ဟင်္သာပြဒါးဂြိုဟ်၏ အဆင့်တစ်နိုင်ငံနိုင်ငံရှိ တစ်နေရာတွင် ညစ်ပတ်ပေစုတ်နေသည့် အဘိုးအိုတစ်ယောက်သည် ကြက်ခြေထောက် ကိုက်စားနေရာမှ ရုတ်တရက်ကြီး အကြိမ်အနည်းငယ် ချောင်းထဆိုးလေ၏။ သူက ပါးစပ်ထဲရှိ ကြက်သားဖတ်များကို ထွေးထုပ်ပစ်လိုက်သည်။ သူ့မျက်နှာက လွန်စွာ ရှုံ့မဲ့နေပြီး မတ်တတ် ထရပ်၏။ သို့သော် သူက အနည်းငယ် စဉ်းစားပြီးနောက် ပြန်၍ထိုင်ချပြန်သည်။
သူ့အသွင်က အလွန်တရာ ရုပ်ဆိုးလို့သွား၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုးပြောလိုက်သည်။ စီနီယာအစ်ကို … မင်းနဲ့ငါနဲ့က ဘဝတစ်လျှောက်လုံး တိုက်ခိုက်လာကြတာ။ ငါတို့က သေတဲ့ထိ တိုက်ခိုက်သွားကြမှာမလား။ ငါဟာ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ရဲ့ ခေါင်းစီးနေရာအတွက် ရှုံးနိမ့်ခဲ့ရတယ်။ ဒါ့ကြောင့်မင်းက ဒီနေရာကို ရရှိနိုင်ခဲ့တယ် … ။ ဒါပေမဲ့ မင်းက ဒါကိုအကြာကြီး ယူမထားသင့်ဘူး။ ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေက ပြန်လာကတည်းက ငါက သူ့ကို ရွေးချယ်လိုက်ပြီ။ မင်းက သူ့ကို နာကျင်ပျက်စီးစေမယ်ဆိုရင် ငါကလည်း ချန်းဖန်ကို အဲ့လိုဖြစ်အောင် ပြန်လုပ်ရလိမ့်မယ် … ”
သူက ကြက်ခြေထောက်ကို လွှင့်ပစ်လိုက်၏။ သူ့မျက်လုံးများက ဒေါသရောင် တောက်နေခဲ့သည်။
“ဒါပေမဲ့ ဒီကောင်မလေးက လျိုမေက သူ့ကျင့်ကြံမှုဆေးပြင်းဖို အတွက် ဂျူနီယာ ဝမ်လင်းကို ပြောင်းလဲနိုင်မယ့်အခွင့်အရေး ဘယ်လောက်ရှိမလဲ ငါသိချင်မိသေးတယ် … ။ စီနီယာအကို မင်းတပည့်က ပိုတော်လား ဒါမှမဟုတ် ငါရွေးချယ်လိုက်တဲ့လူကပဲ ပိုသာမလား ကြည့်ရတာပေါ့ … ။ ဒါက တကယ့်ကို ရယ်စရာ ကောင်းတာပဲ … ”
ဝမ်လင်းက ခြင်သားရဲပေါ်တွင် ထိုင်နေရင်းဖြင့် ဆက်လက် ကျင့်ကြံလျက် ရှိနေသည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးဖွင့်လာကာ သက်ပြင်းချ၏။
“ငါ့ခန္ဓာကိုယ်က ဒဏ်ရာတွေက အဆင်ပြေသေးတယ်။ ဒါပေမဲ ငါ့မူလစိတ်ဝိညာဉ်ရဲ့ ဒဏ်ရာတွေကတော့ ပြဿနာပဲ။ ဒါ့အပြင် ငါက ဟင်္သာပြဒါးနိုင်ငံမှာ ခုထိ အန္တရာယ် အငွေ့အသက်ကို ခံစားနေရသေးတယ်။ ဒီခံစားချက်က ပိုပိုပြီး အတိအကျ ဖြစ်လာတယ် … ”
အနီရောင်လိပ်ပြာ၏ ဒဏ်ရာတွေကလည်း ငါ့လိုပဲ။ ဒါပေမဲ့ သူမက ချိုးဖျက်မှုတစ်ခု ရရှိခဲ့တယ်။ ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့်ကို မရောက်နိုင်သေးရင် သူ တံခါးပိတ်လေ့ကျင့်ပြီး ထွက်လာတာနဲ့ ငါက သူ့ကို မယှဉ်နိုင်တော့မှာ စိုးရိမ်မိတယ် … ”
ဝမ်လင်းက နက်ရှိုင်းစွာ တွေးလို့နေ၏။ ရုတ်တရက် သူ့အသွင်က ပြောင်းလဲသွားသည်။ ခြင်သားရဲက ပျံသန်းနေရာမှ ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။
ရှေးဟောင်းအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့နောက် ဧရာမ အစီအရင်တစ်ခုသည် ကောင်းကင်ထက်၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ ခြင်းသားရဲကို သိမ်း၍ တည်နေရာ ရွှေ့ပြောင်းသည်။ သို့ရာတွင် သူက ပေတစ်ထောင်ခန့်သာ တည်နေရာ ရွှေ့ပြောင်းနိုင်လိုက်ပြီး သည့်အား မမြင်ရသောအားတစ်ခုက ပိတ်ဆို့ထား၏။
သိပ်မကြာခင်တွင် ကောင်းက်ထက်မှာ အစီအရင်က ရွှေ့လျားလာပြီး ၎င်းထံမှ အားကောင်းသော စိတ်ဝိညာဉ်စုပ်အားစွမ်းအင်များ ထွက်ပေါ်လာခဲ့၏။ ဝမ်လင်းက တုန်လှုပ်နေသည်။ သူက အစီအရင်ထဲသို့ စုပ်ယူခြင်းခံလိုက်ရ၏။
မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ်က အစီအရင်ထဲ၌ ပျောက်ကွယ်သွား၏။
အစီအရင်ကလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေ၏။ သည့်နောက် အဘိုးအို တစ်ယောက်က လှမ်းလျှောက်၍ ထွက်သွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ရွှမ်ယွဲ့နိုင်ငံ … မင်းတို့က ဒီအဖိုးအိုကို ကျေးဇူးတစ်ခု တင်သွားပြီ … ”
သည်လူက ကုန်းစွန်းပို၏ ဘေးနားတွင် ထိုင်နေခဲ့သော လူတစ်ယောက် ဖြစ်သည်။ သူက တမန်တော် အကြီးအကဲတစ်ယောက်ပင် ဖြစ်၏။
ဟင်္သာပြဒါးနိုင်ငံ၏ မြောက်ဘက်ဆုံးပိုင်းရှိ လူသူမရှိ ခြောက်ကပ်သောနေရာတွင် ဧရာမ အစီအရင်ကြီးတစ်ခု ရုပ်တရပ် ပွင့်လာခဲ့ပြီး လူတစ်ယောက်က ၎င်းအထဲကနေ လွင့်ထွက်လာ၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို လေထဲ၌ ရပ်တန့်၏။ သူက သူ့ပတ်လည်ကို ကြည့်လိုက်ရင်း သူ့အသွင်က နက်မှောင်သွား၏။
သူ့ရှေ့တွင် စားပွဲ၊ထိုင်ခုံ၊ ရေနွေးကြမ်းအိုးတစ်စုံနှင့် အကျအနထိုင်နေသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။
သက်လတ်ပိုင်းလူကြီးက ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ပြီး ရေနွေးခွက်ကို ကောက်ယူ၍ တစ်ငုံသောက်၏။ သည့်နောက် သူက ပြောလိုက်သည်။ “ဂျူနီယာ စန်နူး … ငါက ရွှမ်ယွဲ့က ကလန်ခေါင်းဆောင် … လီယွမ်ဖန်ပဲ။ ငါ ဒီမှာရှိနေတာက အနီရောင်လိပ်ပြာအတွက် မင်းအသက်ကို ယူချင်လို့ပဲ … ”
“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် … ”
သူက သက်လတ်ပိုင်းလူကြီး၏ကျင့်ကြံခြင်းအဆင့်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်၏။ သူ့အသွင်က ပို၍ နက်မှောင်သွားသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူက လေဟာနယ်အက်ကြောင်းကို ဖွင့်၍ ကြယ်သံလိုက်အိမ်မြှောင်ကို အသုံးပြုကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
ဝမ်လင်းက သူသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်ကို လုံးဝ မခုခံနိုင်သည်ကို သိ၏။ သူ့အတွက် ထွက်ပြေးရန် တစ်လှမ်းသာ ရှိသည်။
သို့ရာတွင် ဝမ်လင်းမျက်လုံးများက ရုတ်တရက် အေးစက်သွား၏။ ပုံမှန်အားဖြင့် ဝမ်လင်းကျင့်ကြံမှုအဆင့်ဖြင့် သူက သည်လေဟာနယ်အက်ကြောင်းကို လွယ်ကူစွာ ဖွင့်လှစ်နိုင်၏။ သို့သော် ခုချိန်တွင် သူက ၎င်းကို သူ့စွမ်းအင်များအား ကုန်သုံး၍ ဖွင့်လှစ်တာတောင်မှ မဖွင့်လှစ်ဘဲ ဖြစ်နေခဲ့သည်။
သည်အရာက သူ့ကျင့်ကြံခြင်း အဆင့်ကျသွားသောကြောင့် မဟုတ်ချေ။ သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းဖြစ်နေလျှင်ပင် ၎င်းလေဟာနယ် အက်ကြောင်းကို လွယ်ကူစွာ ဖွင့်လှစ်နိုင်၏။
သက်လတ်ပိုင်းလူကြီးက ရေနွေးကြမ်းသောက်နေရင်း ခေါင်းယမ်းနေသည်။ “ကောင်လေး … မင်း ဒီလိုထွက်မပြေးနိုင်အောင် ငါက ဒီနေရာရဲ့ လေဟာနယ်ကို ချိပ်ပိတ်ထားတယ်။ မင်းရဲ့ ကြယ်သံလိုက်အိမ်မြှောင်ကလည်း ဒီနေရာမှာ ခုဆိုရင် အမှိုက်တစ်စလိုပဲ … ”
ဝမ်လင်းက တည်နေရာရွှေ့ပြောင်းရန် ပြင်လိုက်ပြန်သည်။ သို့သော် သူ့မျက်လုံးများက ပို၍ အေးစက်သွားခဲ့၏။ သူက တည်နေရာ ရွှေ့ပြောင်းခြင်း ပြုလုပ်၍ မရတော့ချေ။
ကြယ်သံလိုက်အိမ်မြှောင်ကလည်း အသုံးမဝင်တော့သလို တည်နေရာရွှေ့ပြောင်းခြင်း ကလည်း ထို့အတူသာ ဖြစ်နေခဲ့၏။ သည်လူက သူလွတ်မြောက်နိုင်စွမ်း မရှိအောင် သည်လို ထောင်ချောက်ဆင်နိုင်ရန် ကြိုတင်ပြင်ဆင်ခဲ့ပေသည်။
ဝမ်လင်းက ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထို့နောက် နောက်သို့ လျင်မြန်စွာ ဆုတ်၏။
သက်လတ်ပိုင်းလူကြီးက နောက်ထပ် ရေနွေးကြမ်းတစ်ခွက်ကို ညင်သာစွာ မှုတ်၍ သောက်နေ၏။ သူက တစ်ငုံသောက်၍ ခွက်ကို ပြန်ချကာ မတ်တတ်ထရပ်သည်။ သူက ခေါင်းယမ်း၍ ပြောလိုက်၏။ ငါက ပုံမှန်ဆို ဒီလိုမလုပ်ဘူး။ ဒါပေမဲ့ ခုချိန်မှာ ငါ့ရည်ရွယ်ချက်က စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းတစ်ယောက်ကြောင့် ပျက်စီးသွား မှာ မဖြစ်ချင်တဲ့ အတွက် ဒီလိုမျိုး စီစဉ်ခဲ့တာပဲ။ စန်နူး … မင်းက ဒီတစ်ကြိမ် ကျိန်းသေပေါက် သေရမယ် … ”
သူက ဝမ်လင်းနောက်သို့ လိုက်လေ၏။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်း၏အမြန်နှုန်းနှင့် တူညီစွာ ပျံသန်းနေ၏။ သူက ကြောင်ကကြွက်ကို ကစားသလိုမျိုး ခပ်ဖြည်းဖြည်းချင်း ဝမ်လင်းကို ဖမ်းဆီးရန် ကြံနေခဲ့သည်။
ဝမ်လင်းအသွင်က ပို၍ နက်မှောင်လာ၏။ သူက သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူသည်။ သည့်နောက် စိတ်ဝိညာဉ်စွမ်းအင် အချို့ဖြည့်သွင်းပြီး အပြာရောင် မီးတောက် တစ်ခုကို ဖြစ်ပေါ်စေ၏။ သည်မီးတောက်က ပေါ်လာပြီး ချက်ချင်း ပြန်ပျောက်ကွယ် သွားသည်။
“စွန်ထိုင် … မြန်မြန်လာခဲ့တော့ … ”
ဝမ်လင်းက သက်ပြင်းချမိသည်။
သိပ်မကြာခင်တွင် သူက လျင်မြန်စွာ ရပ်တန့်လိုက်ရ၏။ သူ့ရှေ့တွင် လူသုံးယောက် ရှိလို့နေ၏။
သူတို့သုံးယောက်လုံးက အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ထားပြီး မျက်နှာကို ဖုံးကွယ်ထားကြ၏။ အလယ်ရှိ လူကြီးက ရှေ့သို့ တစ်လှမ်းတိုးလာ၏။ သူ့ထံမှ ဖိနှိပ်နိုင်သော အော်ရာတစ်ခု ပေါ်ထွက်နေ၏။
“နောက်ထပ် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ … ”
ဝမ်လင်းနှလုံးသားက အလွန်ခါးသီးမှုကို ခံစားနေရသည်။
ထိုအခိုက်တွင် သက်လတ်ပိုင်း လူကြီးကလည်း ရောက်ရှိလာခဲ့၏။ သူက ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်တန့်လိုက်ပြီး ပြောသည်။
“ဆက်ပြေးဖို့ မလိုတော့ဘူး စန်နူး … ။ ဒီနေ့က မင်းသေမဲ့နေ့ပဲ … ”
ထိုသို့ပြောပြီးနောက် သူက ညာလက်ကိုမြှောက်၍ ဝမ်လင်းထံသို့ညွှန်သည်။ လေပွေတော့တစ်ခုက ရုတ်တရက် ဖြစ်ပေါ်လာပြီး ဝမ်လင်းထံသို့ တိုးဝင်လာ၏။
ဝမ်လင်းက နောက်သို့ အမြန်ဆုတ်၏။ သူက ကောင်းကင်ဘုံဓားကို ထုတ်၍ လေပွေထံသို့ ရိုက်ချ၏။ ဓားစွမ်းအင်များက လေပွေကို အပိုင်းပိုင်းဖြစ်သွားစေပြီး သက်လတ်ပိုင်းလူကြီး ထံသို့ တိုးဝင်လာ၏။
သက်လတ်ပိုင်း လူကြီးက လှောင်ပြုံးပြုံး၏။ သူက ဓားစွမ်းအင်ကို လက်ဖြင့်ဖမ်း၍ ဖိချေပစ်သည်။
“ဒါက ဘာလဲ … ”
သက်လတ်ပိုင်းလူကြီးက အနည်းငယ် အံအားသင့်သွားသည်။ သူ့ညာလက်က အနည်းငယ် ထုံကျဉ်သွားသည်ကို ခံစားလိုက်ရ၏။
ဝမ်လင်းက ထပ်မံ၍ သက်ပြင်းချမိသည်။ သူ့ကျင့်ကြံမှုအဆင့်က လျော့ကျသွားပြီးနောက် သူ့စိတ်ဝိဉာည်စွမ်းအင် များသည်လည်း ရှုပ်ထွေးနေခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်ကလည်း ထိခိုက်နေခဲ့သည့်အခါ သူက အနီရောင်လိပ်ပြာကို တိုက်ခိုက်ခဲ့သော စွမ်းအားများကို မဖော်ထုတ်နိုင်တော့ချေ။
ဝမ်လင်းက အံကြိတ်၍ နောက်သို့လှည့်ကာ တစ်ဖန်ထွက်ပြေးရန် ကြိုးစား၏။
ထိုအခိုက်တွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်၏။ သူက ဝမ်လင်းကို လျှပ်စီးတန်းတစ်ခုအလား တိုးဝင်သွား၏။ သည့်နောက် ဝမ်လင်းနောက်ကျောပေါ်သို့ လက်ဝါးတစ်ခု ကျရောက်လာခဲ့လေ၏။
ဝမ်လင်းက နာကျင်စွာ ငြီးတွားလိုက်ရ၏။ သူက သူ့လက်ကျန်စိတ်ဝိညာဉ် စွမ်းအင်များကို နောက်ကျောသို့ ပို့လွှတ်ခြင်းနှင့် ကောင်းကင်ဘုံဓားကို အသုံးပြုခြင်းတွင် အာရုံစိုက်ထားလိုက်သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က စွမ်းအားပြည့်သော အားတစ်ခုကြောင့် ပေတစ်ထောင်ရှိ မြေပေါ်သို့ လွင့်စဉ်သွားရ၏။ သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။ သည်သွေးများတွင်သူ့ ကိုယ်တွင်း အင်္ဂါများ၏ အချို့အစိတ်အပိုင်း များပင် ပါဝင်နေ၏။
ဝမ်လင်းမျက်နှာက လူသေတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ခုချိန်တွင် သူက အစကထက် ပိုသော ဒဏ်ရာများစွာ ထပ်မံ၍ ရရှိသွားပြန်သည်။
ဝတ်စုံနက်နှင့်လူက လက်ဆန့်တန်း၍ ဝမ်လင်းလက်ထဲက ကောင်းကင်ဘုံဓားကို လှမ်းယူလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“ဒါက ဓားကောင်းတစ်လက်ပဲ။ အထဲမှာ ဓားစိတ်ဝိညာဉ်တောင် ပါနေသေးတယ်။ မဆိုးပါဘူး … ”
သက်လတ်ပိုင်းလူကြီး ပြုံး၍ ပြောလိုက်သည်။
“ ဒီဓားက ရောင်းရင်းအပိုင်။ ဒါပေမဲ့ နတ်ဘုရားပြစ်ဒဏ်ကို ဆင့်ခေါ်နိုင်တဲ့ အလံကတော့ ငါယူမှာနော် … ”
ဝတ်စုံနက်နှင့် အဘိုးအိုက ရယ်မော၍ ပြန်ပြောသည်။
“ကောင်းပါပြီ။ ကြယ်သံလိုက်အိမ်မြှောင် ကတော့ နဂိုထဲက ငါတို့ကလန်က အပိုင်ပဲ။ ဒါ့ကြောင့် ငါက ဒါကို ပြန်ယူသွားရမယ် … ”
သက်လတ်ပိုင်းလူကြီးက ခေါင်းညိတ်၍ ပြော၏။
“ဒါပေါ့ … ”
ဝမ်လင်းက ကြိုးစားရုန်းကန်၍ ထလာခဲ့၏။ ဒဏ်ရာများကြောင့် သူ့ခြေထောက်များက အနည်းငယ်တုန်ခါနေသည်။
ရှုတ်ချသောဟန်ပန်ဖြင့် သူက ဝတ်စုံနက်အဘိုးအိုကို ပြောလိုက်သည်။
“ဘီလူးနတ်ဆိုးကလန် … ”
အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။ ထိုအခါ မီးခိုရောင်ဆံပင်များနှင့် အဘိုးအိုတစ်ယောက်အသွင် ထွက်ပေါ်လာ၏။ သို့သော် သူ့မျက်လုံးများ ကတော့ လရောင်ကဲ့သို့ ရှိနေ၏။
သူက ဝမ်လင်းကို ကြည့်၍ ရယ်မောသည်။
“ဂျူနီယာ စန်နူး … ဒီအဘိုးအိုက တကယ်ပဲ ဘီလူးနတ်ဆိုးကလန်ကပါ။ ကောင်းကင်ဘုံနယ်မြေတုန်းက မင်းက ငါ့တို့ကလန်ရဲ့ လူငယ်ဆရာသခင်ဆီက ကြယ်သံလိုက်အိမ်မြှောင်ကို ခိုးယူခဲ့တယ်။ ဒါ့ကြောင့် ငါက ဒီနေ့ ဒီနေရာကို ရောက်လာခဲ့ရတာပဲ။ မင်း စိတ်မရှိဖို့ မျှော်လင့်ပါတယ် … ”
ဝမ်လင်းအကြည့်များက နက်မှောင်နေသည်။ သူ့ညာလက်က သိုလှောင်အိတ်ထဲက ဆေးလုံးကို ယူသောက်လိုက်ချိန်တွင် တုန်ခါလို့နေ၏။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူနှစ်ယောက်ရှေ့တွင် ထိုဆေးလုံးများကို သောက်လိုက်၏။ ထို့နောက်သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် မွန်းစတားနှစ်ယောက်က ငါ့ကို သတ်ဖို့ တစ်ပြိုင်နက်တည်း ရောက်လာခဲ့တယ်။ ဒါက ငါ့အတွက် ဂုဏ်ယူစရာပဲ။ ငါက ဒါကို မှတ်ထားပါ့မယ် … ”
သက်လတ်ပိုင်းလူကြီးက ပြုံး၍ ပြောလိုက်၏။
“မှန်တာပေါ့။ မင်းက သေသွားမယ်ဆိုရင်တောင် ပြုံးပြီး သေသင့်တယ်။ မင်းရတနာတွေ ကတော့ ငါတို့ကို တကယ် စိတ်ဝင်စားမိစေတယ် … ”
ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းထံသို့ ထပ်မံ၍ လက်ညွှန်လိုက်၏။
သည်တစ်ကြိမ်၌ သက်လတ်ပိုင်းလူကြီး၏ လက်ချောင်းထဲကနေ စိတ်ဝိညာဉ်စွမ်းအင် စုပ်အားတစ်ခုက သူ့ထံသို့ တိုးဝင်လာ၏။
ဝမ်လင်းက သူ့စိတ်ဝိညာဉ်စွမ်းအင်ကို အနည်းငယ် တည်ငြိမ်အောင်လုပ်ပြီး အတားအဆီး အလံကို ထုတ်ကာ ဝှေ့ရမ်း၏။ အတားအဆီးအခိုးအငွေ့များက စိတ်ဝိညာဉ်စုပ်အားကို ပိတ်ဆို့သည်။
အတားအဆီး အခိုးအငွေ့များက ပျက်စီးကုန်၏။ သို့သော် ဝမ်လင်းထံသို့ ဦးတည်နေသော စိတ်ဝိညာဉ်စွမ်းအင်များကိုလည်း တားဆီပေးနိုင်လိုက်၏။
သက်လတ်ပိုင်းလူကြီးက ဝမ်လင်းလက်ထဲရှိ အတားအဆီးအလံကို ကြည့်၍ သူ့မျက်လုံးများက တလက်လက်ဖြစ်နေသည်။ သူက ပြုံး၍ ပြောလိုက်သည်။
“ဒီအလံလေးက တကယ်ကောင်းတာပဲ။ ငါက ဒါကို သေချာလေ့လာကြည့်ရမယ် … ”
သူ့အမြင်အရ စန်နူးသည် သေဆုံးရန် သေချာနေပြီ ဖြစ်သည်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူနှစ်ယောက်က ခုလိုစိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကလေးကို မသတ်နိုင်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ချေ။
ဝမ်လင်းမျက်နှာက ပို၍ပို၍ ဖြူရော်လာပြီး သူ့စိတ်နှလုံးထဲတွင်လည်း မျှော်လင့်ချက် ပျက်သုန်းနေခဲ့ပြီ ဖြစ်သည်။ သူ့မူလခန္ဓာကိုယ်ကလည်း သည်နေရာကို လုံးဝမလာနိုင်ချေ။ အလွန်ဝေးကွာလှသည်ကို ထည့်မတွက်ဘူးဆိုရင်ပင် သူ့မူလခန္ဓာကိုယ်က သည်နေရာကို လာနိုင်မည် မဟုတ်ချေ။ အကယ်၍ လာခဲ့လျှင် သူက အစစ်အမှန်သေဆုံးရလိမ့်မည် ဖြစ်သည်။
သူက စွန်ထိုင်ရောက်သည့်အထိ အချိန်ဆွဲထားရန်သာ ရှိတော့၏။ သူ့တွင် ထိုနည်းလမ်း တစ်ခုသာ ကျန်တော့၏။
သို့ရာတွင် သူ့စိတ်ဝိညာဉ် စွမ်းအင်များသည်လည်း အတားအဆီးအလံကို အသုံးပြုလိုက် ရသည့် အတွက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ် စွမ်းအင်များ မကျန်တော့ချေ။
သက်လတ်ပိုင်း လူကြီးက ထပ်မံ၍ လက်ညွှန်ရန် ဟန်ပြင်လိုက်စဉ် ဝတ်စုံနက် အဘိုးအိုဘေးရှိ လူနှစ်ယောက်ထဲက တစ်ယောက်က ရှေ့သို့တိုး၍ လေးစားစွာ ပြောလိုက်သည်။ “ဘိုးဘေး…ဒီလူ့ကို ငါကိုယ်တိုင် လက်စားချေချင်ပါတယ်…”
သက်လတ်ပိုင်းလူကြီးက သူ့လက်ကို အောက်သို့ ပြန်ချပြီး ဘီလူးနတ်ဆိုးကလန်က ဘိုးဘေးကို ကြည့်လိုက်၏။
ဘိုးဘေးက ခေါင်းညိတ်ပြသည်။
ထိုအခါ ဝတ်စုံနက်နှင့်လူက လှည့်၍ သူ့မျက်နှာဖုံးကို ချွတ်လိုက်သည်။ သည်လူကတော့ ချီဟူပင် ဖြစ်လေ၏။
ချီဟူ၏မျက်လုံးများက တည်ငြိမ်နေသည်။ သူက ဝမ်လင်းထံသို့ ပျံသန်းလာ၏။
“ချီဟူ…” ဝမ်လင်းက လက်ထဲတွင် အတားအဆီးအလံကို ကိုင်ထားရင်း သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာခဲ့၏။
“စန်နူး…မင်း သေခြင်းတရားကို လက်ခံစမ်း…”
ချီဟူက ထိုသို့ ဟစ်ကြွေး၏။ သို့သော် သူ့မျက်လုံးက ထူးဆန်းနေ၏။ သူက စိတ်ဝိညာဉ် စွမ်းအင်လှိုင်းတစ်ခုကို လက်တွင်စုစည်း၍ ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်သည်။
ဝမ်လင်းက ချီဟူ၏ အကြည့်ကို မြင်သည့်အခါ သူ့နှလုံးသားက တစ်ချက် လှစ်ခနဲ ဖြစ်သွား၏။
ဝမ်လင်းထံသို့ ပျံသန်းလာနေသော စိတ်ဝိညာဉ်စွမ်းအင်လှိုင်း များသည် တိုက်ခိုက်ခြင်း စွမ်းအားများ မပါဝင်ဘဲ ၎င်းစွမ်းအင်လှိုင်းက ဝမ်လင်းခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ သိပ်မကြာခင်တွင် ဝမ်လင်းခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များ စတင်ပြည့်နှက်လာ၏။ .
***