက ပို၍ ဓားကို ပို၍ ကြည့်မိလေလေ သာ၍ တုန်လှုပ်မိလေ ဖြစ်နေ၏။
“ဒီဓားက တကယ့်ကို သာမန် မဟုတ်ဘူးပဲ။ ဒီဓားက ဘာသတ္တုနဲ့ ပြုလုပ်ထား တာလဲတောင် ငါမသိဘူး …”
သူ့မျက်လုံးများက တောက်ပနေ၏။ သူက ဓားကို သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။
သည်အချိန်၌ ဝမ်လင်းကတော့ တုန်ကင်ကို ယူ၍ (၁၀၉၀)ခုမြောက် လိုဏ်ဂူကို တွေ့သည့်အထိ ပျံသန်းလာခဲ့၏။ သည့်နောက် သူက လိုဏ်ဂူထဲသို့ ဝင်လိုက်သည်။
သည်လိုဏ်ဂူက အလွန် ကြီးမားခြင်း မရှိချေ။ ယင်းလိုဏ်ဂူက အတိတ်တုန်းက ဟုန်ယွီကလန်မှာ သူအသုံးပြုခဲ့သည့် လိုဏ်ဂူနှင့်ပင် ဆင်တူနေသေး၏။ လိုဏ်ဂူထဲ၌ ကျောက်ခုတင် တစ်ခုသာ ရှိနေ၏။ စားပွဲများပင် ရှိမနေခဲ့ချေ။
သို့သော် သည်နေရာရှိ စိတ်ဝိညာဉ် စွမ်းအင်များက အလွန် သိပ်သည်း၏။ အပြင်ဘက်ထက် အဆများစွာ ပို၍ သိပ်သည်းပေသည်။ သည်နေရာက မီးတိမ်ကျေးရွာရှိ ရေတွင်းထက်ပင် အဆများစွာ ပို၍ကောင်း နေသေးသည်။
တကယ်တော့ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများထက် စိတ်ဝိညာဉ် သွေးကြောများထံမှ စွမ်းအင်များသည် ပို၍ ကောင်းမွန်လေ၏။
ဝမ်လင်းက ကျောက်ခုတင်ပေါ်တွင် ကြာပွင့်သဏ္ဌာန် ထိုင်၍ စတင် လေ့ကျင့်သည်။
သုံးရက် ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့် လာခဲ့သည်။ သည့်နောက်သူက ခေါင်းယမ်းလိုက်၏။ သူက နှေးကွေး နေသည်ဟု ခံစားနေရသည်။ သူက သိုလှောင်အိတ်ထဲက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ ထို့နောက် ဂူနံရံပေါ်တွင် အတားအဆီး အချို့ပြု၍ မျက်လုံးမှိတ်ကာ တစ်ဖန် လေ့ကျင့်ပြန်သည်။
သည့်အတွက်ကြောင့် သူ့လိုဏ်ဂူထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ပို၍ သိပ်သည်းလာခဲ့၏။ စိတ်ဝိညာဉ် စွမ်းအင်များက ဂူနံရံပေါ်သို့ ရောက်ရှိ သွားသောအခါ အတားအဆီးကြောင့် ၎င်းစွမ်းအင်များက ပြန်ကန်လာပြီး ပျောက်ကွယ်သွားခြင်း မရှိတော့ချေ။
ထို့ကြောင့် ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင်များ၏ ထွက်ပေါက် တစ်ခုလို ဖြစ်သွားသည်။
သူအသက်ရှူ လိုက်တိုင်း စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေ၏။
ဝမ်လင်းမျက်နှာက အနည်းငယ် နီရဲလာပြီး သူက တိတ်ဆိတ်စွာ ကျင့်ကြံနေတော့၏။
သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ သို့သော် ၎င်းစွမ်းအင်များက သူ့ခန္ဓာကိုယ်ပေါ်ရှိ နယ်ပယ်နှင့် ချိပ်ပိတ်ထားမှုကို ချိုးဖျက်ရန် အလှမ်းဝေး နေသေး၏။ သည်နယ်ပယ် အမှတ်အသားနှင့် ချိပ်တံဆိပ်တို့က စိတ်ဝိညာဉ် စွမ်းအင်များကို ဝါးမျိုလျက် ရှိသည်။ ထို့ကြောင့် ဝမ်လင်းကျင့်ကြံမှု အဆင့်က တိုးလာသလို ၎င်းတို့ကလည်း ချိုးဖျက်ရန် ပိုခက်လာခဲ့၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလို့ သွားသည်။ ဝမ်လင်းက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ အပြင်တပည့် ဖြစ်လာသည်မှာ တစ်လပင် ရှိသွားခဲ့ချေပြီ။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့် လာ၏။ သူ့မျက်လုံးများက အစကထက် ပိုတောက်ပနေသည်။ သည်တစ်လ အတွင်း သူက စိတ်ဝိညာဉ် စွမ်းအင်များကို ရူးသွပ်ဖွယ် စုပ်ယူခဲ့ပေသည်။ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုတွင်လည်း နှစ်တုံးက အမှုန်အဖြစ်သို့ ပြောင်းသွားခဲ့လေ၏။ နောက်ဆုံး တစ်ခုကလည်း ကြာကြာ အသုံးပြုလို့ မရတော့သည့်ပုံပင်။
သူက အရင်းအမြစ် များစွာကို ဖြုန်းတီးပြီးနောက် သည်တစ်လ အတွင်း သူလည်း အကျိုးများစွာ ရရှိခဲ့၏။ သူက ခုချိန်၌ အခြေခံ တည်ဆောက်ခြင်း အစောပိုင်း အဆင့်ကနေ အလယ်အလတ် အထွတ်အထိပ် အဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ နောက်ဆုံး အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
“ဒါက အရမ်း နှေးနေတုန်းပဲ။ ငါက ဒီအဆင့်လေးကို ရောက်ဖို့အတွက် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးတွေကို ဖြုန်းတီးပစ်ခဲ့ ရတယ်။ ငါ့မှာ ဆယ့်ငါးခုပဲ ကျန်တော့တယ်။ ဒါက လုံလောက်အောင် မနီးစပ်သေးဘူး …” ဝမ်လင်းက သက်ပြင်းချ၍ သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်၏။
အက်ကွဲသံများက လိုဏ်ဂူ အခန်းထဲ၌ ပြည့်လို့သွားပြီး ကျောက်ခုတင် ပေါ်၌လည်း အက်ကွဲကြောင်း များစွာ ဖြစ်ပေါ်လာ၏။
အက်ကြောင်းများက အနီးအနားရှိ ဂူနံရံများ ပေါ်တွင်ပင် ဖြစ်ပေါ် သွားကြသည်။ ဝမ်လင်းက သည်အရာကို ကြည့်၍ စဉ်းစားနေ၏။ သူကချက်ချင်း နားလည်လိုက်သည်။ သည်လိုဖြစ်ရသည့် အကြောင်းကတော့ သည်လိုဏ်ဂူ အတွက် စိတ်ဝိညာဉ် စွမ်းအင်များက သိပ်သည်းလွန်း နေသောကြောင့် ဖြစ်သည်။
သည်လိုသာ ဆက်ဖြစ်နေလျှင် အက်ကွဲကြောင်းများက ပိုကြီးလာ ပေတော့မည်။
“ငါက ဒီလိုဏ်ဂူကို ထပ်ပြီး သုံးလို့မရတော့ဘူး။ ငါ လိုဏ်ဂူပြောင်းမှပဲ …” ဝမ်လင်းက သူ့လက်ကို နံရံပေါ်သို့ ဖိနှိပ်လိုက်ရာ အက်ကွဲကြောင်းများက ချက်ချင်း ပြန်ပိတ်သွား၏။
ကျောက်ခုတင်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
သို့ရာတွင် ဝမ်လင်းက သည်အရာသည် အပေါ်ယံ ပြန်ပိတ်သွားခြင်း ဖြစ်ကြောင်းသိ၏။ စိတ်ဝိညာဉ် စွမ်းအင်များ တိုးလာသည်နှင့် သည်အက်ကြောင်းများက တစ်ဖန်ပြန်ဖြစ်ပေါ် လာနိုင်သည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မတ်တတ် ထရပ်၍ လိုဏ်ဂူတံခါးကို ဖွင့်ကာ လှမ်းလျှောက်၍ ထွက်သွား၏။
အခုလက်ရှိ အပြင်ဘက်တွင် မှောင်ရီသန်းနေပြီး နေဝင်တော့မည် ဖြစ်၏။ သည်နေ့က နှစ်တစ်နှစ်၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။ ဝမ်လင်းက နေဝင်ချိန်ကို ကြည့်လို့နေ၏။ ဆောင်းရာသီ၏ နေအလင်းရောင်က အရမ်း နွေးထွေးမနေပေ။
သူက အနည်းငယ် စဉ်းစားပြီး သည်နေ့သည် နှစ်တစ်နှစ်၏ နောက်ဆုံးနေ့မှန်း မှတ်မိလိုက်၏။ သည်နေ့ပြီးလျှင် နှစ်သစ်ကူးပြီ ဖြစ်၏။ သူက ကျိုးယုလေး ဘာလုပ်နေမည်ကို တွေးနေမိသည်။ သူက အဖြူကောင်လေးကိုများ အနိုင်ကျင့်နေတုန်းလား …
ထိုသို့တွေးမိပြီး ဝမ်လင်းက ဖျော့တော့စွာ ပြုံးမိ၏။ သူက နေဝင်ချိန်ကို မျက်နှာချင်းဆိုင် ကြည့်၍ အသက်ဝဝ ရှူလိုက်၏။
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ “ဘဝက ပြာပုံထဲက မြင့်တက် ရတာပဲလေ …” သူ့အဆင့်က ကောင်းကင်ထိ ရောက်ခဲ့ပြီး အခုသူက ရုတ်တရက် ပြန်ရိုက်ချ ခံရပြီး သေမျိုး တစ်ယောက် ဖြစ်လာခဲ့ ရသည်။ သို့သော် သူက သည်အရာများကို ပြတ်သား ခိုင်မာစွာ ရင်ဆိုင် ဖြတ်ကျော်နိုင်စွမ်း ရှိပေသည်။
သည်လို စကားများကို ပြောမိပြီး သည်လိုကြေကွဲ ဝမ်းနည်းနေမှုက သည်နေ့မှ မဟုတ်ပေ။ သူက သူ့ကျင့်ကြံမှု အဆင့် ဆုံးရှုံးသွား ကတည်းက သည်အဖြစ် အပျက်များကို တွေးမိနေခြင်းပင်။ သူ့စိတ်ထဲ၌လည်း ရှုပ်ထွေးလို့ နေ၏။
ယနေ့ … နှစ်တစ်နှစ်၏ နောက်ဆုံးနေ့က ဝမ်လင်း၏ ကျရှုံးမှုကို ကိုယ်စား ပြုနေသည်။ သို့သော် မနက်ဖြန်ဆိုလျှင် နှစ်သစ် အစနေ့တွင် မရေမတွက်နိုင်သော ဖြစ်နိုင်ချေ အသစ်များကို ကိုယ်စားပြု နေပြန်မည် ဖြစ်၏။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒါကို ကျော်ဖြတ်နိုင်မှာပါ …”
သည်အခိုက်တွင် လှပသော အမျိုးသမီး တစ်ယောက်၏ ပုံရိပ်လေးသည် နေဝင်ချိန်အောက်၌ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရှိရာသို့ ဖြည်းဖြည်းချင်း ပျံသန်းလာနေ၏။
ဝမ်လင်း မျက်လုံးများက အာရုံစိုက်မိ သွားသည်။ “သူ့ကို … ငါ ရင်းနှီးနေတယ် …”
***