Switch Mode

အပိုင်း(၄၁၅)

အကြောင်းပြချက်

ချီဟူက ဝမ်လင်းရှေ့သို့ မြန်ဆန်စွာ ရောက်ရှိလာခဲ့ပြီး သူ့ကို ပိတ်ကန်ပစ်သည်။ သူက အလွန်ဝေးသောနေရာသို့ လွင့်စဉ်သွား၏။ သည်ကန်ချက်က ဝမ်လင်းအတွက် အန္တရာယ် မဖြစ်ခဲ့ချေ။ ၎င်းကန်ချက်ထဲ၌ နောက်ထပ် စိတ်ဝိညာဉ် စွမ်းအင်လှိုင်းအချို့ပင် သူ့ကို ထည့်သွင်းပေးထား၏။

“အကိုစန် … အရှေ့ဘက်တောင်ဘက်ကို ထွက်ပြေးပါ … ”

ချီဟူ၏ စိုးရိမ်သောအသံက ဝမ်လင်းနားထဲသို့ တိုးဝင်လာသည်။

သက်လတ်ပိုင်းလူကြီးက ၎င်းအချင်းအရာကို ချက်ချင်းတွေ့မြင့်ခဲ့ပြီး သူက နှာခေါင်းရှုံ့၏။

ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးကလည်း ရှေ့သို့ တစ်ဟုန်ထိုး တိုးလာပြီး အော်ဟောက်၏။

“ချီဟူ … မင်း ဒါဘာလုပ်တာလဲ … ”

ချီဟူကသူ့ဘိုးဘေးကို တားဆီးလိုက်၏။ သူ့မျက်လုံးများက ကြည်လင်နေပြီး သူကပြောလိုက်သည်။

“ဘိုးဘေး … ဒီကြယ်သံလိုက်အိမ်မြှောင်က ငါ စန်နူးကို လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ သူခိုးယူခဲ့တာ မဟုတ်ဘူး။ ငါ … ချီဟူက ယောက်ျား တစ်ယောက်ဖြစ်တယ်။ စန်နူးက ကောင်းကင်ဘုံနယ်မြေမှာ ငါ့ကို အကြိမ်များစွာ အသက်ကယ်ခဲ့တယ်။ သူက ငါ့ မိတ်ဆွေပဲ။ ငါက သူ့ကို ခုလိမျိုး ဘယ်လိုလုပ် ကျုးလွန်နိုင်ပါ့မလဲ … ”

ဘီလူးနတ်ဆိုးကလန်က ဘိုးဘေက ဒေါသတကြီး ရယ်မော၏။ သူက ချီဟူကို ပတ်၍ လှည့်ထွက်သွားသည်။

သို့ရာတွင် ချီဟူက မာန်သွင်းလိုက်ရာ သူ့နဖူးထက်၌ ပုဆိန်ပုံရိပ်က ဖျတ်ခနဲ လင်းလက်လာသည်။ သူက ဘိုးဘေးထံသို့ ခြေတစ်လှမ်းတိုး၍ ပြောလိုက်သည်။

“ဒီကြယ်သံလိုက်အိမ်မြှောင်က ငါတို့အတွက် အသုံးမဝင်ဘူး။ ဒါ့ကြောင့် ငါက တခြားတစ်ယောက်ကို ပေးလိုက်တာ ဘာဖြစ်သွားမှာမလို့လဲ။ ဘိုးဘေးက သူ့ဓားကိုလည်း ယူဆောင်ပြီးသွားပြီ။ ဒါက မလုံလောက်သေးလို့လား … ”

ဘိုးဘေးက ရုတ်တရက်လှည့်၍ ချီဟူကို စူးစိုက်ကြည့်သည်။ သူက လက်ဆန့်တန်းလိုက်ရာ ချီဟူက သည်နေရာတွင်ပင် ပိတ်လှောင်ခြင်း ခံလိုက်ရ၏။

မင်းက အသန့်စင်ဆုံးဘီလူးနတ်ဆိုးသွေး ပိုင်ဆိုင်ထားတဲ့ ဂျူနီယာတစ်ယောက်သာ မဟုတ်ရင် ငါ မင်းကို ဒီနေ့ သတ်ပစ်လိုက်ပြီ။ ငါတို့ကလန်ကို ပြန်ရောက်ရင် မင်း နှစ်တစ်ရာ တံခါးပိတ် လေ့ကျင့်ဖို့ အပြစ်ပေးမယ်။ ပြီးရင် မင်းခန္ဓာကိုယ်ကို သန့်စင်ပြီး နာကျင်မှု ခံစားရမယ်။

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းနောက်သို့ ဆက်၍ လိုက်သွား၏။

ချီဟူက ဝမ်လင်းလွတ်မြောက်ရန် ထွက်သွားသော နေရာသို့ ကြည့်၍ လက်သီးကျစ်ကျစ် ဆုပ်သည်။

“အကိုစန် … ငါ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားပေးပြီးသွားပြီ … ”

ချီဟူက စိတ်မကောင်းဖြစ်မှုကို ခံစားရ၏။ သူက ဝမ်လင်းသည် အသက်ရှင်သန်နိုင် လိမ့်မည်ဟု မထင်ချေ။ သူက ဘိုးဘေးကို ဆန့်ကျင့်ရသည့် အကြောင်းရင်းက သူ့ကိုယ်သူ စိတ်ပျက်မှု မခံစားရအောင် ဖြစ်သည်။

“ငါ ချီဟူက ဂုဏ်ယူရတဲ့ ယောက်ျားတစ်ယောက်ပဲ။ စန်နူး မင်းက ငါ့ကို မိတ်ဆွေ တစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်။ ဒါ့ကြောင့် ငါကလည်း အကြင်နာမကင်းမဲ့နိုင်ဘူး … ”

ဝမ်လင်းက ချီဟူ၏ ကူညီမှုကြောင့် စိတ်ဝိညာဉ် စွမ်းအင်အချို့ ပြန်ပြည့်လာခဲ့၏။ သူက ၎င်းကို လွတ်မြောက်ရန်အတွက် အသုံးချရမည် ဖြစ်သည်။

သူက ပျံသန်းသွားနေရင်း သူ့မျက်ခုံးနှစ်ခုကြားကို ထိလိုက်ပြီး သက်ပြင်းချသည်။ သူက ရန်သူများသည့် မည်သည့်အစီအရင်ကို ချခင်းထားသည်အား မသိချေ။ သူက ခုချိန်၌ လေဟာနယ်အက်ကြောင်းကို ဆွဲဖွင့်လို့ မရသလို တည်နေရာလည်း မပြောင်းနိုင်ချေ။ သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ထဲဝင်ရောက်ရန်အတွက်ပင် အားတစ်ခုက သူ့ကို တားဆီးနေ၏။ အနည်းဆုံးသူက ခုချိန်၌ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ထဲသို့ပင် ဝင်၍ မရနိုင်ဖြစ်နေခဲ့၏။

သည်အစီအရင်က အလွန်ထူးဆန်း၏။ ၎င်းက ဝမ်လင်းသာမက အစီအရင်ချမှတ်ထားသော ဘီလူးနတ်ဆိုးကလန်မှ ဘိုးဘေးသည်လည်း တည်နေရာ ရွှေ့ပြောင်းနိုင်ခြင်း မရှိချေ။

“ကောင်းကင်ဘုံဓားက အလုခံလိုက်ရပြီ … ငါ ဒီနေ့အသက်ရှင်ရင် ငါက ဒါကို ကျိန်းသေပြန်ယူမယ် … ”

ဝမ်လင်းမျက်လုံးထဲ၌ မုန်းတီးမှုအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။

သို့ရာတွင် ထိုအခိုက်၌ သက်လတ်ပိုင်းလူကြီးက သူ့ကိုမီလာခဲ့ပြီး အေးစက်စွာ ပြော၏။

“မင်း မလွတ်မြောက်နိုင်ပါဘူး။ ငါက မင်းကို သေခြင်းတရားဆီ ပို့ပေးလိုက်မယ် … ”

သူက ညာလက်ကို မြှောက်၍ သူ့လက်မဖြင့် ဖိချသည်။ စွမ်းအားကောင်းသောအား တစ်ခုက လက်မထံကနေ ထိုးထွက်လာ၏။ သို့သော် ၎င်းအားက ဝမ်လင်းကို ထိမိခါနီး၌ပင် အားကောင်းသောနယ်ပယ်တစ်ခုကပါ သူ့ထံသို့ တိုးဝင်လာ၏။

သည်နယ်ပယ်က အမွှေးရနံ့၊ ရေနွေးကြမ်းရနံ့ ဖြစ်၏။

ဝမ်လင်း၏ သေခြင်းရှင်ခြင်းနယ်ပယ်က ချက်ချင်းထွက်ပေါ်လာသည်။ သို့သော် ၎င်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်၏ နယ်ပယ်ကို မယှဉ်နိုင်ခဲ့ချေ။ သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ့မူလစိတ်ဝိညာဉ်ကလည်း ထပ်မံ၍ ဒဏ်ရာရသွားပြန်သည်။ ဝမ်လင်းက ကောင်းကင်ထက်ကနေ ပြုတ်ကျလာ၏။

ဝမ်လင်းမျက်နှာပေါ်၌ လက်ဖက်အရွက်များနှင့် တူသည့် အမှတ်အသားများ ဖြစ်ပေါ်လာ၏။ သည်အရွက်များ တောက်ပသွားသည့် အချိန်တိုင်း ဝမ်လင်းခန္ဓာကိုယ်က ပို၍ အားနည်းလို့ သွားလေ၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လာနေသည်။

ထိုအခိုက်တွင် ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးသည်လည်း ရောက်ရှိလာ၏။ သူက ဝမ်လင်းကို ခေါင်းငုံ့၍ ကြည့်သည်။

ငါတို့ အချိန်တွေအများကြီး ဖြုန်းတီးမိနေပြီ။ ရောင်းရင်းက ဒီလူ့ကို သတ်ပြီးရင် ငါက တခြားလုပ်စရာတွေ ရှိသေးတယ်။ ရောင်းရင်းလီ လုပ်ပါ … ”

သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများက လက်ခနဲဖြစ်သွား၏။ သူကပြုံး၍ ပြောသည်။

“ရောင်းရင်းက ဟင်္သာပြဒါးတောင်ကို ကြောက်လို့ သူ့ကို မသတ်ရဲတာမလား။ ရပါတယ်။ ဒါက ငါ့အစီအစဉ်ပဲ ငါသတ်ရမှာပေါ့ … ”

ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းထံသို့ လက်ညွှန်လိုက်၏။ သူက ဝမ်လင်း၏ဘဝကို အဆုံးသပ်ပစ်တော့မည် ဖြစ်၏။

သို့သော် ထိုအချိန်၌ ကောင်းကင်ထက်မှ မိုးခြိမ်းသံတစ်မျှ ကျယ်လောင်သော လက်ခုပ်သံကြီး ထွက်ပေါ်လာပြီး လေဟာနယ် အက်ကြောင်းလည်း ဆုတ်ပြဲသွားလေ၏။ အနက်ရောင်ခရမ်းရောင်ရောပ်စပ်ထားသည့် ခေါင်းတလားတစ်ခုက ကောင်းကင်ထက်မှ ဆင်းသာလာ၏။

သည်ခေါင်းတလားထဲကနေ အေးစက်စက်နှာခေါင်း ရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။

“သေခြင်းရှင်ခြင်း နတ်ဆိုး ချပ်ပိတ်ခြင်း အစီအရင် … ။ ငါက ဒီအစီအရင်မှန်းအစက တကယ်မသိခဲ့ဘူး။ ဒါက ငါ့ကို အထဲကို ဝင်လာဖို့ တကယ်ခက်ခဲစေတာပဲ … ”

အနီရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက်က သူ့အောက်ရှိ သုံးယောက်ကို စူးစိုက်ကြည့်လိုက်သည်။ ဘီလူးနတ်ဆိုးကလန်နှင့် သက်လတ်ပိုင်းလူကြီးကို တွေ့လိုက်သည့်အခါ သူ့မျက်နှာက နက်မှောင်သွား၏။ သူက ကျိန်ဆဲလိုက်သည်။ “စန်နူး..မင်းက မင်းကိုယ်မင်း ပြဿနာတက်အောင် လုပ်တာအပြင် တခြားဘာကောင်းတာ ရှိလဲ … .။ ငါပြောမယ် … မင်းတို့ လူအိုကြီးနှစ်ယောက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ဂျူနီယာလေးကို သတ်ဖို့အတွက် ပူးပေါင်းတာ မင်းတို့ကိုယ်မင်းတို့ မရှက်ဘူးလား … ”

“အလောင်းကောင်ကလန် … ”

သက်လတ်ပိုင်းလူကြီးက သူ့လက်ချောင်းကို ပြန်ရုပ်သိမ်းလိုက်၏။ သူ့မျက်လုံးများက အဘိုးအိုကို ကြည့်နေရင်း တလက်လက် ဖြစ်နေသည်။

သည်အနီရောင်ဝတ်စုံနှင့် အဘိုးအိုကအလောင်းကောင် ကလန်၏ အကြီးအကဲ ခေါင်းဆောင် စွန်ထိုင်ပင် ဖြစ်၏။

စွန်ထိုင်က သူ့ရှေ့က သက်လတ်ပိုင်းလူကြီးကို ကြည့်၍ သူ့အသွင်က ရှုံ့မဲ့သွားသည်။ ထို့နောက် သူ့အကြည့်က ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးထံသို့ ရောက်သွား၏။ သူက ကျိတ်၍ ကျိန်ဆဲမိသည်။ ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်း အဆင့်သာ ရှိသေးသော်လည်း သူက ဘီလူးနတ်ဆိုးကလန်၏ အဖွဲ့ဝင်များက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောသည့်အချိန်တွင် ကလန်၏ သွေးမျိုးဆက်ကို စွမ်းအားကို ရရှိကြောင်း သူက သိပေ၏။ သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့်၌ ရှိသော်လည်း သည်သွေးမျိုးဆက်စွမ်းအားက သူအလွယ်တကူ သွားရှုပ်၍ မရချေ။

စွန်ထိုင်က ပြောလိုက်သည်။

“ငါက ဒီလူ့ကို အဝေးကို ခေါ်သွားမယ် … ”

“ရောင်းရင်းကျင့်ကြံသူ … ”

သက်လတ်ပိုင်းလူကြီးက စကားပြောဟန် ပြင်လိုက်၏။

စွန်ထိုင်က သက်လတ်ပိုင်းလူကြီးကို ကြည့်၍ အော်ဟောက်လိုက်၏။

“မင်း သောက်ပါးစပ်ကို ပိတ်ထားစမ်း။ အတင်းအကျပ် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် အစောပိုင်းအဆင့်ကို ရောက်လာရတဲ့လူက ငါ့ကို စကားပြောဖို့ အရည်အချင်းမရှိဘူး … ”

သက်လတ်ပိုင်းလူကြီး၏ မျက်နှာက နီမြန်းသွားသည်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းသို့ ရောက်ကတည်းက ရွှမ်ယွဲ့နိုင်ငံတွင် ဘုရင်တစ်ပါးကဲ့သို့ ဆက်ဆံခြင်း ခံခဲ့ရ၏။ သူက အခြားစိတ်ဝိညာဉ် အသွင်ပြောင်းခြင်းကျင့်ကြံသူများနှင့် တွေ့ဆုံချိန်၌လည်း သူတို့အားလုံးက အခုလိုမျိုးသူ့ကို ပြောဆိုခြင်း မပြုကြချေ။

စွန်ထိုင်က နှာခေါင်းရှုံ့၍ သူ့အကြည့်ကို ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးထံသို့ ရွှေ့လိုက်၏။

ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးအသွင်ကလည်း စွန်ထိုင်ကို ကြည့်ရင်း ရှုံ့မဲ့သွား၏။ သူက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မရဘူး … ဒီလူက သေကိုသေရမယ်။ သူ့အလောင်းက ငါ့အပိုင်ပဲ … ”

ရွှမ်ယွဲ့မှ သက်လတ်ပိုင်းလူကြီးက အံ့အားသင့်သွား၏။ သူက ခေါင်းမော့၍ ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးကို ကြည့်သည်။ သည်တစ်ကြိမ်က ပထမဆုံးအဖြစ်သူက အလောင်းကောင်ကို လိုချင်သည်ဟု ပြောခြင်းပင်။

စွန်ထိုင်က နှာခေါင်းရှုံ့ကာ အော်ပြော၏။

“မင်းက ငါ့တို့ အလောင်းကောင်ကလန်ရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး။ မင်းက ဒီအလောင်းကောင်ကို ဘာအတွက် အသုံးပြုမှာလဲ … ”

ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးက စွန်ထိုင်ကို စူးစိုက်ကြည့်၍ ပြတ်သားစွာ ပြောသည်။

“ဒါအလောင်းကောင်ကို ငါ့ အတွက် ကိုယ်ပိုင်အသုံးပြုဖို့ ရှိတယ် … သူက အလောင်းကောင်ကို အမှန်ပင် အသုံးပြုရန် ရှိနေခဲ့၏။ ရွှမ်ယွဲ့က လူကြီးက သူ့ကို လာရောက် မတောင်းဆိုလျှင်ပင် သူက ဝမ်လင်းကို သတ်ရန် တိတ်တဆိတ် လုပ်ဆောင်မည် ဖြစ်၏။

သူက စန်နူး၏ နာမည်အမှန်သည် ဝမ်လင်း ဖြစ်ကြောင်းကိုလည်း သိခဲ့၏။

ကြယ်သံလိုက်အိမ်မြှောင်ကို အကြောင်းပြ၍ ဝမ်လင်းကို သတ်ရန်က အကြောင်းပြချက် တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်တော့ သူက လွန်ခဲ့သော နှစ်ပေါင်းငါးရာက ပြင်ပတိုက်ပွဲနယ်မြေကို ဖွင့်လှစ်ရန် ပို့လွှတ်ခဲ့သော ကလန်အဖွဲ့ဝင် တစ်ယောက် ယူဆောင်လာသည့် သတင်းကြောင့်ပင် ဝမ်လင်းကို သတ်၍ သူ့အလောင်းကို ရယူလိုခြင်း ဖြစ်၏။ သည် သူ့ကလန် အဖွဲ့ဝင်ယူလာသည့်သတင်းက ဝမ်လင်းတွင် လွန်ခဲ့သော နှစ်ပေါင်းငါးရာက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ရှိနေသည် ဆိုသည့်အကြောင်းဖြစ်၏။

‌ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့ကြီးက လိုချင်နေတဲ့ ရတနာတစ်ခု ဖြစ်တယ်။ သူ့ဘီလူးနတ်ဆိုးကလန်ကသာ ဒီပုတီးစေ့ကို ကျင့်ကြံခြင်းမဟာမိတ် အဖွဲ့ကြီးထံ ပေးနိုင်ခဲ့ရင် ငါတို့ကလန်က အဆင့်ခြောက်နိုင်ငံအဆင့်ကို တိုးမြှင့်ပေးခြင်း ခံရမှာ ဖြစ်တယ်။ အဲ့နောက် ငါတို့က ဟင်္သာပြဒါးနိုင်ငံကနေ ထွက်ခွာပြီး ငါတို့ကိုယ်ပိုင် ဘီလူးနတ်ဆိုး ဂြိုဟ်ကို ထူထောင်နိုင်လိမ့်မယ်။ အဲ့ကျရင် ငါ့ကလန်က လည်း အာဏာတက်ခြင်း အဆင့်ကျင့်ကြံသူတွေဖြစ်လာဖို့ စွမ်းရည်တွေ ရှိလာလိမ့်မယ် … ”

“ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့က ဒီဝမ်လင်း ပိုင်ဆိုင်ထားတာပဲ … ”

သည်အတွေးများက သူ့ခေါင်းထဲ၌ လျင်မြန်စွာ ဖြတ်ပြေးနေသည်။ သူက သည်နေ့တွင် မည်သူ့ကမျှ ဝမ်လင်းကို ခေါ်သွားခွင့် မပြုရန် စိတ်ပိုင်းဖြတ်လိုက်၏။

ထိုနှစ်က သည်သတင်းကို ပေးပိုခဲ့သော သူ့ကလန်အဖွဲ့ကို သူက ချက်ချင်း သတ်ပစ်ခဲ့ပြီး သူ့စိတ်ဝိညာဉ်ကိုလည်း သေချာရှာဖွေခဲ့၏။ သူက ကလန်အဖွဲ့ဝင်သည် သည်အကြောင်းကို ဘယ်သူ့ကိုမှ မပြောရသေးကြောင်း ဆုံးဖြတ်ပြီးနောက် သူက ဝမ်လင်းကို တိတ်တဆိတ် ရှာဖွေနေခဲ့၏။

သို့ရာတွင် ဘိုးဘေးက စွမ်းအားအများကြီး အသုံးပြုခဲ့သော်လည်း ဝမ်လင်းက အငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့သည်။ ဟင်္သာပြဒါးဂြိုဟ်ကလည်း ကြီးမားကျယ်ပြန့်လွန်း၏။ သူ့က လန်အဖွဲ့ဝင်၏ သတင်းကို အခြေခံကြည့်ရင် ဝမ်လင်းက ပြင်ပတိုက်ပွဲနယ်မြေထဲရှိ လေဟာနယ် အက်ကြောင်းထဲတွင် ပျောက်ကွယ်သွားသည်ဟုသာ သိခဲ့ရ၏။

ထို့ကြောင့် သူက ကိုယ်တိုင်ပြင်ပ တိုက်ပွဲနယ်မြေသို့ သွားရောက်ခဲ့ပြီး နှစ်တစ်ရာကြာသည့် အထိ ရှာဖွေခဲ့၏။ သို့သော် သူက ဘာမျှ မတွေ့ခဲ့ချေ။

သူက သည်အကြောင်းကို တဖြည်းဖြည်းနှင့် စိတ်ထဲ၌သာ သိမ်းဆည်းထားခဲ့ရပြီး နောင်တရစွာ ခံစားခဲ့ရသည်။ သူက ဝမ်လင်းသည် မည်သည့်သဲလွန်စမှမရှိဘဲ သေသွားသည်ဟု ယုံကြည်ခဲ့၏။ ကောင်းကင်ဘုံပုတီးစေ့သည် တစ်ဖန်ထပ်၍ ပျောက်ကွယ်သွားပြန်၏။

သို့ရာတွင် သည်အရာများအားလုံးက စန်နူးပေါ်လာသည့်အခါ ပြောင်းလဲသွား၏။ သူက ချီဟူသည် ကောင်းကင်ဘုံနယ်မြေမှ ပြန်လာပြီး ထူးဆန်းနေခဲ့သည်ကို သတိထားမိခဲ့၏။ သူ့ဘိုးဘေးအဆင့်အတန်းကို အသုံးပြု၍ ချီဟူကို အတင်းဖိအားပေးခဲ့ရာ ချီဟူက သူ့ကို အမှန်တရားအား ပြောပြခဲ့၏။

ထိုအခါ သူက ချက်ချင်း သံသရဝင်သွား၏။ အချို့စုံစမ်းမှုများ ပြုလုပ်ပြီးနောက် သူက စန်နူးသည် ဝမ်လင်းပင် ဖြစ်ကြောင်း သိရှိခဲ့လေ၏။

ထို့ကြောင့်သူက ချက်ချင်းပျော်ရွှင်သွားခဲ့၏။ သို့သော် ဟင်္သာပြဒါးတောင်၏ ကြားဝင်မှုကြောင့် သူက ဝမ်လင်းကို မသတ်နိုင်တော့ချေ။ အရာအားလုံးက အိပ်မက်တစ်ခုလို ဖြစ်သွားခဲ့ရ၏။

သို့ရာတွင် သူက သည်ကိစ္စကို သိသော အခြား တစ်ယောက်ကိုပါ သတ်ခဲ့သေး၏။ သည်လူက အဆင့်လေးနိုင်ငံ၏ တမန်တော် တစ်ယောက်ဖြစ်သည်။ ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးက ထိုတမန်တော်၏ စိတ်ဝိညာဉ်ကို ရှာဖွေကြည့်သည့်အခါ သူက တမန်တော်သည် သည်သတင်းကို သေချာမသိသည့်အပြင် သူ့ကလန်သို့လည်း တင်ပြခဲ့ခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ ထိုအခါကျမှ သူက စိတ်သက်သာရာရခဲ့ပြီး ဝမ်လင်းကို သတ်ရန် အခွင့်ကောင်းကို စောင့်နေခဲ့၏။

တစ်နေ့ကျတော့ ရွှမ်ယွဲ့နိုင်ငံက လီယွမ်က သူ့ကို ဝမ်လင်းကို သတ်ရန် အစီအရင်တစ်ခု နေရာချပေးဖို့ လာရောက်တောင်းဆိုခဲ့၏။ သူက ကြယ်သံလိုက်အိမ်မြှောင်ကို ပြန်ယူမည့် အကြောင်းပြချက်ဖြင့် ဝမ်လင်းကို သတ်ရန် အကူအညီပေးမည်ဟု ပြောကြားခဲ့ပေသည်။

ရလဒ်အနေဖြင့် ဟင်္သာပြဒါးနိုင်ငံက ဝင်ရောက်စွက်ဖက်လျှင်ပင် ရွှမ်ယွဲ့သည်သာ ပြစ်ဒဏ်ချခံရပြီး သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ တိတ်တဆိတ် ဝင်ရောက် နေမည် ဖြစ်သည်။ ဝမ်လင်းသာ သေသွားမည်ဆိုပါက သူက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို လျှို့ဝှက်နည်းလမ်းတစ်ခု အသုံးပြု၍ ရှာဖွေနိုင်မည် ဖြစ်ပေ၏။

စွန်ထိုင်အကြည့်များက နက်မှောင်သွားသည်။ သူက နှာခေါင်းရှုံ့၍ ဝမ်လင်းထံသို့ ပျံသန်းသွား၏။

သက်လတ်ပိုင်းလူကြီးကလည်း လျင်မြန်စွာ ပျံသန်းသွား၏။ သူက ကြေးနာရီတစ်ခုကို ထုတ်ယူ၍ စွန်ထိုင်ကို ပိတ်ဆို့ဟန် ပြင်သည်။

သို့သော် စွန်ထိုင်က အော်ဟောက်လိုက်၏။ စွန်ထိုင်ခန္ဓာကိုယ်မှ အားတစ်ခုက တဟုန်ထိုး မြှင့်တက်သွားပြီး သက်လတ်ပိုင်း လူကြီးကို ရပ်တန့်စေလိုက်၏။

“မင်း … လုပ်ရဲလား … ”

ဘီလူးနတ်ဆိုးကလန်မှ ဘိုးဘေးက လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ အမည်းရောင် ဝဲကတော့တစ်ခု ဖြစ်ပေါ်သွားပြီး စွန်ထိုင်ထံသို့ တိုးကပ်သွား၏။

စွန်ထိုင်က ညာလက်ဖြင့် သူ့နောက်ရှိ ခေါင်းတလားကို ညွှန်လိုက်သည်။ ခေါင်တလားက အနည်းငယ်ဟ သွားပြီး မံမီခန္ဓာကိုယ်တစ်ခုက ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးကို တိုက်ခိုက်ရန် ပျံသန်းထွက်လာခဲ့၏။

သူက သည်အခွင့်အရေးကို အသုံးပြု၍ ဝမ်လင်းထံသို့ လက်ဆန့်၍ လှမ်းဖမ်းဆွဲလိုက်သည်။ ဝမ်လင်းက သည်အချိန်တွင်အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးမှတ်လိုက်သည်နှင့် သူ့မျက်နှာက လူသေကောင်လို ဖြူ‌ရော်သွားသည်။

စွန်ထိုင်းက ချက်ချင်းပင် ပြန်လှည့်၍ အက်ကွဲကြောင်းရှိရာသို့ ပျံသန်း၏။

သက်လတ်ပိုင်းလူကြီးအသွင်က မတည်မငြိမ်ဖြစ်နေသည်။ သူက အနည်းငယ်ပင် တုံ့ဆိုင်းသွားလေ၏။

ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးက ဝမ်လင်းလို ဝဝဖြိုးဖြိုး သိုးတစ်ကောင်ကို သူ့လက်ထဲကနေ မည်သို့ အလွတ်ခံနိုင်ပါ့မည်နည်း။ သူက မာန်တစ်ချက် သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်က အက်ကွဲလာပြီး ရုတ်တရက် ပေတစ်ရာခန့် ရှည်မျောလာသည်။ ထို့နောက် ဧရာမ ပုဆိန်ကြီးက သူ့လက်ထဲ၌ ပေါ်လာခဲ့သည်။ သူက စွန်ထိုင်နောက်သို့ ပြေးလိုက်သွားနောက် လက်ထဲရှိ ပုဆိန်ကြီးဖြင့် လွှဲ၍ ခုတ်ချသည်။ ဟင်းလင်းပြင်ထဲ၌ မိုးခြိမ်းသံများကဲ့သို့ ပဲ့တင်ထပ်ကုန်၏။

ပုဆိန်စွမ်းအင်လှိုင်းကြီးက ထိုးထွက်သွားပြီး စွန်ထိုင်အသွင်က နက်မှောင်သွားစေ၏။ သူက ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးသည် ရင်ဆိုင်ရခက်မှန်း အစောကတည်းက သိနေခဲ့၏။ သူက ညာလက်ဖြင့်ချိပ်တံဆိပ်တစ်ခု ပြုလုပ်၍ ပုဆိန်စွမ်းအင်ထံသို့ ပစ်လွှတ်လိုက်သည်။

ဘုန်း … ။

ကျယ်လောင်သောပေါက်ကွဲသံဖြစ်ပေါ်သွားပြီးနောက် စွန်ထိုင်က အက်ကွဲကြောင်းထဲသို့ တဟုန်ထိုး ပျံသန်းသွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset