Switch Mode

အပိုင်း (၄၁၁)

နယ်ပယ်များ၏စွမ်းအား

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က အော်ဟစ်၏။

“ရှုလီကော … ”

ကောင်းကင်ဘုံဓားက ကြောက်မက်ဖွယ်အသံပြု၍ အနက်ရောင် အခိုးအငွေ့များသည် ဓားပေါ်၌ ဖြစ်ပေါ်လာ၏။ ၎င်းက လက်သီးတိုက်ခိုက်မှုကို ပိတ်ဆို့သည်။

ဘန်း … ။

ဧရာမလက်သီးကြီးက ကောင်းကင်ဘုံဓားနှင့် ထိပ်တိုက်တွေ့သည်။ သို့ရာတွင် ရှုလီကောက ကောင်းကင်ဘုံဓား အောက်သို့ ကျဆင်းမသွားခင် အားနည်းစွာ ညည်းသံပြု၏။ သည့်နောက် မည်သည့်အသံမျှ မကြားရတော့ချေ။

ဧရာမရေခဲရုပ်ကြီး၏ မျက်လုံးများက ထပ်မံ၍ ပြေးဝင်လာစဉ် တလက်လက် ဖြစ်နေတော့သည်။

ထိုအခိုက်တွင်င စစ်ရထားထံမှ ပိုမိုများပြားသော ချိန်းကြိုးများက သားရဲစိတ်ဝိညာဉ်ကို ပြန်၍ ဆွဲခေါ်၏။ သားရဲစိတ်ဝိညာဉ်က ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး ၎င်းက ရေခဲရုပ်ကြီးထံသို့ လှည့်၍ တစ်ဟုန်ထိုး တိုးဝင်သည်။

ရေခဲရုပ်ကြီး ချက်ချင်း ခေါင်းမော့၍ ကြည့်သည်။ ၎င်းက ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ခိုက်မှုကို ရပ်တန့်ပစ်၏။ လက်သီးချက်က သားရဲစိတ်ဝိညာဉ်ထံသို့ ကျရောက်လာသည်။

ဘန်း … ဘန်း … ဘန်း … ။

ရေခဲရုပ်ကြီးက ဆက်လက်၍ တိုက်ခိုက်ပြီး သားရဲစိတ်ဝိညာဉ်ကို အဝေးသို့ လွင့်စဉ်စေသည်။ သည်အရာက သားရဲစိတ်ဝိညာဉ်ကို ဒေါသထွက်သွားစေ၏။ ၎င်း၏ ပါးစပ်များက ကြီးမားစွာဟ၍ ရေခဲရုပ်ကြီးကို ဝါးမျိုပစ်သည်။

သို့ရာတွင် ၎င်းက ရေခဲရုပ်ကြီးကို မည်မျှပင် ဝါးမျိုနေသည့်အခိုက်တွင် ကျာပွတ်က သားရဲစိတ်ဝိညာဉ်ကို လာရောက်တိုက်ခိုက်၏။ သားရဲစိတ်ဝိညာဉ်က နာကျင်စွာ ခံစားလိုက်ရပြီး အနည်းငယ်ပင် ကျုံ့သွားသည်။

ဖတ် … .ဖတ် … ။

ကျာပွတ်ရိုက်ချက်များက သားရဲစိတ်ဝိညာဉ်ကို ပို၍ ကြုမ်းကြုတ် ဒေါသထွက်စေခဲ့သည်။ ၎င်းက ကျာပွတ်ရိုက်ချက်ကို လျစ်လျူရှု၍ ဆက်လက်၍ ဝါးမျို၏။ သားရဲစိတ်ဝိညာဉ်က ရေခဲရုပ်ကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

ရေခဲရုပ်ကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး အက်ကွဲကြောင်းများစွာက ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ ဖြစ်ပေါ်၏။ ပိုများသောရေခဲများက ပြိုကျလာပြီး ၎င်း၏ အရွယ်အစားက ပို၍ ကျုံ့သွားခဲ့သည်။ ၎င်းက ခုချိန်တွင် ပေနှစ်ဆယ်ခန့်သာ ရှိတော့၏။ ၎င်း၏ ညာဘက်လက် အနီး ဝန်းရံနေသော ရေခဲများသည် စတင် အရည်ပျော်လာခဲ့သည်။

သားရဲစိတ်ဝိညာဉ်က နောက်တစ်ကြိမ် လှည့်၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်တွင် အနီရောင် လိပ်ပြာက မျက်လုံးဖွင့်လာခဲ့သည်။ သူမကို ကျိန်စာကို ဖိနှိပ်နိုင်သဖြင့် သူမနဖူးပေါ်၌ အနက်ရောင် အစင်းကြောင်း တစ်ခုသာ ကျန်ရစ်တော့၏။

အနီရောင်လိပ်ပြာက နက်မှောင်နေသော အသံဖြင့်ဆို၏။

“စိတ်ဝိညာဉ်ကျာပွတ် … သင့်ရဲ့ အစစ်အမှန်ပုံစံကို ပြသလိုက် … ”

သည်တစ်ကြိမ်၌ ရေခဲရုပ်ကြီး၏ လက်ထဲတွင် အဖြူရောင် ကျာပွတ်တစ်ခု ဖြစ်ပေါ်လာသည်။ သည်ကျာပွတ်က စောနတုန်းကလို ပုံရိပ်ယောင် မဟုတ်တော့ဘဲ အထည်ဒြပ် ရှိလာခဲ့၏။ ၎င်းက သားရဲစိတ်ဝိညာဉ်ကို ရူးသွပ်စွာ ရိုက်ချသည်။

သားရဲစိတ်ဝိညာဉ်က နာကျင်မှုကြောင့် ပို၍ပို၍ ဒေါမာန်ကြီးလာခဲ့သည်။ ၎င်းစိတ်ဝိညာဉ်က ထပ်မံ၍ တစ်ဟုန်ထိုး မတိုက်ခိုက်ခင် နာကျင်စွာ အော်ဟစ်၍ စစ်ရထားထံသို့ ကြည့်၏။ တကယ်တော့ သူက စိတ်ဝိညာဉ် သက်သက်ရှိနေခြင်းပင်။ ဝမ်လင်းက သူ့စွမ်းအားအပြည့်ကို မဖော်ထုတ်ခိုင်း သဖြင့် သူက စစ်ရထား၏ ခေါ်သံကို ကြားရသည်ဟု ခံစားမိသည်။

သားရဲစိတ်ဝိညာဉ်က အင်တင်တင်ပုံစံဖြင့် ကောင်းကင်ကို ကြည့်၍ ဟိန်းသံပြုကာ အခိုးအငွေ့အဖြစ် ပြောင်း၍ စစ်ရထားထံသို့ ပြန်လှည့်သွားသည်။

ဝမ်လင်း၏ မူလစိတ်ဝိဉာည်က ရေခဲရုပ်ကြီးနှင့် သားရဲစိတ်ဝိညာဉ်တို့ တိုက်ခိုက်နေစဉ်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက ဆေးလုံးများကို သောက်သုံးလိုက်ပြီး စိတ်ဝိဉာဉ်စွမ်းအင်ကို ပို့လွှတ်၍ ရှုလီကောကို နိုးထစေ၏။ သည့်နောက် ကောင်းကင်ဘုံဓားကို ဆွဲကိုင်၍ ခုတ်ချပြန်သည်။

ဝမ်လင်း၏ ဓားစွမ်းအင်များက လျင်မြန်စွာ ရောက်ရှိသွား၏။ ရေခဲရုပ်ကြီးက ဟိန်းသံပြု၍ ဓားစွမ်းအင်ကို လက်သီးဖြင့် ထိုးချသည်။ ၎င်းက ပြန်လှည့်၍ မြေပြင်ကို ကန်ဆောင့်၍ မြေကြီးများကို ကွဲအက်စေပြီး လျင်မြန်စွာ လွတ်မြောက်ရန် ရှောင်ပြေး၏။

လိုက် … ။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို မြှောက်၍ အနီရောင်လိပ်ပြာ နောက်သို့ လိုက်နေစဉ် သူ့မျက်လုံးများက အေးစက်နေ၏။

အနီရောင်လိပ်ပြာ၏ မျက်နှာက ရှုံ့တွနေသည်။ သည်နေ့တိုက်ပွဲက အတိတ်တုန်းက သူတို့နှစ်ယောက် ကောင်းကင်ဘုံနယ်မြေတွင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲထက် များစွာ ခက်ခဲနေခဲ့သည်။ သူမက သည်ဆယ်စုနှစ်အတွင်း ခုလောက်စွမ်းအားများ ရရှိလာလိမ့်မည်ဟု အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ကောင်းကင်ဘုံ နယ်မြေတုန်းက သူမက သူ့စွမ်းအားအပြည့်သုံး၍ သည်လူကို သတ်ဖြတ်ရန် ကြိုးစားသည့်အခါ သည် စန်နူးက ထွက်ပြေးရန်သာ တတ်နိုင်ခဲ့၏။ သူက လုံးဝခုခံနိုင်စွမ်း မရှိခဲ့ချေ။

သူမစိတ်ထဲ၌ စန်နူးသည် သူမနှင့် အဆင့်တူသည်ဟု လုံးဝမထင်မှတ်ထားချေ။

သူမက မဟာမိတ်ကလန်လေးခုနှင့် တိုက်ပွဲတွင် ဝမ်လင်းကဲ့သို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ များစွာကို သတ်ဖြတ်ခဲ့ဖူး၏။ ဟင်္သာပြဒါးနိုင်ငံတွင်ပင် သူမက သည်စိတ် အခြေအနေတိုင်း ရှိနေ၏။ သည်အရာက သူမအတွက် ဂုဏ်ယူစရာပင်။

သို့ရာတွင် သည်ဂုဏ်ယူမှုက ဝမ်လင်း သူမလက်တစ်ဖက်ကို ဖြတ်တောက်ပစ်ခဲ့သည့် အချိန်ကစ၍ တစ်စစီ ပျက်စီးသွား၏။ သည့်အတွက်ကြောင့် သူမက ဝမ်လင်းကို အလွန်မုန်းတီးနေခြင်းပင်။

သူမက သူ့တာအိုနှလုံးသားကို တစ်ဖန်ပြန်၍ ပြည့်ဝစေရန် ဝမ်လင်းကို ကိုယ်တိုင်သတ်၍ ဖြေရှင်းချင်နေသည်။ သူမက ရွှမ်ယွဲ့မှနိုင်ငံ ရတနာ၊ ရေခဲနတ်ဘုရား ကိုပင် သည်လူကို သတ်ရန်အတွက် ယူဆောင်လာခဲ့၏။

သည့်အပြင် သူ့စီနီယာအစ်ကိုကလည်း သူမကို ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၏ အဓိက ရတနာဖြစ်သည့် စိတ်ဝိညာဉ်ကျာပွတ်ကို တိတ်တဆိတ် ငှားရမ်းပေးခဲ့သေးသည်။ သူမက ပုံမှန်အားဖြင့် သည် စိတ်ဝိညာဉ်ကျာပွတ်ကို အသုံးမပြုလိုခဲ့ချေ။ သူမက ရေခဲနတ်ဘုရားနှင့် သူမအသက်ကယ် ရတနာတို့ဖြင့်ပင် စန်နူးကို ကလေးတစ်ယောက် ကဲ့သို့ လွယ်ကူစွာ သတ်ပစ်နိုင်မည်ဟု တွေးထင်ခဲ့၏။

သို့ရာတွင် သူမက သည်ကျာပွတ်ကို ပွဲသိမ်းဝှက်ဖဲအဖြစ် အသုံးပြုရန် ရေခဲရုပ်ထဲ၌ ယူဆောင်လာခဲ့၏။

သို့သော် ခုချိန်၌ အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် သူတို့နှစ်ယောက် တိုက်ပွဲသည် အထွတ်အထိပ်သို့ ရောက်လာခဲ့၏။ သည်စန်နူးက သူမ တွေးထင်ထားသည်ထက် ရတနာများစွာ ရှိနေသည့်ပုံပင်။

အထူးသဖြင့် သားရဲစိတ်ဝိညာဉ်ပင်။ ၎င်းက အလွန်ရုန့်ရင်းကြမ်းကြုတ်၏။ စန်နူးကသာ ၎င်းကို ထိန်းချုပ်နိုင်သည့် စွမ်းအားသာရှိလျှင် သားရဲစိတ်ဝိညာဉ်က ဆက်၍ တိုက်ခိုက်နေမည် ဖြစ်သည်။ စိတ်ဝိညာဉ်ကျာပွတ်သာမရှိလျှင် သူမက ရှုံးနိမ့်နေပြီ ဖြစ်၏။

အခုချိန်၌ သူမက ထွက်ပြေးရန်သာ ရှိသည်။ ရေခဲနတ်ဘုရားရုပ်တုက အလွန်အားနည်း နေခဲ့ပြီ ဖြစ်သည်။ ၎င်းက ခုချိန် ပေတစ်ရာကနေ ပေနှစ်ဆယ်ခန့်သာ ရှိတော့သည်။ ဆက်ပြီး ကျုံ့သွားမည်ဆိုပါက ၎င်းက လုံးဝ ပြိုလဲပျက်စီးတော့မည် ဖြစ်သည်။

သူမက သည်လိုထွက်ပြေးရသည့်အဖြစ်မျိုး သူမဘဝတွင် နှစ်ကြိမ်သာ ဖြစ်ဖူး၏။ ပထမတစ်ကြိမ်က သူမသည် ဝမ်လင်း၏ ချောင်ပိတ်၍ တိုက်ခိုက်ခံရချိန်တုန်းက ဖြစ်၏။ ဒုတိယအကြိမ်ကတော့ အခုပင် ဖြစ်လေသည်။

သည်နှစ်ကြိမ်လုံးသည် လူတစ်ယောက်ကြောင့်သာ ဖြစ်၏။ သည်အရာက သူမကို အလွန် အရှက်ရစေပြီး သည်လူ့ကို ပို၍လည်း နက်ရှိုင်းစွာ မုန်းမိသည်။

ဝမ်လင်းက သူမနှင့် တဖြည်းဖြည်းချင်း နီးကပ်လာ၏။ သူက သူ့ရှေ့ရှိ တည်နေရာ ရွှေ့ပြောင်းသွားပြင်နေသော ပုံရိပ်ကိုကြည့်၍ ပြောလိုက်သည်။

“အနီရောင်လိပ်ပြာ … နင့် ဂုဏ်သိက္ခာတွေက ဘယ်ရောက်သွားပြီလဲ။ ဟင်္သာပြဒါး နိုင်ငံရဲ့ ကောင်းကင်သမီးတော်က ငါလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ် အဆင့်သာ ရှိတဲ့လူရဲ့ လက်ကနေ ထွက်ပြေးနေမှာလား … ”

“စန်နူး … ။ ငါက နင့်ကိုမသတ်နိုင်ရင် ငါ့နာမည်က အနီရောင်လိပ်ပြာ မဟုတ်တော့ဘူး။

“ကိုယ်ပွားတွေ … ”

ဝမ်လင်းက သူမကို မခံချင်အောင် ပြောနေသည်ကို သိသော်လည်း အနီရောင်လိပ်ပြာက သူမဂုဏ်သိက္ခာအရ သူ့ကို တိုက်ခိုက်ရပေမည်။

ရုတ်တရက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွား၏။

သူမက အော်သံတစ်ချက်ပြုလိုက်ရာ ရေခဲရုပ်ရှေ့၌ နှင်းဆီပန်းတစ်ပွင့် ထွက်ပေါ်လာ၏။ သည်နှင်းဆီပန်းက ပွင့်ချပ်များ ရှိမနေတော့ဘဲ ဝတ်ဆံနှစ်ခုသာ ရှိနေ၏။ အနီရောင်လိပ်ပြာ၏ မူလစိတ်ဝိညာဉ်က ပျံသန်းထွက်ပေါ်လာပြီး နှစ်ခုကွဲသွား၏။ တစ်ခုက နှင်းဆီဝတ်ဆံများ ထံသို့ ဦးတည်သွား၏။

သည့်နောက် ပန်းဝတ်ဆံနှင့်ပေါင်းစပ်၍ လှပသော ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

သည်ပေါ်ထွက်လာသော ကိုယ်ပွားပုံရိပ်က အနီရောင်လိပ်ပြာနှင့် ချွတ်စွတ်တူ၏။

အနီရောင်လိပ်ပြာ၏ ကိုယ်ပွားက မျက်လုံးဖွင့်လာခဲ့သည်။ ကိုယ်ပွားမျက်လုံးများက တည်ငြိမ်လျက်ရှိနေ၏။ မူလအနီရောင်လိပ်ပြာသည် အလွန်အေးစက် ရက်စက်တတ်သူဖြစ်သည်။ သို့သော် သည်ကိုယ်ပွားကတော့ မည်သည့်စိတ်ခံစားချက်မှ မရှိဘဲ တည်ငြိမ်နေ၏။

“စန်နူး … ငါက နင့်ကို သတ်ဖို့လောက်နဲ့ ငါ့စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းကို ကြိုက်တဲ့ အချိန်တက်လှမ်းနိုင်ဖို့ ပိုကောင်းတဲ့ အခွင့်အရေးကို မဆုံးရှုံးလိုခဲ့ဘူး …

သည်ကိုယ်ပွားက သူမကို စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်သို့ တက်လှမ်းရာတွင် လွယ်ကူအောင် ကူညီပေးမည့် အရာဖြစ်၏။

သူက လုံးဝမလိုအပ်လျှင် သည်ကိုယ်ပွားကို ထုတ်ဖော်မည် မဟုတ်ချေ။

သို့သော် ခုချိန်၌ ဝမ်လင်းကိုသတ်ဖို့ရန် သူမက မည်မျှပေးဆပ်ရသည်ကို ဂရုမစိုက်တော့ချေ။

သည်ကိုယ်ပွားက သူ့မ မူလစိတ်ဝိညာဉ် အစိတ်အပိုင်းတချို့ ပါနေသော်လည်း မည်သည့် စိတ်ဝိညာဉ် စွမ်းအင်မျှ ရှိမနေခဲ့ချေ။ သည်ကိုယ်ပွားက သူမ၏ နယ်ပယ်စွမ်းအားဖြင့်သာ ပြည့်၏။ အနီရောင်လိပ်ပြာက သူမ၏နယ်ပယ်ကို ကိုယ်ပွားထဲသို့ သွန်းလောင်းခဲ့ခြင်းပင်။

အနီရောင်လိပ်ပြာနှင့် သူမ၏ ကိုယ်ပွားက နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း ပြော၏။

“ခံစားချက်မဲ့နယ်ပယ် … ”

ကိုယ်ပွားက လျင်မြန်စွာ ရှေ့သို့ ပျံသန်းသွားပြီး သက်တံအလင်းတန်း တစ်ခုကို ထုတ်လွှတ်သည်။

“အနီရောင်လိပ်ပြာ၏ ကိုယ်ပွားက ညှို့ငင်စွာ ပြောလိုက်သည်။ သေမျိုးကမ္ဘာရဲ့ စိတ်ခံစားချက် အားလုံးကို ဆွဲငင်ညှို့ယူမယ်။ အဲ့နောက် ဉာဏ်ရည်ဓားသွားကို အသုံးပြုပြီး ဒီခံစားချက်တွေကို ဖြတ်တောက်ပစ်မယ်။ ဒါက ခံစားချက်မဲ့ နယ်ပယ်ပဲ … ”

“စိတ်ခံစားချက်များ … ရှေ့သို့ ထွက်လာ … ”

ကောင်းကင်က ရုတ်တရက် အရောင်ပြောင်း၏။ ထူးဆန်းသော အားတစ်ခုက ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်၏။ သက်တံရောင် အလင်းလုံးများက အနီရောင်လိပ်ပြာနား၌ ပေါ်လာခဲ့ပြီး ဝမ်လင်းထံသို့ ပျံသန်းသွားသည်။

“မိသားစုချစ်ခြင်း … ”

အလင်းလုံးနှစ်လုံးက ကွဲကြေ၍ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်အသွင် ဖြစ်ပေါ်လာသည်။ အမျိုးသားက ဆံပင်အဖြူတချို့ရှိနေပြီး အမျိုးသမီးက သူ့ယောက်ျားကို ချစ်ခင်စွာကြည့်နေ၏။

“ချစ်ခြင်းမေတ္တာ … ”

လီမူဝမ်၏ပုံရပ်လေးက အလင်းလုံးထဲ၌ ပေါ်လာခဲ့သည်။ သူမက ဝမ်လင်းကို ဝမ်းနည်းစွာ ကြည့်နေ၏။

“အမုန်းတရား … ”

ထျန်ဟွယွမ်က အလင်းလုံးကို ဆွဲဖြဲ၍ လှမ်းလျှောက်ထွက်လာသည်။ သူ့လက်ထဲ၌ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များ ကိုင်ဆွဲထားသည်။ သည်စိတ်ဝိညာဉ်များက ဝမ်မိသားစု၏ စိတ်ဝိညာဉ်များဖြစ်ပြီး မချိတင်ကဲ ခံစားနာကျင်စွာ ငိုကြွေးနေကြသည်။

“အသိအမှတ်ပြုတန်ဖိုးထားမှု … ”

စန်နူး၏ မျိုးဆက်သုံးခုက လှမ်းလျှောက်၍ ထွက်လာပြီး ဝမ်လင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။ သူက တစ်ခုခုပြောဟန် ပြင်သော်လည်း မည်သည့်စကားမျှ ထွက်မလာခဲ့ချေ။

ဝမ်လင်းက လှုပ်ရှားနေရာကို ရပ်တန့်၍ ခြေချိတ်ကာ ထိုင်သည်။ သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာပြီး ပြောလိုက်သည်။

“ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း … သေခြင်းရှင်ခြင်းနယ်ပယ် … ”

ကောင်းကင်က ရုတ်တရက် ဧရာမလက်ကြီးနှင့် ဆုတ်ဖြဲခံရပြီး အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ဧရာမ အဖြူနှင့်အနက် တစ်ဝက်စီ ပေါင်းစပ်ထားသည့် ပန်းချီကား စာလိပ်တစ်ခုက ထိုအက်ကြောင်းထဲမှ ထွက်ပေါ်လာ၏။

သည်စာလိပ်ထဲ၌ တောင်များ၊ စီးဆင်းနေသော မြစ်များ တည်ရှိ၏။ သူတို့က ရပ်တန့်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ ရွေ့လျားနေခြင်းသာ။ သေခြင်းရှင်ခြင်း စက်ဝိုင်အောက်၌ ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က တောက်ပလာသည်။ သူက သူ့ရှေ့ရှိ လူအများကို စိတ်ရှုပ်ထွေးစွာကြည့်သည်။

အနီရောင်လိပ်ပြာ၏ ကိုယ်ပွားက ပြောလိုက်၏။

“ဉာဏ်ရည်ဓား … ”

သက်တံရောင် ဓားတစ်လက်က အနီရောင်လိပ်ပြာ၏ ကိုယ်ပွားရှေ့၌ ပေါ်လာခဲ့သည်။

“ဖြတ်တောက်ပစ် … ”

ဝမ်လင်း၏ မိဘများက ဉာဏ်ရည်ဓားဖြင့် သတ်ဖြတ်ခြင်းခံရသည်။ သည့်နောက် လီမူဝမ် အသတ်ခံရသည်။ သည့်နောက် တနူးတို့မိသားစုဝင်များက ထျန်ဟွယွမ်၏ သတ်ဖြတ်ခြင်းကို ခံရသည်။

“ခံစားချက်မဲ့ခြင်း … ”

အနီရောင်လိပ်ပြာနှင့် သူ့ကိုယ်ပွား နှစ်ယောက်လုံးက အလွန်သည်းမခံနိုင်သည့် အသွင် ဖြစ်နေ၏။ ထို့နောက် သူမက ဝမ်လင်းထံသို့ လက်ညွှန်သည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်က တုန်ခါသွားပြီး သူ့မျက်လုံးများက မှိန်ဖျော့လာ၏။ သူက ညာလက်ကို မြှောက်၍ ကောင်းကင်ထက်ရှိ သေခြင်းရှင်ခြင်း စာလိပ်ကို လက်ညွှန်၏။

ဝမ်လင်းက နူးညံ့စွာ ပြောလိုက်သည်။

“ခံစားချက်မဲ့တဲ့ လူတစ်ယောက်တောင် သေခြင်းရှင်ခြင်း စက်ဝိုင်းကနေ မလွတ်မြောက်နိုင်ဘူး … .။ ဒီကမ္ဘာမှာ ရှိတဲ့ စိတ်ခံစားချက်တွေက ဘာလို့များ အလွယ်တကူ ဖြတ်တောက်နိုင်မှာလဲ။ ဘာလို့ အလွယ်တကူ ပျက်ပြယ်နိုင်ပါ့မလဲ။ ဉာဏ်ရည်ဓားက စွမ်းအားကောင်းပေမဲ့ ဒီဓားက သေခြင်းရှင်ခြင်း စက်ဝိုင်းကို မဖြတ်တောက်ပစ်နိုင်ဘူး … ”

အဖြူနှင့်အနက် အခိုးငွေ့ ထွက်ပေါ်လာပြီး ပြန်လည်မွေးဖွားခြင်း စက်ဝိုင်း၏ မီးခိုးရောင် အခိုးငွေ့များနှင့် အတူပေါင်းစပ်သည်။ စာလိပ်ထဲက မီးခိုးရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး ဧရာမလက်မကြီးအသွင် ဖြစ်ပေါ်ပြီး အနီရောင်လိပ်ပြာ၏ ကိုယ်ပွားကို ဖိချလာသည်။

အနီရောင်လိပ်ပြာ၏ ကိုယ်ပွားက တုန်ခါသွား၏။ သူမက ခေါင်းယမ်းပြီး ခါးသက်စွာ ပြုံး၍ ပြော၏။

“ငါက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်နေခဲ့ရင် ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းတောင် ငါ့ရဲ့ခံစားချက်မဲ့ခြင်းနဲ့ ဖိနှိပ်ထားတာ ခံရလိမ့်မယ်။ ပြန်လည်မွေးဖွားခြင်း စက်ဝိုင်းက အကြင်နာမမဲ့ဘူးဆိုရင် ဒါက ပြန်လည်မွေးခြင်းစက်ဝိုင်း မဖြစ်နိုင်ဘူး … ။ ကံမကောင်းစွာနဲ့ … ”

ကိုယ်ပွားက ထိုသို့ခါးသီးစွာ ရွတ်ဆို၍ သက်ပြင်းချကာ ပျောက်ကွယ်သွားတော့၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset