Switch Mode

အပိုင်း(၄၁၀)

စစ်ရထား

သည်ကျာပွတ်က အလွန်မြန်ဆန်လှ၏။ ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ခွဲထုတ် ခံလိုက်ရခြင်းကို တုံ့ပြန်ရန်ပင် အချိန်မရခဲ့ချေ။ သူ့မူလစိတ်ဝိညာဉ်က နောက်သို့ ပျံ့သန်းသွားစဉ်တွင် သူက တုန်လှုပ်မိသွား၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်ထံမှ အလွန်အမင်း စတင်နာကျင်လာခဲ့သည်။

သည်နာကျင်မှုက သူ့နှလုံးသား ထိုးစိုက်ခံနေရသည့် အလားပင်။ သည်နာကျင်မှုက သူ့မူလ စိတ်ဝိညာဉ်သည် ပျက်စီးတော့မည်ဟု ဆိုလိုခြင်းပင်။

သူက အချိန်ဆိုင်းခြင်းမရှိဘဲ သူ့စိတ်ဝိညာဉ် စွမ်းအင်များကို အထွတ်အထိပ်သို့ ပို့၏။ တည်နေရာ တစ်ချက် ရွှေ့ပြောင်းခြင်းနှင့်အတူ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွား၏။

ဝမ်လင်းက မျက်လုံးဖွင့်၍ နောက်သို့ လျင်မြန်စွာ ဆုတ်သည်။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုများ ရှိနေ၏။ ဧရာမရေခဲရုပ်ကြီးမှ အခုတစ်ကြိမ် တိုက်ခိုက်မှုသည် ထူးဆန်းလွန်းနေ၏။

“ဒါက ဘယ်လိုကျာပွတ်မျိုးလဲ … ”

ဝမ်လင်းမျက်လုံးများက တလက်လက်ဖြစ်နေ၏။ သူက ရေခဲရုပ်ကြီးကို စူးစိုက်ကြည့် နေသည်။

ကံကောင်းစွာဖြင့်ပင် ဝမ်လင်း၏ ဓားစွမ်းအင်က ၎င်းရေခဲရုပ်ကြီးပေါ်သို့ ကျရောက်သွာခြင်း နှင့် နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကလည်း ခုထိ ရေခဲရုပ်အတွင်း၌ ရှိလို့နေခြင်း တို့ကြောင်း ဝမ်လင်းက အသက်ရှူချောင်သွားခြင်း ဖြစ်သည်။ သည်နှစ်ချက်ကြောင့်သာ ရေခဲရုပ်ကြီးက သူ့မူလ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထံမှ လွင့်ထွက်သွားစဉ်တွင် သူ့ကို မတိုက်ခိုက်နိုင်ခြင်း ဖြစ်၏။ မဟုတ်လျှင် ဝမ်လင်း၏ အခြေအနေက အလွန်ဆိုးရွားသွားပေမည်။

ဓားစွမ်းအင်က ရေခဲရုပ်ကြီး၏ ခါးပေါ်သို့ ကျရောက်သွားချိန်၌ နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကလည်း နောက်ဆုံး ကျန်နေသေးသည့် အတားအဆီး အခိုးအငွေ့ကို ဖျက်ဆီးပစ်၍ ရုတ်တရက် ပျောက်ကွယ်သွားချိန် ဖြစ်သည်။ အနီရောင်တိမ်တိုက်များက လျင်မြန်စွာ ပြန်ဆုတ်ခွာ သွားပြီး ကောင်းကင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ၎င်းအနီရောင် တိမ်တိုက်များက လုံးဝမရှိခဲ့သည့် အလားပင်။

ရေခဲရုပ်ကြီးက သူ့ခန္ဓာကိုယ်ကို လှုပ်ခါ၏။ ရေခဲအပိုင်းအစများက မြေပေါ်သို့ ကျဆင်းကုန်သည်။ ရေခဲရုပ်ကြီးက ခုချိန်တွင် မူလပေတစ်ရာကနေ ခုပေငါးဆယ်သာ ရှိတော့၏။

၎င်းခါးစစ်ရှိ ဒဏ်ရာသည်လည်း ပြန်၍ ပျောက်ကင်းသွား၏။ သို့ရာတွင် ကျာပွတ်ပုံရိပ်ကတော့ သူ့ရင်ဘတ်ပေါ်၌ ရှိနေသေးပြီး နတ်ဆိုးအလင်းတန်းကို ထုတ်လွှတ်နေ၏။

ဝမ်လင်းက လှည့်၍ လွတ်မြောက်ရန် ကြိုးစားသည်။ သည်ကျာပွတ်က အလွန်အန္တရာယ် များလှသည်။ သူ့မူလစိတ်ဝိညာဉ်က ထပ်မံ၍ ခန္ဓာကိုယ်ထံက ဖယ်ရှားခံရလျှင် သူ့ခန္ဓာကိုယ်သည် ဖျက်ဆီးခံရမည် ဖြစ်၏။ ထိုသို့ဖြစ်လျှင် သူက အနိုင်ရမည်ဆိုရင်ပင် သူ့အတွက် ရှုံးနိမ့်သည်ဟုသာ ဆိုရပေတော့မည်။

အနီရောင်လိပ်ပြာ၏ အသံက ရေခဲရုပ်ကြီး ခေါင်းထက်ကနေ ထပ်မံ၍ ထွက်ပေါ်လာ၏။

“စန်နူး … ။ နင် ဘာဆက်လုပ်နိုင်သေးလည်း ငါကြည့်ချင်သေးတယ် … ”

ရေခဲရုပ်ကြီးက ခုချိန်တွင် မူလအရွယ်၏ တစ်ဝက်သာ ရှိတော့သဖြင့် ပို၍ သွက်လက်လာ၏။ ၎င်းက မြေပြင်ကနေ ရုန်းထလိုက်၍ မြေကြီးများ တုန်ခါသွားစေ၏။ ထို့နောက် သူက ဝမ်လင်းနောက်သို့ လိုက်ပါလာတော့သည်။

ဝမ်လင်းက ဆက်လက်၍ ပြေးနေ၏။ ကံကောင်းစွာဖြင့် တိုက်ပွဲနေရာက အလွန်ကြီးမားပြီး သူက ခုထိ အဆုံးသတ်ကို မရောက်သေးခြင်းပင်။

သူက ဆေးလုံးတစ်လုံးကို ထုတ်သောက်၍ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ထိန်းကာ ဆက်၍ ပျံသန်းနေသည်။ သူ့နောက်ရှိ ရေခဲရုပ်ကြီးကိုတော့ သူက လုံးဝလျစ်လျူရှုထားသည်။

အနီရောင်လိပ်ပြာအသွင်က ရေခဲတစ်မျှ အေးစက်နေ၏။ သူမက သည်လူ့ကို အရိုးစွဲအောင်မုန်းနေ၏။ ရေခဲရုပ်ကြီးကြောင့်သာ မဟုတ်လျှင် သူမက ခုချိန်ဆို အနီရောင် အလင်းတန်း နတ်ဘုရားပြစ်ဒဏ်‌ကြောင့် သေဆုံးနေခဲ့ပြီ ဖြစ်သည်။

“ဒီစန်နူးက နတ်ဘုရားပြစ်ဒဏ်ကိုတောင် ဆင့်ခေါ်နိုင်တဲ့ ရတနာတစ်ခု ရှိနေတယ်။ ဒါပေမဲ့ သူ့မှာ ဒီလိုရတနာမျိုး နှစ်ခု ရှိလိမ့်မယ်လို့ ငါမယုံဘူး။ ဒါမှမဟုတ်ရင် သူက ခုလို ချက်ချင်း ထွက်ပြေးပါ့မလား။ စိတ်ဝိညာဉ်ကျာပွတ်နဲ့တောင် ရေခဲရုပ်ကြီးက နတ်ဘုရားပြစ်ဒဏ်နှစ်ခုကို တောင့်ခံနိုင်မှာ မဟုတ်ဘူး … ”

အနီရောင်လိပ်ပြာ၏ မျက်လုံးများက မှုန်ကုပ်နေသည်။ သူမက အမိန့်တစ်ချက် ပေးလိုက်ရာ ကျာပွတ်က ဧရာမရေခဲရုပ်ကြီး လက်ထဲ၌ ထွက်ပေါ်လာ၏။

အနီရောင်လိပ်ပြာက အော်ဟစ်၏။ “

စန်နူး … နင့်သေခြင်းတရားကို လက်ခံစမ်း … ”

သည်ရေခဲရုပ်ကြီးက ကျာပွတ်ကို လက်ဖြင့်လွှဲ၍ ရိုက်ချသည်။ ၎င်းက လျှပ်စီးတန်းထက်ပင် မြန်ဆန်စွာဖြင့် ဝမ်လင်းထံသို့ တိုးဝင်လာ၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ သည်ကျာပွတ်က မြန်ဆန်လှသော်လည်း သူက တစ်ချိန်လုံး သတိထားနေသည့်သူ ဖြစ်သည်။ ကျာပွတ် ရောက်ရှိလာသည်နှင့် သူက ချက်ချင်း တည်နေရာ ရွှေ့ပြောင်း၍ ပျောက်ကွယ်သွား၏။

သူက ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့ပြီး သွေးတစ်လုတ်အန်ထုတ်ရသည်။ သူက တည်နေရာ ရွှေ့ပြောင်း နေစဉ်အတွင်း ၎င်းကျာပွတ်က သူ့ကိုကပ်၍ ထိမှန်သွားသေး၏။ သူက သူ့မူလစိတ်ဝိညာဉ်ကို ဖယ်ထုတ်နိုင်ခြင်း မရှိသော်လည်း သူ့ကိုတော့ ဒဏ်ရာရသွားစေသေးသည်။

“ဒါက ဘယ်လို ကျာပွတ်ရတနာမျိုးလဲ … ”

ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ဆက်လက်ပျံသန်းနေသည်။ သူက ဆေးလုံးအများကြီးကို ထုတ်ယူသောက်သုံးလိုက်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအင်များကို တတ်နိုင်သမျှ ပြန်ကောင်းမွန်အောင် လုပ်နေခဲ့၏။

အနီရောင်လိပ်ပြာက ရေခဲရုပ်ကြီးကို ထိန်းချုပ်၍ ဝမ်လင်းသို့ လိုက်နေရင်း သူ့မျက်လုံး များက အေးစက်နေခဲ့သည်။ သူမက ဝမ်လင်းနောက်သို့ အရူးတစ်ယောက်လို့ လိုက်နေခဲ့၏။

အနီရောင်လိပ်ပြာက ဝမ်လင်းနောက်ကိုလိုက်နေရင်းဖြင့်သူ့ကို လှမ်း၍ စကားဖြင့် စော်ကား၏။

“စန်နူး … နင်က ခုအိမ်မရှိတဲ့ ခွေးတစ်ကောင်လိုပဲ ပြေးနေရတယ်။ အတိတ်တုန်းက နင့်ရဲ့လွှမ်းမိုးနိုင်တဲ့ အော်ရာက ဘယ်ရောက်သွားပြီလဲ … ”

ဝမ်လင်းက ရယ်မော၍ ပြော၏။

“အနီရောင်လိပ်ပြာ … နင်ခုလို ဆဲနေရုံနဲ့ နင့်လက်တစ်ဖက်ပေါ်က ကျိန်စာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ နင်က အဲဒါကို နင့်ရဲ့စိတ်ဝိညာဉ်စွမ်းအင်နဲ့ ဖိနှိပ်ထားရတယ်။ ဒါ့ကြောင့်ပဲ နင်က တိုက်ပွဲစကတည်းက နင့်ရဲ့ အားအကောင်းဆုံး ရတနာကို အသုံးပြုခဲ့တာပဲ … ”

အနီရောင်လိပ်ပြာ၏ အသွင်က ရှုံ့တွသွား၏။ သူမက နှာခေါင်းရှုံ့သည်။ သူတို့နှစ်ယောက်က တွေ့ဆုံလိုက်သည့်အချိန်တိုင်း သူမက ဝမ်လင်းကို စကားအရာ၌ နိုင်အောင် ပြောနိုင်စွမ်း မရှိချေ။ ထို့ကြောင့် သူမက ဆက်၍ ပါးစပ်မဟတော့ပေ။ သူမက ရေခဲရုပ်ကြီးကို ထိန်းချုပ်၍ သူ့ရှေ့ရှိ လေထုသို့ ကျာပွတ်ဖြင့် အကြိမ်များစွာ ရိုက်နှက်ပြီး ဖြစ်သည်။

ခဏအကြာတွင် ဝမ်လင်း၏ စိတ်ဝိညာဉ် စွမ်းအင်များက ပြန်၍ ကောင်းမွန်လာ၏။ သူ့မျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ပစ္စည်းတစ်ခုကို ထုတ်ယူသည်။ ၎င်းက အနီရောင်လိပ်ပြာ၏ လက်တစ်ဖက်ပင် ဖြစ်၏။ သူက သည်လက်မောင်းကို လက်ထဲ၌ ကိုင်ထားရင်း သူ့အခြား လက်တစ်ဖက်ဖြင့် ချိပ်တံဆိပ်များပြုလုပ်ကာ ၎င်းလက်မောင်းထံသို့ ညွှန်လိုက်၏။ လက်မောင်းပေါ်၌ သင်္ကေတများစွာ ဖြစ်ပေါ်လာပြီး ၎င်းက နတ်ဆိုးအလင်းရောင် တောက်ပလာ၏။

ဝမ်လင်းက ဘယ်ဘက်လက်ဖြင့် လက်မောင်းကို ရိုက်ချ၍ အော်ဟစ်၏။

“ပေါက်ကွဲစမ်း … ”

အနီရောင်လိပ်ပြာ၏ နဖူးပေါ်၌ အနက်ရောင် မျဉ်းလိုင်းများ ချက်ချင်းဖြစ်ပေါ်လာသည်။ သူမခန္ဓာကိုယ်က တုန်ခါသွားပြီး မျက်နှာကလည်း ဖြူရော်သွား၏။ သူမက အော်ဟစ်၏။

“စန်နူး … ငါက နင့်ကိုမသတ်နိုင်ရင် ငါ့နာမည်က အနီရောင်လိပ်ပြာ မဟုတ်တော့ဘူး … ”

ဝမ်လင်းက နှာခေါင်းရှုံ့၍ ပြန်ပြော၏။

“ဒါကိုပဲ ဖိနှိပ်ထားစမ်းပါဦး။ နင်ဘယ်လောက်ကြာကြာ ဖိနှိပ်ထားနိုင်မလဲ ငါကြည့်ချင် သေးတယ်။ ပေါက်ကွဲစမ်း..။ ပေါက်ကွဲစမ်း … ။ ပေါက်ကွဲစမ်း … ”

အနီရောင်လိပ်ပြာ၏ နဖူးပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများက စတင်ပျံ့နှံ့လာ၏။ သိပ်မကြာခင်တွင် သူမ၏လှပသော မျက်နှာလေးကို ဖုံးလွှမ်းလို့သွားသည်။

“နင် … ”

အနီရောင်လိပ်ပြာက သွေးအန်လိုက်ရ၏။ သူမက သူမ၏ ပြတ်သွားသော လက်တစ်ဖက် ပေါ်ရှိ ကျိန်စာနှင့်ပတ်သက်၍ အမှန်တကယ်ပင် စိုးရိမ်နေမိသည်။ ထို့ကြောင့်လည်း သူမက တိုက်ပွဲကို အလျင်အမြန် အဆုံးသတ်စေလိုနေခြင်းပင်။ ကံမကောင်းစွာနှင့် အရာအားလုံးက သူမ စီစဉ်ထားသလို ဖြစ်မလာခဲ့ချေ။ သည်တိုက်ပွဲက သူမ၏ ထိန်းချုပ်နိုင်မှု အပြင်ဘက်တွင် ရှိနေခဲ့သည်။

ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက ထပ်မံ၍ အော်ဟစ်၏။

“ပေါက်ကွဲလိုက်စမ်း … ”

သူ့လက်ထဲရှိ လက်မောင်းတစ်ဖက်က ချက်ချင်း ပေါက်ကွဲသွားသည်။ မည်သည့် သွေးစသွေးနမျှ ကျန်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းလက်မောင်းက အနက်ရောင် အမှုန်အမွှား အဖြစ်သို့ ပေါက်ကွဲထွက်သွားပြီး အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့ကုန်၏။

သည်လက်မောင်း ပေါက်ကွဲသွားခြင်းက အနီရောင်လိပ်ပြာ၏ ခန္ဓာကိုယ်ထဲရှိ ကျိန်စာ အားလုံးကို အသက်ဝင်စေခဲ့သည်။ သူမက နောက်ထပ် သွေးအန်ရပြန်သည်။ သူမမျက်နှာ၌ အနက်ရောင် အော်ရာတစ်ခု ဖုံးလွှမ်းနေ၏။

ဝမ်လင်းက ချက်ချင်း ရပ်တန့်လိုက်၏။ သူက ဆက်၍ ပြေးခြင်း မပြုတော့ချေ။ သူက သည်အခိုက်တွင် သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထုတ်ဖော်လိုက်ရာ စစ်ရထား ရောက်ရှိလာတော့၏။

စစ်ရထားထဲက သားရဲစိတ်ဝိညာဉ်က ချက်ချင်း ဟိန်းဟောက်၍ ထွက်ပေါ်လာ၏။ သူ့မျက်လုံး နီနီများဖြင့် ဝမ်လင်းနှင့် ရေခဲရုပ်ကြီးကို ကြည့်သည်။

ခုလက်ရှိတွင် ဝမ်လင်းက သူ့လျှို့ဝှက်ချက်များကို ထုတ်ဖော်ရခြင်းနှင့် ပတ်သက်၍ အများကြီး စိုးရိမ်နေလို့ မရတော့ချေ။ အခုချိန်တွင် အရေးကြီးဆုံးက အနိုင်ရရန်ဖြစ်၏။

စစ်ရထား ထွက်ပေါ်လာပြီးနောက် ၎င်းက အသက်သွင်းရန် အချိန်လိုသည်။ ဝမ်လင်းက ကောင်းကင်ဘုံဓားကို လွှဲ၍ ရိုက်ချပြန်သည်။

ဓားစွမ်းအင်များက လေထုပေါက်ကွဲမှုများကို ဖြစ်ပေါ်စေပြီး ရေခဲရုပ်ကြီးထံသို့ ထိမှန်သွား၏။

ဘန်း … ။

ရေခဲရုပ်ကြီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ် ၌လည်း ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာ၏။ အနီရောင်လိပ်ပြာက မျက်လုံးမှိတ်ထားလျက်ရှိသည်။ သူမက သူ့အာရုံများကို ကျိန်စာဖိနှိပ်ရာ၌ အပြည့်အဝ စိုက်ထား၏။

ဝမ်လင်း မျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက ရှေ့သို့တိုး၍ ထပ်မံလွှဲခုတ်ပြန်သည်။

ဘန်း … ။

ပေါက်ကွဲသံ ဖြစ်ပေါ်သွားပြီးနောက် ရေခဲရုပ်ကြီးနောက်သို့ ပို၍ ဆုတ်သွားရသည်။ အနီရောင်လိပ်ပြာက ရုန်းကန်၍ မျက်လုံးဖွင့်လာခဲ့သည်။ သူမက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်သည်။ သည့်နောက် စကားတစ်ခွန်းဆို၏။ ထိုအခါ ရေခဲရုပ်ကြီး၏ မျက်လုံးများက နတ်ဆိုး အလင်းတန်းကို ထုတ်ဖော်သည်။ အနီရောင်လိပ်ပြာက ရေခဲရုပ်ကြီးကို ထိန်းချုပ်ခြင်း မပြုဘဲ သူမ၏ စွမ်းအားများကို ကျိန်စာကို ဖိနှိပ်ရန်သာ အသုံးပြုနေ၏။

ရေခဲရုပ်ကြီးက သူ့ဘာသာ စတင်လှုပ်ရှားလာ၏။ ၎င်းက လက်သီးဖြင့် ထိုးသွင်း၏။ သည့်နောက် ကျာပွတ်ပုံရိပ်ကလည်း ချက်ချင်း ဖြစ်ပေါ်လာ၏။

ဝမ်လင်းက တုံ့ဆိုင်းခြင်း မရှိဘဲ ကောင်းကင်ဘုံဓားကို အသုံးပြု၍ သည်တိုက်ခိုက်မှုကို ပိတ်ဆို့သည်။

ဘန်း …

ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝမ်လင်းက နောက်သို့ ပေတစ်ရာခန့် ဆုတ်သွားရ၏။ ကောင်းကင်ဘုံဓားက ပျက်စီးခြင်း မရှိသော်လည်း သူကတော့ သွေးတစ်လုတ် ပြင်းထန်စွာ အန်ထုတ်လိုက်ရ၏။

သည်အခိုက်မှာပင် ရေခဲရုပ်ကြီးက ဝမ်လင်းရှေ့သို့ တစ်ချက်တည်း ခုန်၍ ရောက်ရှိလာ၏။ ၎င်းက လက်သီးဖြင့် ထိုးချပြန်သည်။ လက်သီးထဲ၌လည်း ကျာပွတ်ပုံရိပ် ပါနေပြန်၏။

ဝမ်လင်းအသွင်က အလေးအနက် ဖြစ်သွားပြီး ကောင်းကင်ဘုံဓားကို လက်သီးထံသို့ ပစ်လွှတ်၏။

လက်သီးဖြင့် ဝမ်လင်းကို ထိမှန်သွားသည့် အခိုက်တွင် ကောင်းကင်ဘုံဓား ကလည်း ရေခဲရုပ်ကြီး၏ ညာလက်တစ်ခုလုံးကို ဖြတ်တောက်ပစ်သည်။

ကောင်းကင်ဘုံဓားက အခြားဓားစွမ်းအင်များနှင့် မတူညီပေ။ သည့်နောက် ကောင်းကင်ဘုံဓားက ပေတစ်ရာအကွာသို့ ကျရောက်သွားပြီး မြေကြီးထဲတွင် ထိုးစိုက်ဝင်သွား၏။

သွေးများက ဝမ်လင်းခန္ဓာကိုယ်ကနေ ပန်းထွက်၏။ သူ့အရိုးအများစုပင် ကျိုးကြေ ကုန်သည်။ သို့ရာတွင် သူက ရယ်မော၍ ပြော၏။

“အနီရောင်လိပ်ပြာ … ငါက မင်းရဲ့လက်တစ်ဖက်ကို ယူဆောင်ခဲ့တယ်။ အခုလည်း ဒီအသုံးမဝင်တဲ့ ရေခဲရုပ်ရဲ့ လက်တစ်ဖက်ကို ဖြတ်တောက် ယူနိုင်ခဲ့ပြန်ပြီ။ အခု ဒီ ရေခဲရုပ်က မင်းနဲ့ပိုပြီး အံဝင်သွားပြီ … ”

သူက လက်ဝှေ့ယမ်းလိုက်ရာ ရေခဲရုပ်ကြီး၏ လက်တစ်ဖက်က သူ့လက်ထဲ၌ ပေါ်လာခဲ့၏။ အပြာရောင်အလင်းက ဖျတ်ခနဲ တောက်ပသွားပြီးလက်မောင်းအပေါ်ရှိ ရေခဲများက ကွာကြကုန်ပြီး ၎င်းက တစ်ဝက်တိတိ ကျုံ့သွားတော့၏။

အခုချိန်တွင် စစ်ရထားပေါ်ရှိ စူးချွန်များက အနက်ရောင် အော်ရာတစ်ခုကို ထုတ်လွှတ်နေပြီး ၎င်းအော်ရာကို သားရဲက စုပ်ယူနေ၏။ သည်စိတ်ဝိညာဉ်သားရဲက တဖြည်းဖြည်း ကြီးမားလာပြီး သူ့မျက်လုံးများကလည်း ပို၍ ကြမ်းကြုတ်လာခဲ့သည်။

ရေခဲရုပ်ကြီးက ဟိန်းသံတစ်ချက်ပြု၍ သူ့ပျက်စီးသွားသော လက်မောင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။ သူက အဖြူရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်၍ လက်မောင်းပတ်လည်၌ ဝန်းရံစေ၏။ သူကခုချိန်တွင် သူ့စွမ်းအင်များ အားလုံးကို ၎င်းလက်မောင်းအား သန့်စင်ရာ၌ အသုံးပြုနေ၏။

ပိုမိုများပြားသော အက်ကွဲကြောင်းများက လက်မောင်းပေါ်၌ ပေါ်လာပြီး ၎င်းက တစ်ဖန် ကျုံ့လာခဲ့ပြန်၏။

ဧရာမရေခဲရုပ်ကြီးက အလွန်မြန်ဆန်လှ၏။ ၎င်းက တစ်ချက်ခုန်ရုံနှင့် ရောက်ရှိလာပြီး သူ့ဘယ်ဘက်လက်ဖြင့် ထိုးချပြန်သည်။

ဘန်း … ။

ဝမ်လင်းက နောက်သို့ဆုတ်၍ ပျောက်ကွယ်သွား၏။ ဝမ်လင်း ရှိနေခဲ့နေသော မြေပြင်သည် ချက်ချင်း အက်ကွဲကြောင်းများ ဖြစ်ကုန်၏။

ဝမ်လင်းက ပြန်ပေါ်လာသည့်အခါ သူက ကောင်းကင်ဘုံဓား အနီးအနားသို့ ရောက်လာပြီး ၎င်းကို ဖမ်းဆုတ်၏။

ဝမ်လင်းက တစ်ဖန် အော်ဟောက်သည်။ “ပျက်စီးစမ်း … ” အဖြူရောင်အလင်းတန်းနှင့် ဖုံးအုပ်ထားသော လက်မောင်းက တစ်ဖန် အက်ကွဲလာခဲ့ပြန်ပြီး ရေခဲများစွာ ပြုတ်ကျပြန်၏။ အခုချိန်၌ သည်လက်မောင်းက သာမန်လူတစ်ယောက်၏ လက်မောင်းလောက်သာ ရှိတော့သည်။

ရေခဲရုပ်ကြီးက ရုတ်တရက်လှည့်လာပြီး နောက်ထပ် လက်သီးတစ်လုံး ထိုးသွင်း၏။ သည်လက်သီးချက်က ဝမ်လင်းထံသို့ လျင်မြန်စွာ ရောက်ရှိလာပြန်သည်။ ဝမ်လင်းက ကောင်းကင်ဘုံဓားကို မြှောက်၍ လွှဲခုတ်သည်။

ထိုအခိုက်တွင် ရေခဲရုပ်ကြီး၏ ရင်ဘတ်မှ ကျာပွတ်က ရုတ်တရက် ထွက်ပေါ်လာသည်။ ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။ သူကလှုပ်ရှား၍ သူ့ရှေ့ကို ကောင်းကင်ဘုံဓားနှင့် ပိတ်ဆို့သည်။ သို့ရာတွင် ကျာပွတ်က ဦးတည်ချက် ပြောင်းသွား၏။ ၎င်းက ကောင်းကင်ဘုံဓားကို ပတ်၍ ဝမ်လင်းခန္ဓာကိုယ်ကို ထိမှန်သွားသည်။

ဘန်း … ။

ဝမ်လင်းက သွေးအန်ထုတ်၍ ပေတစ်ရာအကွာထိ လွင့်စဉ်သွားသည်။ သူ့မူလစိတ်ဝိညာဉ်ကလည်း သူ့ခန္ဓာကိုယ်ကနေ ပေတစ်ထောင်အကွာသို့ လွင့်ထွက်သွား၏။

ရေခဲရုပ်ကြီး၏ မျက်လုံးများထဲကနေ တစ္ဆေအလင်းတန်းတစ်ခု ထုတ်လွှတ်လာသည်။ ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကို လျစ်လျူရှု၍ သူ့ခန္ဓာကိုယ်ထံသို့ လျှောက်လှမ်းလာ၏။

“စစ်ရထား … အသက်ဝင်စမ်း”

ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူက သည်အချိန်တွင် ရေခဲရုပ်ကြီးကို နှောင့်နှေးသွားစေရန် နတ်ဘုရား သတ်ဖြတ်ခြင်းစစ်ရထားကို အသက်သွင်း၏။

သားရဲစိတ်ဝိညာဉ်က မာန်သွင်း၍ ရှေ့သို့ ထိုးတက်သွားသည်။ ၎င်းပေါ်တွင် စစ်ရထားနှင့် ချီနှောင်ထားသော ချိန်းကြိုးများလည်း ရှိမနေခဲ့ချေ။ သို့ရာတွင် သူက ရေခဲရုပ်ကြီးထံသို့ တိုးဝင်ရမည့်အစား ဝမ်လင်းထံသို့ ပြန်၍ တိုးဝင်လာနေခြင်း ဖြစ်သည်။

“အမိန့်နာမတဲ့ သားရဲ…”

ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖန်တီးသည်။ စစ်ရထားထံမှ ချိန်းကြိုးများက ပျံသန်းထွက်လာ၏။ ချိန်းကြိုးများက စိတ်ဝိညာဉ် သားရဲကို နေရာတွင်ပင် ချုပ်နှောင်ပစ်သည်။

စိတ်ဝိညာဉ်သားရဲက ကြမ်းကြုတ်စွာ ရုန်းကန်၍ သူ့ဦးတည်ချက်ကို မပြောင်းလဲချေ။ ၎င်းက မည်သို့ပင်ဖြစ်ဖြစ် ဝမ်လင်းကို ဝါးမျိုပစ်ချင်နေသည်မှာ ရှင်းလင်းနေ၏။

ထိုအခိုက်တွင် ဧရာမရေခဲရုပ်ကြီးက ဝမ်လင်းခန္ဓာကိုယ်နားသို့ ရောက်ရှိလာခဲ့သည်။ ၎င်းက ပြုံး၍ ဝမ်လင်းကို လက်သီးဖြင့် ထိုးချပစ်လေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset