သည်အရာက ဘီလူးနတ်ဆိုးကလန် သမိုင်း၏ ကြီးမားသော အောင်မြင်မှုပင်။ ခုချိန်ကစပြီး သူတို့က အဆင့်လေးနိုင်ငံ မဟုတ်တော့ဘဲ အဆင့်ငါးနိုင်ငံသို့ ရောက်ရှိသွားပေပြီ။
ဟင်္သာပြဒါးနိုင်ငံ အတွက်ပင် သည်ကိစ္စက အရေးကြီး၏။ ထို့ကြောင့်လည်း ဟင်္သာပြဒါး နိုင်ငံမှ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သည် ဘီလူးနတ်ဆိုးကလန်၏ ဘိုးဘေးဖြစ်သူ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူအတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့၏။
အမှန်တော့ ကောလာဟလ ပြောကြသည်မှာ ဘီလူးနတ်ဆိုးကလန်သည် အစောကတည်းက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက် ရှိသည်ဟူ၍ပင်။ သို့သော် မည်သူကမျှ သေချာမသိကြချေ။ သို့ရာတွင် ခုတော့ ဖြစ်နိုင်ချေ အရမ်းများသွားခဲ့ပြီ ဖြစ်၏။ အကြောင်းကတော့ ဘီလူးနတ်ဆိုးကလန်၏ လူငယ်ဆရာသခင်ချီ ဟူသည် ကောင်းကင်ဘုံနယ်မြေမှ ပြန်လာသည့် အချိန်တွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြား များစွာ ရရှိခဲ့ပေ၏။
ကလန်၏ ဘိုးဘေးက သူ့စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိလာသည့်အခါ ကောလာဟလများက မှန်နေကြောင်း အတိပြုပြီး ဖြစ်၏။
ဘီလူးနတ်ဆိုးကလန်က ဟင်္သာပြဒါးဂြိုဟ်၏ ဒေသခံ ကလန်တစ်ခု မဟုတ်ပေ။ သူတို့က သည်ဂြိုဟ်သို့ ပြောင်းရွှေ့လာကြခြင်းပင်။ ချီဟူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်ဖြင့် နောက်ဆုံးအဆင့်ကို ယှဉ်တိုက်နိုင်သည် ဆိုကတည်းက သူတို့က မည်မျှ စွမ်းအားကြီးကြောင်းကို သိနိုင်လေ၏။
ဟင်္သာပြဒါးနိုင်ငံက အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ကိုယ်တိုင် သူတို့၏ အဆင့်တက်ခြင်း အတွက် လာရောက်ခဲ့ခြင်းက သူတို့၏ စွမ်းအားကို ပြသနေခဲ့သည် မဟုတ်လား။
ပုံမှန်အားဖြင့် ဟင်္သာပြဒါးနိုင်ငံသည် သည်လိုအဆင့်တက်ခြင်း အတွက် စီမံဆောင်ရွက် ပေးရန် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ကိုသာ လွှတ်လေ့ရှိ၏။
သည်သတင်းက ရေကန်ထဲ၌ မင်တစ်စက်ကျသကဲ့သို့ ဖြည်းဖြည်းချင်း နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
သည်အရာများအားလုံးက ဝမ်လင်းနှင့် မဆိုင်သလို ရှိနေ၏။ သူက တောင်ကြားထဲမှ ထွက်လာခဲ့ပြီး ဖန်ယုရှန်နှင့် တည်နေရာအစီအရင်သို့ သွား၏။ သူက ပျောက်ကွယ်မသွားခင် တောင်ကြားသို့ တစ်ချက် ကြည့်လိုက်သေးသည်။
ဟင်္သာပြဒါးနိုင်ငံက ဟင်္သာပြဒါးဂြိုဟ်တွင် အကြီးဆုံးကုန်းမြေကြီး တစ်ခု ဖြစ်သည်။ ဟင်္သာပြဒါးနိုင်ငံကို ဟင်္သာပြဒါး ကုန်းမြေကြီးဟု လည်း ခေါ်တွင်ကြ၏။
သည်ဟင်္သာပြဒါး ကုန်းမြေတွင် ကျင့်ကြံခြင်းနိုင်ငံ လေးနိုင်ငံရှိသည်။ သုံးခုက အဆင့်ငါးနိုင်ငံများ ဖြစ်ပြီး သည်နိုင်ငံသုံးခုက အဆင့်ငါးနိုင်ငံများ ကြားတွင် အားအကောင်းဆုံး နိုင်ငံများလည်း ဖြစ်ကြသည်။ .
သည်သုံးနိုင်ငံက အစိမ်းရောင်နဂါးနိုင်ငံ၊ စိတ်ကူးတစ်ထောင် နိုင်ငံနှင့် ဖီးလုနိုင်ငံတို့ ဖြစ်ကြ၏။
သည်ကုန်းမြေ၏ အလယ်ဗဟိုတွင် ကုန်းမြေ၏ သုံးပုံနှစ်ပုံကို နေရာယူထားသည့်ကတော့ ဟင်္သာပြဒါးနိုင်ငံ တည်ရှိရာ နေရာဖြစ်ချေ၏။
ဟင်္သာပြဒါးနိုင်ငံ၏ သေမျိုးများပင် အခြား သာမန်သေမျိုးများထက် အဆင့်မြင့်လေသည်။ အကြောင်းကတော့ သူတို့က ဟင်္သာပြဒါးနိုင်ငံက လူများဖြစ်သောကြောင့်တည်း။
ဟင်္သာပြဒါးနိုင်ငံတွင်တော့ စုစုပေါင်း ကလန်သုံးခု ရှိသည်။ သည်ကလန်သုံးခုကတော့ ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၊ ကမ္ဘာမြေဝိညာဉ်နိုင်ငံနှင့် အင်မော်တယ်လမ်းကြောင်း ကလန်တို့ ဖြစ်ကြ၏။
သည်ကလန် တစ်ခုချင်းစီ၌ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်စီ ရှိကြသည်။ ဟင်္သာပြဒါးဂြိုဟ်၏ ခေါင်းစီးဟု ခေါ်၍ရသည့် ဟင်္သာပြဒါးတောင်ပေါ်ရှိ အာဏာတက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူနှင့်ပေါင်းလျှင် သည်အင်အားစုများသည် ဟင်္သာပြဒါးဂြိုဟ်၏ အဓိက အင်အားများပင် ဖြစ်ချေသည်။
သည်ကလန်သုံးခုအောက်၌ မရေမတွက်နိုင်သော ကျင့်ကြံခြင်းမိသားစုများ ရှိနေကြသည်။ သူတို့က ကလန်သုံးခုကို ထောက်ပံ့မှီခို၍ နေကြသည်။ ထို့နောက် သည်မိသားစုများမှ တပည့်အများစုကို ကလန်သုံးခုသို့ ပို့လွှတ်ကြလေ့ရှိသည်။
ဟင်္သာပြဒါးနိုင်ငံ၏ ပလ္လင်တစ်ခုပေါ်သို့ ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာခဲ့၏။ သည်အလင်းတန်းက စိတ်ဝိညာဉ်စွမ်းအင်များ ပျံ့နှံ့မှုကို ဖြစ်ပေါ်စေခဲ့သည်။
အနီရောင်လိပ်ပြာက ကောင်းကင်ဘုံ ကျောက်စိမ်းကလန်၏ တောင်အနောက်ဘက်ရှိ ကြာပန်းတစ်ခုပေါ်တွင် ထိုင်လျက်ရှိနေသည်။ သူမက မျက်လုံးဖွင့်လာခဲ့ပြီး ကောင်းကင်ထက်မှာ ဆင်းသက်လာသော အလင်းတန်းကို ကြည့်သည်။
အနီရောင်လိပ်ပြာ၏ မျက်လုံးများက အေးစက်သွားပြီး သူက ခပ်တိုးတိုး ရေရွတ်သည်။
“သူ … လာပြီ … ”
ဝမ်လင်းက ပလ္လင်ပေါ်တွင် တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သည့်နောက် ဖန်ယုရှန်လည်း ထွက်ပေါ်လာခဲ့၏။ ဖန်ယုရှန်က ခုမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်း ချနိုင်တော့သည်။ စန်နူးရောက်လာပြီ ဖြစ်သည့်အတွက်ကြောင့် သူက ဟင်္သာပြဒါးတောင်သို့ သွားရောက်၍ သတင်းပို့ရဦးမည်။
သည်ပလ္လင်ဘေး၌ ဝမ်လင်းနှင့် ဖန်ယုရှန်တို့ အပြင် နောက်ထပ် တစ်ယောက် ရှိနေသေး၏။
သည်လူက နှင်းပန်းပေါ်တွင် ခရမ်းရောင်လိပ်ပြာ တစ်ကောင်ပုံ ရေးထွင်းထာသည့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမက ကြည်လင်တောက်ပလို့ နေသည်။ သူမ၏ မျက်လုံးများက လူအများကို တပ်မက်ဖွယ်ခံစားမှုကို ပေးစွမ်းလို့နေသည်။ သူမ၏ နှာခေါင်းများက ဖြောင့်စင်းနေပြီး နှုတ်ခမ်းပါးလေးတစ်ခုလည်း ပိုင်ဆိုင်ထားသေး၏။
သူက တိတ်ဆိတ်စွာ မတ်တတ်ရပ်၍ ဝမ်လင်းကို ကြည့်နေသည်။
ဖန်ယုရှန်က သည်အမျိုးသမီးကို မြင်လိုက်သည့်အခါ အလျင်အမြန်ပင် လေးလေးစားစား ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် … တတိယစီနီယာအစ်မ … ”
အမျိုးသမီးက ညင်သာစွာ ခေါင်းညိတ်ပြ၍ မေးလိုက်သည်။
“ဒါက ရောင်းရင်းကျင့်ကြံသူစန်နူးလား … ”
ဝမ်လင်းက အမျိုးသမီးကို ကြည့်လိုက်သည်။ သူက သူမမည်မျှလှပါစေ သူ့အတွက် မည်သည့် သက်ရောက်မှုမှ မရှိချေ။ သူက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။
“စန်နူးပါ … ”
“ရောင်းရင်းစန် … ငါကတော့ အင်မော်တယ်လမ်းကြောင်း ကလန်ရဲ့ တပည့် တစ်ယောက်ပါ။ ငါ့ မိသားစုနာမည်ကတော့ အဖြူရောင် ဖြစ်ပြီး ငါ့နာမည်ကတော့ နှင်း ပါ … ”
အမျိုးသမီးက ပြုံးနေ၏။ သူမအသားအရေက နှင်းကဲ့သို့ ဖြူဖွေးလို့နေပြီး သူမ ရင်ဘတ်ပေါ်၌လည်း သုံးပေခန့်ရှိသည့် ဆံပင်အမည်းရောင် အတန်းနှစ်ခုက ဝှေ့ဆင်းကျနေခဲ့သည်။ ကျန်သည့် ဆံပင်များကိုတော့ သူမက ချည်ခွေ၍ ဆံထုံး ထုံးထားသည်။
“ဆရာက ရောင်းရင်းကို ဒီနေရာမှာ စောင့်ပြီး သူ့ရှိ ခေါ်လာဖို့ ငါ့ကို အမိန့်ပေးခဲ့တယ် … ”
ဝမ်လင်းအသွင်က တည်ငြိမ်ဆဲပင်။ သူက အမျိုးသမီးကို ကြည့်၍ မေးလိုက်၏။
“အင်မော်တယ်လမ်းကြောင်းကလန်လား … ”
အဖြူရောင်နှင်းက ခေါင်းညိတ်ပြ၍ ပြောလိုက်သည်။
“ဟင်္သာပြဒါးနိုင်ငံက ရောင်းရင်းနဲ့ အနီရောင်လိပ်ပြာတို့ကြား တိုက်ပွဲကို သတ်မှတ်ခဲ့တယ်။ ခုကစပြီး နောက်လဝက်ကြာရင် ရောင်းရင်းတို့ တိုက်ပွဲစလိမ့်မယ်။ အဲ့အချိန်ကျရင် တခြားကျင့်ကြံခြင်း နိုင်ငံတွေက တမန်တော်တွေလည်း လာကြည့်ကြမှာ။ အဲ့အချိန်မတိုင်ခင်ထိ ရောင်းရင်းက ငါ့တို့ အင်မော်တယ် လမ်းကြောင်းကလန်မှာ နေရလိမ့်မယ် … ”
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီး ခေါင်းညိတ်ပြသည်။
အဖြူရောင်နှင်းက ပြုံး၍ ပလ္လင်ပေါ်မှ ဆင်းလိုက်၏။ အဖြူရောင် အလင်းတန်းတစ်ခုက ပျံသန်းလာခဲ့ပြီး နှင်းက လေထဲ၌ ၎င်းအလင်းပေါ်သို့ ဆင်းသက်လိုက်ခြင်း ဖြစ်သည်။
သည်အလင်းက ဖြူဖွေးသန့်စင်နေသော ကြိုးကြာတစ်ကောင်ပင်။
ဝမ်လင်းကလည်း ကြိုးကြာပေါ်သို့ ဆင်းသက်ပြီးနောက် ၎င်းက အတောင်ပံခတ်၍ အကွာအဝေးတစ်ခု ထံသို့ ပျံသန်းသွားလေတော့သည်။
ဖန်ယုရှန်သည်လည်း ကြိုးကြာပျံသန်းသွားသည်ကို ကြည့်ရှုပြီနောက် ပလ္လင်ပေါ်မှ ခုန်ချ၍ ဟင်္သာပြဒါးတောင်သို့ ပျံသန်းသွားလေသည်။
အဖြူရောင်နှင်းက ဝမ်လင်းကို ကြည့်လို့နေ၏။ သည်နှစ်များတွင် စန်နူးက နာမည်ကြီး ဖြစ်နေခဲ့သည်။ ဝမ်လင်းကို တွေ့လိုက်ပြီးနောက် သူမက စိတ်ပျက်လို့သွား၏။ သူမက စန်းနူးသည် ကျိန်းသေပေါက် ပြိုင်ဘက်ကင်း အရည်ချင်းရှိသည့်အသွင် ဖြစ်လိမ့်မည်လို့ မျှော်လင့်ထား၏။ သို့သော် ခု သူက သာမန်အတိုင်းသာ ရှိနေခဲ့သည်။
သည့်နောက် အဖြူရောင်နှင်းက မေးလိုက်၏။
“ရောင်းရင်းစန် … သင်က အနီရောင်လိပ်ပြာကို တိုက်ခိုက်နိုင်မှာ သေချာလား … ”
ဝမ်လင်းက ဟင်္သာပြဒါးနိုင်ငံပေါ်ကို ကြည့်နေသော သူ့အကြည့်ကို ပြန်ရုပ်သိမ်း၍ ခေါင်းယမ်းကာ ဖြေလိုက်သည်။ “တကယ်တော့ မသေချာပါဘူး … ”
အဖြူရောင်လိပ်ပြာက မှင်တက်သွား၏။ သို့သော် သူမကပြုံး၏။
“ရောင်းရင်းစန်က ရိုးသားမှု မရှိဘူးပဲ … ”
ဝမ်လင်းက သည်အမျိုးသမီးနှင့် ပတ်သက်၍ အာရုံမစိုက်တော့ဘဲ သူ့အောက်ကိုသာ သေချာကြည့်ရှုလို့ နေတော့သည်။ သူက သူ့တွင် ရှိသော မြေပုံက ဟင်္သာပြဒါး နိုင်ငံနှင့်ပတ်သက်၍ ရေးတေးတေးသာ ဖော်ပြထားကြောင်း သိလိုက်လေ၏။
ဝမ်လင်းက ဟင်္သာပြဒါးနိုင်ငံသည် သူ့ကို အဓိက တပည့်အဖြစ် စည်းရုံးချင်နေသော်လည်း သူက ခုထိ သတိထားနေဆဲပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး မေးလိုက်၏။
“ရောင်းရင်း အဖြူရောင်နှင်း ဟင်္သာပြဒါးနိုင်ငံမှာ ဘယ်ကလန်တွေ ရှိလဲ … ”
အဖြူရောင်နှင်း အသံက စွဲဆောင်အား ကောင်းလှ၏။ ဝမ်လင်းမေးခွန်းကို သူမ ရှင်းပြပြီးနောက် သူက ဟင်္သာပြဒါးနိုင်ငံနှင့် ပတ်သက်၍ အကြမ်းဖျင်း နားလည်သွား၏။
“ဂျူနီယာညီမလေး အနီရောင်လိပ်ပြာက ကောင်းကင်ဘုံ ကျောက်စိမ်းကလန်ရဲ့ တပည့်တစ်ယောက်ပဲ … ”
ထိုသို့ပြောပြီးနောက် သူမက သက်ပြင်းချ၍ စန်နူးကို ကြည့်၏။ သူမဆရာထံက ကြားထားသည့်အတိုင်း ဆိုလျှင် တိုက်ပွဲပြီးသည့်နောက် ဟင်္သာပြဒါးနိုင်ငံက သည်လူ့ကို သူမကလန်သို့ ဝင်ရောက်စေလိုနေ၏။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်ဆဲပင်။ သူက မည်သည့်စကားမျှ ထပ်၍ မဆိုတော့ချေ။
ကြိုးကြာ၏ ပျံသန်းနှုန်းက သိပ်ပြီး မမြန်ဆန်လှချေ။ သို့သော် စီးရသည်မှာတော့ သက်သောင့်သက်သာ ဖြစ်လှ၏။ ၎င်းက အမျိုးမျိုးသော တောင်များကို ကျော်လွန်လာပြီးနောက် ဝမ်လင်းက စိတ်ထဲကနေ သည်နေရာများကို မှတ်သားလို့နေသည်။
ဟင်္သာပြဒါးနိုင်ငံက စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။ သည့်အတွက် ကြောင့်လည်း အခြားနိုင်ငံများက မယှဉ်နိုင်ခြင်းပင်။ လမ်းတစ်လျှောက် ဝမ်လင်းတို့သည် စိတ်ဝိညာဉ် သွေးကြောဆယ်ခုကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်နေသည်။
သည်စိတ်ဝိညာဉ် သွေးကြောများကြောင့် ဟင်္သာပြဒါးနိုင်ငံတွင် စိတ်ဝိညာဉ်များစွာ ရှိနေခြင်း ဖြစ်သည်။
ပျံသန်းနေစဉ်အတွင်း ဝမ်လင်းမျက်လုံးများက တစ်နေရာသို့ ကြည့်၍ အလေးအနက် ဖြစ်သွား၏။ အကွာအဝေးတစ်ခုတွင် မိုးထိမြင့်သည့် တောင်တစ်လုံး ရှိနေသည်။ သည်တောင်က ကောင်းကင်ဘုံ တောင်နှင့်ပင် ဆင်တူနေ၏။
အဖြူရောင်ကြိုးကြာက ထိုတောင်ရှိရာသို့ ပျံသန်းခြင်းမပြုဘဲ ပတ်၍ သွားလေ၏။ သူ့အသွင်က တည်ငြိမ်နေဆဲရှိသော်လည်း စိတ်ထဲ၌ တုန်လှုပ်နေမိ၏။
အဖြူရောင်နှင်းက ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီနေရာက ကောင်းကင်ဘုံ ကျောက်စိမ်းကလန် ရှိတဲ့နေရာပဲ။ အစီအရင်ကြောင့်သာ ရောင်းရင်း ကလန်ကို မမြင်ရတာ … ”
ထိုအခိုက်တွင် အနီရောင်ပုံရိပ်တစ်ခုက တောင်ပေါ်က ဆင်းသက်လာပြီး တိမ်တိုက် တစ်ခုပေါ်၌ မတ်တတ်ရပ်သည်။ သည်ပုံရိပ်က သူတို့ရှိရာသို့ လှမ်း၍ ကြည့်နေ၏။
သူက အနီရောင်ပုံရိပ်ကို ကြည့်ရင်း သူ့မျက်လုံးများက အေးစက်လာခဲ့၏။ သည့်နောက် ကြိုးကြာက အဝေးသို့ ပျံသန်းသွားသည့်အခါ အနီရောင်ပုံရိပ်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
အနီရောင်လိပ်ပြာက ကောင်းကင်ဘုံ ကျောက်စိမ်းကလန် အပြင်ဘက်တွင် မတ်တတ် ရပ်နေရင်း ဝမ်လင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေ၏။ သူမ၏ လက်တစ်ဖက် မရှိသောနေရာက အင်္ကျီစက လေတိုက်ခတ်သဖြင့် တဖျတ်ဖျတ် လွင့်ဝဲနေပြီး သူမမျက်လုံးများက ပို၍အေးစက်လို့နေသည်။
“သူ တကယ်လာတာပဲ … ”
အနီရောင်လိပ်ပြာက ပြန်လှည့်၍ ကောင်းကင်ဘုံကျောက်စိမ်း ကလန်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းက အဖြူရောင်ကြိုးကြားပေါ်ကနေ မတ်တတ်ရပ်၍ အဖြူရောင်နှင်းကို အေးစက်စွာ ကြည့်နေ၏။ သည်အမျိုးသမီးက တမင် သည်နေရာလမ်းကြောင်းကို ဖြတ်၍ လာခြင်း ဖြစ်ရမည်။ သည်အရာက သူမ လုပ်ဆောင်ရမည့်အရာ မဟုတ်လောက်ပေ။
သိပ်မကြာခင်တွင် အဖြူရောင်ကြိုးကြားက ရှည်မျောသော နဂါးကြီးအသွင်နှင့် တူညီသည့် တောင်တစ်ခုထံသို့ ပျံသန်းသွားသည်။ သည်ကြိုးကြာက တိမ်အလွှာများကို ဖြတ်၍ပျံသန်းလာပြီး တောင်အတွင်းဘက် ပိုင်းသို့ ရောက်လာခဲ့၏။
ဝမ်လင်းက ကြိုးကြာပေါ်ကနေ ခုန်ဆင်းလိုက်၏။
သူက ခြေချပြီးနောက် အဖြူရောင်နှင်းက ခပ်တိုးတိုး ပြောလိုက်သည်။
“ရောင်းရင်းစန် … ဒါက အင်မော်တယ် လမ်းကြောင်းကလန် မဟုတ်သေးပါဘူး။ ဒါပေမဲ့ ငါ့ဆရာရဲ့ ကိုယ်ပိုင်လိုဏ်ဂူ ရှိတဲ့နေရာဖြစ်တယ်။ ဆရာက ခုကျင့်ကြံနေဆဲ ဖြစ်တယ်။ မြောက်ဘက်ပိုင်းမှာရှိတဲ့ အခန်းတွေထဲက တစ်ခုခုမှာ သွားနားပါတယ်။ ဆရာက သူအဆင်သင့်ဖြစ်ရင် ရောင်းရင်းကို တွေ့လိမ့်မယ် … ”
ထိုသို့ပြောပြီးနောက် သူက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီး အိမ်များကြားတွင် ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက ဟင်္သာပြဒါးနိုင်ငံတွင် သူ့နတ်ဘုရားအာရုံကို လက်လွတ်စပယ် ဖြန့်ကြက်ခြင်း မပြုချေ။ မဟုတ်လျှင် သူက ပြဿနာများကို ဆွဲခေါ်မိသလို ဖြစ်သွားနိုင်၏။ သူက အဖြူရောင်နှင်း၏ စကားအတိုင်း မြောက်ဘက်ရှိ အဆောက်အဦများထံသို့ လမ်းလျှောက်၍ သွားလိုက်၏။
လမ်းတစ်လျှောက်တွင် သူက အစေခံများစွာကို တွေ့ခဲ့ရ၏။ သူတို့အားလုံးက ထုံထိုင်းနေသည့် အသွင်များဖြင့် ရှိနေကြသည်။ သူတို့အားလုံးက ဝမ်လင်းကို ကြည့်ပင် မကြည့်ကြချေ။ သူတို့က ခပ်သုတ်သုတ်သာ သူ့ကို ဖြတ်ကျော်သွားကြ၏။
သိပ်မကြာခင်တွင် ဝမ်လင်းက မြောက်ဘက်အစွန်းသို့ ရောက်လာခဲ့၏။ သူက အထပ်သုံးထပ်ပါသည့် အခန်းသုံးခုကို တွေ့လိုက်ရပြီး အခန်းတစ်ခုကို ကောက်ခါငင်ခါ ရွေးလိုက်၏။
သည်အခန်းအားလုံးက သူ့အတွက် ကြိုပြင်ဆင်ပေးထားခြင်း ဖြစ်သည်။ ဝမ်လင်းက အခန်းထဲ၌ ထိုင်ချ၍ စဉ်းစားလို့နေသည်။
သူက ဟင်္သာပြဒါးနိုင်ငံသို့ ဝင်လာသည့် အချိန်ကတည်းက အန္တရာယ် အငွေ့အသက်ကို ခံစားမိနေခဲ့သည်။ သည် အငွေ့အသက်က ခပ်ဖျော့ဖျော့သာ ရှိသော်လည်း ၎င်းအန္တရာယ်အငွေ့က တည်ရှိလို့နေ၏။ ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ဖြင့်ဆိုလျှင် ဟင်္သာပြဒါးနိုင်ငံတွင်သူ့ကို သတ်နိုင်သည့် လူများစွာ ရှိကြောင်း သိနှင့်သည်။ မည်သည့်စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူမဆို သူ့ကို သတ်နိုင်စွမ်း ရှိကြ၏။
ဟင်္သာပြဒါးနိုင်ငံ၏ သူ့အပေါ်ရည်ရွယ်ချက်ကို သူက တစ်မျိုးတစ်ဖုံကြီး ခံစားမိနေသည်။ သူ့ကို လက်ခံလာကြိုသည့် တစ်ယောက်ယောက် ရှိနေသည်မှာ ထူးဆန်းလို့နေ၏။ ကြည့်ရသည်မှာ သိပ်မကြာခင်တွင် အဖြူရောင်နှင်း၏ ဆရာက သူ့ကို လာရောက်တွေ့ဆုံတော့မည့် ပုံပင်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မျက်လုံးပိတ်ကာ စတင် ကျင့်ကြံနေလိုက်သည်။
အခန်းက အလွန်မှိန်ဖျော့လို့နေ၏။ အကြောင်းကတော့ မည်သည့် အလင်းရောင်မှ ရှိမနေသောကြောင့်ပင်။ အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့် အမျှ အခန်းက ပို၍ မှောင်လာခဲ့သည်။
အမှောင်ထဲ၌ ဝမ်လင်းက အထီးကျန်မှုကို ရုတ်တရက် ခံစားမိလိုက်၏။ သူက အစိမ်းသတ်သတ်အခန်း၊ အစိမ်းသတ်သတ် ကလန်နှင့် အစိမ်းသတ်သတ် နိုင်ငံတွင် ရောက်ရှိနေခြင်း မဟုတ်လား။ သူက သည်နေရာတွင် မည်သည့် ပိုင်ဆိုင်မှုအငွေ့အသက်မျှ ရှိမနေခဲ့ချေ။
ဝမ်လင်းက သက်ပြင်းချ၍ ဖယောင်းတိုင် တစ်တိုင်ထွန်းရန် ပြင်လိုက်စဉ် အခန်းတံခါး ခေါက်သံ ရုတ်တရက် ကြားလိုက်ရ၏။
ဒေါက် … ၊ဒေါက် … ၊ဒေါက် … ။
***