ပွင့်ချပ်ထံမှ ပါးလွှာသော မျဉ်းလိုင်းများ လွင့်ပျံ့လာပြီး ဧရာမ ပိုက်ကွန်အသွင်သို့ ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်လာသည်။
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။ သူက အတားအဆီးအလံကို ဝှေ့ယမ်းပြီး အမည်းရောင် မြူမျက်နှာပြင်တစ်ခုကို ဖြစ်ပေါ်စေ၏။ ထို့နောက် သူက ကောင်းကင်ဘုံဓားကို ထုတ်၍ ပိုက်ကွန်ထံသို့ လွှဲ၍ ရိုက်ချသည်။
ဓားစွမ်းအင်များက အမည်းရောင်မြူခိုးများကို ဖြတ်ကျော််၍ ပန်းပွင့်ချပ်ပေါ်သို့ ကျရောက်သွားသည်။
ဘန်း … ။
ပွင့်ချပ်ပေါ်၌ အက်ကွဲကြောင်းများ ချက်ချင်း ဖြစ်ပေါ်လာ၏။ သို့သော် ၎င်းက ပျက်စီးသွားခြင်း မရှိချေ။ ပန်းပွင့်ချပ်မှ မရေမတွက်နိုင်သော အမျှင်တန်းများ ဖြစ်ပေါ်လာပြီး ကောင်းကင်ကို ဖုံးအုပ်စေသည်။ ထို့နောက် ၎င်းပွင့်ချပ်က ဝမ်လင်း ရှေ့သို့ ရောက်ရှိလာ၏။
အနီရောင်လိပ်ပြာက နောက်ထပ် ပွင့်ချပ်တစ်ခိုကု ခူးဆွတ်၏။ သူမက ၎င်းပွင့်ချပ်ကို ရှေ့သို့ ပစ်လွှတ်၍ ချပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့နောက် သူမက ပွင့်ချပ်သို့ လက်ညွှန်လိုက်ရာ ၎င်းက အဆများစွာ ကြီးမားလာခဲ့၏။ ၎င်းနောက်ထပ် ပွင့်ချပ်သည်လည်း ဝမ်လင်းထံသို့ တိုးဝင်လာပြန်သည်။
အနီရောင်လိပ်ပြာက ရပ်တန့်ခြင်းမရှိဘဲ နောက်ထပ်ပွင့်ချပ် တစ်ခုကို ခူးဆွတ်၍ သူမလျှာကို အနည်းငယ် ကိုက်၍ သွေးအချို့ကို ၎င်းပေါ်သို့ ထွေးထုတ်သည်။ သွေးက ပွင့်ချပ်ပေါ်သို့ ကျရောက်သွားသည့် အခါ သည်ပွင့်ချပ်ပေါ်၌ သွေးဖြင့်ပြုလုပ်ထားသည့် ဓားသင်္ကေတ ကိုးခု ဖြစ်ပေါ်လာခဲ့သည်။ ဓားစွမ်းအင်တန်းကိုးခုက ထွက်ပေါ်လာပြီး ဝမ်လင်းထံသို့ တိုးဝင်သွား ပြန်သည်။
“ပွင့်ချပ်သုံးခု။ စန်နူး … နင်သေကို သေရမယ် … ”
အနီရောင်လိပ်ပြာက သူမအောက်ရှိ ရေခဲရုပ်ကို ပုတ်လိုက်၏။ ဧရာမ ရေခဲရုပ်ကြီးက မာန်သွင်း၍ နောက်ထပ် လက်သီးတစ်ချက်ကို ဓားစွမ်းအင် ကိုးခုနောက်မှ ကပ်၍ လိုက်ပါစေသည်။
၎င်းခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပေါ်၌ ကြီးမားသော အပေါက်ကြီးများပင် ဖြစ်ပေါ်ကုန်သည်။ မရေမတွက်နိုင်သော အပင်များလည်း လဲပြို၏။ တုန်ခါမှုလှိုင်းများကြောင့် မြေပြင်ပင် အက်ကွဲရသည်။
သည်တိုက်ပွဲက ဝမ်လင်းဘဝတွင် အန္တရာယ်အရှိဆုံး တိုက်ပွဲဟုပင် ယူဆလို့ရသည်။ သူက ဖြစ်နိုင်လျှင် စစ်ရထားကို အသုံးပြုလိုခြင်း မရှိချေ။ တကယ်တော့ သည်နေရာက ဟင်္သာပြဒါး နိုင်ငံဖြစ်၏။ သူ့ကိုစောင့်ကြည့်နေသော လူများစွာ ရှိနေသည်။ သူ့လျှို့ဝှက်ချက် များစွာကို ထုတ်ဖော်ခြင်းက သူ့အတွက် မကောင်းပေ။
ဝမ်လင်းက သူ့ထံသို့ တိုးဝင်လာနေသော ပိုက်ကွန်ကို ရင်ဆိုင်ရင်း မာန်သွင်းကာ ကောင်းကင်ဘုံဓားကို ရူးသွပ်ဖွယ် ဝှေ့ယမ်းခုတ်ချသည်။ သည်ခုတ်ချက်က ကြမ်းတမ်းလှသဖြင့် ပိုက်ကွန်ပေါ်၌အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်သွားစေသည်။
ဝမ်လင်းက ထိုအပေါက်ထဲကနေ အလျင်အမြန်ထွက်၍ သူ့ပါးစပ်ထဲက အနက်ရောင် အလင်းတန်းတစ်ခုကို ထွေးထုတ်သည်။ ၎င်းအလင်းတန်းက လျင်မြန်စွာ အနက်ရောင် တံဆိပ်ခေါင်း တစ်ခုသို့ ပြောင်း၍ ဧရာမပွင့်ချပ်ကြီးကို ရိုက်ချပစ်သည်။
အနက်ရောင် တံဆိပ်ခေါင်းက တုန်ခါသွားပြီး ပွင့်ချပ်ဟ ချုပ်နှောင်ခြင်းကို ခံရကာ အနက်ရောင် ရေအိုင်အဖြစ်သို့ ပြောင်းသွား၏။ ဝမ်လင်းမျက်နှာက ဖြူရော်နေသည်။ သူက အနက်ရောင် တံဆိပ်ခေါင်းကို အသုံးပြု၍ ပွင့်ချပ်ကို ဟန့်တားကာ တည်နေရာ ရွှေ့ပြောင်း၏။
ထိုအခိုက်တွင် ဓားစွမ်းအင်ကိုးခုကလည်း တိတ်တဆိတ် ရောက်ရှိလာ၏။ သည်ဓား စွမ်းအင်များက လျှပ်စီးတန်းအလား မြန်ဆန်လှ၏။ ဝမ်လင်းကို သိုလှောင်အိတ်ထဲက ခေါင်းလောင်း နှစ်ခုကို ထုတ်ယူလိုက်၏။ သည်ခေါင်းလောင်းများက ဓားစွမ်းအင်နှင့် ထိတိုက်မိကာ အသံလှိုင်းများ ဖြစ်ပေါ်စေသည်။
ဓားစွမ်းအင်ကိုးခုက အသံလှိုင်းကြောင့် ခဏတာ ရပ်တန့်သွား၏။ သို့သော် ဝမ်လင်းထံသို့ ဆက်၍တိုးဝင်လာပြန်သည်။
သည်ခဏတွင် ခေါင်းလောင်းနှစ်ခုက တစ်စစီကွဲ၍ ချပ်ဝတ်တစ်ခုက ဝမ်လင်းပတ်လည်၌ ဖြစ်ပေါ်လာသည်။ သူက မာန်သွင်း၍ တည်နေရာ ထပ်မံရွှေ့ပြောင်းသည်။ သည်တစ်ကြိမ်က သူသည် အနီရောင် လိပ်ပြာထံသို့ တိုးဝင်သွားခြင်း ဖြစ်၏။
သို့ရာတွင် သူပေါ်လာသည့် အခိုက်တွင် ဧရာမလက်သီးကြီးက သူ့ရှေ့သို့ ရောက်လာ၏။ သည်လက်သီးချက်က စောနက လက်သီးထက် ပို၍ မြန်ဆန်သည်။ ၎င်းက ဝမ်လင်း ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာ၏။
ဝမ်လင်းက နောက်သို့ လွင့်စဉ်သွား၏။ ဓားစွမ်းအင်ကိုးခု ကလည်း သူ့ခန္ဓာကိုယ်ပေါ်သို့ လာရောက် စိုက်ဝင်သည်။ ဧရာမပွင့်ချပ်ကြီးကလည်း သူ့ကို လွှမ်းခြုံပိတ်ဆို့လာ၏။ သူ့အတွက် ထွက်ပေါက်မရှိတော့ချေ။
အနီရောင်လိပ်ပြာက သတ်ဖြတ်ချင်စိတ် အပြည့်ဖြစ် အော်ဟစ်၏။
“စန်နူး … နင့်သေခြင်းတရားကို လက်ခံစမ်း … ”
သူမက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ ပွင့်ချပ်ထံသို့ လက်ညွှန်၏။ သိပ်မကြာခင်တွင် ပွင့်ချပ်ထဲက ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
သို့ရာတွင် သည်အခိုက်၌ အနက်ရောင် စွမ်းအင်တစ်ခုက ပန်းပွင့်ချပ်ထဲမှ စိမ့်ထွက်လာ၏။ အနီရောင်လိပ်ပြာက ပွင့်ချပ်ထဲကနေ ကမ္ဘာကို ဖျက်ဆီးပစ်နိုင်စွမ်းသည့် ဧရာမဓားစွမ်းအင်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားမိချိန်တွင် သူမအသွင်က ပြောင်းလဲသွား၏။
ပွင့်ချပ်က နှစ်ခြမ်းကွဲသွားပြီး ဝမ်လင်းက လှမ်းလျှောက်ထွက်လာသည်။
သူ့ဆံပင်ကို ချည်နှောင်ထားသည့် ဖဲကြိုးက ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ သူ့ဆံပင်များက လေမတိုက်ဘဲ မျောလွင့်နေသည်။ သူ့မျက်လုံးထဲ၌ သိပ်သည်းသော အေးစက်မှုများ ပြည့်နေ၏။ သူက အနီရောင်လိပ်ပြာကို သေလူတစ်ယောက်ကဲ့သို့ ကြည့်သည်။
သူ့ချပ်ဝတ်တွင် များစွာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်နေ၏။ သူ့နောက်ရှိ ဓားစွမ်းအင်ကိုးခုသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက အသံနှိမ့်၍ ဖြည်းညင်းစွာပြော၏။
“အနီရောင်လိပ်ပြာ … တိုက်ပွဲက ခုမှ စမှာ။ စောနက သွေးပူရုံပဲ ရှိသေးတယ် … ”
အနီရောင်လိပ်ပြာက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သူမက ပွင့်ချပ်ခြောက်ခု ကျန်နေသေးသော နှင်းဆီပန်းကို လက်ညွှန်၏။ သူမက မန္တန်တစ်ခုကို အသုံးပြုရန် ပြင်၏။
“အနီရောင်လိပ်ပြာ ဒါကို ကြည့်စမ်း … ”
ဝမ်လင်းက နတ်ဆိုးအပြုံး ပြုံးသည်။ သူက ကျောက်တုံးပိုးအိမ် တစ်ခုကို ထုတ်ယူပြ၏။ ၎င်းပေါ်၌ တာအိုသင်္ကေတ များစွာ ရှိနေ၏။
ဝမ်လင်းက ညာလက်ဖြင့် ၎င်းကို ရိုက်ချရာ ၎င်းပိုးအိမ်အပေါ်ရှိ သင်္ကေတများက စတင် တောက်ပလာသည်။
အနီရောင်လိပ်ပြာ၏ မျက်နှာက ဖြူရော်သွားပြီး သူမနဖူးထက်မှ အမည်းရောင် အခိုးငွေ့ အနည်းငယ် ထွက်ပေါ်လာ၏။ သူမက အော်ဟစ်မေး၏။ “စန်နူး … အဲ့ဒါက ဘာလဲ … ”
“ဒါက လက်တစ်ဖက်လေးပါပဲ … ”
ဝမ်လင်းအသွင်က နဂိုအတိုင်းရှိနေပြီး သူက ကျောက်တုံးပိုးအိမ်ကို ရိုက်ချ၏။ ကျောက်တုံး အပိုင်းအစများက ပျက်စီးသွားပြီး နက်မှောင်ခြောက်သွေ့နေသည့် လက်မောင်းတစ်ဖက် ထွက်ပေါ်လာ၏။
ဝမ်လင်းက လက်ထဲ၌ ၎င်းလက်မောင်း တစ်ဖက်ကို ကိုင်ထား၍ နတ်ဆိုးအပြုံးပြုံးသည်။
“အနီရောင်လိပ်ပြာ … ။ ဒီလက်မောင်းနဲ့ ရင်းနှီးလား … ”
အနီရောင်လိပ်ပြာက လက်မောင်းကို စူးစိုက်ကြည့်ရင်း သူမခန္ဓာကိုယ်က တုန်ခါသွား၏။ သူမက ဝမ်လင်းထံသို့ ကြည့်သည်။ သူမမျက်လုံးထဲရှိ အေးစက်မှုများက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။
“စန်နူး … နင် … နင် ယုတ်မာတဲ့ကောင် … ”
ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေ၏။ သူက ကျယ်လောင်စွာ ရယ်မောနေသည်။ သူ့မျက်လုံးများကလည်း နက်မှောင်လာပြီး သူက ရုတ်တရက် ပြောလိုက်သည်။
“ငါက ယုတ်မာတာလား။ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေမှာ ငါတို့နှစ်ယောက် ကြားမှာ ဘာအမုန်းတရားမှ မရှိခဲ့ဘူး။ ငါက နင့်ကို တစ်ခါမှလည်း မစော်ကားဖူးဘူး။ ဒါတောင်မှ နင်က ငါ့ကို သတ်ဖို့ အကြိမ်များစွာ ကြိုးစားခဲ့တယ်။ ခုထိ နင်ငါ့ကို ဘာလို့ အသည်းအသန်သတ်ဖို့ ကြိုးစားခဲ့တာလည်း ငါ မသိဘူး။ နင်က ငါ့ကို သတ်ဖို့ ကြိုးစားတာကို ငါက ဘာလို့ မခုခံရမှာလဲ … ”
အနီရောင်လိပ်ပြာ၏ မျက်နှာက ရှုံ့တွသွားသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ သူမက နှင်းဆီပန်းကို လက်ညွှန်လိုက်ရာ ပွင့်ချပ်ခြောက်ခုက ပြန့်ကျဲသွားလေ၏။
ဝမ်လင်းက နှာခေါင်းရှုံ့သည်။ သူက သိုလှောင်အိတ်ထဲက အနက်ရောင် အလံတစ်ခုကို ထုတ်ယူလိုက်သည်။ သည်အလံက နတ်ဘုရားပစ်ဒဏ်ကို ဆွဲဆောင်နိုင်သည့် အတားအဆီး တစ်ခုလိုနေသေးသည့် အတားအဆီးအလံဖြစ်၏။
သူက ဘယ်ဘက်လက်ကို လှုပ်ရှား၍ အတားအဆီးတစ်ခုကို ၎င်းအလံပေါ်သို့ နေရာချသည်။ အတားအဆီးက တုန်ခါသွားပြီး အလံထံမှ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု တောက်ပလာသည်။
အနီရောင်လိပ်ပြာအသွင်က ပြောင်းလဲသွား၏။ သူမက ချိပ်တံဆိပ်များကို လျင်မြန်စွာ ပြုလုပ်၍ ရှုပ်ထွေးသောမန္တန်များကို ရွတ်ဆိုသည်။ ပွင့်ချက်ခြောက်ခုက လျင်မြန်စွာ ပျံသန်းလာပြီး အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးခြောက်ယောက် အသွင်သို့ ပြောင်းသွား၏။
သို့ရာတွင် အားကောင်းသော စွမ်းအားတစ်ခုက အတားအဆီးအလံထဲနေ ထွက်ပေါ် နေဆဲပင်။ သည်စွမ်းအားက အရာအားလုံးကို တွန်းထုတ်ပစ်၏။ ဝမ်လင်းကိုယ်တိုင်လည်း တွန်းထုတ်ခြင်း ခံရပြီး အတားအဆီးအလံက လေထဲ၌ မျောလွင့်နေသည်။
ပွင့်ချပ်ခြောက်ခုက ပြောင်းလဲသွားသော အမျိုးသမီး ခြောက်ယောက်သည် ရပ်တန့်သွား၏။ သူတို့က ထပ်မံ၍ ရှေ့သို့ တိုးလာနိုင်စွမ်း မရှိကြတော့ချေ။
ထိုအချိန်တွင် ကောင်းကင်ထက်ကနေ တုန်ခါသံများ ရုတ်တရက် ဖြစ်ပေါ်လာ၏။ အနီရောင် တိမ်တိုက်များက ကောင်းကင်ထက်တွင် ဖုံးလွှမ်းလာပြီး ကောင်းကင်ကြီးပင် ပြိုကျမလား ထင်မှတ်ရသည်။
အပြင်ဘက်တွင် တိုက်ပွဲကို ကြည့်နေသောလူတိုင်းသည် တုန်လှုပ်သွားမိကြ၏။ အတွင်းစည်း၌ ထိုင်နေသော အဘိုးအို လေးယောက်ပင် မျက်လုံးဖွင့်လာကြသည်။ သူတို့အကြည့်က အနီရောင် တိမ်တိုက်ထံသို့ ကျရောက်နေ၏။
“နတ်ဘုရား ပြစ်ဒဏ် … ”
ကုန်းစွန်းပို၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။
“ခြောက်ခုမှ တစ်ခု ပြန်ပေါင်းစပ် … ”
အနီရောင်လိပ်ပြာအသွင်က ပြောင်းလဲသွား၏။ သူမက ချိပ်တံဆိပ်များကို လျင်မြန်စွာ ပြုလုပ်နေသည်။ အနီရောင်ဝတ်စုံနှင့် အမျိုးသမီးခြောက်ယောက်က အနီရောင်လိပ်ပြာနှင့် လျင်မြန်စွာ ပေါင်းစပ်သွား၏။ သူမနောက်တွင် လှပေသော အနီရောင်ပုံရိပ်ခြောက်ခု ဖြစ်ပေါ်လာသည်။
အနီရောင် တိမ်တိုက်များက ကောင်းကင်ကို ဖုံးလွှမ်းထားသည်။ ဝမ်လင်းက နှာခေါင်းရှုံ့၍ အတားအဆီး အလံထံသို့ လက်ညွှန်၏။ အတားအဆီးအလံက အတားအဆီး လှိုင်းများအဖြစ်သို့ ပြောင်း၍ အနီရောင်လိပ်ပြာထံသို့ တိုးဝင်သွားသည်။
ထိုအခိုက်တွင် ကြီးမားသော ပေါက်ကွဲသံတစ်ခုနှင့်အတူ အနီရောင်တိမ်များက စုစည်းသွားပြီးနောက် အနီရောင် မိုးကြိုးလျှပ်စီးတစ်ခု ဆင်းသက်လာ၏။ ၎င်း၏ ဦးတည်ရာက အတားအဆီးများ ရှိနေသော နေရာပင်။
အနီရောင်လိပ်ပြာက နောက်သို့ဆုတ်၏။ သို့သော် ဝမ်လင်းက သူမကို မျက်စိဒေါက်ထောက် ကြည့်နေသည်။ သူမက လှုပ်ရှားဟန် ပြင်လိုက်စဉ်တွင် သူက ကောင်းကင်ဘုံဓားကို လွှဲခုတ်ချ၏။ ဓားစွမ်းအင်က သူမထံသို့ တိုးဝင်သွားလေသည်။
သို့ရာတွင် ဓားစွမ်းအင်က သူမထံသို့ ဦးတည်ခြင်း မဟုတ်ပေ။ ၎င်းဓားစွမ်းအင်က ကောင်းကင်မှ ဆင်းသက်လာသည့် အနီရောင်မိုးကြိုးလျှပ်စီးနှင့် ထိတိုက်မိသွား၏။
ဘုန်း … ။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဓားစွမ်းအင်က ပျက်စီးသွားသည်။ အနီရောင် အလင်းတန်းက ခဏတာ ရပ်တန့်သွားပြီး ဆက်၍ ဆင်းသက်လာပြန်၏။
သည်ရပ်တန့်သွားသည့် အခိုက်တွင် ဝမ်လင်းက အော်ဟစ်လိုက်၏။
“အတားအဆီးအလံ … ပြန့်ကျဲစမ်း … ”
အတားအဆီးအလံက ရုတ်တရက် တုန်ခါသွားပြီး အတားအဆီး အခိုးအငွေ့များက ၎င်းထံကနေ ထွက်ပေါ်လာ၏။ သည်အခိုးအငွေ့များက အတားအဆီးအလံ ဖုန်မှုန့်အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားသည့်အထိ ဆက်လက်၍ ထွက်ပေါ်နေသည်။ သို့ရာတွင် အတားအဆီး အခိုးငွေ့များက အနီရောင်လိပ်ပြာ၏ ရှေ့သို့ ချက်ချင်း ရောက်လာပြီး သူမကို ဝါးမျိုသွား၏။ ကျန်သည့် အတားအဆီး အခိုးအငွေ့များစွာကလည်း ဧရာမ ရေခဲရုပ်ကြီး၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွား၏။ သည်အခိုးအငွေ့များက မည်သည့်ဖျက်ဆီးနိုင်စွမ်းမှ မရှိသော်လည်း ၎င်းက နတ်ဘုရား ပြစ်ဒဏ်အလင်းတန်းကို ဆင်းသက်ရန် အချက်ပြသည့် အရာ ဖြစ်နေခဲ့၏။
ဧရာမရေခဲရုပ်ကြီးက မြေပြင်ပေါ်သို့ လျင်မြန်စွာ ခြေစောင့်နင်းချနေ၏။ ၎င်းတစ်ချက် နင်းလိုက်တိုင်း အတားအဆီး အခိုးငွေ့များက ပျောက်ကွယ်သွားနေသည်။သို့သော် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် အခိုးအငွေ့ ပမာဏက လွန်စွာများပေသည်။
အနီရောင်လိပ်ပြာက တည်နေရာရွှေ့ပြောင်းရန် ဟန်ပြင်လိုက်ရင်း သူမအသွင်က ရုပ်ဆိုးလို့သွား၏။
“နတ်ဘုရားပြစ်ဒဏ် ကျရောကလာတဲ့ အခိုက်မှာ တည်နေရာ ရွှေ့ပြောင်းခြင်း အားလုံးကို ချိပ်ပိတ်ပစ်တယ်။ အနီရောင်လိပ်ပြာ … နင့် သေခြင်းတရားကို လက်ခံစမ်း … ”
ထိုအခိုက်၌ အနီရောင်မိုးကြိုး လျှပ်စီးအလင်းတန်းက ရောက်ရှိလာခဲ့လေ၏။ အတားအဆီး အခိုးအငွေ့များက ၎င်းအလင်းတန်းနှင့် ထိလိုက်သည်နှင့် ကွယ်ပျောက်သွားကြသည်။ အနီရောင်အလင်းတန်းက အတားအဆီး အခိုးအငွေ့များ ဝန်းရံနေသော အနီရောင် လိပ်ပြာပေါ်သို့ ကျဆင်းလာ၏။
သည်အရာအားလုံးသည် ရှင်းပြရသည်က ကြာနေသော်လည်း မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့ခြင်းပင်။
အနီရောင်လိပ်ပြာ၏ မျက်နှာက ဖြူရော်နေပြီး သူမက အံတင်းတင်းကြိတ်၏။ နတ်ဘုရားပြစ်ဒဏ် အနီရောင်အလင်းတန်း ကျရောက်လာသည့် အခိုက်တွင် သူမနောက်ရှိ ပုံရိပ်ခြောက်ခုက ရှေ့သို့ ပျံထွက်လာကြ၏။
“ပေါက်ကွဲစမ်း … ”
အနီရောင်ပုံရိပ်များထဲက တစ်ခုက နတ်ဘုရားပြစ်ဒဏ်နှင့် ထိမိသည်နှင့် ချက်ချင်းပေါက်ကွဲသွား၏။ သို့သော် ၎င်းပုံရိပ်က နတ်ဘုရားပြစ်ဒဏ် အလင်းတန်းကို ရပ်တန့်နိုင်စွမ်း မရှိချေ။
အနီရောင်လိပ်ပြာ၏ အသံက အက်ကွဲနေ၏။
“ပေါက်ကွဲစမ်း … ပေါက်ကွဲစမ်း … ”
ဘန်း … ဘန်း … ဘန်း … ။
နတ်ဘုရားပြစ်ဒဏ် အလင်းတန်းက သည်ပုံရိပ်အားလုံးကို စက္ကူစတစ်ခုအလား ဖြတ်တောက်သွား၏။ ပုံရိပ်တစ်ခုပြီး တစ်ခုက ပျက်စီးကုန်ကြသည်။ သိပ်မကြာခင်တွင် ပုံရိပ်ခြောက်ခုလုံးက ပျက်စီးပြိုကျသွားလေ၏။
သို့ရာတွင် အနီရောင်အလင်းတန်း၏ စွမ်းအားကလည်း သည်ပေါက်ကွဲမှု များနှင့်အတူ အနည်းငယ် လျော့ကျသွား၏။
အနီရောင်လိပ်ပြာက ဧရာမရေခဲရုပ်ကြီးထဲသို့ ဝင်ရောက်လိုက်၏။ သူက ၎င်းရေခဲရုပ်ကြီး ထဲသို့ ပျောက်ကွယ်သွားသည့် အခိုက်မှာပင် နတ်ဘုရားပြစ်ဒဏ် အလင်းတန်းက ရေခဲရုပ်ကြီးပေါ်သို့ ကျရောက်လာခဲ့၏။
သည်ဧရာမ ရေခဲရုပ်ကြီးက ခေါင်းမော့၍ နာကျင်စွာ အော်ဟစ်၏။ ၎င်း၏ ခန္ဓာကိုယ်ပေါ် တွင်လည်း အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာသည်။ အနီရောင်လိုင်း တစ်ခုက ရေခဲရုပ်ကြီး အတွင်း၌ ရွေ့လျားလို့နေ၏။ ၎င်းအလင်းတန်းက ရေခဲရုပ်ကြီးကို တိုက်ခိုက်ခြင်း မဟုတ်ချေ။ သို့သော် ၎င်းခန္ဓာကိုယ်ထဲရှိ ကျန်နေသေးသော အတားအဆီး အခိုးအငွေ့ထံသို့ ဦးတည်သွားခြင်း ဖြစ်၏။
ရေခဲရုပ်ထဲ၌ ကျာပွတ်တစ္ဆေပုံရိပ်တစ်ခုက တောက်ပလာခဲ့သည်။ ၎င်းကျာပွတ် တောက်ပ လာသည့် အချိန်တိုင်း အနီရောင်အလင်းတန်း၏ စွမ်းအားက အားပျော့လာခဲ့သည်။
“သနားစရာပဲ … ”
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားပြီး သူက ကောင်းကင်ဘုံဓားဖြင့် ဧရာမ ရေခဲရုပ်ကြီး ကို လွှဲ၍ ခုတ်ချသည်။ သူက မာန်သွင်း၍ ဓားစွမ်းအင်ကို ရေခဲရုပ်ကြီးပေါ်သို့ တိုက်ရိုက် ဦးတည်လိုက်၏။
ရေခဲရုပ်ကြီးက ပါးစပ်ဟလာခဲ့ပြီး အော်ဟစ်လိုက်သည်။ သို့ရာတွင် ထိုအသံက အနီရောင် လိပ်ပြာ၏အသံဖြစ်နေ၏။
“စိတ်ဝိညာဉ်ကျာပွတ် … ”
ထိုအခိုက်တွင် ဧရာမရေခဲရုပ်ကြီး၏အတွင်းထဲက ကျာပွတ်သည် ပို၍တောက်ပလာခဲ့ပြီး ရေခဲရုပ်ကြီး၏ ရင်ဘတ်ထဲကနေ ပျံသန်းထွက်ပေါ်၍ ဝမ်လင်း ထံသို့ တိုးဝင်လာခဲ့၏။
မြန်၏။ မြန်လွန်းလှ၏။ ဝမ်လင်းက ကျာပွတ်ရိုက်ချက်က မြန်ဆန်လွန်းသဖြင့် ရှောင်တိမ်း နိုင်စွမ်း မရှိတော့ချေ။ သူက သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ် သည်လည်း ပြိုလဲကျသွား၏။ သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ လွင့်စဉ်၍ အဝေးသို့ ပျံသန်းသွား၏။ တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်က ရေခဲရုပ်ကြီးပေါ်သို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ ၎င်း၏ အော်ရာက အတော်လေး အားနည်းလို့သွားခဲ့၏။ ၎င်းရေခဲရုပ်ကြီး ခန္ဓာကိုယ်ပေါ်တွင် လက်မောင်းလုံးခန့် အလျားလိုက် ဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်လာခဲ့၏။
***