Switch Mode

အပိုင်း(၄၂၁)

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်

သည်လို အဟတစ်ခု ပွင့်လာသည့် အခိုက်တွင် ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ အပြင်ဘက်မှ များစွာသော စိတ်ဝိညာဉ် စွမ်းအင်များ တိုးဝင် လာကြသည်။ တစ်ချိန်တည်းမှာပင် တစ်စစီ ကွဲနေသော သူ့မူလ စိတ်ဝိညာဉ်ကလည်း စတင် သိပ်သည်းလာ၏။ ၎င်းက ပြန်ကောင်းမွန်ခြင်း မရှိသေးသော်လည်း ဆက်၍ ပျောက်ကွယ် နေတော့မည် မဟုတ်ချေ။

ဝမ်လင်းက ချက်ချင်း မျက်လုံးမှိတ်၍ ကျင့်ကြံလိုက်သည်။

သုံးရက် ကြာပြီးနောက် ကောင်းကင်က မှောင်မည်းနေပြီး နှင်းများက တောင်ကို ဖုံးလွှမ်းထား၏။

ဝမ်လင်း ခန္ဓာကိုယ်ပေါ်သို့ ကျနေသော နှင်းပွင့် နှင်းခဲများက သူနှင့်သုံးလက်မ အကွာတွင် အရည်ပျော်ကျ သွား၏။ သူ့ပတ်လည်၌ ရေများဝန်းရံ နေသလို ဖြစ်လာနေ၏။

သူ့မျက်နှာပေါ်ရှိ အမှတ်အသားကလည်း ထင်ရှားစွာ မရှိတော့ချေ။ ၎င်းက ပျောက်ကွယ်တော့မည့်အရိပ်အယောင် ဖြစ်လာခဲ့၏။

ဝမ်လင်း မျက်လုံးထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်လာနေ၏။

“လက်ဖက်ရွက် အမှတ်အသားရဲ့ ဆယ်ရာခိုင်နှုန်းက ပျောက်ကွယ် သွားခဲ့ပြီ။ ချိပ်တံဆိပ်ကလည်း ပြေလျော့သွားခဲ့ပြီ။ ငါ့ကျင့်ကြံမှု အဆင့်ကလည်း အစောပိုင်း အခြေခံ တည်ဆောက်ခြင်း အဆင့်ထိ ပြန်ကောင်းလာခဲ့ပြီ။ ဒီတော့ငါက ငါ့သိုလှောင်အိတ်ထဲက ရတနာများကို သုံးနိုင်တယ် ဆိုရုံလောက် ပြန်အသုံးပြု နိုင်လာပြီပဲ။ ဒီအချက်တွေနဲ့ ခြင်သားရဲရယ်ကြောင့် ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နဲ့ မတွေ့သေးသ၍ ဘေးကင်းစွာ နေနိုင်လိမ့်မယ် …”

“ဒါပေမဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားက ခုလက်ရှိ ငါကိုင်တွယ်နိုင်တဲ့ အကန့်အသတ်ကို ရောက်နေခဲ့ပြီ။ ငါက နောက်ထပ် ထပ်ပြီးနည်းနည်း ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်ကို အသုံးပြုမယ် ဆိုရင် ငါ့ခန္ဓာကိုယ်က နယ်ပယ်နဲ့ ချိပ်တံဆိပ်ကို မဖျက်ဆီးနိုင်ခင် ဒီစွမ်းအင်ကြောင့် အမှုန့် ဖြစ်သွားမှာ ငါစိုးရိမ်မိတယ်။

“ခုငါက အမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို တက်နိုင်သမျှ မြန်မြန် ရောက်အောင် လုပ်ရမယ် … .။ ငါက ဒီအမြုတေ ဖွဲ့တည်ခြင်း အဆင့်ကို ရောက်ရင် ငါနောက်ထပ် ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို အသုံးပြုပြီး ဒီနယ်ပယ် အမှတ်အသားနဲ့ ချိပ်ပိတ်မှုကို လုံးဝ ပယ်ဖျက်နိုင်အောင် ကြိုးစားရမယ် …”

“ဒါပေမဲ့ … ငါ့မှာ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးတွေလည်း ရှိနေသေးပေမဲ့ ငါက ဒါတွေကို ခုလိုမျိုး ဆက်ပြီး သုံးနေလို့တော့ မရဘူး။ ငါက အေးဆေး ကျင့်ကြံလို့ရပြီး စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းတဲ့ နေရာကို ရှာဖို့လိုနေပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ်ငါက ငါ့ကျင့်ကြံမှု အဆင့်ကို နောက်ကိုးနှစ် အတွင်း ပြန်ကောင်းအောင် လုပ်ရမယ် …”

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ခြင်သားရဲ ကျောပေါ်သို့ ခုန်တက် လိုက်လေသည်။

ခြင်သားရဲက ပျော်ရွှင်စွာ ဟိန်းသံပြု၍ ဝမ်လင်းကို သယ်ဆောင် သွားလေ၏။

ဝမ်လင်းက ခေါင်းငုံ့၍ မီးတိမ်ကျေးရွာကို ကြည့်လိုက်သည်။ သူက လူဝကြီးနှင့် မျက်နှာ ဓားအမာရွတ် ရှိသည့်လူကြီးကို သတ်လိုက်ပြီးနောက် သူ့ဒေါသ အများစုသည် လျော့နည်း သွားခဲ့ပြီ ဖြစ်သည်။ သူက ခြင်သားရဲခေါင်းကို ပုတ်လိုက်ရာ ခြင်သားရဲက ဟိန်းသံပြု၍ ရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းလေသည်။

“နည်းနည်း အရှိန်လျော့ဦး …” ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ သူ့ကျင့်ကြံမှုက ခုချိန်တွင် အခြေခံ တည်ဆောက်ခြင်း အစောပိုင်း အဆင့်တွင်သာ ရှိနေသဖြင့် သူက ခြင်သားရဲ၏ အမြန်နှုန်းကို မခံနိုင်ချေ။

ခြင်သားရဲက ချက်ချင်း အရှိန်လျှော့ချ လိုက်ပြီး ခပ်ဖြည်းဖြည်း ပျံသန်းလိုက်၏။

ခြင်သားရဲပေါ်တွင် ထိုင်နေရင်း ဝမ်လင်းက မြေပုံကို ထုတ်၍ တောင်ဘက်ကို ကြည့်သည်။ သည်နေရာက ဖီးလုနိုင်ငံ၏ စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန် ရှိနေသော နေရာဖြစ်သည်။

“ဟင်္သာပြဒါး ကုန်းမြေပေါ်ရှိ ဖီးလုနိုင်ငံ၏ ကလန်ကြီး သုံးခုထဲက တစ်ခုက စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး ရှိကို ရှိရမယ် …”

သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို ရွေးချယ်ရသည်က ၎င်းကလန်က အလွန် ထူးဆန်းသောကြောင့် ဖြစ်၏။ ၎င်းကလန်တွင် အဓိကတပည့် ရာချီသာရှိပြီး အပြင်ပိုင်း တပည့်ကတော့ ထောင်နှင့်ချီပြီး ရှိလေသည်။

အခြား ဖီးလုနိုင်ငံရှိ အခြား ကလန်ကြီး နှစ်ခုနှင့် ယှဉ်လျှင် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်သည် အဓိက တပည့်အရေအတွက် အနည်းဆုံးပင်။ သိုသော် သည်ကလန်၏ တပည့် တစ်ယောက်က အခြား ကလန်၏ တပည့် နှစ်ယောက်နှင့် ယှဉ်လို့ရလေ၏။ အခြားကလန် နှစ်ခုထက် စာလျှင် သည်ကလန်က ရတနာများကော ပေါကြွယ်ဝသလို အဓိက တပည့်များ၏ ကျင့်ကြံခြင်းကလည်း ပိုအားကောင်းလှ၏။

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်က ဘယ်တော့မှ သေမျိုးကလေးတွေကို တပည့်အဖြစ် ရွေးချယ်ခြင်း မပြုချေ။ ကလန်၏ အဓိကတပည့် ဖြစ်လာရန် အရင်ဆုံး အပြင်တပည ့်ဖြစ်ရန်လို၏။

သုံးနှစ်တစ်ကြိမ် အပြင်ဘက် ကလန်တပည့်များ ကြားတွင် အတွင်းတပည့် ဖြစ်လာရန် အတွက် ပြိုင်ပွဲတစ်ခု ကျင်းပလေ့ ရှိသည်။ သည့်အပြင် သည်သုံးနှစ် တစ်ကြိမ် ပြိုင်ပွဲ၌ အတွင်း တပည့်များပါ ပါဝင်ယှဉ်ပြိုင် ရ၏။ သည်ပြိုင်ပွဲ၌ မူလအတွင်း တပည့်က ရှုံးနိမ့်သွားလျှင် ထိုသူသည် အတွင်းတပည့် အဖြစ်မှ ဖယ်ထုတ်ခြင်း ခံရမည်သာ ဖြစ်သည်။ ဆိုလိုသည်က တစ်စုံ တစ်ယောက်သည် အတွင်းတပည့် ဖြစ်လာသည် ဆိုရင်ပင် သူက ပြန်၍ နေရာဖယ်ပေး ရနိုင်၏။

အပြင်တပည့် ဖြစ်လာရန် အတွက်က ရိုးရှင်းပေသည်။ တစ်ယောက်ယောက်က လုံလောက်သည့် စိတ်ဝိညာဉ် ကျောက်တုံး ပေးနိုင်လျှင် သူတို့က အချိန်ခဏတာ အပြင်တပည့် အဆင့်အတန်းကို ရရှိနိုင်မည် ဖြစ်၏။

စိတ်ဝိညာဉ် သန့်စင်ခြင်းကလန် ပတ်လည်တွင် ဝန်းရံနေသော တောင်များရှိ စိတ်ဝိညာဉ် စွမ်းအင်များကလည်း သာမန်ထက် ပိုသိပ်သည်း၏။ အပြင်တပည့်များက ထိုနေရာများတွင် နေထိုင်ရခြင်း ဖြစ်သည်။

သူတို့က အပြင်တပည့် ဖြစ်သော်လည်း လုံလောက်သော စိတ်ဝိညာဉ် ကျောက်တုံးများ ပေးလျှင် ကျင့်ကြံရန် အတွက် လိုဏ်ဂူတစ်ခုကို ငှားရမ်း နိုင်ပေသည်။

စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ နည်းလမ်းများက အလွန် ထူးဆန်း၏။ ဟင်္သာပြဒါးဂြိုဟ်တွင် တွေ့ရခဲသည်။ သူတို့က အခုလိုမျိုး ပြုလုပ်သည်ကို မည်သူမျှ မသိကြချေ။

သည့်အတွက်ကြောင့်လည်း ဝမ်လင်းက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်၏။ မြေပုံတွင် သည်ကလန်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ဖော်ပြထား၏။ ဝမ်လင်းက သူ့ကို မြေပုံ ကျောက်စိမ်းပြား ရောင်းခဲ့သော လူသည် တစ်ချိန်က သည်ကလန်တွင် အချိန်အတန်ကြာ အပြင်တပည့် အဖြစ် နေခဲ့ဖူးသည့်ပုံပင်။

တကယ်တော့ ဖီးလုက အဆင့်ငါး နိုင်ငံဖြစ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံခြင်း မိသားစုများက သည်ကလန်ကြီး သုံးခုပေါ်၌ မှီတည်နေကြ၏။ သည်မိသားစုများက သူတို့၏ တပည့်များကို ကလန်ကြီး သုံးခုသို့ နှစ်စဉ် ပို့လွှတ်လေ့ ရှိကြသည်။

သည်လို မိသားစုများမှ တပည့်များသည်လည်း အထူး အခွင့်ရေးများ မရှိကြပေ။ သူတို့တွင် ကောင်းကင် ဆန့်ကျင်နိုင်သည့် ပါရမီမရှိရင် အောက်ခြေကသာ စကြရ၏။

ဝမ်လင်းက ခြင်သားရဲကို စီးနင်း၍ ခုနစ်ရက် ကြာပြီးနောက် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်နားသို့ ရောက်လာခဲ့သည်။ ကလန်နှင့် ကီလိုမီတာ ငါးရာအကွာတွင် သူက ခြင်းသားရဲ ပေါ်ကနေ ဆင်းသက်လိုက်ပြီး ၎င်းကို ပြန်သိမ်းဆည်း လိုက်ပြီး သာမန် ဓားတစ်လက်ကို ထုတ်ယူလိုက်၏။ သူက ၎င်းဓားပျံပေါ်သို့ ခုန်တက်၍ ကလန် ဆီသို့ ပျံသန်း သွားတော့၏။

သိပ်မကြာခင်တွင် စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်၏ မြင်ကွင်းက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သို့သော် ကလန်နှင့် ကီလိုမီတာ အနည်းငယ် အကွာတွင် နူးညံ့့သော အလင်းတစ်ခုက သူ့ကို ပိတ်ဆို့ထားသည်။

ဝမ်လင်းက သည်အရာက ကလန်၏ အကာအကွယ် အစီအရင်မှန်း သိလိုက်၏။ ထို့ကြောင့်သူက ချက်ချင်း ဓားကိုသိမ်း၍ အောက်သို့ ဆင်းသက်၏။

ထိုအခိုက်၌ ဝမ်လင်းနောက်မှ ခရမ်းရောင်နှင့် အနီရောင် အလင်းတန်းသည် ဝမ်လင်းနောက်မှ ဖြတ်ကျော်သွားပြီး အသံပေါက်ကွဲမှု အချို့ကို ဖြစ်ပေါ်စေခဲ့၏။ သစ်ပင်များပင် သည်အလင်းကြောင့် ဖြစ်ပေါ်လာသည့် လေတိုက်ခတ်မှုကြောင့် တရှဲရှဲ မည်သွား၏။

အနီရောင်အလင်း နီးကပ်လာသည့် အခါ သူ့မြင်ကွင်းထဲ၌ အနီရောင် ဆံပင်နှင့် အဘိုးအို တစ်ယောက်ကို တွေ့လိုက်ရသည်။ သည်လူ၏မျက်နှာက အလွန် ထူးဆန်းနေ၏။ သူ့ပါးစပ်နှင့် နှာခေါင်းများက ကြီးမားလှပြီး မျက်လုံးကျတော့ ကျဉ်းမြောင်း သေးငယ်နေသည်။

ဝမ်လင်းက သည်လူ့ကို တွေ့လိုက်သည့်အခါ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက ချက်ချင်းဘေးသို့ လေးစားစွာ နေရာ ဖယ်ပေးလိုက်၏။

အဘိုးအိုက ကလန်ထဲသို့ ဝင်ဟန်ပြင်စဉ် ဝမ်လင်းကို တွေ့မြင်သွား၏။ သူက ဝမ်လင်းကို တွေ့သည့်အခါ အံ့အားသင့် သွားသည်။ သူက ဝမ်လင်း၏ မျက်နှာပေါ်ရှိ အမှတ်အသား အမာရွတ်များကို ကြည့်၍ မေးလိုက်၏။ “မင်းက ဘယ်ကလန်ရဲ့ တပည့်လဲ …”

ဝမ်လင်းက လေးစားစွာ ပြန်ပြောလိုက်၏။ “တပည့်က လေလွင့် ကျင့်ကြံသူ တစ်ယောက်ပါ။ ကလန်ရဲ့ အပြင်တပည့်အဖြစ် မျှော်လင့်ပြီး လာခဲ့တာပါ …”

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ခေါင်းညိတ်ပြသည်။ “အခြေခံ တည်ဆောက်ခြင်း အဆင့်ကို ရောက်ဖို့ လေလွင့် ကျင့်ကြံသူ တစ်ယောက် အနေနဲ့ မလွယ်ကူဘူး။ မင်းက အပြင်တပည့် အဖြစ် တံခါးပိတ် လေ့ကျင့်လို့ ရတဲ့ နေရာတစ်ခုကို ရှာချင်တာ မလား …”

ဝမ်လင်းက လေးစားစွာ ပြန်ဖြေလိုက်၏။ “တပည့်က ဒီသဘောမျိုးပါပဲ …”

အဘိုးအိုက သူ့အင်္ကျီလက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။ “မင်းက အရမ်း နောက်ကျနေပြီ။ ကလန်က အပြင်တပည့် လက်ခံတာ ပြီးသွားတာ ကြာခဲ့ပြီ။ အိမ်ပြန်ပါ …။ နောက်နှစ် အနည်းငယ်ကျမှ ပြန်လာခဲ့ …” ထိုသို့ ပြောပြီးနောက် သူက ကလန်ရှိရာသို့ သွားရန် ခြေလှမ်းလိုက်သည်။

ဝမ်လင်းက စိတ်ထဲ၌ နှာခေါင်း ရှုံ့လိုက်၏။ သို့သော် အပြင်ဘက်၌မူ သူက လေးစားသည့် အသွင်ဖြစ်နေ၏။ သူက သနားစရာ ပုံစံလုပ်ရင်းဖြင့် ချိပ်ပိတ်ထားသော သေတ္တာတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက်သူက ပြောလိုက်၏။ “စီနီယာ … ဒါက ဂျူနီယာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တွေ့ခဲ့တဲ့ ဓားတစ်ချောင်းပါ။ စီနီယာ ကျေးဇူးပြု၍ ဒါကို လက်ခံပေးပါ။ တပည့်က အပြင်တပည့် ဖြစ်လာဖို့လေးပဲ ဆန္ဒရှိတာပါ …”

ဝမ်လင်းက သည်အဘိုးအိုသည် အမြုတေ ဖွဲ့တည်ခြင်း အစောပိုင်း အဆင့်သာ ရှိသေးကြောင်း ချက်ချင်း မြင်နိုင်၏။ သည်လို ကျင့်ကြံမှု အဆင့်အတွက် သူထုတ်ယူလိုက်သော ဓားက အလွန်အဖိုးတန်၏။

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ပြုံးလိုက်သည်။ သူက ဝမ်လင်းသည် တကယ့်ကို လေလွင့်ကျင့်ကြံသူ ဖြစ်မည်ဟု တွေးလိုက်၏။ အကြောင်းကတော့ သူက မိသားစုကြီးများက တပည့်များထက် ပို၍ ကောင်းနေသည် မဟုတ်လား။ သူက လက်ယမ်းလိုက်ရာ သေတ္တာက သူ့လက်ထဲသို့ ရောက်သွား၏။ သူက သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ပျော်ရွှင်ဟန် ပေါက်သွား၏။

သို့သော်သူက ချက်ချင်း သူ့အပျော်ကို ဖုံးကွယ်၍ တည်ငြိမ်စွာ မေးလိုက်၏။ “မင်းက ဒါကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ …”

ဝမ်လင်းက လေးစားစွာ ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်များက ဂျူနီယာဟာ အမြုတေ ဖွဲ့တည်ခြင်း ကျင့်ကြံသူ တစ်ယောက်ကို ကူညီပေးခဲ့ဖူးတယ်။ သူက အပြင်းအထန် ဒဏ်ရာ ရနေချိန်မှာ ဂျူနီယာက သူ့ကို ပြန်ကောင်းအောင် စောင့်ရှောက်ပေးခဲ့တယ်။ သူက ကျေးဇူးတင်တဲ့ အနေနဲ့ ဒါကို ပေးခဲ့တာပါ။ ဒါပေမဲ့ တပည့်ရဲ့ ကျင့်ကြံမှု အဆင့်က နိမ့်လွန်းတော့ ဒါကို အသုံးမပြုနိုင်ဘူး …”

အဘိုးအို၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “အို … ဘယ်လို ဒဏ်ရာမျိုးလဲ။ ငါ့ကို ပြောပြပါလား …”

ဝမ်လင်းလို နှစ်ငါးရာကျော် ကျင့်ကြံလာသည့် လူတစ်ယောက် အတွက်က သူ့ကို ယုံကြည်အောင် ပြောရန် မခဲယဉ်းလှချေ။ ဝမ်လင်း ရှင်းပြသည်ကို ကြားပြီးနောက် အဘိုးအို၏ စိတ်ထဲရှိ သံသယ ပျောက်ကွယ် သွားလေ၏။ တကယ်တော့ သူ့ရှေ့ကလူသည် အခြေခံ တည်ဆောက်ခြင်း အဆင့်သာ ရှိသည့် ကျင့်ကြံသူ တစ်ယောက်မဟုတ်လား။ သူက ဒဏ်ရာကို အတိအကျမည်သို့ ပြန်ပြောပြနိုင်ပါ့ မည်နည်း။

“ကောင်းပြီလေ … ငါက မင်း ဒီအဆင့်ထိ ရောက်အောင် ကြိုးကြိုးစားစား လုပ်ထားတာကို မြင်တဲ့ အတွက် ခြွင်းချက် ထားပေးလိုက်မယ် … ။ ငါ့နောက် လိုက်ခဲ့ …” ထိုသို့ ပြောပြီးနောက် အဘိုးအိုက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ရှိရာသို့ ဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူက တုန်ကင်တစ်ခုကို ထုတ်ယူ၍ သူ့နောက်ကျော၌ ဖိကပ်လိုက်သည်။ ဝမ်လင်းကာ ကလန်ရှိရာသို့ ဝင်ရောက်ရန် ကာဆီးထားသော အလင်းကလည်း ချက်ချင်းပျောက်ကွယ် သွားလေ၏။

ဝမ်လင်းကလည်း နောက်မှ လိုက်သွား၏။

“ငါ့နဲ့ နီးနီးနေ …။ ငါတို့ ကလန်မှာက အတားအဆီးတွေ အများကြီး ရှိတယ်။ မင်းတစ်ယောက်တည်း ဝင်ရင် ငါမင်းကို ကယ်နိုင်မှာ မဟုတ်ဘူး …” ထိုသို့ ပြောပြီးနောက် အဘိုးအိုက ရှေ့သို့ ပျံသန်းသွား၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲ ကနေ ဓားပျံကိုထုတ်၍ အဘိုးအို နောက်သို့ လိုက်ပါသွား၏။

သိပ်မကြာခင်တွင် အဘိုးအိုက တောင်အငူ တစ်ခု၌ ရပ်တန့်လိုက်သည်။ သည်နေရာတွင် အထက်တန်း နန်းတော်တစ်ခု ရှိနေ၏။ သည့်အပြင် အနီးအနား၌ မရေမတွက်နိုင်သော အိမ်များလည်း ရှိနေသည်။

အဘိုးအိုက ခြေချပြီးနောက် လှမ်းအော်လိုက်၏။ “ချန်တာဝေ …”

“ငါလာနေပြီ … ဆံနီ။ မင်း ဘာလို့ လျှောက်အော်နေတာလဲ …” ပျင်းရိပျင်းတွဲ အသံတစ်ခုက အိမ်တစ်ခု ထဲကနေ ထွက်ပေါ်လာ၏။ သိပ်မကြာခင်တွင် သက်လတ်ပိုင်း လူကြီး တစ်ယောက်က လှမ်းလျှောက် ထွက်လာသည်။ သည်လူ၏ ဆံပင်များက ရှုပ်ပွနေပြီး နှစ်ပေါင်းများစွာ ခေါင်းမလျှော်သည့် အတိုင်း ရှိနေ၏။

ဆံပင်အနီနှင့် အဘိုးအိုက ရယ်ကာမောကာ ပြောလိုက်သည်။

“ဒါက ငါလမ်းမှာ တွေ့ခဲ့တဲ့ တပည့်တစ်ယောက်ပဲ။ မင်း သူ့ကို အပြင်တပည့် အဖြစ် လက်ခံရင် အဆင်ပြေလား …”

သက်လတ်ပိုင်း လူကြီးက သမ်းဝေလိုက်ပြီး ဝမ်လင်းကို တစ်ချက်ကြည့်သည်။ သူက ပျင်းတွဲစွာ ပြောလိုက်၏။ “မင်းကိုယ်တိုင် မေးနေမှတော့လည်း ငါက ဘယ်ငြင်း နိုင်ပါတော့မလဲ …”

ဆံနီလူကြီးက ပြုံး၍ ပြောလိုက်သည်။ “ဒီတစ်ကြိမ် ငါကလန်က ထွက်ပြီးတော့ အငြိုးကြီး စိတ်ဝိညာဉ် တစ်ရာကျော် စုဆောင်းနိုင်ခဲ့တယ်။ ငါက ဒါတွေကို ငါ့စိတ်ဝိညာဉ် အလံထဲမှာ ပေါင်းထည့်မလို့။ ပြီးရင် ဒီဟာတွေထဲက စိတ်ဝိညာဉ် တစ်ခုကို အဓိက စိတ်ဝိညာဉ်အဖြစ် လုပ်ရဦးမယ်။ ပြီးတာနဲ့ ငါပြန်လာပြီး မင်းနဲ့သောက်မယ် …”

ထိုသို့ ပြောပြီးသည်နှင့် အဘိုးအိုက အကွာအဝေး တစ်ခုသို့ ပျံသန်း ထွက်သွားတော့သည်။

သက်လတ်ပိုင်း လူကြီးက ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ “မင်းနာမည် ဘယ်လိုခေါ်လဲ …”

ဝမ်လင်းက လေးစားစွာ ပြန်ဖြေလိုက်၏။ “တပည့်က ချင်မူပါ …”

“ဒီတောင်ရဲ့ (၁၀၉၀) ခုမြောက် လိုဏ်ဂူမှာ မင်းနေလို့ရမယ်။ ဒီ့အတွက် တစ်နှစ်စာ အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံး ကျသင့်တယ် …” သက်လတ်ပိုင်း လူကြီးက အမည်းရောင် တုန်ကင်တစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။

ဝမ်လင်းက သူ့နှလုံးသားထဲ၌ နာကျင်နေသည့်ပုံ ဖမ်း၍ အလယ်အလတ် အဆင့် စိတ်ဝိညာဉ် ကျောက်တုံး နှစ်တုံးကို ထုတ်လိုက်သည်။ သက်လတ်ပိုင်း လူကြီးက ကျောက်တုံး နှစ်တုံးကို ယူကာ ဝမ်လင်းကို အာရုံမစိုက်တော့ဘဲ ထွက်ခွာသွား၏။

ဝမ်လင်းက ထွက်သွားဟန် ပြင်လိုက်စဉ် သက်လတ်ပိုင်း လူကြီးက ရုတ်တရက် ထမေးလိုက်၏။ “မင်း … ဆံနီကို ဘာပေးခဲ့လဲ …”

ဝမ်လင်းက ရိုးသားစွာ ပြန်ဖြေလိုက်၏။ “စီနီယာ တစ်ယောက် ကျွန်တော့်ကို ပေးခဲ့ဖူးတဲ့ ဓားပျံ တစ်လက်ပါ …”

“ဆံနီက သိပ်ပျော်နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ မင်းက အခြေခံ တည်ဆောက်ခြင်း အဆင့်ဆိုပေမဲ့ သိပ်လည်း ဂုဏ်ယူမနေနဲ့ဦး …။ အပြင် တပည့်တွေကြားမှာ အခြေခံ တည်ဆောက်ခြင်း အဆင့် သိပ်မရှိပေမဲ့ ရှိသင့်သလောက်တော့ ရှိသေးတယ်။ မနက်ဖြန်က စလို့ နောက်ခြောက်လ နေရင် အပြင်ကလန် တပည့်တွေကြားက ပြိုင်ပွဲစလိမ့်မယ်။ မင်း သေချာ ကျင့်ကြံရင် အတွင်းတပည့် တစ်ယောက် ဖြစ်လာနိုင်လိမ့်မယ် …”

ထို့နောက် သက်လတ်ပိုင်း လူကြီးက ခေါင်းယမ်း၍ သူ့အခန်းသို့ ပြန်သွားလေ၏။

ထိုအခိုက်တွင် လျိုမေက (၂၅) ကီလိုမီတာဝေးတဲ့ တောင်တစ်ခုကနေ စိတ်ဝိညဉ် သန့်စင်ခြင်း ကလန်သို့ လှမ်း၍ ကြည့်နေ၏။ သူမက ကျောက်စိမ်းပြား တစ်ခုကို ကိုင်ထားလျက် ရှိသည်။ သည်ကျောက်စိမ်းပြားက ဘိုးဘေးသူမကို သတင်းပို့ထားသော ကျောက်စိမ်းပြားဖြစ်သည်။ ၎င်းက စန်နူး၏ နေရာ အတိအကျကို မဖော်ပြနိုင်သော်လည်း သူရှိနေသည့် ကီလိုမီတာ ငါးဆယ်အတွင်းသို့ ရောက်လျှင် တုံ့ပြန်မှု ပြုလုပ်ပေလိမ့်မည်။

သည်အခိုက်၌ ကျောက်စိမ်းပြားက အစိမ်းရောင် အလင်းတစ်ခု ထုတ်လွှတ်သွား၏။

လျိုမေက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူက စိတ်ဝိညာဉ် သန့်စင်ခြင်း ကလန်ထဲမှာလား …”

***

Comment

Leave a Reply

Options

not work with dark mode
Reset