“ရှီမာယူယူလား”
“တကယ်ပဲမင်းလား”
သူမ အတန်းဖော်များသည် တံခါးအပြင်ထွက်လာကြကာ အဓိကဝင်ပေါက်တွင် ရှီမာယူယူရပ်နေသည်ကို မြင်သည်နှင့် အလွန်အမင်းအံ့သြသွားကြသည်။
“မင်းအသက်ရှင်လျက် တကယ်ပြန်လာတာပဲ၊ မင်းလိုလူက သေသွားတယ်ဆိုတာမဖြစ်နိုင်ဘူးလို့ ငါထင်သားပဲ” မုန်ထန် ရှီမာယူယူအားစိုက်ကြည့်လိုက်သည်။ ထိုစကားလုံးများသည် နားဝင်ချိုလှသည်မဟုတ်သော်လည်း ထိုစကားများထဲမှ စိုးရိမ်ပူပန်မှုအနည်းငယ်ပါဝင်နေသည်ကို ရှီမာယူယူ သိလိုက်ရသည်။
ဒီလူက သူမအားတကယ်ပင် စိတ်ပူခဲ့တာလား။ ဒါဆိုရင် ဟီကျုံချီကို သူမအား အန္တရာယ်ဖြစ်အောင် ခိုင်းစေတာ သူမမဖြစ်နိုင်ဘူးမလား။
သူမဘေးတွင် ရပ်နေသော ဟီကျူကျီအား သူမ စိုက်ကြည့်လိုက်သည်နှင့် ဟီကျုကျီသည် သူမအား မြင်သာအောင်ပြချင်သည်ကို တွေးရင်း ခြေတစ်လှမ်းနောက်ဆုတ်သွားသည်။
သို့သော် ရှီမာယူယူသည် သူမမျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ပြုံး၍ သူမအား လျစ်လျူရှုလိုက်သည်။ သူမ အားလုံးအားကြည့်၍ မေးလိုက်သည်။ “ဘယ်လိုလုပ်ဒီမှာ အကုန်လုံးလာစုနေတာလဲ”
“ငါတို့ အကုန်လုံးဒီမှာ လျှို့ဝှက်မဲပေးနေတာ” မုန်ထန်ပြန်ဖြေလိုက်သည်။
“လျှို့ဝှက်မဲပေးတာ ဟုတ်လား”
ရှီမာယူယူ ရှုပ်ထွေးသွားသည်ကို မြင်သည်နှင့် အတန်းခေါင်းဆောင် ရှန်အန်းသည် လျှောက်လာလိုက်သည်။ သူပြောသည်မှာ “ဒီအချိန်အတွင်းမှာ ငါတို့ကျောင်းကနေ တာဝန်ပေးခံရတယ်၊ အခုငါတို့ ကိုယ့်အုပ်စုအတွက် တာဝန်ကို လျှို့ဝှက်မဲပေးဖို့သွားကြမလို့”
ရှီမာယူရန်နှင့် ရှီမာယူလီတို့ တာဝန်အတွက် အမြဲထွက်သွားလေ့ရှိသည်ကို ရှီမာယူယူတွေးမိကာ ရှင်းရှင်းလင်းလင်း နားလည်သည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ မမျှော်လင့်စွာပင် မေးလိုက်သည် “ဒါဆို ငါမင်းတို့အားလုံးနဲ့ မဲပေးဖို့လိုက်ခဲ့မယ်”
ရှန်အန်း ခေါင်းခါလိုက်ကာ ပြန်ပြောလိုက်သည် “မင်း မဲပေးစရာမလိုဘူး မင်းရဲ့ အုပ်စုက တာဝန်ကို ဆုံးဖြတ်ပြီးသွားပြီ”
“ဟမ်”
“အဲဒါနဲ့ပတ်သတ်လို့ ဝေကျိရွှီကိုသွားမေး၊ ကျန်တဲ့သူတွေက မင်းကိုပြောပြလိမ့်မယ်”
“သြော် အေးပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူပြောသည့်အတိုင်းဆိုလျှင် သူမ သွားမေးရန်ပင်။ “ဒါဆို ငါပြန်လိုက်ဦးမယ်၊ မင်းတို့အားလုံး မဲပေးလိုက်ကြတော့”
ထိုသို့ပြောပြီးနောက် သူမဘေးတွင် တိတ်ဆိတ်စွာရပ်နေသော ဟီကျူကျီအား သူမစိုက်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် မလိုမုန်းထားသော အပြုံးပြုံးပြလိုက်ပြီး သူမထွက်ခဲ့လိုက်သည်။
“သွားရအောင် ဆရာဖန်ရှိတဲ့နေရာကိုသွားကြမယ်” ရှန်အန်သည် အားလုံးအား တိုက်တွန်း၍ ဖန်ကျိရှင်း၏ ရုံးခန်းသို့ သွားလိုက်ကြသည်။ အားလုံးထွက်သွားကြချိန်တွင် ဟီကျူကျီသည် ရှီမာယူယူနောက်ကျောအားကြည့်ကာ သူထွက်မသွားမီ ကြည့်သွားသော် ရှီမာယူယူ၏အကြည့်ကို ပြန်စဉ်းစားလိုက်သည်။ သူမရင်သည် ရုတ်တရက် လည်ပင်းထိစို့နစ်သွားသည်။
ရှီမာယူယူ ဖြတ်လမ်းသို့ဝင်သွားကြောင်း သေချာသည် ထို့အပြင် သူ့အားတွန်းလိုက်သည်မှ သူမဖြစ်ကြောင်းကို သူအတည်ပြုပြီးဖြစ်လိမ့်မည်။ သူမအားမြင်သာအောင်မပြသော်လည်း သေချာပေါက်သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေမည်။
ရှီမာယူယူပြန်လာသော စစ်သူကြီးအိမ်တော်အကြောင်းတွေးရုံနှင့်ပင် သူမကြောက်ရွံ့၍ ချွေးအေးများပြန်လာသည်။ သူတို့လက်စားချေရန်လာလျှင် သူမတွင် ယှဉ်ပြိုင်နိုင်ရန်အားမရှိပါ။
မဖြစ်ပါ၊ သူတို့အားသွားရှာ၍ သူမအား ကာကွယ်ခိုင်းရမည်။
သူထွက်သွား ခါစပင်ရှိသေးသည် ဟီကျူကျီ၏ ရင်သည် တုန်လှုပ်၍ တုံ့ဆိုင်းမှုဖြစ်နေပြီ။
“ကျူကျီ မင်းမလာဘူးလား” ဟီကျူကျီထိုနေရာတွင် ရပ်နေသည်ကို တွေ့သည်နှင့် မုန်ထန်အော်လိုက်သည်။
“လာပြီ” ဟီကျူကျီ သူမစကတ်အား အနည်းငယ် မ,ကာ သူတို့နောက်သို့ ပြေးလိုက်သွားလိုက်သည်။
ရှီမာယူယူ သူမခြံဝင်းသို့ပြန်လာသည်နှင့် ချက်ချင်းပင် ဖက်တီးကျူအိမ်သို့ ဦးတည်လိုက်သည်။
“ဖက်တီးကျူ ဖက်တီးကျူ” ရှီမာယူယူ ဖက်တီးကျူ၏တံခါးကို ထုလိုက်သည်။ အထဲတွင်ရှိသော ဝေကျိရွှီသည် တံခါးအရင်ဖွင့်ကာ ထွက်လာသည်။
“ဘာဖြစ်တာလဲ”
“သြော် မင်းထွက်သွားတာမဟုတ်ဘူးလား” ဝေကျိရွှီအားကြည့်ကာ ရှီမာယူယူမေးလိုက်သည်။ “မင်းကောင်းကောင်းလုပ်နိုင်မှာပါ မင်းကိုမေးစရာရှိလို့”
ဖက်တီးကျူတံခါးဖွင့်လိုက်ကာ မျက်လုံးအားပွတ်လိုက်ပြီး ရှီမာယူယူအားကြည့်လိုက်သည် “ယူယူ ဘာလဲ”
ရှီမာယူယူ ဝေကျိရွှီအားကြည့်ကာ ဖက်တီးကျူ၏အိမ်သို့ ဝင်ခဲ့လိုက်သည်။ နောက်မှ ဝေကျိရွှီသည် လိုက်ဝင်ခဲ့လိုက်သည်။
“မင်းဘယ်လောက်တောင် စိုးရိမ်လို့ ဒီလောက်အော်နေရတာလဲ၊ ငါ့ကို လွမ်းလို့ပဲဖြစ်ရမယ်” ရှီမာယူယူ၏ အခြေအနေအားဖက်တီးကျူမြင်သောအခါ ပြုံးကာ ပြောလိုက်သည်။
ထိုအချက်တွင် သူသည် ရှီမာယူယူနှင့် ရင်းနှီးပြီးသားဖြစ်၍ သူသည် ကောလဟလအတိုင်း အချစ်ရူးမဟုတ်ကြောင်း သိ၍ ထိုအတိုင်းနောက်ပြောင်ရန် မကြောက်ရွံ့တော့ပေ။ ကောလဟလများသည် မမှားကြောင်းကိုတော့ သူ မသိပေ၊ ခန္ဓာကိုယ်ထဲမှ မူလဝိညာဉ်ပြောင်းသွားခြင်းသာဖြစ်သည်။
ရှီမာယူယူ ထိုင်ခုံတွင်ထိုင်လိုက်ကာ ပြောလိုက်သည် “ငါ ဆရာဖန်ကိုသွားရှာတာ ကျောင်းပေါက်ဝမှာ ရှန်အန်းနဲ့ ကျန်တဲ့သူတွေကိုတွေ့ခဲ့တယ်၊ သူတို့ပြောတာတော့ သူတို့တာဝန်ကို ရွေးဖို့သွားတာတဲ့ အဲဒါကို မင်းတို့ကို ရှာပြီးမေးဖို့ပြောလို့ ဘာတွေဖြစ်သွားတာလဲ”
“သြော် မင်းအဲဒါကိုပြောတာလား၊ မင်းအဲအကြောင်းမပြောရင် ငါမေ့တော့မလို့” ဖက်တီးကျူသည် ရှီမာယူယူ ဘေးဝင်ထိုင်ကာပြောလိုက်သည် “ငါတို့ကျောင်းက အချိန်တစ်ဝက်ကို စာသင်တယ် နောက်အချိန်တစ်ဝက်ကကျ တာဝန်တွေ လုပ်ဆောင်ရတာနဲ့ ကျင့်ကြံရတဲ့အချိန်တွေပဲ၊ အဲဒါတွေ မင်းသိလား”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။
“နောက်နှစ်လကြာရင် ငါတို့ တာဝန်ကို လုပ်ဆောင်ရမယ့်အလှည့်ပဲ၊ အဲချိန်ကျရင် ကျောင်းကပေးတဲ့ မစ်ရှင်ကို သေချာပေါက် လုပ်ရတော့မယ်၊ ခက်တာရော လွယ်တာရောရှိတယ်၊ အဲဒါမဲပေးပြီး ဆုံးဖြတ်တာပဲ” ဖက်တီးကျူ ဆက်ရှင်းပြနေသည်။
“ဒါဆို ငါက ဘာလို့မဲမပေးရတာလဲ” အားလုံးထွက်သွားကြသည်ကို ရှီမာယူယူတွေ့လိုက်သော်လည်း သူမလိုက်ပါရခြင်းမရှိပေ၊ ထို့ကြောင့်ထူးဆန်းမှုကို သူမ ခံစားရသည်။
“ဟီးဟီး ဒီမစ်ရှင်က အဖွဲ့တွေက ရွေးရတာ၊ တစ်နေရာထဲမှာနေတဲ့သူတွေက တစ်အုပ်စု အဲဒါကြောင့် မင်းက ဒီအဖွဲ့မှာပါတယ်” ဖက်တီးကျူ ဝေကျိရွှီအား လှမ်းကြည့်လိုက်ကာ ရှီမာယူယူ အားဝမ်းနည်းစွာပြောလိုက်သည် “မင်းပြန်လာမလားဆိုတာ ငါတို့မသိလို့ ဆရာဖန် ငါတို့ကို မစ်ရှင်ရွေးခိုင်းတော့ ငါတို့က ပထမနှစ်တွေအတွက် အဆင့် အေရှိတဲ့ အခက်ဆုံးမစ်ရှင်ကို ရွေးခဲ့ကြတာ”
“ဆိုတော့ မင်းတို့အားလုံး မဲမပေးခဲ့ကြဘူးပေါ့၊ ပြီးတော့ငါက မင်းတို့နဲ့ ခြံဝင်းတစ်ခုတည်းမှာနေလို့ မင်းတို့နဲ့ ဒီမစ်ရှင်ကို လိုက်လုပ်ရမှာပေါ့” ရှီမာယူယူ သူတို့နှစ်ယောက်အားမေးလိုက်သည်။
ဝေကျိရွှီနှင့် ဖက်တီးကျူတို့နှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။
“ဒီမစ်ရှင်က နည်းနည်းခက်တယ်၊ ဒီ.. မင်းကအခုမှပြန်ရောက်တာဆိုတော့ ငါတို့နဲ့ အတူမလိုက်လည်းရပါတယ်” အန္တရာယ်များသော မစ်ရှင်အားရွေးချယ်ခြင်းကြောင့် ရှီမာယူယူ သူတို့အားအပြစ်တင်နေသည်ဟု ဝေကျိရွှီထင်၍ ပါးပါးနပ်နပ် ပြောလိုက်သည်။
“ငါက ဘာလို့မလိုက်ချင်ရမှာလဲ” ရှီမာယူယူရယ်လိုက်သည်၊ “ငါတို့က တစ်ဖွဲ့ထဲမဟုတ်ဘူးလား၊ အေးဆေးပေါ့ မင်းတို့ကို နောက်မှာမထားခဲ့ပါဘူး”
စိတ်လှုပ်ရှားနေသော ရှီမာယူယူ၏မျက်လုံးများကို ကြည့်၍ ဝေကျိရွှီနှင့် ဖက်တီးကျူတို့သည် သူ့အား ထူးဆန်းသလိုကြည့်လိုက်သည်။ ဒီလူက အန္တရာယ်များတာကို ကြောက်တာမဟုတ်ဘူးလား။
“သြော် ဟုတ်သားပဲ မင်းကို ဒုက္ခပေးတဲ့သူကို ဆရာဖန်ကိုပြောပြပြီးပြီလား” ရှီမာယူယူအား ဒုက္ခပေးသောသူသည် သူတို့အတန်းသားဖြစ်ကြောင်း ဖက်တီးကျူထင်မိ၍ ဂရုတစိုက်မေးလိုက်သည်။
“မပြောရသေးဘူး” ရှီမာယူယူ ခေါင်းခါလိုက်သည် “ဒါပေမယ့် ငါသူမကို တွေ့ခဲ့ပြီးပြီ”
“ဒါဆိုမင်း သူမကို ဖော်ထုတ်ပြီးပြီလား” ဖက်တီးကျူစိတ်လှုပ်ရှားစွာ စုံစမ်းလိုက်သည်။
“မလုပ်ရသေးဘူး”
“ဘာလို့မဖော်ထုတ်တာလဲ၊ သူမက မင်းကို သတ်ဖို့ကြိုးစားတာလေ” ဖက်တီးကျူ အော်လိုက်သည်။
ဖက်တီးကျူသည် သူမကိုယ်စား အမှန်တရားအားရှာဖွေလိုသော ဖက်တီးကျူ၏ စိတ်အားထက်သန်မှုကို မြင်တွေ့လိုက်ရပြီး သူ့ပုခုံးပေါ်သို့လက်တင်ကာ ပြောလိုက်သည် “အချိန်မကျသေးဘူလေ ငါသူမကို နှစ်ရက်လောက်အချိန်ပေးချင်လို့”
“ငါသာဆိုရင် ငါ့ရန်သူကိုတွေ့လို့ကတော့ ပြေးပြီးသေလောက်အောင်ထိုးပစ်ပြီ” ဖက်တီးကျူပြောလိုက်သည်။
“ဒါဆို မင်းကိုတွန်းတာဘယ်သူလဲ” ဝေကျိရွှီ ရှီမာယူယူအားကြည့်ကာ မေးလိုက်သည်။
“ဒီ တစ်လနှစ်လအတွင်း ဟီကျူကျီက ဘဝင်မြင့်သွားတယ်လို့မင်းတို့မထင်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
“သူမက မင်းကိုတွန်းတဲ့သူလား” ဝေကျိရွှီမေးလိုက်သည်။
ရှီမာယူယူ သဘောတူသည့်အနေနှင့် ခေါင်းညိတ်လိုက်သည်။
“ဒါဆိုသူမပေါ့” ဖက်တီးကျူပြောလိုက်သည် “ဒီလအတွင်းကို သူမဘဝင်တွေမြင့်သွားတာ နာလန်မျိုးနွယ်ကို မျက်နှာလိုမျက်နှာရလုပ်တယ်လို့ ငါကြားတယ်”
“နာလန်မျိုးနွယ်က ဘာဖြစ်လို့လဲ” ရှီမာယူယူ သူမမေးစေ့အား ပွတ်လိုက်သည်။ သူတို့မျိုးနွယ်စုဖြစ်ပါက သူတိုပသည် သူမအားသတ်ရန် အကြံအစည်ရှိသည်မှာ အသေအချာပင်။
“ယူယူ နာလန်မျိုးနွယ်ရဲ့ အဘိုးက သိပ်မကြာခင်က ဝိညာဉ်သူတော်စင်အဖြစ် အဆင့်တက်သွားတယ်လေ၊ အရင်တုန်းကတည်းက မာနတွေစွတ်ကြီးနေတာ အခုတော့ ပိုဆိုးသွားပြီ၊ သူတို့က မင်းကို ထိခိုက်အောင်လုပ်ရင် မင်းရဲ့အဖေက နိုင်ငံကိုကာကွယ်တဲ့ စစ်သူကြီးဖြစ်ရင်တောင် မင်းသူတို့ကို သတ်သတ်စွပ်စွဲရင် မင်းရဲ့ အားထုတ်တာက အလကားပဲ” ဖက်တီးကျူသည် မြို့တော်မှလူတစ်ယောက်ဖြစ်သည်နှင့်အညီ ထိုအရာများနှင့် ရင်းနှီးသည်။
“ဒီအချက်ကို နားလည်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါကြောင့် ငါမလှုပ်ရှားခင် ငါ့ကို ဒုက္ခပေးတာကို သက်သေစုချင်တာ”
“အဲတော့ မင်းရဲ့ အစီအစဉ်က ဘာလဲ” ရှီမာယူယူ၏ မျက်လုံးမှ အေးစက်သော အကြည့်အား မြင်သည်နှင့် ဝေကျိရွီစိတ်ဝင်စားသွားတော့သည်။