Switch Mode

အပိုင်း (၄၁၂)

လျှို့ဝှက်ကြံစည်မှု

အနီရောင်လိပ်ပြာက သွေးတစ်လုတ်အန်ထုတ်လိုက်ရ၏။ သူ့မူလစိတ်ဝိညာဉ်က ထိခိုက်သွားပြီ ဖြစ်၏။ သူမ မျက်လုံးထဲတွင် အမုန်းတရားများ ပြန်လည်နေရာယူလာ၏။

ဝမ်လင်း မူလစိတ်ဝိဉာည်က သူ့ခန္ဓာကိုယ်သို့ ပြန်ဝင်လာခဲ့သည်။ သူ့မျက်နှာက အလွန်ဖြူရော်နေ၏။ အနီရောင်လိပ်ပြာနှင့် နယ်ပယ်ချင်း ယှဉ်ပြိုင်တိုက်ခိုက်ရာ၌ သူက တည်ငြိမ်သည်ဟု ထင်ရသော်လည်း သည်တိုက်ပွဲက အန္တရာယ်အများဆုံး အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။

အနီရောင်လိပ်ပြာ၏ ဉာဏ်ရည်ဓားက ကျဆင်းလာသည့်အခါ သူ့မူလစိတ်ဝိညာဉ်က ထိခိုက်သွားခဲ့သည်။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်သို့ ရောက်သည့်အချိန်တွင် သူ့သေခြင်းရှင်ခြင်းနယ်ပယ်က တိုးတက်လာခြင်းကြောင့်သာ မဟုတ်လျှင် သူ့မူလစိတ်ဝိညာဉ်က ပျက်စီးနေခဲ့ပြီ ဖြစ်သည်။

အခုချိန်၌ သူ့သေခြင်းရှင်ခြင်း နယ်ပယ်က အနီရောင်လိပ်ပြာ၏နယ်ပယ်ထက် အနည်းငယ် သာလွန်နေခဲ့ပေသည်။ သည့်အတွက်ကြောင့်လည်း အနီရောင်လိပ်ပြာ ပြောခဲ့သလို ကောင်းကင်ဘုံ၏ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက ပင်ကိုယ်အားဖြင့် ရက်စက်လှသည်။

သို့ရာတွင် ရက်စက်မှုနှင့် စိတ်ခံစားချက် မဲ့မှုတို့ကြားတွင် မျဉ်းပါးလေးတစ်ခု ရှိနေ၏။

အမှန်တော့ ကျင့်ကြံသူများကြား နယ်ပယ်အချင်းချင်း တိုက်ခိုက်ခြင်းက သူတို့၏ ကိုယ်ပိုင်တာအိုလမ်းကြောင်းကို သက်သေပြခြင်း မည်၏။

“ငါနားလည်ပြီ … ”

အနီရောင်လိပ်ပြာက ဝမ်လင်းထံသို့ ကြည့်နေစဉ်တွင် ထူးဆန်းသော အလင်းတစ်ခုက သူ့မျက်လုံးထဲကနေ ထုတ်လွှတ်နေ၏။ သူမ၏ အမုန်းတရားများ ပျောက်ကွယ်သွား၏။ သူမက ဝမ်လင်းနှင့် ပထမဆုံး တွေ့ဆုံချိန်တုန်းကလို လုံးဝပြန်၍ အေးစက်သွားပြီး ခံစားချက်မဲ့အကြည့်ကို ပြန်ပိုင်ဆိုင်သွား၏။

ဝမ်လင်းနှလုံးသားက နားလည်သွား၏။ အနီရောင်လိပ်ပြာက အမှန်တကယ်ကို့ ပါရမီရှင်ပင်။ သူမက သည်နယ်ပယ်တိုက်ပွဲကနေ တစ်စုံတစ်ရာကို ပြန်လည် ရရှိသွားနိုင်စွမ်း ရှိခဲ့သည်။ သည်အမျိုးသမီးကို သတ်ကိုသတ်ရပေမည်။ မဟုတ်လျှင် ဝမ်လင်းက အနာဂတ်တွင် တစ်ရက်တောင် ငြိမ်းချမ်းစွာ နေရလိမ့်မည် မဟုတ်ချေ။

ဝမ်လင်းက လှုပ်ရှား၏။ သူက သိုလှောင်အိတ်ထဲက အတားအဆီးအလံကို ထုတ်ယူ၏။ အတားအဆီး အခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင်လှံရှည်တစ်ခုအသွင်သို့ ပြောင်း၏။

အတားအဆီး အခိုးငွေ့များက လှံရှည်ထဲသို့ ပို၍ ဝင်ရောက်လာလေလေ အသံများကလည်း ပို၍ ထွက်ပေါ်လာ၏။ လှံရှည်က ပို၍ပို၍ ကြီးမားလာပြီး အားကောင်းသော အော်ရာကို ပိုင်ဆိုင်လာ၏။

အတားအဆီး အခိုးငွေ့များအားလုံး လှံရှည်တွင် စုစည်းမိသွား၏။ သည်အရာက အတားအဆီး အလံ၏ ပထမ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ပြီးသည့်အခါ ဖြစ်ပေါ်လာသည့် အထွတ်အထိပ် စွမ်းအား ဖြစ်ပေ၏။

ဝမ်လင်းက လက်ထဲရှိ လှံရှည်ကို ကိုင်၍ ရှေ့သို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။ သူ့အခြား လက်တစ်ဖက်ကတော့ ကောင်းကင်ဘုံဓားကို လွှဲယမ်း၍ ခုတ်သည်။

ဘုန်း … ။

ဧရာမရေခဲရုပ်ကြီးက မာန်သွင်း၍ လေထဲသို့ ခုန်တက်ကာ ဝမ်လင်းထံသို့ လက်သီးတစ်လုံး ပစ်သွင်း၏။

သို့ရာတွင် လှံရှည်နောက်တွင် ဓားစွမ်းအင်က ကပ်ပါလာ၏။ ထို့ကြောင့် မည်သည့်ခုခံမှုမှ မရှိဘဲဖြင့် ကျရောက်လာသည်။

ဘန်း … ။

ရေခဲရုပ်ကြီးက နာကျင်စွာအော်ဟစ်၏။ ၎င်းရေခဲရုပ်ကြီးက ဘယ်ဘက်လက်ဖြင့် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အတားအဆီး အခိုးအငွေ့များကို ဖြိုချပစ်သည်။ သို့ရာတွင် လှံရှည်က သူ့ခန္ဓာကိုယ်ထဲရှိ အနီရောင်လိပ်ပြာကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ရေခဲရုပ်ကြီး၏ လည်ပင်းကို ထိုးစိုက်ခြင်းသာ ဖြစ်၏။

ဘုန်း … ။

ဧရာမရေခဲရုပ်ကြီး၏ မျက်လုံးက မှိန်ဖျော့သွားပြီး မြေပြင်ထက်သို့ လဲကျသည်။ အနီရောင်လိပ်ပြာက အသက်ဝဝရှူသွင်း၍ သူမမျက်ခုံးနှစ်ခုကြားကို လက်ညွှန်၏။ ထို့နောက် သူမက ရေခဲရုပ်ကြီးထဲကနေ ထွက်ပေါ်လာပြီး လေထဲ၌ လွင့်မျောနေသည်။ သူမ၏ ခုလက်ရှိ ခန္ဓာကိုယ်သည် အလွန်အားနည်းနေခဲ့ပြီ ဖြစ်သည်။ သူမ၏ အသက်ကယ် ရတနာများကလည်း အသုံးပြုခဲ့ပြီးပေပြီ။ သူမ နယ်ပယ်ကိုယ်ပွားကလည်း ဖျက်ဆီးခံရပြီးလေပြီ။ သူမ မူလစိတ်ဝိညာဉ် ကလည်း ဒဏ်ရာပြင်းထန်စွာ ရရှိနေခဲ့ပြီ ဖြစ်သည့်အပြင် သူမ၏ ဧရာမရေခဲရုပ်ကြီး ကလည်း ဖျက်ဆီးခံခဲ့ရသည်။ ခုချိန်၌ သူမက အတိတ်တုန်းက ကောင်းကင်ဘုံ နယ်မြေမှာကဲ့သို့ အားနည်းလွန်းနေခဲ့လေပြီ။

သို့သော် သူမက ဉာဏ်အလင်းတစ်ခု ခံစားမိနေ၏။ သူမက တိုက်ခိုက်လိုစိတ် ဆက်၍ မရှိတော့ချေ။ သူမက သည်ဉာဏ်အလင်း ခံစားချက်ကိုသာ နားလည်သွားပါက စန်နူးကို သတ်ခြင်းသည် သူမ ရိုးရှင်းစွာ လက်ဝှေ့ယမ်းလိုက်ရုံသာ ဖြစ်သည်ဟု ခံစားမိနေသည်။

မရေမတွက်နိုင်သော အက်ကွဲကြောင်းများက ရေခဲရုပ်ကြီးပေါ်၌ ဖြစ်ပေါ်နေသည်။ ၎င်းက မြေကြီးပေါ်သို့ လဲကျ၍ ပြိုကျပျက်စီးသွားသည်။ ရေခဲအားလုံးကလည်း အရည်ပျော်ကြကုန်၏။ ထိုအခါ သန့်စင်သော အဖြူရောင် ကျာပွတ်တစ်ချောင်း ထွက်ပေါ်လာ၏။

အနီရောင်လိပ်ပြာက သူမလက်ကို ဝှေ့ရမ်းလိုက်ရာ စိတ်ဝိညာဉ်ကျာပွတ်က သူမထံသို့ ပျံသန်းလာ၏။

သူမက ဝမ်လင်းကို မည်သို့ အောင်မြင်ခွင့်ပြု နိုင်မည်နည်း။ ထိုအခိုက်တွင် လှံရှည်က အနက်ရောင် ကျာပွတ်အသွင်ပြောင်း၍ စိတ်ဝိညာဉ်ကျာပွတ်ကို လျင်မြန်စွာ ချုပ်နှောင်သည်။

အနီရောင်လိပ်ပြာအသွင်က ပြောင်းလဲသွားပြီး သူမက အော်ဟောက်၏။

“နင် လုပ်ရဲလား…”

“ငါက ဘာလို့ မလုပ်ရဲရမှာလဲ…”

ဝမ်လင်းက ရယ်မော၍ စိတ်ဝိညာဉ်ကျာပွတ်ကို သူ့ထံသို့ ဆွဲ၏။ သူက ကောင်းကင်ဘုံဓားကို အနီရောင် လိပ်ပြာထံသို့ ဝှေ့ယမ်းခုတ်ချပြီး စိတ်ဝိညာဉ်ကျာပွတ်ကို ပြန်လုယူ တိုက်ခိုက်ခြင်းထံမှ ကာကွယ်၏။

အနီရောင်လိပ်ပြာ၏မျက်နှာက ရှုံ့တွသွားသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူမက ဓားစွမ်းအင်ကို ရှောင်၍ ဝမ်လင်းကို နှာခေါင်းရှုံ့သည်။

“စန်နူး… ဒီစိတ်ဝိညာဉ်ကျာပွတ်က ကောင်းကင်ဘုံ ကျောက်စိမ်းကလန်က ချိပ်ပိတ်ထားတာ။ နင် ဒါကို ခိုးသွားရင်တောင် အသုံးပြုနိုင်စွမ်း ရှိမှာ မဟုတ်ဘူး…”

သူမက ထိုသို့ပြောပြီးနောက် အနီရောင်လိပ်ပြာ၏ နဖူးပေါ်ရှိ အနက်ရောင် အစင်းကြောင်းတစ်ခုက မှိန်ဖျော့သွားပြီး သူမက သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

သူမနယ်ပယ်ကိုယ်ပွားက သည်တိုက်ပွဲတွင် ပျက်စီးသွားခဲ့ရသည်။ ထို့ကြောင့် သူမက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ အခက်အခဲမရှိ ရောက်ရှိရန် နည်းလမ်းပါ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ သို့သော် သည်တိုက်ပွဲကနေ သူမရရှိခဲ့သော ဉာဏ်အလင်းကြောင့် သူမသည် သည်ဆယ်စုနှစ် အနည်းငယ်အတွင်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိမည်ကို ယုံကြည်ချက်ရှိနေ၏။

သူမက အသက်ဝဝရှူသွင်းလိုက်၏။ အလင်းတန်းလေးခုက သူမ ပတ်လည်၌ ပေါ်ထွက်လာခဲ့သည်။

သတ္တုစိတ်ဝိညာဉ်၊ သစ်သားစိတ်ဝိညာဉ်၊ ရေစိတ်ဝိညာဉ်၊ မီးစိတ်ဝိညာဉ်။

မြေစိတ်ဝိညာဉ်ကလွဲ၍ အခြားဒြပ်စင်လေးခု စိတ်ဝိညာဉ်အားလုံး ပေါ်ထွက်လာကြ၏။

သည်ဒြပ်စင် စိတ်ဝိညာဉ်များက အနီရောင်လိပ်ပြာ၏ အတုမဲ့ရတနာများ ဖြစ်သည်။ သည်အရာများက သူမ၏ အရင်းမြစ်အခြေခံဖြစ်၏။ သူမ၏ အရည်အချင်း များသည် သည်အရာများထံကနေ ဖြစ်တည်လာခြင်းပင်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် စိတ်ဝိညာဉ်ကျာပွတ်ကို စစ်ဆေးကြည့်၏။ သည်ကျာပွတ်ပေါ်ရှိ အားကောင်းသော ချိပ်ပိတ်မှုတစ်ခု ရှိနေသဖြင့် သူ့နတ်ဘုရားအာရုံက ၎င်းကို ဖြတ်၍ ကြည့်မရချေ။

ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက စိတ်ဝိညာဉ်ကျာပွတ်ကို သိုလှောင်အိတ်ထဲသို့ သိမ်း၏။ ထို့နောက် ဒြပ်စင်လေးခု စိတ်ဝိညာဉ်များကို စူးစိုက်ကြည့်သည်။

ယနေ့တိုက်ပွဲတွင် ဝမ်လင်းက ပြင်းထန်စွာ ဒဏ်ရာ ရခဲ့သည်။ သူ့ခန္ဓာကိုယ်အပြင် မူလစိတ်ဝိညာဉ်ပါ ထိခိုက်ခဲ့ရသည်။ သည်နေ့တိုက်ပွဲသည် ခါးသီးသော တိုက်ပွဲတစ်ခုဟု ဆို၍ ရ၏။

ဝမ်လင်း မျက်လုံးများက အေးစက်လာသည်။ သူက တွေးလိုက်၏။

“ဒြပ်စင်စိတ်ဝိညာဉ် လေးခု… ငါ့ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့က ဒါတွေကို အသုံးပြုနိုင်ရင် ဒီနေ့မျာ ပြည့်စုံခြင်း အဆင့်ကို ရောက်နိုင်လိမ့်မယ်…”

အနီရောင်လိပ်ပြာက ဝမ်လင်းကို ကြည့်နေရင်း သူမက ချိပ်တံဆိပ်တစ်ခုပြုလုပ်ကာ ပြောလိုက်၏။

“ စိတ်ဝိညာဉ်လေးခု…သတ်ဖြတ်ခြင်း အစီအရင်…”

ထိုသို့ပြောပြီးနောက် သူမက လှည့်၍ ထွက်ခွာ၏။ သူမက ခုချိန်တွင် တိုက်ခိုက်လိုခြင်း မရှိသေးဘဲ သည်နေရာကနေ ထွက်ခွာသွားလိုနေ၏။

ဝမ်လင်းက သူမနောက်သို့ လိုက်လံရန် ပြင်လိုက်စဉ် ဒြပ်စင် စိတ်ဝိညာဉ်လေးခုသည် ဝမ်လင်းထံသို့ တိုးဝင်လာကြ၏။

ဝမ်လင်းက အတားအဆီးအလံကို လှုပ်ယမ်း၍ နောက်ထပ် လှံတစ်ခုကို ဖြစ်ပေါ်စသည်။ သူက လှံဖြင့် အရှေ့က စိတ်ဝိညာဉ်ကို ထိုးဆိုက်သည်။ စိတ်ဝိညာဉ်နှင့်လှံတို့က ထိပ်တိုက်တွေ့၏။

ဝမ်လင်းက ညာဘက်လက်ဖြင့် ကောင်းကင်ဘုံဓားကို ခုတ်ပိုင်းသည်။ သို့သော် သစ်သား စိတ်ဝိညာဉ်နှင့် သတ္တုစိတ်ဝိညာဉ်တို့က ၎င်းဓားချက်ကို ပိတ်ဆို့ပြီး သူ့အနီးသို့ တိုးလာ၏။

ဝမ်လင်းက နှာခေါင်းရှုံ့သည်။ အတိတ်တုန်းက သူ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိခါစတွင် စိတ်ဝိညာဉ်တစ်ကောင်ကို အနိုင်ရရန် များစွာအားထုတ်ရမည် ဖြစ်သည်။ သို့ရာတွင် အခုသူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့်အတွက် အနီရောင်လိပ်ပြာထံကနေ သည်စိတ်ဝိညာဉ်များကို မည်သို့ ခိုးယူရန် အစီအစဉ်ချထားပြီး ဖြစ်နေခဲ့သည်။

သည်အခိုက်တွင် သူ့မျက်လုံးများက တည်ငြိမ်နေ၏။ သူက သိုလှောင်အိတ်ထဲက ပန်းပုရုပ်ကိုးခုကို ထုတ်ယူသည်။ သည်ပန်းပုရုပ်များတွင် အချိန်နယ်ပယ် ပါဝင်၏။ သည်ကိုးခုထဲတွင် နှစ်ခုကလွဲလို့ ကျန်သည့်ခုနှစ်ခုက ပြန်လည်မွေးဖွားခြင်း သစ်သားဖြင့် ထွင်းထုထားခြင်း ဖြစ်လေ၏။ သည်သစ်သားက အချိန်နယ်ပယ်၏ စွမ်းအားကို ပို၍ တိုးတက်စေခဲ့သည်။

ဝမ်လင်းက ညင်သာစွာ ပြော၏။

“အချိန်…”

မမြင်ရသောလှိုင်းများ ရုတ်တရက် ပျံ့နှံ့လာပြီး စိတ်ဝိညာဉ်လေးခုက ခဏတာ ရပ်တန့်သွားသည်။

ဝမ်လင်း အမြန်နှုန်းက ပို၍ မြန်ဆန်သွား၏။ သူက ချက်ချင်းပင် သတ္တုစိတ်ဝိညာဉ်ကို ဖမ်းဆုပ်၍ ခြေတစ်လှမ်းဖြင့် သစ်သားစိတ်ဝိညာဉ်ကိုပါ ဖိနှိပ်လိုက်သည်။ ထိုသို့ပြုလုပ်ပြီးနောက် သူက ကျန်သည့်စိတ်ဝိညာဉ်နှစ်ခုကို လျစ်လျူရှုပြီး အနီရောင်လိပ်ပြာနောက်သို့ လိုက်၏။

ပေတစ်ထောင်ကျော်သို့ ရောက်နှင့်နေသော အနီရောင်လိပ်ပြာ၏ မျက်နှာက ဖြူရော်သွားသည်။ သူမက စန်နူးသည် သည်တိုက်ပွဲပြီးသည့်နောက် ခုလိုအားကောင်းသော ရတနာတစ်ခု ထပ်၍ ရှိနေလိမ့်မည်လို့ မျှော်လင့်မထားချေ။ သူမ စိတ်ထဲ၌ ခါးသက်မှုကို ခံစားမိသည်။ မည်သို့ပင်ဖြစ်စေ သူမက သည်နေ့တွင် သည်လူ့ကို သတ်ရပေမည်။ သူမက ရတနာများအားလုံးကို အသုံးပြုပြီးခဲ့ပြီ ဖြစ်၏။ သူမတွင် ဝမ်လင်းထက် အနည်းငယ်သာသော စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ပင် သူ့ကို တစ်ချီတည်းဖြင့် သတ်ဖြတ်ရပေမည်။

သူမမျက်လုံးများက နက်မှောင်လာ၏။ သူမက ပြောလိုက်သည်။

“ သတ္တုစိတ်ဝိညာဉ် …ပေါက်ကွဲစမ်း…”

ဝမ်လင်းလက်ထဲရှိ သတ္တုစိတ်ဝိညာဉ်က ချက်ချင်း တုန်ခါသွားပြီး အဖျက်အဆီး အော်ရာများ ထုတ်လွှတ်လာ၏။ ဝမ်လင်းက သတ္တုစိတ်ဝိညာဉ်ကို လက်လွှတ်ပေး၍ တည်နေရာ ရွှေ့ပြောင်းသည်။ သူ့လက်ထဲ၌ သစ်သား စိတ်ဝိညာဉ်ကတော့ ရှိနေသေး၏။

ဘန်း…။

စိတ်ဝိညာဉ်က ပေါက်ကွဲသွားသည်။ ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းလိုက်သော်လည်း ပေါက်ကွဲမှုဒဏ်ကို ထိခိုက်မိသွားရသည်သာ ဖြစ်၏။သူက ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ချက်ချင်း အားနည်းသွား၏။

သူ့ကျင့်ကြံမှုအဆင့်က ဒဏ်ရာများ ရရှိပြီးသည့်နောက် ပို၍ မတည်မငြိမ် ဖြစ်လာ၏။ ထို့ကြောင့် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစပိုင်းအဆင့်သို့ ထိုးကျသွားသည်။

ခြေချပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ဆေးလုံးအများကြီး ထုတ်၍ မျိုချ၏။ သူက အနီရောင်လိပ်ပြာထံသို့ တည်နေရာ ရွှေ့ပြောင်းစဉ် သူ့မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေသည်။ သူက ချိပ်တံဆိပ်တစ်ခု ဖန်တီး၍ ပြောလိုက်သည်။

“အနီရောင်လိပ်ပြာ…နင့်သေခြင်းတရားကို လက်ခံစမ်း…”

အနီ‌ရောင်လိပ်ပြာ၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ပြောလိုက်သည်။

“စိတ်ဝိညာဉ်သုံးခု… ပေါက်ကွဲစမ်း…”

ကျန်နေသေးသော စိတ်ဝိညာဉ်သုံးခုက တုန်ခါသွားပြီး အားကောင်းသော အဖျက်အဆီးအော်ရာ သုံးခု ပျံ့နှံ့လာ၏။ ဝမ်လင်းအသွင်က ကြီးစွာပြောင်းလဲသွားသည်။

အနီရောင်လိပ်ပြာ၏ မျက်လုံးများကလည်း အေးစက်နေသည်။ သူမက ပြောလိုက်၏။

“နင်ငါ့ကို သတ်ရင် ငါတို့နှစ်ယောက်လုံး အတူသေရမယ်…”

ဝမ်လင်းမျက်လုံးက ပိုမိုအေးစက်လာပြီး သူက လက်ထဲရှိ ချိပ်တံဆိပ်ကို ဖိချသည်။ ပထမဆုံး အကြိမ်အဖြစ် အနီရောင်လိပ်ပြာ၏ မျက်နှာပေါ်၌ အလွန်ထိတ်လန့်မှုတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် ထိုအခိုက်မှာပင် ကောင်းကင်ထက်မှ ညင်သာသော စွမ်းအားတစ်ခု ဆင်းသက်လာ၏။ သည်စွမ်းအားက စိတ်ဝိညာဉ်သုံးခုကို ဝန်းရံသွား၏။ အဖျက်အဆီးအားက ပျောက်ကွဲသွားပြီး စိတ်ဝိညာဉ်သုံးခုက ကယ်တင်ခြင်း ခံရ၏။

အနီရောင်လိပ်ပြာ၏ ရှေ့၌ လူတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ သူက ဟင်္သာပြဒါးနိုင်ငံ၏ ကုန်းစွန်းပို ဖြစ်၏။

သူက လက်ဝှေ့ယမ်းလိုက်ရာ ဝမ်လင်းက နောက်သို့ ပေတစ်ရာခန့် ဆုတ်သွားရသည်။ ဝမ်လင်းက ကုန်းစွန်းပိုကိုကြည့်၍ တိတ်ဆိတ်စွာ စဉ်းစားသည်။

သည်စွမ်းအားက သူဆန့်ကျင်လို့မရသည့် အရာဖြစ်သည်။ သူက ခုချိန်တွင် သူကိုယ်တိုင် ဒဏ်ရာများစွာ ရနေသည်ကို မေ့မထားချေ။

“စန်နူး…မင်းနိုင်တယ်…။ ဟင်္သာပြဒါးတောင်ကို သွားပြီး အမိန့်လက်ခံပါ။ တစ်စုံတစ်ယောက်က မင်းအတွက် စီစဉ်ပေးလိမ့်မယ်။ ဒါပြီးရင် မင်းက ဟင်္သာပြဒါးနိုင်ငံရဲ့ ပြင်ပကဖိတ်ခေါ်ခဲ့တဲ့ တပည့်တစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းက တပည့်တစ်ယောက်ဖြစ်သွားရင် ဟင်္သာပြဒါးနိုင်ငံက မင်းဆန္ဒတစ်ကို ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းပေးမယ်။ မင်း ဘာလိုချင်လဲဆိုတာ ဆုံးဖြတ်ပြီးရင် မင်းဆန္ဒကိုဖော်ပြဖို့ ဟင်္သာပြဒါးတောင်ကို လာနိုင်တယ်…”

သို့ရာတွင် သစ်သားစိတ်ဝိညာဉ်က ပျံသန်းသွားသည့်အချိန်တွင် ဝမ်လင်းက အံကြိတ်၍ ကောင်းကင်ဘုံဓားဖြင့် နှစ်ခြမ်းခုတ်ပိုင်းလိုက်သည်။ သူက သစ်သား စိတ်ဝိညာဉ်တစ်ခြမ်းကို အလျင်အမြန် ဖမ်းဆုပ်၍ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။

သူက ထိုသို့ပြုလုပ်ပြီးနောက် ခေါင်းမော့၍ ကုန်းစွန်းပိုင်ကို ကြည့်သည်။

“ဟမ်… မင်းက အရမ်းရဲရင့်နေတယ်ပေါ့။ မင်း အနိုင်ရထားတဲ့ အချက်ကို ထောက်ပြီး ဒီကိစ္စကို ငါအပြစ် မယူတော့ဘူး။ ဒါပေမဲ့ မင်းတောင်းဆိုနိုင်တဲ့ ဆန္ဒကိုတော့ ပယ်ဖျက်တယ်…”

ကုန်းစွန်းပိုက ဝမ်လင်းထံသို့ အေးစက်စွာကြည့်၏။

ထို့နောက် သူက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်ရာ ပေါက်ကွဲသွားတော့မည် စိတ်ဝိညာဉ်က ပြန်ကောင်းသွား၏။ သည်အဘိုးအိုက ၎င်းစိတ်ဝိညာဉ်ကို အနီရောင်လိပ်ပြာထံသို့ ပြန်ပေးလိုက်သည်။

အနီရောင်လိပ်ပြာက ရိုသေစွာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်…အကြီးအကဲ…”

အနီရောင်လိပ်ပြာထံသို့ ကြည့်နေသော ကုန်းစွန်းပို၏ အကြည့်က ကြင်နာခြင်းမရှိချေ။ သူက ဝမ်လင်းထံသို့ လက်ဆန့်တန်း၍ ပြောလိုက်သည်။

“စိတ်ဝိညာဉ်ကျာပွတ် ပြန်ပေး…”

ဝမ်လင်းကလည်း ကုန်းစွန်းပိုကို စူးစိုက်ကြည့်နေ၏။ သူက အနည်းငယ် စဉ်းစားသည်။ ကုန်းစွန်းပိုက စိတ်မရှည်ဖြစ်လာသည်ကို ကြည့်ပြီး သူက ကျိတ်၍ သက်ပြင်းချမိ၏။ ကျင့်ကြံခြင်း လောက၌ ခွန်အားသည် အရာရာဖြစ်သည်။ သူက စိတ်ဝိညာဉ်ကျာပွတ်ကို ထုတ်၍ ခါးသက်စွာဖြင့် ပြန်ပေးလိုက်ရသည်။

ကုန်းစွန်းပိုက စိတ်ဝိညာဉ်ကျာပွတ်ကို ဆွဲယူ၍ သူ့လက်ကို လေထဲသို့ ညွှန်၏။ အလင်းတံခါးက ပြန်ဖြစ်ပေါ်လာသည်။

“သွားကြစို့…”

ကုန်းစွန်းပိုင်က အလင်းတံခါးကို ဖြတ်၍ လျှောက်လှမ်းသွား၏။

အနီရောင်လိပ်ပြာက နောက်မှ ခပ်သုတ်သုတ် လိုက်ပါသွားသည်။ သူမက ဝမ်လင်းထံသို့ အေးစက်စွာလှည့်ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။

“နောက်တစ်ကြိမ် နင် ကျိန်းသေ သေရမယ်…”

ခုလက်ရှိတွင် အနီရောင်လိပ်ပြာက သူမသည် သုံးရက်သာ အသက်ရှင်ရန် ကျန်တော့သည်ကို မသိပေ။

တစ်စုံတစ်ယောက် ဟင်္သာပြဒါးတောင်ကို အမိန့်ပေးထားပြီးနောက် လျှို့ဝှက်ဇာတ်လမ်း တစ်ခုက စတင်လာလေတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset