မူလခန္ဓာကိုယ်၏ အသွင်က အေးစက်နေဆဲပင်။ သူက ခပ်ဖြည်းဖြည်းချင်း ပြောလိုက်၏။ “မင်းတို့နှစ်ယောက် ဘယ်ကလာခဲ့တာလဲ…”
အမျိုးသမီးခန္ဓာကိုယ်က တုန်လှုပ်သွားသည်။ သူမက သေဆုံးသွားနိုင်သည့် အဘိုးအိုကို ကြည့်သည်။ သူမက မျှော်လင့်ချက်မဲ့နေခဲ့ပြီး ဆက်၍ မလိမ်ဝံ့တော့ချေ။ “ဂျူနီယာက မသေမျိုးသင်္ချိုင်က လာခဲ့တာပါ…”
မူလခန္ဓာကိုယ်က အမျိုးသမီးကို ကြည့်၍ တည်ငြိမ်စွာ မေး၏။ “မင်းတို့ မသေမျိုးသင်္ချိုင်းကို ဝင်သွားတုန်းက ခုနစ်ယောက်ရှိတယ်။ ခုမင်းတို့ နှစ်ယောက်က ဘယ်လို ပြန်ထွက်လာကြတာလဲ…”
အမျိုးသမီး၏ ခန္ဓာကိုယ်က တုန်ယင်သွားပြန်သည်။ သူမက သူ့ရှေ့ရှိ လူငယ်ကို တုန်လှုပ်စွာ ကြည့်နေမိ၏။ သူမက သူ့ကို ပို၍ ကြည့်မိလေလေ သည်အနီရောင်ဆံပင်နှင့် လူငယ်သည် ပို၍ ရင်းနှီးသလို ခံစားမိလာလေ ဖြစ်နေခဲ့သည်။ သို့သော် သူမက သူ့ကို အရင်က တွေ့ခဲ့ဖူးကြောင်း မသေချာလှချေ။
အဖြူရောင်ဆံပင်နှင့် အမျိုးသမီးက ခါးသီးစွာ ပြောလိုက်သည်။ “ဂျူနီယာမှာ ကိုယ်ပိုင် အခက်အခဲလေးတွေ ရှိပါတယ်…”
“ငါ့နောက်လိုက်ခဲ့…” မူလခန္ဓာကိုယ်က အဖြူရောင်ဇာပဝါဖုံးအုပ်ထားသည့်အမျိုးသမီးကို ကြည့်၍ တောအုပ်ဆီသို့ ဦးတည်ပျံ့သန်းသွားသည်။
အမျိုးသမီးက အနည်းငယ် ချီတုံချတုံဖြစ်ပြီး နောက်ကလိုက်ပါသွား၏။
မူလခန္ဓာကိုယ်က အဘိုးအိုကို လှည့်၍ပင် မကြည့်ချေ။ သည်အဘိုးအိုသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အစေပိုင်းအဆင့်သာ ရှိသေးသည်။ သူက သူ့ကိုယ်သူ ကာကွယ်နိုင်သည့် ရတနာများလည်း ရှိမနေခဲ့ချေ။ ထို့ကြောင့် သေဆုံးသွားရမည်မှာ သေချာသလောက် ရှိ၏။
သို့ရာတွင် ထိုအခိုက်၌ မူလခန္ဓာကိုယ်က အဘိုးအိုပြုတ်ကျသွားသော နေရာကို ကြည့်လိုက်သည်။
သူက တက်တူးများနှင့် ပုံရိပ်တစ်ခုသည် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ သည်လူ၏ ခန္ဓာကိုယ်သည် အနက်ရောင်မြူများဖြင့် ဖုံးလွှမ်းထား၏။ သစ်ရွက်ငါးရွက်ရှိသော အပင်တစ်ပင်ကလည်း မြူများအတွင်း၌ ဖြစ်ပေါ်နေသည်။
မြူများအတွင်း၌ အဘိုးအိုက သွေးအန်နေခဲ့သည်။ သူက ရုန်းကန်နေ၏။ သို့ရာတွင် သူ့မျက်လုံးများကတော့ ကြည်လင်လျက်ရှိနေ၏။
မူလခန္ဓာကိုယ်က အဘိုးအိုက တစ်ချက်ကြည့်၍ သူ့မျက်နှာက နက်မှောင်သွားသည်။ သူက အမျိုးသမီးထံသို့ ကြည့်လိုက်ရာ သူမအသွင် ဖြူရော်နေပြီး အလွန်ကြောက်လန့်နေဟန် ဖြစ်ပေါ်သွားသည်။ “ဒီတော့ မင်းတို့က တူတူပဲပေါ့…” မူလခန္ဓာကိုယ်က သူတို့နှစ်ယောက် မသေဘဲ လွတ်မြောက်လာသည့် အကြောင်းကို ချက်ချင်းနားလည်သွား၏။
မူလခန္ဓာကိုယ်က သူ့လက်ကိုမြှောက်၍ အဘိုးအိုကို သတ်ဟန်ပြင်သည်။
ထိုအခိုက်တွင် အမျိုးသမီးက မူလခန္ဓာကိုယ်နှင့် အဘိုးအိုကြားသို့ အမြန်တိုးဝင်လိုက်သည်။ သူမက ဒူးထောက်ချ၍ ပြောလိုက်၏။ “စီနီယာက ဒီလူငါးယောက်ကို သိတဲ့ လူဖြစ်ရမယ်။ ဂျူနီယာက အမှားကျူးလွန်ခဲ့ပါတယ်။ စီနီယာက တစ်ယောက်ယောက်ကို သတ်မှ ဖြစ်မယ်ဆိုရင် ဂျူနီယာကို သတ်လိုက်ပါ။ သူ့ကိုတော့ ခက်ခဲအောင် မလုပ်ပါနဲ့…”
အဘိုးအိုက ကြိုးစား၍ ထလာခဲ့သည်။ “သင်က သတ်ချင်ရင် ငါ့ကိုပဲ သတ်ပါ။ ငါက အခြားလူတစ်ယောက်ရဲ့ ရုပ်သေးအဖြစ် ရှင်သန်နေရတာ ပင်ပန်းနေခဲ့ပြီ။ ငါက စီနီယာရဲ့ လက်ချက်နဲ့ သေသင့်ပါတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးကိုတော့ ဒါကိစ္စကို အမြဲဆန့်ကျင်နေခဲ့တဲ့သူပါ။ သူမကို သွားခွင့်ပြုပေးပါ…”
မူလခန္ဓာကိုယ်၏ မျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက သူ့ရှေ့က လူနှစ်ယောက်ကို ကြည့်ပြီးနောက် သူတို့နှစ်ယောက်ကို မသေမျိုးသင်္ချိုင်းသို့ ဆွဲခေါ်သွား၏။
လမ်းတစ်လျှောက်တွင် အဘိုးအိုက သူ့ဒဏ်ရာများကို ခပ်ဖြည်းဖြည်းချင်း ကုသနေ၏။
အဖြူရောင်ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးက မျက်လုံးမှိတ်၍ စဉ်းစားနေ၏။
သိပ်မကြာခင်တွင် မူလခန္ဓာကိုယ်က မသေမျိုး သင်္ချိုင်းဝင်ပေါက်သို့ ရောက်လာခဲ့သည်။
တွင်းပေါက်နားတွင် ခြေချပြီးနောက် မူလခန္ဓာကိုယ်က လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက်သည်။ အဟအက်ကွဲကြောင်း တစ်ခုက ပွင့်ဟသွား၏။ သူက သွေးစက်နှစ်စက်ကို ထုတ်ယူလိုက်သည်။ မူလခန္ဓာကိုယ်က သွေးတစ်စက်ကို အမျိုးသမီးထံသို့ ထည့်သွင်းပြီး နောက်တစ်စက်ကို အဘိုးအိုထံသို့ ထည့်သွင်းလိုက်၏။ သည့်နောက် သူက သူတို့နှစ်ယောက်ကို အဟအက်ကြောင်းထဲသို့ ပစ်သွင်းလိုက်သည်။
“ဝမ်လင်းကို သွားရှာပါ။ မင်းတို့ နှစ်ယောက်သူ့ကို ရှာတွေ့နိုင်ရင် နှစ်ယောက်စလုံး အသက်ရှင်ခွင့်ပေးမယ်…” မူလခန္ဓာကိုယ်၏ အသံက သူတို့စိတ်ထဲ၌ ပဲ့တင်ထပ်သွားပြီး အက်ကြောင်းသည်လည်း ပြန်လည်ပိတ်ဆို့သွား၏။
မူလခန္ဓာကိုယ်က အပြင်ဘက်တွင် ခြေချိတ်ထိုင်၍ စတင်တွေးတော၏။ သူက အထဲသို့ ဝင်၍ အဆင်မပြေချေ။ အကြောင်းမှာ သူ့အကို ဝမ်လင်းထံသို့ လမ်းညွှန်ပေးမည့်လူ မရှိသောကြောင့် ဖြစ်၏။
ထို့ကြောင့်လည်း မူလခန္ဓာကိုယ်က သူတို့နှစ်ယောက်ကို မသတ်ဘဲ အမှတ်သားပြုလုပ်၍ သူတို့ကို ဝမ်လင်းအား ရှာဖွေစေခဲ့သည်။
ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်၌ ထိုင်လျက်ရှိနေ၏။ သူက ရုတ်တရက် မျက်လုံးဖွင့်လာပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီတော့ အဖြစ်အပျက်တွေက ဒီလိုဖြစ်ခဲ့တာပေါ့…”
သူ့မျက်လုံးများက အေးစက်နေပြီး သူက မတ်တတ်ထရပ်၍ ကြယ်သံလိုက် အိမ်မြှောင်ကို ထိန်းချုပ်ကာ ပျံသန်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူက နတ်ဘုရားအာရုံကို ဟင်းလင်ပြင်ထဲ၌ ဖြန့်ကြက်ထားလေ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ တစ်နေ့ ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက ပို၍ မြန်မြန် ပျံသန်းလိုက်၏။ သိပ်မကြာခင် အကွာအဝေးတစ်ခုတွင် သူ့ထံသို့ လှမ်းလာသော လူနှစ်ယောက်ကို တွေ့လိုက်ရလေ၏။
သည်နှစ်ယောက်က အဘိုးအိုနှင့် အဖြူရောင်ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးတို့ ဖြစ်ကြသည်။
သူတို့နှစ်ယောက်၏ အသက်ဓာတ်သည် အခုချိန်၌ အလွန်အားနည်းနေခဲ့၏။
သူတို့နှစ်ယောက်က ဝမ်လင်းကို တွေ့မြင်လိုက်သည့်အခါ စိတ်ရှုပ်ထွေးသော အသွင်များ ဖြစ်သွားကြ၏။ အမျိုးသမီးက တစ်ခုခုပြောချင်နေဟန်ရ၏။သို့သော် သူမက ပါးစပ်ပြန်ပိတ်လိုက်ပြီး သက်ပြင်းသဲ့သဲ့ချသည်။
ဝမ်လင်းက သူတို့နှစ်ယောက်ကို အေးစက်စွာကြည့်၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ သူတို့နဖူးထံမှ သွေးစက်နှစ်စက် ပျံသန်းထွက်ပေါ်လာပြီး ဝမ်လင်းလက်ထဲသို့ ကျရောက်သွားသည်။
အမျိုးသမီးက တုံ့ဆိုင်းစွာ ခပ်တိုးတိုးပြောလိုက်၏။ “စီနီယာ…ငါ…”
ဝမ်လင်းက သူတို့နှစ်ယောက်နှင့် ပတ်သက်၍ အာရုံစိုက်ခြင်းမရှိချေ။ သူက သွေးစက်နှစ်စက် ရရှိသောအခါ ကြယ်သံလိုက် အိမ်မြှောင်ကို သိမ်းဆည်းလိုက်၏။
ထိုအခိုက်တွင် မူလခန္ဓာကိုယ်က မျက်လုံးပွင့်လာခဲ့ပြီး သူက လေထဲသို့ လက်သီးတစ်ချက် ထိုး၏။ သည်လက်သီးချက်က အနီးအနားပတ်လည်တွင် လေထုအက်ကြောင်းများကို ဖြစ်ပေါ်စေ၏။
ဝမ်လင်း ရှေ့၌လည်း အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။ ဝမ်လင်းက သည်အက်ကွဲကြောင်းကို ကြည့်၍ တုန်လှုပ်ခြင်းမရှိ အထဲသို့ ဝင်လိုက်၏။
သူက ခုထိ သူ့ရှေ့ကနှစ်ယောက်ကို စကားတစ်ခွန်းမျှ မဆိုသေးချေ။
ဝမ်လင်းက အက်ကွဲကြောင်းထဲ ဝင်ရောက်ပြီးသည့်အခါ အက်ကွဲကြောင်းက ပြန်၍ ပိတ်ဆို့သွား၏။ ကျန်ခဲ့သည့် နှစ်ယောက်ကတော့ သည်ဟင်းလင်းပြင်ထဲ၌ ကိုယ့်အားကိုယ်ကိုးရတော့မည် ဖြစ်သည်။
အက်ကွဲကြောင်းထဲက ထွက်လာပြီးနောက် သူက နေအလင်းရောင်ကို ခံစားလိုက်ရ၏။ ဝမ်လင်းက အသက်ဝဝရှူသွင်း၏။
သူက ခေါင်းငုံ့၍ ကြည့်လိုက်ရာ သူ့အောက်၌ မသေမျိုးသင်္ချိုင်းသို့ ဝင်ရောက်သည့် တွင်းပေါက်ရှိနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူက ပျောက်ကွယ်သွားလေ၏။ သူ့မူလခန္ဓာကိုယ်သည်လည်း သူနှင့်အတူ ပျောက်ကွယ်သွား၏။
ဝမ်လင်းက မသေမျိုးသင်္ချိုင်းကနေ ထွက်လာခဲ့ပြီးနောက် တောင်ကြားသို့ ပြန်ရောက်လာခဲ့၏။ သူက စေတီကို ထုတ်ဖော်၍ ကျင့်ကြံရန် ထိုင်ချလိုက်သည်။ သူ့မူလခန္ဓာကိုယ်သည်လည်း သူ့ဘေး၌ ထိုင်၍ ကျင့်ကြံနေ၏။
တစ်ရက်ကြာပြီးနောက် ဝမ်လင်းနှင့် သူ့မူလခန္ဓာကိုယ်တို့သည် မျက်လုံးဖွင့်လာခဲ့ကြသည်။
ဝမ်လင်းက သိုလှောင်အိတ်ထဲက ပြန်လည်မွေးဖွားခြင်း သစ်သီးကို ထုတ်ယူ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူက သည်သစ်သီးသည် သူခုလက်ရှိတွင် အသုံးပြုလိုက်သည်ထက် သူ့မူလခန္ဓာကိုယ်ကို အသုံးပြုလိုက်စေခြင်းက ပို၍အသုံးဝင်သည်ဟု ဆုံးဖြတ်ချက်ချ၏။
“ကံမကောင်းစွာနဲ့ သစ်သီးက တစ်လုံးတည်း ရှိနေတယ်…” ဝမ်လင်းက သစ်သီးကို မူလခန္ဓာကိုယ်ထံသို့ ပစ်ပေးလိုက်၏။
မူလခန္ဓာကိုယ်က သစ်သီးကို ခွဲလိုက်ရာ ရွှေရောင်အရည်တစ်ခု စိမ့်ထွက်လာ၏။ သည်အရည်က များပြားခြင်း များပြားခြင်းမရှိချေ။ သို့သော် ၎င်းအရည်သည် မူလခန္ဓာကိုယ်နှင့် ထိတွေ့သွားသည့်အခါ မူလခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ခံလိုက်ရ၏။ သည်အရည်က မူလခန္ဓာကိုယ်၏ အရေပြားပေါ်ရှိ သေးငယ်သော အက်ကြောင်းလေးများထဲသို့ စီးဝင်သွား၏။
ခုလက်ရှိတွင် မူလခန္ဓာကိုယ်က ရွှေရောင်လှောင်အိမ် တစ်ခုနှင့် ဖုံးအုပ်ခြင်း ခံထားရသကဲ့သို့ ရှိနေခဲ့၏။ ၎င်း၏ အရေပြားပေါ်၌ အက်ကြောင်းများသည်လည်း သိသားခြင်းမရှိတော့ချေ။ သို့သော် ခုချိန်၌ သည်အက်ကြောင်းများက ရွှေရောင်အလင်းကို ထုတ်လွှတ်နေသည်။
ရွှေရောင်အလင်းက ပို၍ပို၍ တောက်ပလာပြီး မူလခန္ဓာကိုယ်၏ အသွေးအသားများပင် ပျောက်ကွယ်သွားလေ၏။
မူလခန္ဓာကိုယ်၏ အသွင်က နဂိုအတိုင်းရှိနေဆဲပင်။ ထို့နောက် သူ့မျက်လုံးထဲ၌ ရွှေရောင်အလင်း အချို့အဝက် ဖျတ်ခနဲတောက်ပသွား၏။ မူလခန္ဓာကိုယ်က ပြန်လည်မွေးဖွားခြင်း သစ်သီးကို အပြည့်အဝ စုပ်ယူလိုက်၏။ ထို့ကြောင့် သူ့စိတ်ဝိညာဉ် စွမ်အင်သည် များစွာ တိုးတက်လာနေခဲ့၏။
နောက်ဆုံးတွင် အခုလက်ရှိ မူလခန္ဓာကိုယ်သည် အစစ်အမှန် ရှေးဟောင်း နတ်ဘုရားတစ်ပါးဟု သတ်မှတ်၍ ရပြီဖြစ်သည်။
ပြန်လည်မွေးဖွားခြင်း သစ်သီးကတော့ ပျောက်ကွယ်၍ သွားလေသည်။
မူလခန္ဓာကိုယ်က မတ်တတ်ထရပ်၍ မြေကြီးထဲသို့ တိုးဝင်သွား၏။
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ သိုလှောင်အိတ်ထဲမှ ပြန်လည်မွေးဖွားခြင်း သစ်ပင်အပိုင်းအစများကို သူ့ရှေ့သို့ ထုတ်ယူလိုက်၏။
သူက သစ်သားအပိုင်း တစ်ခုကို ကောက်ယူ၍ အချိန်နယ်ပယ် သစ်သားပန်းပုရုပ်ကို စတင်ထုစစ်လေ၏။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားနေသည်။
ကျိုးယုသည် ခုချိန်၌ သုံးနှစ်အရွယ်သို့ ရောက်လာခဲ့ပြီး အလွန်လှသည့် မိန်းကလေးငယ်လေး ဖြစ်နေလေပြီ။ သို့ရာတွင် သူမက ခုထိ စကားတစ်ခွန်းမျှ မဆိုချေ။ သည်အတွက်ကြောင့် သူမ၏ မိဘများက သမားတော်မျိုးစုံကို သူမအတွက် ရှာဖွေခဲ့သည်။သူမက ဆေးလုံးအများကြီး သုံးစွဲပြီးသော်လည်း ခုထိစကားမပြောသေးချေ။
ကျိုးယုလေးက တိတ်ဆိတ်ငြိမ်သက်သော မိန်းကလေးငယ်လေးပင်။ သူမက ရွာထဲရှိ အခြား ရွယ်တူကလေးများကဲ့သို့ ဆော့ကစားရမည့်အစား ကောင်းကင်ကြီးထက်သို့သာ အမြဲ တိတ်တဆိတ် ကြည့်လို့နေ၏။ သူမမျက်လုံးထဲ၌လည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေခဲ့၏။
ကျိုးယုအဖေ၊ လက်ကြီးကြီးများနှင့် သန်သန်မာမာလူကြီးက သူ့သမီးကို ကြည့်၍ သက်ပြင်း ချနေမိသည်။ သူက သူ့သမီးအတွက် ဆေးလုံးများစွာ ဝယ်ယူတိုက်ကျွေးခဲ့ပြီး သမားတော်များစွာကိုလည်း ရှာဖွေကုသခဲ့၏။ သို့သော် သူမက ခုထိ စကားမပြေသေးချေ။
သူမက တကယ်ပဲ ဆွံ့အနေတဲ့လူလား။ ကျိုးယုအဖေက သက်ပြင်းချမိပြန်သည်။
သည်နေ့တွင် ကျင့်ကြံခြင်း ဝတ်စုံဝတ်ဆင်ထားသည့် အဘိုးအိုတစ်ယောက်သည် ရွာထဲသို့ ဝင်လာခဲ့၏။ ရွာလူကြီးက သူ့ကို လေးစားစွာ နှုတ်ဆက်၍ ရွာသူရွာသားများကို ခြောက်နှစ်နှင့် ခြောက်နှစ်အောက် ကလေးများကို ရွာအလယ်သို့ ခေါ်လာရမည့် အကြောင်း ပြောလိုက်၏။
သိပ်မကြာခင်မှာပင် ခြောက်နှစ်အရွယ် ကလေးငယ် (၁၉)ယောက်နှင့် ခြောက်နှစ်အောက် ကလေးငယ်များသည် ရွာအလယ်သို့ မိဘများနှင့်အတူ ရောက်လာခဲ့ကြသည်။
ကျိုးယုမိဘများကလည်း သူအုပ်စုထဲတွင် ရှိနေကြသည်။ ကျိုးယုက ကြည်လင်သော မျက်လုံးလေးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လို့နေသည်။ သူမက အနည်းငယ် ကြောက်ရွံ့သွားသဖြင့် သူ့အမေ၏ ဝတ်စုံအနားစွန်းလေးကို ခပ်တင်းတင်း ဆွဲကိုင်ထားသည်။
အမျိုးသမီးက သူမကို မြေကြီးပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်။ ထို့နောက်သူမက မတ်တတ်ရပ်၍ သူ့ယောက်ျားကို ကြည့်ကာ ပြောလိုက်၏။ “ယုအာက ငယ်လွန်းသေးတယ်။ ဒါနဲ့ပတ်သက်လို့ မေ့လိုက်ကြစို့…”
ကျိုးယုအဖေက ခေါင်းယမ်းကာ ပြောလိုက်သည်။ “သူမကို ကြိုးစားခိုင်းလိုက်ပါ။ သူမသာ ကောက်ယူခြင်းခံရရင် သူ့အနာဂတ်က ကောင်းမွန်လိမ့်မယ်…”
အမျိုးသမီးက သူ့အောက်နှုတ်ခမ်းကို အနည်းငယ် ကိုက်ထားပြီး ဘာတစ်ခွန်းမျှ ထပ်မပြောတော့ချေ။
ကျင့်ကြံခြင်းဝတ်စုံဖြင့် အဘိုးအိုက အထက်စီးဆန်စွာ ရှိနေ၏။သူက များစွာသော ရွာသားများထဲတွင် တစ်ယောက်မှ စိတ်ဝိညာဉ်အရင်းမြစ် မရှိသည်ကို တွေ့လိုက်သည့်အခါ အနည်းငယ် စိတ်မရှည်ဖြစ်လာသည်။ သူ့ကလန်ကသာ သူ့ကို စိတ်ဝိညာဉ်အရင်းမြစ် ရှိသော ခြောက်နှစ်ကလေးငယ် တစ်ယောက်ကို ရှာခိုင်းပြီး တပည့်တစ်ယောက် ရွေးချယ်ခိုင်းခြင်း အမိန့်သာ ချမှတ်ခြင်း မရှိခဲ့လျှင် သူက ကလန်က ထွက်လာခဲ့မည် မဟုတ်ချေ။
သူက သည်ရွာသို့ လွန်ခဲ့သော ခြောက်နှစ်နှင့် ဆယ့်နှစ်နှစ်ခန့်က တစ်ခေါက် ရောက်လာခဲ့သေးသည်။ သို့သော် ထိုနှစ်ခေါက်လုံး စိတ်ဝိညာဉ် အရင်းအမြစ်ရှိသည့် ကလေးငယ်တစ်ယောက်ကို မတွေ့ခဲ့ချေ။
“လွန်ခဲ့တဲ့ ခြောက်နှစ်က ငါဟာ လျိုရွာမှာ စိတ်ဝိညာဉ် အရင်းအမြစ်နဲ့ ကလေးငယ်တစ်ယောက်ကို ရှာနိုင်ခဲ့တယ်။ ငါသာ ခု နောက်ထပ် အဲဒီလိုကလေးမျိုး ရှာနိုင်မယ်ဆိုရင် ငါက ကလန်ကနေ အလယ်အလတ် စိတ်ဝိညာဉ် ကျောက်တုံးသုံးခု ရလိမ့်မယ်…” အဘိုးအိုက ကလေးများကို တစ်ယောက်ပြီး တစ်ယောက် ကြည့်ရှုနေသည်။ သူက မျက်မှောင်ပို၍ ကြုတ်မိလာခဲ့၏။ သူ့မျက်နှာပေါ်ရှိ စိတ်ပျက်မှုကလည်း ပိုစိုးလာခဲ့သည်။
သူ့မျက်လုံးများက ရုတ်တရက် ကျိုးယုပေါ်သို့ ကျရောက်သွား၏။ သူက ကျိုးယုရှေ့သို့ လျင်မြန်စွာ ရောက်လာခဲ့သည်။ သည့်နောက် သူက သူမ၏နဖူးထံသို့ လက်ညွှန်၏။ သူ့မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
“ဒါ…ဒါက စိတ်ဝိညာဉ်စွမ်းအင်နဲ့ အတူ မွေးဖွားလာတာ။ သူမ သွေးကြောတွေ အကုန်လုံးက ပွင့်နေခဲ့ပြီး ခရမ်းရောင်အော်ရာ ရှိတယ်…။ ကောင်းတယ် …” အဘိုးအိုက ကျိုးယုကို စူးစိုက်ကြည့်နေ၏။ သူက ကလေးငယ် တစ်ယောက်ကဲ့သို့ မမြင့်ဘဲ အဆင့်မြင့်စိတ်ဝိညာဉ် ကျောက်တုံးတစ်တုံးကဲ့သို့ ကျိုးယုကို မြင်နေမိသည်။
သူ့ကလန်က အလွန်သေးငယ်၏။ သို့သော် တိမ်ကောင်းကင်ကလန်၏ ကလန်ခွဲတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ချမ်းသာကြွယ်ဝမှုအချို့ ရှိနေ၏။ အကြီးအကဲများက များသောအားဖြင့် ကပ်စီးနှဲ ကြသော်လည်း သူတို့ အရည်အချင်းရှိသော လူများကို ရှာတွေ့သည့် တပည့်များကိုတော့ ရက်ရောစွာ ဆုချီးမြှင့်တတ်ကြသည်။
အဘိုးအိုက ရယ်မော၍ ရွာရှိ လူကြီးများကို ပြောလိုက်သည်။ “ဒီကလေး…။ သူ့ကို ငါခေါ်သွားမယ်…”
ကျိုးယု၏မျက်လုံးထဲ၌ အလွန်ထိတ်လန့်မှုများ ပေါ်ထွက်နေသည်။ သူမက သူ့အမေဝတ်စုံ အနားစွန်းကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထား၏။ သူမ၏ မျက်နှာလေးက ဖြူရော်လို့နေ၏။
***