ကျိုးယုလေးက လက်ထဲမှာ သစ်ကိုင်းခြောက်တစ်ခုကို ကိုင်ဆောင်၍ အနက်ရောင် ကျားကြီးပေါ်တွင် စီးနင်းလျက်ရှိသည်။ သူမက ကျားခေါင်းကို သစ်ကိုင်းခြောက်နှင့် ရိုက်နေစဉ်တွင် ဝမ်လင်းထံသို့လည်း တိတ်တဆိတ် ကြည့်နေ၏။
ကျားကြီးက ဒေါသမထွက်ဝံ့ဘဲ တောင်ပတ်လည်၌ ခေါင်းငိုက်စိုက်ကာ လျှောက်လှမ်းလို့နေသည်။
“အဖြူကောင်လေး အပေါ်မော့ကြည့်စမ်း … ”
ကျိုးယုက ကျားကို စူးစိုက်ကြည့်၏။
ကျားကလည်း နူးညံ့့စွာဟိန်း၍ နာခံသည့်အနေဖြင့် ခေါင်းမော့သည်။
“ပြန်ဦးညွှတ် … ”
ကျားကြီးက ခေါင်းပြန်ငုံ့လိုက်သည်။
“ပြန်မော့ … ”
ကျိုးယုလေးက ထိုကဲ့သို့ ကျားကြီးကို ခေါင်းမော့ခိုင်းလိုက် ပြန်ငုံ့ခိုင်းလိုက် ဆယ်ကြိမ်ကျော်လောက် လုပ်ခိုင်းနေ၏။ ကျားကြီးကလည်း သည်အရာနှင့် အသားကျနေခဲ့လေပြီ။ သူက သူ့ကျောပေါ်ရှိ ဘိုးဘေးငယ်လေးက ပျော်ရွှင်ပြီး တစ်နေ့မှာ အနက်ရောင် ဝက်ဝံတုန်းကကဲ့သို့ သူ့ကို လွှတ်ပေးရန် မျှော်လင့်နေမိ၏။
သူက သူမစကားကို မငြင်းဆိုရဲချေ။ သည်ကလေးမလေး အနားရှိ လူငယ်လေးမပြောနှင့် အဘိုးအိုသည်ပင် သူသွားရှုပ်လို့ မရသည့်လူစားမျိုး ဖြစ်နေသည် မဟုတ်လား။ သူက သာမန်ကျားတစ်ကောင်မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့သည့် သားရဲကျားတစ်ကောင် ဖြစ်သည်။
သည်ကလေးမလေးနှင့်အတူ ရှိနေသည့် လူငယ်လေးက သေမျိုးတစ်ယောက် ကဲ့သို့ မည်သည့်အော်ရာမှ ထွက်ပေါ်နေခြင်း မရှိချေ။ သို့ရာတွင် သူက သည်လူငယ်လေးကို ပို၍ ကြောက်ရွှံ့ထိတ်လန့် နေမိ၏။ အကြောင်းကတော့ သည်လူငယ်လေးသည် သူနှင့်အတူရှိနေသော အဘိုးအိုထက် စွမ်းအားကောင်းသော သူများပင် သူ့ကို လေးစားစွာ ဆက်ဆံသည်အား လွန်ခဲ့သော ရက်အချို့က တွေ့မြင်ခဲ့သောကြောင့် ဖြစ်၏။
သည့်အတွက်ကြောင့် သူ့ဉာဏ်ရည်နှင့်ဆိုလျှင် သူက သည်လူငယ်ကို ဒေါသထွက်အောင် သွားလုပ်လို့မရမှန်း သိလေ၏။
ထို့ကြောင့်လည်း သူက သူ့ကျောပေါ်ရှိ ဘိုးဘေးလေး ပြောသည့်၊ ခိုင်းသည့်အတိုင်း မညည်းမညူလိုက်၍ လုပ်ပေးနေခြင်းပင်။ အမှန်တော့ သူက ကံကောင်းသည်ဟုပင် ခံစားမိနေ၏။ သူက သည်ဘိုးဘေးကောင်မလေးက ဝက်ဝံကြီးတုန်းက မည်သို့ ညှဉ်းဆဲ အနိုင်ကျင့်ခဲ့သည်ကို တွေ့မြင်ခဲ့ဖူး၏။
သူက ဝက်ဝံကြီးနှိပ်စက်ခံရသည်ကို တွေးမိသည့်အချိန်တိုင်း သူ့ကျောပေါ်ရှိ ဘိုးဘေးလေးကို ပိုပိုကြောက်ရွှံ့မိနေခဲ့၏။
သူက မြင့်မြင်သော နတ်ဆိုးကျားတစ်ကောင် ဖြစ်သည်။ ထို့ကြောင့် ပုံမှန်ဆိုလျှင် သူက သည်လိုအရာများကို ပြုလုပ်ရန် မလိုခဲ့ချေ။ သို့သော် သူက ခေါင်းမော့လိုက်၊ ငုံ့လိုက် လုပ်နေရခြင်းကို ရိုးရှင်းစွာ လက်ခံနေဆဲပင်။
ဝမ်လင်းက စေတီအောက်တွင် ထိုင်၍ အနိုင်ကျင့်ခံနေရသော ကျားကြီးကို ပြုံး၍ ကြည့်နေ၏။ သည်ကျားကြီးက နှစ်ပေါင်း သုံးရာကျော် ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ သို့သော် သူ့ကျင့်ကြံမှုအဆင့်က အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူအဆင့်သာ ရှိသေး၏။
ကျိုးယုက သူ့ကို မြင်လိုက်သည့်အခါ ထိုင်ယန်ကို သူ့အား ဖမ်းရန် အမိန့်ပေးခဲ့သည်။ သူမက သူ့ကို အဖြူကောင်လေးဟု ခေါ်၏။
“ရောင်းရင်းကျင့်ကြံသူ စန်နူး … ။ ဆယ်နှစ် သဘောတူညီမှုက ပြည့်ပါပြီ။ ငါက ဟင်္သာပြဒါးတောင်ရဲ့ အမိန့်အရ စိန်ခေါ်စာကို ရောင်းရင်းထံ လာပေးတာပါ … ”
ဖန်ယုရှန်အသံက တောင်ကြားအပြင်မှလွင့်ပျံလာခဲ့၏။
ဝမ်လင်းက ကျိုးယုကို ကြည့်နေရာကနေ တောင်ကြားအပြင်သို့ လှမ်း၍ ကြည့်၏။ ခဏအကြာတွင် သူက မတ်တတ်ထရပ်သည်။
“ထိုင်ယန် … ”
ထိုင်ယန်က ကျင့်ကြံနေရာကနေ ထလာခဲ့၏။ သူက မတ်တတ် ထရပ်၍ ဝမ်လင်းရှေ့သို့ လေးစားဟန်ဖြင့် ရောက်လာခဲ့သည်။
ဝမ်လင်းက ထိုင်ယန်ကို ပြောလိုက်၏။
“ငါ ဟင်္သာပြဒါးနိုင်ငံကို သွားရမယ်။ ဘယ်လောက်ကြာမယ် ငါမသိဘူး။ ဒါပေမဲ့ အများဆုံး ရှစ်နှစ်။ ဒီရှစ်နှစ်အတွင်း ငါ့အတွက် ကျိုးယုလေးကို သေချာဂရုစိုက်ပေးပါ … ”
ကျိုးယုက ဝမ်လင်းကို ကြည့်မနေခဲ့ချေ။ သို့သော် သူမက နားစွင့်နေခဲ့၏။ သူမက ချက်ချင်းပင် ကျားကြီး၏ခေါင်းပေါ်ရှိ အမွှေးကို ဆွဲ၍ ပြောလိုက်သည်။
“အကျင့်ပုပ်တဲ့ ဦးလေး … မကောင်းတဲ့ဦးလေး … ”
ထိုသို့ ရေရွတ်တိုင်း သူမက ကျားကြီး၏ ခေါင်းမွှေးကို ဆွဲဆွဲဆုပ်ပစ်၏။
ဆယ်နှစ်အရွယ် ကလေးငယ်တစ်ယောက်၏ အားက သိပ်မသန်မာသော်လည်း ကျားကြီးက သူမ သူ့ခေါင်းမွေးကို ဆွဲလိုက်တိုင်း အနည်းငယ် နာကျင်မှုကို ခံစားနေရ၏။ တကယ်တော့ သည်ခေါင်းမွေးသည် သူ့အရေအပြားနှင့် အနီးစပ်ဆုံး ရှိနေသည် မဟုတ်လား။ သို့သော် သူက ဒေါသမထွက်ဘဲ နူးညံ့့စွာ ဟိန်းလို့နေ၏။
ထိုင်ယန်က ခေါင်းညိတ်ပြသည်။ သူက အနည်းငယ် တုံ့ဆိုင်းပြီးနောက် ပြောလိုက်၏။
“အကျိုးတော်ဆောင် … ဟင်္သာပြဒါးနိုင်ငံက ဒီဂြိုဟ်ရဲ့ နံပါတ်တစ် နိုင်ငံဖြစ်တယ်။ အဲ့နေရာမှာ မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေ ရှိကြတယ်။ အကျိုးတော်ဆောင် သေချာဂရုစိုက်ပါ … ”
သူက ဝမ်လင်းနောက်သို့ လိုက်ပါရန် ထပ်မံ ဆုံးဖြတ်ပြီးကတည်းက သူက ဝမ်လင်းကို ကလန်ခေါင်းဆောင်လို့ မခေါ်တော့ဘဲ အကျိုးတော်ဆောင်ဟု ပြောင်း၍ ခေါ်ခဲ့၏။ ဝမ်လင်းက သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း လမ်းကြောင်းသို့ ရောက်ရှိရန် ကူညီပေးနေသည့်သူ ဖြစ်၏။ သူ့အတွက်တော့ သည်အရာသည် သူ့ဘဝ၌ အရေးကြီးဆုံးအရာ ဖြစ်သည် မဟုတ်လား။
ဝမ်လင်းက ခေါင်းညိတ်၍ ပြော၏။ “ငါက ဒီစေတီနေရာကနေ ထွက်သွားတာနဲ့ ၎င်းရဲ့ နယ်ပယ်ကို ဖွင့်ထားခဲ့မယ်။ မင်းနဲ့ကျိုးယုလေးကလွဲလို့ ဘယ်သူ့မှ စေတီနဲ့ ငါးဆယ်ကီလိုမီတာ အတွင်း ဝင်လာလို့မရတော့ဘူး။ မင်းက ဒီချိန်အတောအတွင်း ကျိုးယုလေးကို သေချာဂရုစိုက်ပါ … ”
ထိုင်ယန်က လျင်မြန်စွာ ခေါင်းညိတ်ပြသည်။
“အကျိုးတော်ဆောင် … စိတ်အေးအေးထားပါ။ ငါက ယုအာလေး လုံခြုံအောင် ကျိန်းသေ လုပ်ပေးမှာပါ … ”
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲက မိုးကြိုးဖားပြုတ်သားရဲကို ဆင့်ခေါ်လိုက်၏။
ကျိုးယုက မိုးကြိုးဖားပြုတ်သားရဲကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးလေးများက တလက်လက်ဖြစ်နေလေ၏။ ကျားကြီးက အလွန်နူးညံ့နေပြီး လဲပြိုမတက်ဖြစ်နေခဲ့၏။ သူက သည်ဖားပြုတ်ထံကနေ အားကောင်းသော သားရိုင်းစွမ်းအား အော်ရာကို ခံစားမိနေ၏။
သည်အော်ရာက သူ့အရေပြားများကို ကျိန်းစပ်သွားစေခဲ့သည်။
ဝမ်လင်းက နူးညံ့စွာပြောလိုက်၏။
“ယုအာလေး … ဒီကိုလာခဲ့ဦး … ”
ကျိုးယုက ဝမ်လင်းကို အဖက်မလုပ်ချေ။ သို့သော် သူက အနည်းငယ် စဉ်းစားပြီးမှ ကျားကြီး၏ခေါင်းကို ထုရိုက်၍ ဝမ်လင်းကို လျှာထုတ်ပြသည်။
“အကျင့်မကောင်းတဲ့ဦးဦး … အပြင်ကိုသွားပြီး ကိုယ့်ဘာသာ သွားဆော့ချေ။ ယုအာနဲ့ စကားလာမပြောနဲ့ … ”
ဝမ်လင်းက ပြုံးနေ၏။ ကျိုးယုက ပို၍ အသက်ကြီးလာခဲ့သလို ပို၍လည်း ကျီစယ်တတ်လာခဲ့၏။ သူက တကယ့်ကို လီမူဝမ်နှင့် ဆန့်ကျင်ဘက်ပင်။ သူက ကျိုးယုလေး၏ ခန္ဓာကိုယ်ထဲ၌ လီမူဝမ် ရှိနေသည်ကိုသာ ရှင်းလင်းစွာ မခံစားမိဘူးဆိုလျှင် သူက လူမှားနေပြီဟု တွေးမိပေလိမ့်မည်။
သည်နှစ်များ၌ တောင်အနီးအနားရှီ အားကောင်းသော သားရဲများက သူမ၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရပေသည်။ သို့ရာတွင် သူမက သူတို့ကို အနိုင်ကျင့်ရုံသာ ရှိပြီး နာကျင်အောင် ဘယ်တော့မှ မလုပ်ခဲ့ချေ။ တကယ်တော့ သူမက ဒဏ်ရာရနေသည့် တိရစ္ဆာန်လေးများ အတွက်ပင် ဝမ်လင်းကို အကူအညီတောင်း၍ ကုပေးစေခဲ့၏။
ဝမ်လင်းက ကျိုးယုလေးကို ဘယ်ချိန် ကြည့်မိကြည့်မိ သူ့နှလုံးသားထဲ၌ နာကျင်မိ၏။ သူမကို သူ့ဘေး၌ နေစေအောင်ပြုလုပ်ခဲ့ပြီး အခြားရွယ်တူကလေးများ ကဲ့သို့ ဆော့ကစားခွင့်လည်း သူမ မရခဲ့ချေ။ သူမတွင် သည်တောင်ရိုင်းကောင်များ နှင့်သာ ကစားစရာ ရှိသည်။ သူက တကယ်ပဲ အတ္တကြီးခဲ့တာလား။
သို့ရာတွင် သည်အတွေးများက သူ့စိတ်ထဲ၌ ခဏသာပေါ်၍ ပြန်ဖယ်ထုတ်ပစ်သည်။ သူက တစ်ကိုယ်ကောင်းဆန်သူ မဟုတ်ချေ။ သူကျိုးယုကို အခြားလူများလက်ထဲ ထည့်ထားရသည်က သူ့အတွက် သက်သောင့်သက်သာ မခံစားရပေ။ သူမက သူ့ဘေး၌ ရှိနေခြင်းက ဘာမှမှားနေခြင်း မဟုတ်ပေ။
ဝမ်လင်းက ပြုံး၏။
“ယုအာ … ကောင်းတယ်။ ဦးလေးက အပြင်ကို ရက်အနည်းငယ်လောက် သွားမယ်။ ဦးလေး ပြန်လာရင် ယုအာအတွက် ကျားကြီးကြီးတစ်ကောင် ဖမ်းလာခဲ့မယ်နော် … ”
ကျိုးယုလေးက ခုထိ ကလေးငယ်အရွယ်သာ ရှိသေး၏။ သည့်အတွက်ကြောင့် သူမက ဝမ်လင်း ထိုသို့ပြောသည်ကို ကြားသည့်အခါ ဒေါသမထွက်တော့ချေ။ သူမက သိချင်စိတ်ဖြင့် မေးလိုက်၏။
“ ဘယ်လောက်ကြီးလဲ … အဖြူကောင်လေးထက် ကြီးမှာလား … ”
ဝမ်လင်းက ခေါင်းညိတ်ပြ၏။
“အဖြူကောင်လေးထက် ကြီးတာပေါ့ … ”
ကျိုးယုက ခေါင်းလေးမော့၍ ခဏတာ စဉ်းစားလိုက်၏။ ထို့နောက် သူမက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဟုတ် … ဒါပေမဲ့ ဦးလေး မြန်မြန် ပြန်လာရမယ်နော် … ”
ဝမ်လင်းက ကျိုးယုလေး ခေါင်းကို ပွတ်သပ်၍ နူးညံ့ကြင်နာစွာ ပြောလိုက်သည်။
“ဦးလေး မြန်မြန် ပြန်လာမှာပါ။ ယုအာလေးကလည်း ဦးလေးမရှိတဲ့ အချိန်မှာ လိမ်လိမ်မာမာ နေရမယ်နော်။ ပြီးတော့ ကျိုးယုလေးက စေတီနဲ့ ငါးဆယ်ကီလိုမီတာ အတွင်းကနေ အပြင်မထွက်ရဘူး။ နားလည်တယ်နော် ယုအာလေး … ”
ကျိုးယုက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“သမီးအတွက် ကျားကြီးကြီးတစ်ကောင် မမေ့ပါနဲ့ … ”
ဝမ်လင်းက ပြုံးမိ၏။ ထို့နောက်သူက မတ်တတ်ရပ်က ထိုင်ယန်ကို ကြည့်ကာ စဉ်းစားနေသည်။ သူက ထိုင်ယန်ကို မယုံခြင်းမဟုတ်။ ဝမ်လင်းက ထိုင်ယန်က သူ့နောက်လိုက်သည့် တစ်ချိန်လုံး အလိုက်တသိ ကောင်းကောင်းမွန်မွန် နေသည်ကို သိ၏။ သို့ရာတွင် ကျိုးယုလေးက သူ့အတွက် အလွန်ပင် အရေးကြီးသည် မဟုတ်လား။ သည့်အတွက်ကြောင့် သူ့အတွက် ထိုင်ယန်ကို ယုံကြည်တာ တစ်ခုတည်းနှင့် မလုံမလောက်ချေ။
ထို့ကြောင့်လည်း သူက ထွက်မသွားခင် မိုးကြိုးဖားပြုပ်သားရဲကိုပါ ထားခဲ့ခြင်းဖြစ်သည်။ မိုးကြိုးဖားပြုပ်သားရဲကော သည်နေရာမှာ ရှိလျှင် ထိုင်ယန်က ပုံမှန်မဟုတ်တာလုပ်လျှင် ၎င်းက တားဆီးနိုင်ပေလိမ့်မည်။
အမှန်တော့ ဝမ်လင်းက အစိုးရိမ်လိုနေခြင်းပင်။ သည်နှစ်များတွင် ထိုင်ယန်က အရာရာကို စွန့်လွှတ်၍ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်အတွက် ရောက်ရှိရန်သာ မျှော်လင့်နေခဲ့သည်။ ဝမ်လင်းကလည်း သူ့ကို ကူညီပေးနေသည့်အတွက် သူ့အတွက် ဝမ်လင်းက ကယ်တင်ရှင် တစ်ယောက်သာ ဖြစ်သည်။
ထပ်ပြောရလျှင် သူက ကျိုးယုလေးကို ကလေးငယ်ပေါက်စလေး ကတည်းက ကြီးပြင်းလာသည်ကို တွေ့မြင်ခဲ့သည့်အတွက် သည်ကလေးမလေးကို သံယောဇဉ်ရှိနေခဲ့ပြီ ဖြစ်၏။ ဝမ်လင်းက သူ့ကို မတောင်းဆိုလျှင်တောင် သူက ကျိုးယု ဘေးကင်းရေးအတွက် သေချာပေါက် လုပ်ဆောင်မည်သာ ဖြစ်သည်။
သည့်အပြင် လီမူဝမ်ကလည်း သူ့ကို ဆေးလုံးများစွာပေး၍ ကူညီခဲ့ဖူးသေးသည်။
ဝမ်လင်းက မိုးကြိုးသားရဲကို ကျိုးယုကို ကာကွယ်စောင့်ရှောက်ရန် ပြော၏။ မိုးကြိုးသားရဲက သူ့ဝမ်းဗိုက်ကို ပိန်လိုက်ဖောင်းလိုက် လုပ်၍ ပြန်တုံ့ပြန်၏။
ဝမ်လင်းက မိုးကြိုးသားရဲကို လုံးဝဥဿုံ ယုံကြည်၏။ တစ်ခါတစ်ရံ ဘဝက သည်လိုပင်။ သားရဲများက လူများထက်ပို၍ ယုံကြည်ဖို့ထိုက်တန်သည် မဟုတ်လား။
ကျိုးယုလေး လုံခြုံမှုအတွက် သည်လိုပြင်ဆင်မှုများ အပြင် ဝမ်လင်းတွင် နောက်ဆုံး ကာကွယ်မှုတစ်ခု ရှိသေး၏။ သည်အရာကတော့ သူ့မူလခန္ဓာကိုယ်ပင်။ သူ့မူလခန္ဓာကိုယ်သာ သည်နေရာတွင် ရှိလျှင် အန္တရာယ်အားလုံးကို ဖြေရှင်းပြီး ဖြစ်၏။
သည်အတွက်ကြောင့်လည်း သူက ကျိုးယုလေးကို ထားခဲ့ရသည်ကို စိတ်ချနေမိခြင်း ဖြစ်၏။ သို့ရာတွင် သူက မလိုအပ်လျှင်တော့ သူ့မူလခန္ဓာကိုယ်ကို ထုတ်ဖော်ပြသမည် မဟုတ်ချေ။ သည်အရာက သူ့အမှန်တကယ် ဝှက်ဖဲ ဖြစ်၏။
အရာအားလုံးကို အစီအစဉ်တကျ ချမှတ်ထားပြီးနောက် ဝမ်လင်းက တောင်ကြားထဲမှ ထွက်လာခဲ့၏။ သူက နောက်လာမည့် အချိန်တွင် သူ့အတွက် ဘဝအတက်အကျ မည်သို့ဖြစ်မည်ကို မသိချေ။
သို့ရာတွင် နှစ်ပေါင်းငါးရာ အတွေ့အကြုံများကြောင့် သူ့နှလုံးသားက အလွန်ခိုင်မာမှု ရှိနေပြီ ဖြစ်သည်။ သူက အလွယ်တကူ တိမ်းညွတ်မှု မဖြစ်တက်တော့ပေ။ ဆက်လက်၍ သူက ကျင့်ကြံခြင်း လမ်းကြောင်းကို ထာဝရ လျှောက်လှမ်းသွားမည်သာ ဖြစ်၏။
ကျိုးယုက ခေါင်းမော့၍ ဝမ်လင်းကို ကြည့်သည်။ သူမက အဖြူကောင်လေး၏ ခေါင်းမွေးကို ဆုပ်ကိုင်ထား၏။ အဖြူကောင်လေးက အလိုက်သိ၏။ သူက ဝမ်လင်းနောက်သို့ ပြေး၍ လိုက်လေတော့သည်။
ဝမ်လင်းက ပြန်လှည့်လိုက်၏။ ကျိုးယုလေးက အဖြူကောင်လေးပေါ်မှ ခုန်ဆင်း၍ ပြောလိုက်သည်။
“ ဦးဦး … ဆောင့်ကြောင့်ထိုင်ဦး … ”
ဝမ်လင်းက စောင့်ကြောင့်ထိုင်လိုက်ရင်း ပြုံး၍ ပြောသည်။
“သမီးက ဦးလေး သမီးအတွက် ကျားကြီးတစ်ကောင် မမေ့ဖို့ သတိလာပေးတာလား … ”
ကျိုးယုက ခေါင်းခါ၍ ဝမ်လင်း၏နဖူးကို နမ်းလိုက်၏။
“ဦးဦး … မြန်မြန်ပြန်လာရမယ်နော် … ယုအာ ဦးဦးကို သတိရနေမှာ … ”
ဝမ်လင်းက ကျိုးယုကို စူးစိုက်စွာ ကြည့်လို့နေသည်။
“ခဏအကြာတွင် သူက ခေါင်းညိတ်၍ ပြောလိုက်၏။ ဦးလေး … သိပ်မကြာခင် ပြန်လာမှာပါ … ”
ထိုသို့ပြောပြီးနောက် သူက အသက်ဝဝရှူလိုက်ပြီး တောင်ကြားထဲမှ လမ်းလျှောက်၍ ထွက်လာခဲ့တော့၏။
ကျိုးယုလေးက ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဦးလေးထွက်သွားတော့ သူ ငါနဲ့ မဆော့ပေးနိုင်တော့ဘူး။ အဖြူကောင်လေး နင်က ငါနဲ့နေ့တိုင်း ဆော့ပေးရမယ်။ နားလည်တယ်နော် … ”
အဖြူကောင်လေး ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူက စိတ်ထဲ၌ ကျိတ်၍ အထွန့်တက်နေမိသည်။ သို့သော် သူက ညင်သာသော ဟိန်းသံပြု၍ ကျိုးယုလေးကို တုံ့ပြန်လိုက်သည်။
ကျိုးယုမျက်လုံးထဲ၌ မျက်ရည်လေးများ ရစ်သီလာပြီး သူမပါးထက်တွင် မျက်ရည်များ ကျဆင်းလာခဲ့လေသည်။
သည်ခုနစ်နှစ်အတွင်း သူမက ဝမ်လင်းနှင့် တစ်ခါမျှ မခွဲခွာဖူးပေ။ သည့်အတွက့် ကြောင့်လည်း သူတို့က တစ်ယောက်နှင့် တစ်ယောက် နက်ရှိုင်းစွာ ချည်နှောင်မိနေကြသည်။ သူမ နှလုံးသားထဲက ပို၍ ဝမ်းနည်းပူဆွေးလာခဲ့သည်။ သူမက ဝမ်လင်းကို လုံးဝ အဆုံးရှုံးမခံနိုင်ချေ။
သည်ကမ္ဘာကြီးတွင် မတော်တဆ တိုက်ဆိုင်မှုများစွာ ရှိသည်မဟုတ်လား။ ခု ကျိုးယုလေး မတ်တတ်ရပ်နေသော နေရာသည် လီမူဝမ် မျက်ရည်ကျခဲ့သော နေရာနှင့် ထပ်တူ တူညီလို့နေ၏။
အတိတ်တုန်းက သည်နေရာ၌ ကျခဲ့သော မျက်ရည်က ဝမ်းနည်းပူဆွေးမှု ရပ်ဝန်းကို ဖန်တီး၏။ အခု သည်နေရာ၌ပင် ကျသောမျက်ရည်က ချစ်ခြင်းမေတ္တာနှင့် တွယ်ငြိမှု ရပ်ဝန်းကို ဖန်တီး၏။
ကျိုးယုလေးက သူမမျက်ရည်များကို သုတ်၍ အဖြူကောင်လေးဟု သူမခေါ်သည့် ကျားကြီးကို ပြောလိုက်သည်။
“အဖြူကောင်လေး … ပြန်ကြစို့ … ”
ကျားကြီးက ချက်ချင်းပင် ဝမ်းနည်းစွာ ဟိန်းသံပြုလိုက်၏။
ဝမ်လင်းနှင့် အနီရောင်လိပ်ပြာ၏ တိုက်ပွဲမဖြစ်ခင် တစ်လအလိုတွင် ဘီလူးနတ်ဆိုး ကလန်၌ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့၏။ ကလန်၏ ဘိုးဘေးများထဲက တစ်ယောက်က ချီဟူ ယူလာခဲ့သော ကောင်းကင်ဘုံ ကျောက်စိမ်းပြားထဲက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို လုံလောက်အောင် စုပ်ယူနိုင်သဖြင့် သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့လေ၏။ သည့်နောက် သူက ဘီလူးနတ်ဆိုးကလန်၏ ပထမဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လေ၏။
* * *