ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက ချိပ်တံဆိပ်ကို ဖြစ်ပေါ်စေပြီး သူအသုံးမပြုတာ ကြာမြင့်နေပြီး ဖြစ်သော အဆင့်နိမ့် နည်းစနစ်ဖြစ်သည့် ဆွဲငင်အား နည်းစနစ်ကို အသက်သွင်း လိုက်သည်။ သည်နည်းစနစ်ကြောင့် အောက်ခြေရှိ ရွှံ့များက အပေါ်သို့ ကြွတက်လာပြီး ရွှံများ ရေထဲသို့ပျံ့နှံ့ သွားစဉ်တွင် ရေထဲ၌ အနံ့ဆိုးများ ဝင်ရောက်လာ၏။
သူက အလျင်အမြန်ပင် ရေတွင်းထိပ်သို့ ပြန်ကူးသွား၏။ ရွှံ့များက သူ့နောက်မှကပ်၍ လိုက်ပါသွား၏။
သိပ်မကြာခင်တွင် ဝမ်လင်းက ရေထဲကနေ ထွက်လာပြီး သူ့လက်ကို ဝှေ့ယမ်း၏။ သူက ဆွဲငင်အား နည်းစနစ်ကို အသုံးပြုလိုက်ရာ ရွှံ့ရေများက တွင်းပေါက်ထဲကနေ စီးထွက် လာကြ၏။
အချိန်အတန် ကြာပြီးနောက် ရွှံ့များကို ရှင်းလင်း ပြီးသည့်အခါ ဝမ်လင်းက အောက်သို့ နေက်တစ်ကြိမ် ဆင်းသက်ပြန်သည်။
သည်လိုမျိုး သုံးကြိမ်သုံးခါ ပြုလုပ်ပြီးနောက် ရေတွင်း အောက်ခြေရှိ ရွှံ့များက ရှင်းလင်းသွား၏။
ရေတွင်း အောက်ခြေ၌ သူက စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် အစီအရင် တစ်ခုကို တွေ့လိုက်ရသည်။ သည်ကျောက်တုံးများက သာမန် စိတ်ဝိညာဉ် ကျောက်တုံးများသာ ဖြစ်နေလျှင် စိတ်ဝိညာဉ် စွမ်းအင်က အများကြီး ရှိနေမည် မဟုတ်ချေ။ သို့သော် ဝမ်လင်းက ၎င်းကျောက်တုံးများပေါ်ရှိ အနီရောင် မျဉ်းလိုင်းများကို တွေ့လိုက်သည့်အခါ သည်ကျောက်တုံးများက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများ ဖြစ်ကြောင်း သိလိုက်သည်။
ဝမ်လင်းက အာရုံစိုက်၍ အောက်သို့ သေချာ ကြည့်လိုက်သည်။
“ဒီနေရာက စိတ်ဝိညာဉ် သွေးကြောမဟုတ်ဘဲ စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး ရှိနေတာ အံ့ဩစရာ မဟုတ်တော့ဘူး …”
ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုက မီးခိုးရောင်သို့ ပြောင်းနေခဲ့သည်။ သည်နေရာ၌ သည်ကျောက်တုံးများက ကြာမြင့်စွာ ရှိနေခဲ့ပြီး အသုံးပြုပြီးခဲ့ သည်ကို ပြသနေ၏။ သို့သော် ဝမ်လင်းအာရုံကို ဖမ်းစားနိုင်သည်က သည်ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးသုံးခု မဟုတ်ဘဲ နောက်ထပ် အရာဝတ္ထုတစ်ခု ဖြစ်နေ၏။
သည်အရာက အရိုးစုပင်။
အရိုးစုပုံစံ ကြည့်ရသည်မှာ အမျိုးသမီး တစ်ယောက်၏ အရိုးစု ဖြစ်ပုံရသည်။ ရေတွင်း အောက်ခြေ၌ပင် အမည်းရောင် လက်သည်းခွံများ ရှိလို့နေသေး၏။
“ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးသုံးခုကို ဒီအရိုးစုအတွက် ချိပ်ပိတ်ရန် အသုံးပြုထားတယ်။ ဘယ်လိုတောင် ချမ်းသာတဲ့ ပုဂ္ဂိုလ်လဲ …” ဝမ်လင်းက သည်အစီအရင်သည် ချိပ်ပိတ်ခြင်း အတွက် အသုံးပြုထားသည်ဟု ချက်ချင်း ပြောနိုင်ပေသည်။
အရိုးစု၏ ညာဘက် လက်ညှိုးက မြေကြီးထဲ၌ စိုက်ဝင်နေ၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အဆင်အခြင်မဲ့စွာ မလုပ်သေးချေ။ ထိုအစား သူက ရေကူး၍ အပေါ်သို့ ပြန်ထွက်ခွာ သွား၏။
သို့သော် ထိုအခိုက်တွင် သူ့သိုလှောင်အိတ်က အဝါရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်လာ၏။ သိုလှောင်အိတ် ထဲ၌ ရှိသောအရာတစ်ခုက အပြင်သို့ အတင်း ထွက်လိုနေဟန် ပြသလာ၏။ သည်အရာက ပထမဆုံး အနေဖြင့် သူ့ထိန်းချုပ်မှု မရှိဘဲနှင့် သူ့သိုလှောင်အိတ်ထဲက ပစ္စည်းက အလိုအလျောက် အပြင်သို့ ထွက်လို နေခြင်းပင်။
လွန်ခဲ့သော နှစ်ရာချီလောက်က ဝမ်လင်း မမျှော်လင့်ပဲ စာလိပ်တစ်ခု ရရှိခဲ့ဖူးသည်။ သူက သည်စာလိပ်ကို အချိန်အကြာကြီး ဆန်းစစ် ကြည့်သော်လည်း မည်သို့ အသုံးပြုရမှန်း မသိခဲ့ချေ။
ဝမ်လင်းမက အလေးအနက် ဖြစ်သွား၏။ သူက စာလိပ်ကို ထုတ်ယူလိုက်သည့် အခိုက်တွင် ၎င်းက စွန့်ပစ်ခံ မသေမျိုး ကလန်၏ ဘိုးဘေးကိုပင် ခဏတာ ရပ်တန့် သွားစေခဲ့သည်ကို ပြန်အမှတ်ရ လိုက်သည်။ သည်စာလိပ်က ကျော်ကြားသော နောက်ခံအကြောင်း တစ်ခုခု ရှိရပေမည်။
အခုသူက စာလိပ် သိုလှောင်အိတ်ထဲက ပျံထွက် လာသည်ကို စောင့်ကြည့်လို့ နေ၏။ စာလိပ်က လုံးဝ နက်မှောင်နေပြီး အော်သံများက ၎င်းထံမှ ထွက်ပေါ်လို့နေသည်။
ထိုအခိုက်တွင် အောက်ခြေရှိ အရိုးစုက ရုတ်တရက် ခရမ်းရောင် စတင် တောက်ပလာ၏။ အရိုးစု၏ ညာလက် လက်ညှိုးက ပို၍ပင် တောက်ပနေသေး၏။
လက်သီးဆုပ်ခန့် ခရမ်းရောင် အလင်းလုံး တစ်လုံးက အရိုးစုရှေ့၌ ပေါ်ထွက်လာပြီး စာလိပ်၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။
အရိုးစုက ချက်ချင်း အမှုန်များအဖြစ်သို့ ပြောင်းသွားလေ၏။ သို့သော် သည်အမှုန်များက ထူးဆန်းလှစွာ ရေများနှင့် ပေါင်းစပ်သွားခြင်း မရှိချေ။ ထိုအစား ရေတွင်း အောက်ခြေကို ဖုံးလွှမ်းသွား၏။
သည်အရာများ လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ စာလိပ်က ခရမ်းရောင် အလင်းလုံးကို စုပ်ယူပြီးနောက် တဖြည်းဖြည်း ပြန်ပြုတ်ကျ လာ၏။ ဝမ်လင်းက ၎င်းစာလိပ်ကို ဖမ်းယူလိုက်သည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် စာလိပ်ကို ထပ်မံ၍ မစူးစမ်းရန် ဆုံးဖြတ်လိုက်ပြီး ပြန်ထွက်ခွာ၏။
ရေထဲကနေ ထွက်လာပြီးနောက် ဝမ်လင်းက ဝေခွဲမရ ဖြစ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် စာလိပ်ကို ဖြည်းညင်းစွာ ဖွင့်သည်။
သူက သည်အနက်ရောင် စာလိပ်တွင် ပြောင်းလဲမှု တစ်ခုကို တွေ့လိုက်ရ၏။ စာလိပ်ပေါ်၌ ခပ်ဖျော့ဖျော့ ခရမ်းရောင် အလင်းကောက်ကြောင်း တစ်ခု တောက်ပနေ၏။ သို့ရာတွင် အနီးကပ် ကြည့်မှသာ သည်အလင်း ကောက်ကြောင်းကို တွေ့မြင်နိုင်၏။
အချိန်အတန် ကြာပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်မိ သွား၏။ သူက သည်စာလိပ်ကို ခုထိထွင်းဖောက် မမြင်နိုင်သေးချေ။ ၎င်းစာလိပ်က အရေးကြီးသည့် ရတနာတစ်ခု ဖြစ်မည် ဆိုလျှင်လည်း အတိတ်တုန်းက အမြုတေ ဖွဲ့တည်ခြင်း အဆင့်သာ ရှိသည့် ကျင့်ကြံသူ လက်ထဲ၌ ဘာကြောင့် ရှိနေရသနည်း။
သူက အနည်းငယ် စဉ်းစားပြီးနောက် စာလိပ်ကို ပြန်သိမ်းလိုက်၏။ သည့်နောက် သူက အချုပ်ခန်းကို ကြည့်၍ စတင် တွေးနေမိပြန်သည်။
သည်ရေတွင်း အောက်ရှိ အရိုးစုက အလွန် ထူးဆန်းလှ၏။ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုနှင့် ချိပ်ပိတ် ထားသည်ကို ကြည့်ခြင်းဖြင့် သည်လူက အလွန်စွမ်းအား ကောင်းပေမည်။ သို့သော် သူမကို မည်သူကများ သည်လို နေရာတွင် ချိပ်ပိတ်ထား သနည်း။
အရိုးစုနှင့် ယှဉ်လျှင် သည်စာလိပ်က ပို၍ပင် ထူးဆန်း နေသေး၏။ ခရမ်းရောင် အလင်းကရော မည်သည့်အရာ ဖြစ်နေမည်နည်း။
ဝမ်လင်း မျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက ပြောလိုက်၏။ “ခြင်သားရဲ … သက်လတ်ပိုင်း စာရေးကို ဒီခေါ်လာခဲ့ …”
ခြင်သားရဲက ချက်ချင်း ဟိန်းသံပြန်ပြု၏။ သည်ဟိန်းသံက ရွာထဲရှိ လူအားလုံးကို တုန်လှုပ်စေသည်။ လူတိုင်းက ကျိတ်၍ ညည်းတွား မိနေကြ၏။ သူတို့က အပြင်သို့လည်း မထွက်သွားဝံ့ကြချေ။
ခြင်သားရဲ မျက်လုံးများက ကြမ်းကြုတ်နေပြီး အိမ်တစ်ခုကို သူ့ နှာမောင်းဖြင့် ဖျက်ဆီးလိုက်သည်။ သည့်နောက် အိမ်ထဲရှိ လူ၏ သုံးလက်မ အကွာတွင် သူ့နှာမောင်းကို ရပ်တန့်လိုက်၏။
သည်လူကတော့ သက်လတ်ပိုင်း စာရေးပင်။ သူက သူ့ရှေ့ရှိ ချွန်မြသော ခြင်နှာမောင်းကို ကြည့်၍ ပျော့ခွေသွားသည်။
ခြင်သားရဲက သူ့ကို ဝမ်လင်းထံသို့ ခေါ်လာခဲ့ပြီး မြေပေါ်သို့ ပစ်ချလိုက်သည်။ သူက သတိပြန်လည် လာသည့်အချိန်တွင် သူ့မျက်နှာ ဖြူရော်နေပြီး မျက်လုံးထဲ၌လည်း အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နေ၏။
ဝမ်လင်းက သူ့ကို မေးလိုက်သည်။ “မင်းတို့ကောင်တွေ ဒီ ရေတွေရှိတဲ့ အချုပ်ခန်းကို ဘယ်လို့ ရှာတွေ့တာလဲ …”
စာရေးက တုန်ရီစွာ ပြန်ဖြေလိုက်သည်။ “အင် … အင်မော်တယ် … လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဒီနေရာက လူသူကင်းမဲ့တဲ့ တောင်တစ်လုံးပါ။ ဒီလိုဏ်ဂူက မြေငလျင် တစ်ခုဖြစ်ပြီးတော့ ပေါ်လာခဲ့တာ။ ဒီ ရေတွေနဲ့ အချုပ်ခန်းကလည်း ဒီလိုပဲ တစ်ချိန်တည်း ပေါ်လာခဲ့တာပါ။ ဒီရေတွေက အမြဲတမ်း နံစော်နေခဲ့တယ်။ အတိတ်တုန်းက သူဌေးက ဒါကို ကြည့်ပြီး အချုပ်ခန်းကောင်း တစ်ခုဆိုပြီး အသုံးပြုခဲ့တယ်။ ဒါ့ကြောင့် ဒီနေရာက အချုပ်ခန်းတစ်ခု ဖြစ်လာခဲ့ ရတာပါ …”
ဝမ်လင်းက ခေါင်းမော့၍ တောင်ကိုကြည့်သည်။ တောင်ပေါ်၌ အရင်တုန်းက ပြိုကျထားသည့် အမှတ်သားများ ရှိလို့နေ၏။ သည့်အတွက်ကြောင့် သည်စာရေးက လိမ်နေခြင်း မဟုတ်ချေ။
အရာအားလုံး ရှင်းလင်းသွား၏။ သည်တောင်က အရိုးစုကို ချိပ်ပိတ်ထားသည့် နေရာ ဖြစ်ရမည်။ သည့်နောက် နှစ်များစွာ ကြာလာသည့်အခါ မြေငလျင် တစ်ခုကြောင့် သည်ချိပ်ပိတ်ထားတဲ့ နေရာကို တွင်းတစ်ခုလို ဖြစ်စေခဲ့ခြင်းပင်။
သို့သော် သူမက မည်သူနည်း။
ဝမ်လင်းက ခြင်သားရဲကို စာရေးအား ပြန်ပို့ရန် အချက်ပြ လိုက်၏။ သည့်နောက်သူက သူ့ကိုယ်သူ ပြန်ကောင်းမွန်ရန် နည်းလမ်းကို ရှာဖွေရန် အတွက်သာ အာရုံစိုက် လိုက်၏။
ရေတွင်းထဲရှိ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများက အသုံးပြုပြီးလု နီးပါး ဖြစ်နေခဲ့သည်။ ၎င်းကျောက်တုံးများ၏ စွမ်းအင်ကို လုံးဝ ကုန်ဆုံးအောင် အသုံးပြုရန် နှစ်များစွာ ကြာမြင့်ဦးမည် ဖြစ်သော်လည်း သည်ကျောက်တုံးများက ဝမ်လင်း၏ လိုအပ်ချက်များကို မဖြည့်ဆည်း ပေးနိုင်ကြချေ။
သူက ကြာပွင့်သဏ္ဌာန် ထိုင်ချပြီး သိုလှောင်အိတ်ထဲက သူ့ကိုယ်ပိုင် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး သုံးခုကို ထုတ်ယူလိုက်သည်။ ထို့နောက်သူက ထပ်မံ၍ မျက်လုံးမှိတ်ကာ စတင် ကျင့်ကြံ၏။
မျက်စိတစ်မှိတ် အတွင်း သုံးလကျော် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ခုဆိုရင် ဝမ်လင်း ချူနိုင်ငံက ထွက်လာသည်မှာ တစ်နှစ် ပြည့်ခဲ့ပြီ ဖြစ်၏။
သည်အချိန်တွင် ဖီးလုနိုင်ငံက ဆောင်းရာသီသို့ ကူးပြောင်းလာ၏။ လေအေးများက တောင်တစ်ခုလုံးတွင် တိုက်ခတ်နေပြီး အရိုးထိအောင် အေးစက်နေ၏။
ရွာထဲရှိ ဓားပြများကလည်း သည်နှစ်ဝက်အတွင်း တောင်ခြေရွာကနေ ထွက်သွားခြင်း မပြုကြချေ။ ရွာထဲ၌ စာနပ်ရိက္ခာများစွာ သိုလှောင်ထားပြီး ရှိနေ၏။ ထို့ကြောင့်လည်း သူတို့က ဆောင်းရာသီကို ဖြတ်ကျော်နိုင်ကြ၏။
သည်သုံးလအတွင်း ဝမ်လင်းက စိတ်ဝိညာဉ် စွမ်းအင်များကို စုဆောင်းရန် အတွက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထား၏။ သူက လှုပ်ရှားမှုပင် မပြုချေ။ သူက သူ့ကိုယ်ပေါ်ရှိ နယ်ပယ်နှင့် ချိပ်ပိတ်မှုကို တစ်ချီတည်း ဖျက်ဆီးပစ်နိုင်ရန် အဆင်သင့် ဖြစ်အောင် ကြိုးစားနေ၏။
သူ့ကျင့်ကြံမှု အဆင့်ကလည်း ချီစုဆောင်းမှု အလွှာခြောက်အထိ ပြန်ကောင်းမွန် လာ၏။
ခြင်သားရဲကလည်း ဝမ်လင်းကို စောင့်ကြပ် ပေးနေခဲ့သည်။ တစ်ခါတစ်ရံ ၎င်းက အကွာအဝေး တစ်ခုထံသို့ ငေးငေးကြည့်၏။ ၎င်းသားရဲကြည့်သော ဦးတည်ရာက ချူနိုင်ငံ ရှိသည့်နေရာပင် ဖြစ်သည်။ သည်သုံးလအတွင်း သူက မိုးကြိုးဖားပြုပ် သားရဲကို စတင် သတိရမိလာသည်။ သူတို့က တွေ့သည်အခါ မတည့်ကြသော်လည်း ခုလိုမတွေ့တာ ကြာသည့်အခါ ကျတော့ ခြင်သားရဲက မိုးကြိုး ဖားပြုပ်ကို သတိတရ ရှိနေပြန်၏။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့် လာခဲ့သည်။ သူက သိုလှောင်အိတ်ထဲက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးငါးခုကို ထုတ်ယူပြီး သူ့ပတ်လည်၌ နေရာချသည်။
အနည်းငယ် စဉ်းစားပြီးနောက် သူက သူ့နဖူးပေါ်ရှိ လက်ဖက်ရွက် အမှတ်အသားကို ထိလိုက်၏။ သူ့မျက်လုံးထဲ၌ ပြတ်သားမှုများ ဖြစ်ပေါ်နေသည်။
စကားတစ်ခွန်းမှ မဆိုဘဲ သူက မျက်လုံးမှိတ်၍ သူ့ပတ်လည်ရှိ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးရှစ်ခုထံမှ စိတ်ဝိညာဉ် စွမ်းအင်များကို အရူးအမူး စတင် စုပ်ယူလေ၏။ စိတ်ဝိညာဉ် စွမ်းအင်များ သူ့ပတ်လည်တွင် စုဝေးလာစဉ် သူက အစိမ်းရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ်စေပြီး မွှေးရနံ့ တချို့လည်း ပျံ့နှံ့လာခဲ့၏။
သူ့ခန္ဓာကိုယ် ပတ်လည်၌ ပိုပိုများပြားသော စိတ်ဝိညာဉ် စွမ်းအင်များ စုဝေးလာခဲ့စဉ်တွင် သူက သူ့ခန္ဓာကိုယ်ထဲရှိ ချီစုဆောင်းမှု အဆင့်ခြောက် ရှိသည့် စိတ်ဝိညာဉ် စွမ်းအင်များကို စတင် အသက်သွင်း လိုက်သည်။ သည့်နောက် သူ့ခန္ဓာကိုယ် အပြင်ဘက်တွင် ဝန်းရံနေသော စိတ်ဝိညာဉ် စွမ်းအင်များကို ချိပ်တံဆိပ်နှင့် တိုက်ခိုက်ရန် လမ်းညွှန်သည်။
တရစပ် တိုက်ခိုက်မှု လှိုင်းများ၏ အကျိုးဆက်ကြောင့် ဝမ်လင်းမျက်နှာက မည်မျှနာကျင် နေသည်ကို ဖော်ပြနေသည်။ သူ့မျက်နှာပေါ်ရှိ လက်ဖက်ရွက် အမှတ်အသား ကလည်း အနက်ရောင် တောက်ပလာသည်။ သည့်နောက် သည်အမှတ်အသားက စတင် ရွေ့လျားလာသည်။ အကွာအဝေး တစ်ခုကနေ ကြည့်ရင် ၎င်းအခြင်းအရာသည် အစီအရင်တစ်ခု ပြောင်းလဲ နေခြင်းနှင့်ပင် ဆင်တူသည်။
၎င်းက တစ်ကြိမ် ပြောင်းလဲသွားတိုင်း များစွာသော စိတ်ဝိညာဉ် စွမ်းအင်များသည် ၎င်းအမှတ်အသား၏ စုပ်ယူခြင်းကို ခံနေရသည်။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့် လာခဲ့သည်။ သူ့အသွင်က ချီတုံချတုံ ဖြစ်နေ၏။ သို့သော် သည်တုံ့ဆိုင်းမှု အစား ပြတ်သားမှုက ချက်ချင်း အစားထိုး ဝင်ရောက်သွားသည်။ သူက အသက်ဝဝ ရှူသွင်း၍ သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။
သည်ကျောက်စိမ်းပြား ထွက်ပေါ် လာသည်နှင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ် စွမ်းအင်များသည် မှိန်ဖျော့သွားပြီး ၎င်းအတွက် လမ်းရှင်းပေးသည်။
“ကောင်းကင်ဘုံ ကျောက်စိမ်းပြား … ဒါက ဒီတိုင်းမျိုချရင် အဆိပ် ဖြစ်စေလိမ့်မယ်။ ဒါပေမဲ့ ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နယ်ပယ်နဲ့ ချိပ်တံဆိပ်ကလည်း အဆိပ်တွေပဲလေ။ အဆိပ်ကို အဆိပ်နဲ့ တိုက်ခြင်းက ငါ့ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ ချိပ်တံဆိပ် အမှတ်အသားတွေကို ဖွင့်လှစ်နိုင်ဖို့ အမြန်ဆုံး နည်းလမ်းပဲ …”
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျောက်စိမ်းပြားကို ကောက်ယူ၍ လက်မ အရွယ်ခန့် ဖဲ့လိုက်ပြီး ၎င်းကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
ကောင်းကင်ဘုံ ကျောက်စိမ်းပြား သူ့ပါးစပ်ထဲသို့ ဝင်ရောက် လာသည့်အခါ အားကောင်းသော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် ရေလှိုင်းများ ကဲ့သို့ မြင့်တက်လာ၏။ သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ချက်ချင်းဘေးသို့ တွန်းပို့ခြင်း ခံရသည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်နှင့် နှိုင်းယှဉ်လျှင် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များက ဘာမှ မဟုတ်တော့ချေ။
ဝမ်လင်းက အရင်တုန်းကလည်း သည်ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို မျိုချဖူးသည့် အတွေ့အကြုံ ရှိသည်။ ဝမ်လင်းက မြင့်တက်လာသော ကောင်းကင်ဘုံ စိတ်ဝိညာဉ် စွမ်းအင်များကို ထိန်းချုပ်၍ သူ့ကိုယ်ထဲရှိ နယ်ပယ်နှင့် ချိပ်တံဆိပ်ကို တိုက်ခိုက်လေ၏။
တစ်ကြိမ် … နှစ်ကြိမ် … သုံးကြိမ် … ။
သည်လို ထိပ်တိုက်တွေ့သည့် အကြိမ်တိုင်း ဝမ်လင်းခန္ဓာကိုယ်က တုန်ခါ သွားလေ၏။ သို့သော် လက်ဖက်ရွက် အမှတ်အသား နယ်ပယ်သည်လည်း တုန်ခါ သွားရသည်သာ ဖြစ်သည်။ တဖြည်းဖြည်းဖြင့် သည်အမှတ်အသားပေါ်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
သူထိုင်နေသာ အောက်ရှိမြေကြီးပင် သူ ချိပ်ပိတ်မှု အမှတ်အသားများကို တိုက်ခိုက်သည့် အကြိမ်တိုင်း အက်ကွဲကုန်သည်။ အက်ကြောင်းများက ပျံ့နှံ့လာပြီး အချို့ အိမ်များကိုပင် ထိမှန်၏။ အက်ကွဲကြောင်းများ ထိခိုက်မိသော အိမ်များသည် လေတိုက်ရုံနှင့် ပြိုကျကုန်ကြသည်။
ဝမ်လင်း ခန္ဓာကိုယ် ထဲ၌လည်း အက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်နေ၏။ သည်အခိုက်၌ သူ့နဖူးပေါ်ရှိ လက်ဖက်ရွက် အမှတ်အသား၏ ဆယ်ရာခိုင်နှုန်းက အက်ကွဲပြုတ်ကျ သွားသည်။
သူတို့က ပြုတ်ကျသွားသည့် အချိန်တွင် အနက်ရောင် အခိုးငွေ့များ အဖြစ်သို့ ပြောင်းသွားပြီး ပျောက်ကွယ် သွားရမည့်အစား ဝမ်လင်း နဖူးရှေ့၌ စုဝေးသွားခဲ့၏။
ဝမ်လင်းမျက်နှာက ဖြူရော်နေသည်။ သူ့ပါးစပ်ထောင့်မှလည်း သွေးများ စီးကျနေ၏။ သို့သော် သူ့မျက်လုံးများ ကတော့ တောက်ပလျက် ရှိသည်။
ကောင်းကင်ဘုံ ကျောက်စိမ်းပြားကို အသုံးပြု၍ ရေနွေကြမ်းရနံ့ နယ်ပယ် အမှတ်အသားနှင့် ချိပ်ပိတ်မှုကို တိုက်ခိုက်ခြင်းက အချိန်တစ်ခု ကြာပြီးသည့်နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ၎င်းအရာတို့သည် ပွင့်လို့ သွားလေ၏။
***