ကျောင်းတွင် ဖြေရှင်းစရာများရှိသည့် ရှီမာရန်မှလွဲ၍ ရှီမာယူရွှီ၊ ရှီမာယူမင်နှင့် ရှီမာယူလီတို့အားလုံးသည် ရှီမာလိုင်၏ အောင်မြင်စွာအဆင့်တက်ခြင်းကို သိရှိပြီးပြန်လာကြသည်။ အားလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
ထိုညတွင် ရှီမာယူယူသည် အားလုံးအတွက် စားပွဲအပြည့် ဟင်းလျာများကို ပျော်ရွှင်စွာချက်ပြုတ်ပေးတော့သည်။ သူမ မီးဖိုဆောင်မှထွက်လာသည်နှင့် လေးယောက်လုံးသည် စားပွဲဘေးတွင်ထိုင်ကာ သူမအား အံ့သြသော မျက်နှာများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမ ငေးကြောင်ကြောင်ပြန်ကြည့်မိသည် အဘယ့်ကြောင့်ဆိုသော် ပျော်ရွင်မှုကြောင့် သူမမေ့နေခဲ့သည်မှာ မူလ ခန္ဓာကိုယ်ပိုင်ရှင်သည် ချက်ပြုတ်ခြင်းအကြောင်းကို သိရှိခြင်းမရှိသည်ကို နောက်မှသတိရသွားသည်။ ပြီးခဲ့သည့်အချိန်တုန်းက သူမ စားဖိုမှူးများကို ချက်ပြုတ်နည်းကို သင်ပေးခဲ့ခြင်းသည် ကောလဟလဖြစ်သည်ဟု တွေးထင်ခဲ့ကြသည်။ သို့သော် အခုအချိန်တွင် သူမကိုယ်တိုင် ဟင်းလျာများကို ချက်ပြုတ်ပေးခဲ့သည်လေ။
“ညီလေး ငါး၊ ဘယ်အချိန်က ချက်ပြုတ်တာကို သင်လိုက်တာလဲ” ပထမဆုံးမေးလိုက်သူမှာ ရှီမာယူလီဖြစ်သည်။ ရှီမာယူယူ သူမကိုယ်ပိုင်နေရာတွင် ထိုင်ကာပြောလိုက်သည် “ကျွန်တော် လနည်းနည်းလောက် ပူလွောင်တောင်တန်းမှာ နေခဲ့တာမလား၊ အဲအချိန်တုန်းက ကိုယ့်ဘာသာချက်ပြုတ်စားရတာဆိုတော့ အဲတုန်းက သင်ခဲ့တာ”
ရှီမာယူယူ ပြောသည်ကို နားထောင်ပြီးနောက် အားလုံးသည် စိတ်ထဲတွင် နာကျင်သည့်ပုံစံဖြင့် သူမအားကြည့်လိုက်ကြသည်။ သူမ ပူလွောင်တောင်တန်းမှာ ဘယ်လောက် ဒုက္ခရောက်ခဲ့လို့ ဒီလို ရှုပ်ထွေးတဲ့ ချက်ပြုတ်နည်းကို သင်ခဲ့ရခြင်းဖြစ်မလဲ။
အားလုံး၏မျက်နှာတွင် ဖြစ်နေသောအမူအရာအားကြည့်ပြီး သူမ မလုံမလဲဖြစ်မိသည်။ သူမ ချက်ပြုတ်ခြင်းအတွက် မေးသည့်မေးခွန်းကို ရှောင်တိမ်းချင်ရုံသာ။ ထိုကဲ့သို့ ရင်နာမှုဖြစ်စေသည်ကို မမျှော်လင့်ခဲ့ပါ။
သူမပြုံးကာ ပြောလိုက်သည် “ကောင်းပြီ မြန်မြန်စားရအောင်၊ ထပ်စောင့်နေရင် အေးသွားပြီး အရသာမရှိပဲ နေလိမ့်မယ်”
“ဟုတ်တယ် စားကြရအောင် ညီလေးငါးရဲ့ ဟင်းတွေက ဘယ်လိုလဲကြည့်ရအောင်
“အမ် စားရအောင်” “လာ အဘိုးကို ဂုဏ်ပြုလိုက်ရအောင် အဆင်ပြေပြေ အဆင့်တက်သွားတာကို ဂုဏ်ယူပါတယ်”
“ဟားဟား ဒီအတွက်ဆိုရင်တော့ အဆင့်တက်ဆေးလုံးကို ယူပေးတဲ့ယူယူကို ကျေးဇူးတင်ရမှာပဲ” ရှီမာလိုင်၏ အဆင့်တက်မှုကို ပြောဆိုကြရင်း အားလုံးသည် တက်ကြွနေကြပြီး ညဉ့်နက်သည်အထိ စားကြသောက်ကြလေသည်။
“အဘိုး သမီးမနက်ဖြန် ကျောင်းကိုပြန်သွားတော့မယ်” ညစာစားပြီးသည်နှင့် ရှီမာယူယူပြောလိုက်သည်။ “သမီး ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ ဆုံးဖြတ်တာ ကောင်းတဲ့အချက်ပဲ” ရှီမာလိုင် ရှီမာယူယူ၏ခေါင်းကို ပုတ်လိုက်သည်။ “ကျောင်းကိုသွားပြီး အဲနေ့ကသမီးကို ဒုက္ခရောက်အောင်လုပ်တဲ့သူကို လက်စားချေမလို့လား” ရှီမာယူယူခေါင်းညိတ်လိုက်ကာ ပြောလိုက်သည် “သမီးကို ရိုက်ပြီးရင် သမီးက လက်နာသွားလားလို့မေးမယ့်သူမျိုးမဟုတ်ဘူး၊ သမီးကို နာကျင်အောင်လုပ်ရင် သမီးရဲ့ လက်စားချေတာကို လက်ခံဖို့ပြင်ဆင်ထားတာကောင်းတယ်” “ဟားဟား သမီးဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် အဘိုးကတော့ သမီးကို သေချာပေါက် ထောက်ခံပေးမှာ၊ အဘိုးဆီကပဲဖြစ်ဖြစ် သမီးအစ်ကိုတွေဆီကပဲဖြစ်ဖြစ် လိုအပ်တာရှိရင် ပြောနော်” ရှီမာလိုင်ပြောလိုက်သည်။
“ဟုတ် သမီးပြောပါမယ်” ရှီမာယူယူ ပြုံးကာပြောလိုက်သည်။ သူမ ကျောင်းဘက်သို့ကြည့်ကာ မလိုမုန်းထားသော အပြုံး ပြုံးလိုက်လေသည်။ သူမသေပြီဟုထင်ထားသော သူများသည် သူမအားမြင်လျှင် ဘယ်လိုတုန့်ပြန်မှုများဖြစ်လာမလဲဆိုတာ ဘယ်သူသိမလဲ။
သူမ ကိုယ်ပိုင် အိမ်ဝင်းအတွင်းသို့ပြန်လာကာ အိမ်အထဲတွင် သော့ချထားလိုက်ပြီး ထပ်ပြီးကျင့်ကြံနေလိုက်သည်။ သူမ ဆေးဖော်ခြင်းကို လေ့ကျင့်ချင်သော်လည်း လမ်းလျှောက်မသင်ခင် မပြေးသင့်ကြောင်းကို သိသည်။ သူမသည် ဆေးဖက်ဝင်အပင်များမှ နဂိုအာနိသင်အားဆွဲထုတ်ရာတွင် အတွေ့အကြုံမလုံလောက်သေးသည်ကို သူမသိသည်။ ထို့ကြောင့် အလျင်စလို ကျိုချက်လိုက်ပါက ပြီးခဲ့သည့် တစ်ခေါက်ကလို နောက်ထပ်ပေါက်ကွဲမှုဖြစ်သည်နှင့် အဆုံးသတ်သွားမည်။ သူမ ဆေးဖော်ရာတွင် အောင်မြင်ခဲ့ ပါကလည်း ထိုဆေး၏ အရည်အသွေးသည် ကောင်းနိုင်မည်မဟုတ်ပေ။
ထို့အပြင် သူမ အခုအချိန်တွင် အလိုအပ်ဆုံးမှာ ကျင့်ကြံခြင်းဖြစ်သည်။ သူမ အံ့ဖွယ်အဆင့်ရောက်မှသာ သူမ မှတ်ဉာဏ်များကို ပြန်လည်ရရှိမည်ဟု ဟိန်းသံလေးပြောသည်။ အခုလက်ရှိတွင်သူမသည် ဝိညာဉ်သခင်အဆင့်သာရှိ သေးသည်။ သူမ အံ့ဖွယ်အဆင့်ရောက်ရန် အချိန်မည်မျှယူရမည်ကို ဘယ်သူမှမသိပါ။ စက္ကန့်တိုင်းတွင် ကြိုးစားရန် လိုအပ်သည်။
အင်ပါယာကျောင်းတော်အတွင်းတွင် ရှီမာယူယူ ပျောက်ဆုံးသော တစ်လတွင် အားလုံးသည် ထိုအကြောင်းကို အတင်းအဖျင်းများပြောကြသည်။ စစ်သူကြီးအိမ်တော်မှလူများသည် ကျောင်းအားပြဿနာလာရှာမည်ဟု ထင်ထားကြသည်။ သို့သော် စစ်သူကြီးအိမ်တော်မှ ပို့လိုက်သော အရိပ်အယောင်အား မတွေ့ခဲ့ရပေ။ တစ်လကြာပြီးနောက်တွင်တော့ အားလုံးသည် ထိုအကြောင်းအား အတင်းအဖျင်းပြောရာတွင် စိတ်ဝင်စားမှုနည်းလာပြီး တစ်ချို့လူများသည် ထိုအမှိုက်အား မှတ်မိတော့သည်။ ဒီနေ့တွင် မနက်ပိုင်းအတန်းပြီးသည်နှင့် နေ့လည်စားစားရန် အားလုံးထွက်လာကြသည်။ ဖက်တီးကျူနှင့် ဝေကျိရွှီတို့ နှစ်ယောက်သည်လည်း ပြန်လာကြသည်။ အဓိကဝင်ပေါက်သော့ပွင့်နေသည်ကိုတွေ့သည်နှင့် ဝူရန်ဖေ ဒါမှမဟုတ် ဘေဂုံထန်တို့ အရင်ပြန်လာကြသည်ဟု ထင်တုန်းပင်။
“ဒီနှစ်ယောက်ကတော့လေ အတန်းပြီးတာနဲ့ပြေးလိုက်ကြတာ၊ ကျောင်းထမင်းစားဆောင်မှာ မတွေ့ဖူးထင်နေတာ သူတို့က အရင်ပြန်လာကြတာကိုး” ဖက်တီးကျူပြောလိုက်သည်။
“ဟုတ်တယ် ရှီမာယူယူ ချက်ကျွေးတာတွေစားပြီးကတည်းက ထမင်းစားဆောင်က အစားအစာတွေက စားချင်စရာမကောင်းတော့ဘူး” ရှီမာယူယူ အကြောင်းပြောရင်း ဝေကျိရွှီ၏ မျက်နှာပျက်သွားသည်။
“ယူယူ သူ….” ဖက်တီးကျူ၏ အသံသည် ကွဲအက်သံပါနေသည်။ ရှီမာယူယူအကြောင်းပြောနေသည်မှာ ကျောင်းတွင် သူတို့နှစ်ယောက်သာရှိတော့သည်။
“မင်းတို့ တံခါးအရှေ့မှာရပ်ပြီးဘာလုပ်နေကြတာလဲ” သူတို့ ဝမ်းနည်းခြင်းကို နှောင့်ယှက်လိုက်သော ဘေဂုံထန်၏ အေးစက်သောအသံသည် နောက်မှထွက်လာသည်။ ဝေကျိရွှီ နောက်သို့လှည့်ကာ ဘေဂုံထန်အားကြည့်ပြီး ပြောလိုက်သည် “မင်းက အထဲမှာမဟုတ်ဘူးလား၊ မင်းပြန်ရောက်နေပြီလို့တောင်ထင်တာ”
“မဟုတ်ပါဘူး ငါစာကြည့်တိုက်သွားနေတာ” ဘေဂုံထန် ခြေလှမ်းနှစ်လှမ်းတိုးလိုက်ကာ သူတို့နှစ်ယောက်အား သံသယဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် သူမ ဝင်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။
“ဒီဘေဂုံထန်က ဘယ်တော့များမှပြုံးမှာလဲ၊ သူမကိုကြည့်လိုက်တိုင်း အေးစက်စက်နဲ့” ဖက်တီးကျူစိတ်အနှောင့်အယှက်ဖြစ်ရင်း ပြောလိုက်သည်။ “ဟုတ်တယ် သူမအပြုံးက သေချာပေါက်လှမှာပဲ” ဝေကျိရွှီပြောလိုက်သည်။
“မင်းတို့တံခါးမှာ ရပ်ပြီးဂိတ်စောင့်လုပ်ကြတော့မလို့လား” အထဲသို့မဝင်ပဲ တံခါးရှေ့တွင် ရပ်နေကြသော နှစ်ယောက်အားမြင်သည့်အချိန်တွင် ဝူရန်ဖေနောက်မှ ပေါ်လာပြီးပြောလိုက်သည်၊
တချိန်ကာလတစ်ခုကြာအောင် အတူနေထိုင်ပြီးနောက် တစ်ယောက်နှင့်တစ်ယောက် စကားပြောရသည်ကို မကြိုက်သော်လည်း စသိချိန်နှင့်ယှဉ်လျှင် အေးစက်မှုများ လျော့နည်းသွားသည်။ “ဟူး ဒီလူကတော့ တကယ်ပဲ….” ဖက်တီးကျူသည် ပြောလက်စကို ရပ်ကာ ရုတ်တရက် ဝေကျိရွှီဘက်လှည့်ကာ တစ်ယောက်နှင့်တစ်ယောက် အံ့သြသောအကြည့်ဖြင့်ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်သည် အခုမှပြန်လာကြသည်၊ အဓိကဝင်ပေါက်တံကားသည် ဘေဂုံထန် သို့မဟုတ် ဝူရန်ဖေဖွင့်ထားသည်ဟု ထင်ခဲ့ကြသည်။ သို့သော် သူတို့နှစ်ယောက်သည် သူတို့နောက်မှပြန်လာကြသည်ကို နောက်မှ သဘောက်ပေါက်မိကြသည်။ အဓိပ္ပာယ်ကတော့ သော့ရှိနေတဲ့သူက တံခါးကိုဖွင့်လိုက်တာဖြစ်မည်။ ရှီမာယူယူများ ဖြစ်နေမလား… သူပြန်လာတာတဲ့ အဓိပ္ပာယ်လား။ သူတို့နှစ်ယောက်သည် လျင်မြန်စွာ အိမ်ထဲသို့ဝင်လာကြသည်။ သူတို့ အိမ်ထဲသို့ဝင်ချိန်တွင် ဝူရန်ဖေသည် အိမ်ရှေ့တွင် မတ်တတ်ရပ်နေပြီး ဘေဂုံထန်သည် ရှီမာယူယူ၏ တံခါးရှေ့တွင် ရပ်နေသည်။ အမြဲတမ်း တင်းကြပ်စွာပိတ်နေသောတံခါးသည် ဒီနေ့တွင် ပွင့်နေသည်။ ရှီမာယူယူ အိမ်ထဲမှ ခေါင်းပြူထွက်ကာ သူတို့လေးယောက်အား အံ့အားသင့်အောင်ပြုလုပ်သည်ကို မြင်တွေ့လိုက်ရသည်။ “မင်းတို့အားလုံးပြန်လာကြပြီလား၊ ငါက အခန်းကို ရှင်းနေတာ လူမနေတာကြာတာနဲ့ ဖုန်တွေတကယ်ထူနေပြီ”
ဖက်တီးကျူသည် ရှီမာယူယူအား လက်ညိုးထိုးကာ မည်သည့်စကားမျှထွက်မလာပေ။
“မင်း မင်း… ဘယ်တုန်းကပြန်ရောက်တာလဲ” ရှီမာယူယူ လျှောက်လာပြီး ရယ်လိုက်သည် “ငါအခုမှ ရောက်တာပဲ၊ ဖက်တီးကျူ မင်း နေ့လည်မှာ အတန်းမရှိဘူးမလား၊ ငါ့အထုတ်တွေ နေရာချတာ မကူချင်ဘူးလား”
ထို့နောက် သူမ ဘေဂုံထန်အပါအဝင် ကျန်သုံးယောက်အားကြည့်ကာ ပြောလိုက်သည် “ဒီနေရာက အရမ်းညစ်ပတ်တာပဲ၊ တစ်ယောက်ယောက်က ဖောက်ဝင်ထားတာနဲ့တူနေတယ်၊ အရမ်းရှုပ်ပွနေတာပဲ အကုန်လုံး ရှင်းပြီးတာကိုစောင့်ပြီးမှ ပြန်လာပြီးထိုင်ကြမလား”
ထိုအကြောင်းအရာတွင် လေးယောက်လုံးသည် တုန့်ပြန်မှုမရှိကြပေ။ ဝေကျိရွှီ သူ့အင်္ကျိလက်အား မ,တင်လိုက်ပြီးနောက် လျှောက်လာရင်းပြောလိုက်သည် “တကယ်ညစ်ပတ်နေတာပဲ ငါတို့အတူရှင်းပေးမယ်လေ” “ဟုတ်တယ် ငါလည်းကူပေးမယ်” ဖက်တီးကျူပြောပြီးနောက် လျှောက်လာသည်။
ရှီမာယူယူ အစပိုင်းတွင် ဝေကျိရွှီအား ကူညီလိုသည့်ပုံဖြင့်ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းပြီ မင်းတို့ကူညီရင် အထုတ်ဖြေတာပိုမြန်သွားမှာပေါ့” သို့သော် ဝူရန်ဖေနှင့် ဘေဂုံထန်တို့လာပြီးကူညီသည်မှာ ပို၍ထူးဆန်းသည်။ သူတို့နှစ်ယောက်သည် အေးစက်ပုံပေါက်သေးသော်လည်း သူတို့၏ မျက်နှာကြောတင်းမှုနှင့်အတူ သူမ သူတို့နှစ်ယောက်အား ဒုက္ခပေးမြဲပင်။ သူတို့လာပြီးကူညီသည်မှာ သူမအတွက် အံ့သြဆဲပင်ဖြစ်သည်။
“တကယ်ပဲ ဒီကိုတစ်ယောက်ယောက်ဖောက်ဝင်ထားတာနဲ့တူတယ်” အစုလိုက် အပုံလိုက်ဖြစ်နေသည်ကို ဖက်တီးကျူစိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။ သူတို့ငါးယောက်လုံး အတူတကွ ရှင်းလင်းပြီးချိန်တွင်တော့ ထိုနေရာသည် လျင်မြန်စွာသန့်ရှင်းသွားတော့သည်။ ထို့နောက်တွင် ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် အတူထိုင်လိုက်ကြပြီး ဝူရန်ဖေသည် စားပွဲအားမှီကာ ဘေဂုံထန်သည် တံခါးနားတွင် ရပ်နေသည်။ လေးယောက်လုံးသည် ရှီမာယူယူအား တစ်ပြိုင်နက်ထဲ ကြည့်လိုက်ကြသည်။
“ယူယူ အဲအချိန်တုန်းက ဖြတ်လမ်းဝင်္ကပါက မင်းကိုဘယ်နေရာကိုပို့လိုက်တာလဲ”