Switch Mode

အပိုင်း(၄၀၀)

ထွက်လမ်းကို ဖြတ်တောက်ခြင်း

အဘိုးအိုက မျက်မှောင်ကြုတ်လျက် ရှိနေသည်။ သူက ဝမ်လင်း နောက်သို့ လိုက်လံ ဖမ်းဆီးနေသည်မှာ လေးလကြာမြင့်နေပြီ ဖြစ်သည်။ သူက ဝမ်လင်းကို ဖမ်းမိလုလုနီးနီး ဖြစ်သည့်အချိန်တိုင်း ဝမ်လင်းစီးနင်းနေသော ရတနာက တည်နေရာ ရွှေ့ပြောင်း၍ လွတ်လွတ်သွားသည်။

သည်လိုဖြစ်နေခြင်းက သူ့ကို တုန်လှုပ်စေပြီး ဒေါသလည်း ပိုထွက်နေမိသည်။ မြင့်မြတ်ပြီး သစ်ရွက်ခုနစ်ရွက် နတ်ဆရာတစ်ယောက် ဖြစ်သည့်သူအနေဖြင့် ဂျူနီယာ တစ်ယောက်ကိုပင် မဖမ်းမိနိုင် ဖြစ်နေရသည်။ ထိုအဖြစ်က သူ့အတွက် အရှက်ရဖွယ်ပင်။

သို့ရာတွင် သူက ကျင့်ကြံသူတစ်ယောက် မဟုတ်ချေ။ သူ့စွမ်းအားများက သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကနေ ရရှိလာခြင်း ဖြစ်၏။ သူက ဂျူနီယာတစ်ယောက်သည် အခုလိုအမြန်နှုန်းဖြင့် လေးလကြာကြာ ဆက်လက် ပြေးနေနိုင်လိမ့်မည်လို လုံးဝ မမျှော်လင့်ထားမိချေ။

အဘိုးအို၏မျက်လုံးများက တလက်လက်ဖြစ်နေ၏။ သူက အနည်းငယ် စဉ်းစားနေသည်။ သူက သူ့စွမ်းအား အများအပြားကို သုံးစွဲပြီးဖြစ်၏။ ထို့ကြောင့် သူ့အတွက် အခုလို နောက်ကဆက်လိုက်ရန် မဖြစ်နိုင်တော့ပေ။ ပို၍ သူအရေးတကြီး စိတ်ပူနေသည်က သည်ဂျူနီယာကောင်လေးတွင် ခုထိ အသုံးမပြုရသေးသော ရတနာ မည်မျှများများ ရှိနေသေးသည်နှင့် ဆေးလုံးမည်မျှများများ ကျန်နေသေးသနည်း ဆိုတာ ဖြစ်၏။

သူက အနည်းငယ် စဉ်းစားနေပြီးနောက် အဘိုးအို မျက်လုံးထဲ၌ ချီတုံချတုံများ ဖြစ်ပေါ်နေသည်။ သူက သက်ပြင်းသဲ့သဲ့ချ၍ လှည့်ကာ ထွက်သွားလေ၏။

ဝမ်လင်းက သူ့အနောက်ဘက်မှာ အန္တရာယ်အငွေ့အသက် ရုတ်တရက် ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူက ကြယ်သံလိုက် အိမ်မြှောင်ကို ရပ်တန့်လိုက်သည်။ သူက နောက်သို့ လှည့်ကြည့်ပြီး စဉ်းစားလေ၏။

“ဆက်ပြီးတော့ မလိုက်လာတော့ဘူးလား…” ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက အဘိုးအိုသည် လက်လျှော့လိုက် လေခြင်းလား၊ သို့မဟုတ် သူ့စိတ်ထဲ၌ အခြား အကြံအစည်တစ်ခုခု ရှိနေခြင်းလား သေချာမသိ‌ ဖြစ်နေ၏။ သူက ခဏအကြာစဉ်းစားပြီးနောက် သက်ပြင်းချလိုက်သည်။ အဘိုးအိုကသာ စိတ်ဝိညာဉ်ပုံစံ အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် ဖြစ်နေလျှင် ဝမ်လင်းက ခုလိုထွက်ပြေးမည့်အစား သူ့ကိုပင် ပြန်၍ လိုက်လံ ဖမ်းဆီးပစ်မည် ဖြစ်သည်။

သို့ရာတွင် ခုအဘိုးအိုသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်နှင့် အဆင့်တူသူတစ်ယောက် ဖြစ်နေသည်။

သူက အနည်းငယ်စဉ်းစား၍ နှာခေါင်းရှုံ့လိုက်၏။ သူက ထပ်မံပြေးမည့်အစား အဘိုးအို၏ မြင်ကွင်းထံသို့ ပတ်၍ သွားနေသည်။

အဘိုးအိုက ဝမ်လင်းလုပ်နေသည့်အရာကို သတိပြုမိ၏။ သူ့မျက်နှာက ရှုံ့မဲ့သွားသည်။သို့သော် သူက မည်သို့မျှ လှုပ်ရှားခြင်းတော့ မပြုချေ။

ရက်အနည်းငယ် ကြာပြီးနောက် အဘိုးအိုက မျက်မှောင်ပိုကြုတ်မိနေ၏။ ဝမ်လင်းက သူ့နှင့် အကွာအဝေးတစ်ခုတွင် တစ်ချိန်လုံး ဆက်လက်ရှိနေ၏။ သူက အစပိုင်း၌ သည်းခံနိုင်သေး၏။ သို့သော် နောက်ဆုံး၌ သူက ပေါက်ကွဲ၍ အော်ဟစ်လိုက်၏။ “မင်းက တကယ့်ကို အဆင်အခြင်မဲ့တဲ့ကောင်ပဲ…”

သူက အလင်းတန်းအသွင် ပြောင်း၍ ဝမ်လင်းနောက်သို့ လိုက်ဖမ်းပြန်၏။

ဝမ်လင်းက ရယ်မော၏။ ကြယ်သံလိုက် အိမ်မြှောင်ကလည်း ပျောက်ကွယ်သွားပြန်သည်။

ရက်အနည်းငယ် လိုက်လံဖမ်းဆီးပြီးနောက် အဘိုးအိုက လက်လျှော့လိုက်၏။ အကြောင်းမှာ သူ့တက်တူးစွမ်းအားက အားနည်းသည်ထက် အားနည်းလာနေသည်ကို ခံစားမိသောကြောင့် ဖြစ်၏။ သူက အေးစက်စွာ နှာခေါင်းရှုံ့၍ ထွက်ပေါက်သို့ ပြန်လှည့်သွား၏။

ဝမ်လင်းက ချက်ချင်း ရပ်တန့်လိုက်သည်။ သူ့မျက်လုံးက တလက်လက်ဖြစ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် အဘိုးအိုကို ဆက်လက်၍ သောကရောက်အောင် နှောင့်ယှက်ပြန်၏။

အဘိုးအိုက ဝမ်လင်းကို လုံးဝလျစ်လျူရှု၍ ဆက်လက် ပျံသန်းနေ၏။

အချိန်တဖြည်းဖြည်း ကုန်ဆုံးလာသည်နှင့်အမျှ ဝမ်လင်းက သည်အဘိုးအိုသည် အကြံအစည် တစ်ခုခုမရှိကြောင်း ယုံကြည်မှု ရှိလာ၏။ သူက အဘိုးအိုသည် အမှန်တကယ် သူ့နောက်သို့ လိုက်လံခြင်း ရှိမရှိကို စစ်ဆေးနေခြင်းပင်။ လိုက်လံခြင်းမရှိသည့် အချက်က သေချာသွားသည့်အခါ သူ့မျက်လုံးများက အလွန်အေးစက်သွား၏။

သူက သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံဓားကို ထုတ်၍ လက်ထဲ၌ ကိုင်ထား၏။ သူက အဘိုးအိုနှင့် အကွာအဝေးတစ်ခုထံသို့ လျင်မြန်စွာ တိုးကပ်သွား၍ လက်ထဲရှိ ကောင်းကင်ဘုံဓားဖြင့် ခုတ်ချသည်။

သူက သုံးကြိမ်တိုင်တိုင် ဓားဖြင့်တိုက်ခိုက်ပြီးနောက် လျင်မြန်စွာ ပြန်၍ ထွက်ခွာသည်။

ဓားစွမ်းအင်သုံးခုက အဘိုးအိုထံသို့ တိုးဝင်သွား၏။ သူ့မျက်နှာက ရှုံ့မဲ့သွားပြီး သူက ဓားကို လက်ညွှန်လိုက်သည်။ ပေါက်ကွဲမှု သုံးခု ဖြစ်ပေါ်သွားသည်။ သို့သော် အဘိုးအိုက တစ်လက်မမျှ မရွေ့ချေ။ သူက ဝမ်လင်း ရှိရာသို့ သုန်မှုန်စွာ ကြည့်၍ လှမ်းအော်သည်။ “ဒီအဘိုးအိုက ထွက်သွားတော့မယ် ဒါမှမဟုတ် မင်းခုလိုလုပ်နေတဲ့ အတွက် မင်းအသက်ကို ယူမှ ငါ့ကို အပြစ်မတင်နဲ့…”

ထိုသို့ပြောပြီးနောက် အဘိုးအိုက ဆက်လက်၍ ဝင်ပေါက်ရှိရာသို့ ပျံသန်းသွား၏။ သူက ဝမ်လင်းကို လျစ်လျူရှုထား၏။

ဝမ်လင်းက နှာခေါင်းရှုံသည်။ သူက နောက်သို့ ဆုတ်ရမည့်အစား ထပ်မံ၍ နီးကပ်အောင် သွားသည်။ ထို့နောက် အဘိုးအိုကို ဓားစွမ်းအင်များဖြင့် နှောင့်ယှက်၏။ တစ်လခန့်ကြာသည့်အခါ အဘိုးအိုက အလွန်ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။ သူကခု ထွက်ခွာသွားရန်နှင့် သည်ဂျူနီယာကို တစ်စစီအပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေမိသည်။

သို့ရာတွင် ဝမ်လင်းက အဘိုးအိုတိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် ချက်ချင်း လွတ်မြောက်သွားသည်။ သူက ထွက်ခွာဟန် ပြင်လိုက်လျှင်လည်း ဝမ်လင်းက သူ့ကို ဓားစွမ်းအင်များဖြင့် အနှောင့်အယှက် ပေးနေခဲ့၏။ သည်ဓားစွမ်းအင် တိုက်ခိုက်မှုများက သူ့ကို အန္တရာယ် မဖြစ်စေနိုင်သော်လည်း သူ့ခံစားချက်ကိုတော့ ဆိုးဆိုးရွားရွား ထိခိုက်နေသည်။

“ဝမ်လင်း… မင်းပြီးပြီးလား…” သည်နေ့တွင် အဘိုးအိုသည် ဝမ်လင်းကို ကြည့်၍ အော်ဟောက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများသည်လည်း ရူးသွပ်ဖွယ်ကောင်းအောင် တောက်ပလာပြီး လေးလံသော ဖိအားတစ်ခု ထွက်ပေါ်လာသည်။

ဝမ်လင်းက အဝေးတွင်ရှိနေသဖြင့် စိုးရိမ်ခြင်း မရှိပေ။ သူက ပြောလိုက်၏။ “စီနီယာက ဂျူနီယာနောက်ကို လအတော်အတန် လိုက်ဖမ်းဆီးနေခဲ့တယ်။ ဒီတော့ စီနီယာက လက်လျှော့ဖို့အတွက် တုံ့ဆိုင်းနေလိမ့်မယ်။ ဂျူနီယာမှာ ခု ဆေးလုံးတွေလည်း အများကြီး မကျန်တော့ဘူး။ ဒါကြောင့် စီနီယာသာ ခု လိုက်ဖမ်းမယ်ဆိုရင် ဂျူနီယာ့ကို ကျိန်းသေဖမ်းမိမှာ…”

အဘိုးအို၏ မျက်လုံးများက အတော်လေး အလိုမကျဖြစ်နေ၏။ သူက အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ကို ကြည့်၍ ပျောက်ကွယ်သွား၏။

သူက ပြန်ပေါ်လာသည့် အချိန်တွင် ကြယ်သံလိုက်အိမ်မြှောင်က တည်နေရာပြောင်း၍ အဖြူရောင်အလင်တန်း တစ်ခု ချန်ထားခဲ့သည့် မြင်ကွင်းကို ကြမ်းကြုတ်စွာ ကြည့်နေသည်။

သူ့အသွင်က ရုတ်တရက်ပြောင်းသွားပြီး သူက ထွက်ပေါက်သို့ ပြန်လှည့်သည်။ ဝမ်လင်း တည်နေရာ ရွှေ့ပြောင်းသွားသော ဦးတည်ချက်သည် အဘိုးအိုနှင့် သိပ်မဝေးလှချေ။ သူသည်လည်း ထွက်ပေါက်ပေါက်သို့ ဦးတည်လိုက်ခြင်း ဖြစ်သည်။

“စီနီယာ…။ ဂျူနီယာက ထွက်ပေါက်ကို ဖျက်ဆီးလိုက်မယ်။ ဒါဆိုရင် စီနီယာနဲ့ငါက ဒီနေရာမှာ တစ်သက်လုံးနေရလိမ့်မယ်။ ဒါဆို ပျော်စရာ မကောင်းဘူးလား…”

ဝမ်လင်း၏ မအီမသာအသံက အဘိုးအိုနားထဲသို့ တိုးဝင်လာ၏။

အဘိုးအိုက မာန်သွင်း၍ ရုတ်တရက် ရှေ့သို့ တစ်ဟုန်ထိုး ထိုးတက်သည်။ ဝမ်လင်းအပေါ် သူ့မုန်တီးမှုက အကန့်အသတ်သို့ ရောက်လာခဲ့၏။ သည်ရတနာကြောင့်သာ မဟုတ်လျှင် ဝမ်လင်းက အခုလိုမျိုး နှောင့်ယှက်နေနိုင် ပါ့မည်နည်း။

အမှန်တကယ်လည်း ဝမ်လင်းတွင် ဆေးလုံးအများကြီး မကျန်တော့ချေ။ သို့သော် သူ့တွင် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသေး၏။ သည်စိတ်ဝိညာဉ် ကျောက်တုံးများနှင့်ဆိုလျှင် သူက အဘိုးအိုကို ကောင်းကောင်းနောက်က လိုက်လံနှောင့်ယှက်၍ ရသည်ဟု ယုံကြည်မှု ရှိသည်။

သူက အဘိုးအိုကို ဓားစွမ်းအင်များ ဖြင့် နှောင့်ယှက်နိုင်ပေသည်။

သူက အဘိုးအိုနောက်သို့ လိုက်လံ၍ ထိုသို့နှောင့်ယှက်ခြင်းက မည်သူပို၍တောင်ခံနိုင်စွမ်း ရှိသနည်းနှင့် စိတ်နှလုံးတိုက်ပွဲလည်း မည်၏။

အဘိုးအိုက ဝမ်လင်းတွင် ဆေးလုံးမည်မျှ၊ ကျောက်တုံးမည်မျှ ကျန်နေသေးသည်ကို မသိချေ။ သူက ဝမ်လင်းနောက်သို့ လိုက်လံဖမ်းဆီးသည့် သည်လေးလအတွင်း သူ့ကိုယ်သူ သံသယ ဝင်လာခဲ့သည်။ သူက ဝမ်လင်းတွင် ဆေးလုံးများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများ အဆုံးမဲ့ ရှိနေသည်ဟု ခံစားနေမိ၏။

သည်ခံစားချက်က အစပိုင်း၌ အလွန် အားနည်းနေသေးသည်။ သို့သော် သူက လက်လျှော့၍ ပြန်လှည့်စဉ် ဝမ်လင်းက သူ့နောက်သို့ ပြန်လိုက်လာသည့် အချိန်ကစ၍ သည်ခံစားချက်က အလွန် အားကောင်းလာခဲ့သည်။

အဘိုးအိုက ကြယ်သံလိုက်အိမ်မြှောင်ကို တိုက်ခိုက်ရန် နည်းလမ်းကို စဉ်းစားနေသည်။ သို့သော် ဝမ်လင်းက မြန်ဆန်လွန်းသည်သာမက သတိလည်း ရှိပေသည်။ သူက အကွာအဝေးတစ်ခုသို့ နီးကပ်လာသည်နှင့် ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းသွားပြီး ဖြစ်နေခဲ့သည်။

အစောပိုင်းတုန်းက အခြေအနေနှင့် နှိုင်းယှဉ်လျှင် ခံစားနေရသောသူသည် ဝမ်လင်းမဟုတ်ဘဲ အဘိုးအို ဖြစ်နေခဲ့၏။

လအနည်းငယ်ကြာပြီးနောက် ဝမ်လင်းက ဆေးလုံးများအားလုံးကို သုံးစွဲခဲ့ပြီး လေပြီ။ အခုလက်ရှိတွင် သူက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးကိုသာ အားကို၍ သူ့စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်တင်းနေရသည်။

ဝမ်လင်းက နောက်ကလိုက်လာလေလေ အဘိုးအို၏ စိတ်မရှည်မှုက ပိုဆိုးလာလေဖြစ်သည်။ ထို့ကြောင့် သူက ထပ်မံ၍ တိုက်ခိုက်ပြန်သည်။ သို့ရာတွင်ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင် ရှိနေသည့်အတွက် သူ့တိုက်ခိုက်မှုတိုင်းက လွဲချော်ခဲ့ရသည်။

သူ့တက်တူးဖြင့် တိုက်ခိုက်မှုတစ်ခုကိုသာ ထိမှန်ပါက သည်ဂျူနီယာသည် အသတ်မသေဘူး ဆိုရင်တောင် ဒဏ်ရာပြင်းထန်စွာ ရသွားပေလိမ့်မည်။ သည်တိုက်ခိုက်မှုက ကြယ်သံလိုက်အိမ်မြှောင်သို့ ကျရောက်သွားလျှင်လည်း ၎င်းက ပျက်စီးသွားပြီး သည်ဂျူနီယာကို သူ့စိတ်ကြိုက် သတ်နိုင်ပြီ ဖြစ်သည်။

ဝမ်းနည်းစရာ ကောင်းသည်က ကြယ်သံလိုက်အိမ်မြှောင်၏ အမြန်နှုန်းသည် ပို၍ တိုးတက်လာခဲ့သည်။ အကြောင်းမှာ ဝမ်လင်းက သည်ရှစ်လအတွင်း ၎င်းရတနာနှင့်ပို၍ အသားကျလာသောကြောင့် ဖြစ်၏။

အဆုံးသပ်၌ ဝမ်လင်းက ကြယ်သံလိုက် အိမ်မြှောင်ပေါ်၌ စွပ်ရာလေးခု ဖန်တီး၍ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးလေးခုကို ထိုစွပ်ရာ၌ ထည့်သွင်းထားလိုက်သည်။ သူက ကြယ်သံလိုက်အိမ်မြှောင်ကို စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် စွမ်းအားပိုကောင်းအောင် ဖန်တီးထားခြင်းပင်။ သူက သူ့နတ်ဘုရားအာရုံ အနည်းငယ်ဖြင့် ကြယ်သံလိုက်အိမ်မြှောင်ကို ထိန်းချုပ်ထားပြီး ကျန်သည့်စွမ်းအင်များကို အဘိုးအိုကို တိုက်ခိုက်ရာ၌ အသုံးပြုနေခဲ့သည်။

ဝမ်လင်းက အတားအဆီးအလံက ဖြစ်ပေါ်လာသော လှံ၊ အချိန်နယ်ပယ် ပန်းပုရုပ်များ၊ အနက်ရောင်တံဆိပ်ခေါင်းနှင့် အခြား ရှေးဟောင်းရတနာများကို အသုံးပြုခဲ့ပေသည်။ သည်အရာများက အဘိုးအိုက ဆန့်ကျင်နိုင်စွမ်း မရှိကြသော်လည်း ဝမ်လင်း၏ ကျွမ်းကျင်မှုများက ပို၍ပို၍ ကောင်းမွန်လာခဲ့သည်။

တကယ်တော့ သူက ကျင့်ကြံခြင်းကို စတင်ကတည်းက သူက အခုလို သူ့ရတနာများကို စိတ်ကြိုက် အသုံးပြုခွင့်ရသည့် အခြေအနေတစ်ခုကို မကြုံတွေ့ခဲ့ဖူးချေ။

ကောင်းကင်ဘုံဓားကို ထိန်းချုပ်နိုင်ရန် သူက အကြိမ်များစွာ အသုံးပြုခဲ့ရသည်။

ခု ကောင်းကင်ဘုံဓား၏ စွမ်းအားက တိုးတက်မလာခဲ့သော်လည်း သူနှင့်ပို၍ အသားကျကာ သွက်လက်လာခဲ့၏။ သည်အရာများအားလုံးသည် အဘိုးအို၏ ကျေးဇူးကြောင့်ပင်။

အဘိုးအို၏ ဒေါသက အကန့်အသတ်သို့ ရောက်လာခဲ့သည်။ သူ့လက်ချောင်းများဖြင့် ဖွတ်ဖွတ်ကြေအောင် လုပ်နိုင်သည့် သည်ပုရွတ်ဆိတ်ဂျူနီယာလေးက သူ့ကို အခုလို နှောင့်ယှက်ဝံ့နေသည် မဟုတ်လား။ သည်လများတွင် ဝမ်လင်းက အဘိုးအို အမှန်တကယ် သတ်ချင်သော လူတစ်ယောက် ဖြစ်လာခဲ့လေ၏။

သူက ဝမ်လင်းကို တက်တူးရုပ်သေးရုပ် အဖြစ်သို့ ပြောင်းမည့် အကြံဉာဏ်ကို လက်လျှော့ခဲ့ပေပြီ။ သူ့တွင် အခွင့်သာ ရှိပါက ဝမ်လင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေ၏။

ဝမ်လင်းက ဓားအိမ်သုံးခုကိုပင်ထုတ်၍ တစ်ခုပြီးတစ်ခု အသုံးပြုနေခဲ့၏။ ဝမ်လင်းကျင့်ကြံမှု အဆင့်က တိုးတက်လာခြင်း မရှိသော်လည်း သူ့ရတနာများအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုများက အစကနှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေခဲ့ပြီ ဖြစ်သည်။

သူက အခုချိန်၌ ရတနာတစ်ခုကို အသုံးပြုသည့်အခါ ပို၍ စွမ်းအားကောင်းလာခဲ့သည်။

သည်နေ့တွင် ဝမ်လင်းက ထွက်ပေါက်ကို လှမ်းမြင်လိုက်ရ၏။ ထွက်ပေါက်၌ တောက်ပနေသည့် ဧရာမတက်တူး အက်ကွဲကြောင်း တစ်ခု ရှိနေသည်။

ဝမ်လင်းက အက်ကွဲကြောင်းကို ဖြတ်၍ အပြင်ဘက်ကိုပင် လှမ်းမြင်နိုင်စွမ်း ရှိသည်။ မရေမတွက်နိုင်သော လူရိုင်းများက ထွက်ပေါက်အပြင်ဘက်၌ အက်ကွဲကြောင်းကို စူးစိုက်ကြည့်နေလျက် ရှိနေ၏။

ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက သည်အက်ကွဲကြောင်းထဲမှ ထွက်ရန် လုံးဝ မစဉ်းစားထားချေ။ သူက ကြယ်သံလိုက် အိမ်မြှောင်ပေါ်ကနေ ခုန်ဆင်း၍ ကောင်းကင်ဘုံဓားကို လွှဲ၍ ခုတ်သည်။ တုန်ခါသံများထွက်ပေါ်လာပြီး တက်တူးများအပေါ်၌ အက်ကြောင်းများ ဖြစ်ပေါ်သွား၏။

“မဟုတ်ဘူး…” အဘိုးအို၏ တက်တူးစွမ်းအားက ဝမ်လင်းကို ရှစ်လတိုင်တိုင် နောက်က လိုက်ဖမ်းပြီးနောက် ခြောက်ခန်းလုနီးဖြစ်နေခဲ့၏။ သူက ထွက်ပေါက်၌ တက်တူး တိုက်ခိုက်ခံရသည်ကို တွေ့သည်နှင့် သူ့မျက်နှာပေါ်၌ အလွန်အမင်း ထိတ်လန်ဟန်ပေါ်သွား၏။ သူက ချက်ချင်း လှမ်းအော်လိုက်သည်။

သူက မြန်နိုင်သမျှမြန်အောင် တည်နေရာ ရွှေ့ပြောင်းသော်လည်း ဝမ်လင်းက ကောင်းကင်ဘုံဓားဖြင့် လွှဲ၍ ထပ်မံခုတ်ချပြန်သည်။ သည်တက်တူးမက ပျက်စီးသွားပြီး လေဟာနယ် အက်ကြောင်းသည်လည်း ပိတ်ဆို့သွားလေ၏။

အဘိုးအိုခန္ဓာကိုယ်က တုန်ခါလို့နေသည်။ သူက ထွက်ပေါက် ပျောက်ကွယ်သွားသည်ကို မှင်တက်စွာ ကြည့်နေမိ၏။

“အရိုးဆွေးနေတဲ့ အဘိုးအိုကြီး…။ ဒီအရှင်သခင်လေးက မထွက်ခွာ သွားသေးတာကြောင့် မင်းလည်းပဲ ဒီနေရာမှာ နေရမယ်။ ငါ့နောက်ကို ဆက်ပြီး လိုက်ဖမ်းစမ်း…” သူက တက်တူးကို ဖျက်ဆီးပြီးနောက် ကြယ်သံလိုက် အိမ်မြှောင်ထံသို့ ပြန်ရောက်သွားပြီး ထွက်ခွာသွား၏။

အကွာအဝေးတစ်ခုမှ ဝမ်လင်း၏ ရယ်မောသံက တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။

“အရူး…။ မင်းက တကယ့် အရူးကောင်ပဲ။ ငါသေရမယ်ဆိုရင်တောင် မင်းကို လုံးဝခွင့်မလွှတ်ဘူး…” အဘိုးအိုမျက်လုံးများက နီရဲနေခဲ့ပြီး သူက ဝမ်လင်းကို လိုက်လံဖမ်းဆီး၏။

သို့ရာတွင် သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက မှိန်ဖျော့သွား၏။ သူက လိုက်လံပြီး ခဏအကြာတွင် ရပ်တန့်လိုက်ရသည်။ သူက မာန်သွင်း၍ ရုတ်တရက် ကြာပွင့်သဏ္ဌာန်ထိုင်ချ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ သစ်ရွက်ခုနစ်ရွက်က သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။

သည်သစ်ရွက်ခုနစ်ရွက်လုံး ပွင့်လာသည့်အခါ အဘိုးအိုသည် သည်အပင်၏ လွှမ်းခြုံထားခြင်းကို လုံးဝခံလိုက်ရသည်။ ခု ဟင်လင်းပြင်ထဲ၌ အပင်တစ်ပင်က ထီးထီးကြီး တည်ရှိနေသည်။

“ငါက ကလန်ရဲ့စိတ်ဝိညာဉ်ကို ငှားပြီး လမ်းကြောင်းတစ်ခု ဖွင့်နိုင်ဖို့ မျှော်လင့်ပါတယ်…” အပင်ထဲရှိ အဘိုးအို၏ မျက်လုံးသည် တဖြည်းဖြည်းချင်း မှိတ်သွားလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset