သားရဲစိတ်ဝိညာဉ်က ချီမူ၏စိတ်ဝိညာဉ်ကို ဝါးမျိုပြီးနောက် ဝမ်လင်းထံသို့ ပြန်လာခဲ့၏။ သားရဲစိတ်ဝိညာဉ်က သားရဲချုပ်နှောင်ခြင်း လက်ကောက်နှင့် ထိန်းချုပ်ခြင်း ခံထားရသော်လည်း ခုထိ ဆန့်ကျင်ရန် လိုနေသေး၏။ သူက ဝမ်လင်း၏ ထိန်းချုပ်မှုကို မည်သို့ဆန္ဒရှိပါ့မည်နည်း။
ဝမ်လင်းက သားရဲစိတ်ဝိညာဉ်သည် သူ့ထံသို့ ခုန်အုပ်လာသည့်အခါ တည်ငြိမ်စွာပင် ရှိနေ၏။ သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ စစ်ရထားထံသို့ ပို့လွှတ်လိုက်သည်။ ချိန်းကြိုးများက စစ်ရထားထံမှ ထွက်ပေါ်လာပြီး သားရဲစိတ်ဝိညာဉ်ကို ပြန်ထိန်းချုပ်လေ၏။
သားရဲစိတ်ဝိညာဉ်က အလျှော့ပေးလိုစိတ် မရှိဘဲ ရုန်းကန်နေသည်။ သို့ရာတွင် ချိန်းကြိုးများက သိပ်သည်းနက်ရှိုင်းသော စွမ်းအားများပါဝင်နေ၏။ သည်ချိန်းကြိုးများက သားရဲစိတ်ဝိညာဉ်ကို စစ်ရထားထံသို့ ဖြည်းဖြည်းချင်း ဆွဲခေါ်သွား၏။
နောက်ဆုံး၌ သားရဲစိတ်ဝိညာဉ်သည် စစ်ရထားနားထိ ရောက်သွားပြီး စစ်ရထားထဲ၌ ပျောက်ကွယ်သွား၏။
စစ်ရထားက သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲသို့ ပြန်ဝင်သွားပြီး ဝမ်လင်းထံသို့ ပျံသန်းလာ၏။
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူက ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုကို လက်ထဲ၌ အဆင့်ကိုင်၍ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ဆီးဖမ်းသည်။ ၎င်းလက်ကောက်က သူ့လက်ကောက်ဝတ်ပေါ်၌ နေရာကျသွားသည်နှင့် သူ့ထံမှ စိတ်ဝိညာဉ် စွမ်းအင်များစွာကို စုပ်ယူလေသည်။
လက်ထဲတွင် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးကို ကိုင်ဆောင်ထားရင် ဝမ်လင်းက လျင်မြန်စွာ ဆက်လက်ပျံသန်းနေသည်။ သူက ပျံသန်းနေစဉ်တွင် သားရဲချုပ်နှောင်ခြင်း လက်ကောက်မှ စုပ်အားကို သူ့ထံမှ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးထံသို့ လွှဲပြောင်းလိုက်သည်။
သည်စိတ်ဝိညာဉ် စွမ်းအင်စုပ်ယူသည့် ဖြစ်စဉ်က အားပျော့သွားရန် အချိန်အတန်ကြာ လိုအပ်၏။ ဝမ်လင်းက သူ့နဖူးပေါ်ရှိ ချွေးများကို သုတ်လိုက်သည်။ သူက သူ့လက်ကို ဖြန့်လိုက်ရာ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးသည် ပျောက်ကွယ်သွားတော့၏။
“နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားရဲ့ စွမ်းအားက ငါ့စိတ်ကူးနိုင်တာထက် ပိုလွန်းနေပြီ။ ဒါက တကယ့်ကို ကောင်းကင်ဘုံရတနာလို့ခေါ်ဖို့ ထိုက်တန်တယ်။ ဒါပေမဲ့ သားရဲစိတ်ဝိညာဉ်က အလွန်ကြမ်းကြုတ်တယ်။ သားရဲချုပ်နှောင်ခြင်း လက်ကောက်နဲ့တောင် ငါက ခဏပဲ ထိန်းချုပ်နိုင်တယ်…”
“ထပ်ပြောရရင်တော့ ငါက ဒါကို အသုံးပြုတဲ့အချိန်တိုင်း ငါဆုံးရှုံးသွားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို ပြန်ဖာထေးနိုင်ဖို့ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံးကို အသုံးပြုရလိမ့်မယ်။ ဒီကုန်ကျမှုက တကယ့်ကို မြင့်မားလွန်းတယ်…”
ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။
သူ့အမြန်နှုန်းက အလွန်မြန်ဆန်သည်။ သူက တတိယအလွှာသည် အလွန်အန္တရာယ်ရှိမှန်း သိသဖြင့် အလျင်အမြန် ထွက်ခွာရမည်ကို သိနေ၏။ ဒုတိယအလွှာရှိ လူရိုင်းအဘိုးအို၏ စကားများက သူ့နားထဲ၌ ပဲ့တင်ထပ်နေ၏။
စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်နှင့် တူညီသည့် သစ်ရွက်ခုနစ်ရွက် နတ်ဆရာသည် ဝမ်လင်း အခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ဆန့်ကျင်နိုင်စွမ်း လုံးဝမရှိသည့်အဆင့်ပင်။
“နတ်ဘုရားသတ်ဖြတ်ခြင်း စစ်နတ်ဘုရားက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်မလား ငါသိချင်မိတယ်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းနဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်တို့ကြား ကွာဟချက်က ရှင်းပြလို့တောင် ရမှာ မဟုတ်ဘူး။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဖြစ်တယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်မိနေ၏။
“ဒါပေမဲ့ … ဒါက နည်းနည်းတော့ ထူးဆန်းနေတယ်။ ပြန်လည်မွေးဖွားခြင်း သစ်ပင်က သစ်သီး ထွက်ပေါ်လာတာတောင်မှ သစ်ရွက်ခုနစ်ရွက် နတ်ဆရာက ဘာကြောင့်များ ထွက်ပေါ် မလာရသေးတာလဲ…”
ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။ သူက ပို၍မြန်ဆန်စွာ ပျံသန်းလိုက်သည်။
သူက ပခုံးပေါ်တွင် ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို တင်ထားပြီး ပျံသန်းနေသည့်အတွက် သူ့အသွင်က သိသာလို့နေ၏။ သူက လက်ဖြင့် သစ်ပင်ကို အစိတ်အပိုင်းအများကြီး ပိုင်းဖြတ်လိုက်သည်။
“အစောပိုင်းတုန်းက သစ်ကိုင်းကျ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းလို့ရတယ်။ ဒါပေမဲ့ သစ်ပင်တစ်ပင်လုံးကျ ထည့်လို့မရဘူး။ ငါက ဒါတွေကို အပိုင်းပိုင်းဖြတ်ပြီး ထည့်ကြည့်ရင်ကော အလုပ်ဖြစ်လား ကြည့်ကြည့်မယ်…”
ထို့နောက် ပြန်လည်မွေးဖွားခြင်း သစ်ပင်၏ အစိတ်အပိုင်းများသည် သိုလှောင်အိတ်ထဲ၌ ပျောက်ကွယ်သွားလေ၏။
“ဒါက အလုပ်ဖြစ်သားပဲ…” ဝမ်လင်းက အရှိန်မြှင့်၍ ဆက်လက် ပျံသန်းသွားသည်။
“ပြန်လည်မွေးဖွားခြင်း သစ်ပင်က အလွန်ထူးဆန်းတာပဲ။ တစ်ပင်လုံးကျ သိုလှောင်အိတ်ထဲ ထည့်လို့မရဘူး။ ပိုင်းပြီးတော့ကျ ရတယ်…” ဝမ်လင်းက တတိယအလွှာ၏ ထွက်ပေါက်နားသို့ ဦးတည်၍ လျင်မြန်စွာပျံသန်းနေသည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ဝမ်လင်းက ထွက်ပေါက်ကို လှမ်း၍ မြင်နေရသည်။ သူက တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြု၍ ထွက်ပေါ်နားသို့ ရောက်သွား၏။သို့သော် ထိုအချိန်၌ အကွာအဝေးတစ်ခုမှ ချောင်းဟန့်သံတစ်ခုကို ကြားလိုက်ရသည်။
ခန္ဓာကိုယ်တစ်ခုလုံး၏ ရှစ်ဆယ်ရာခိုင်နှုန်းက တက်တူးများဖြင့် ပြည့်နေသော ခါးကုန်းအဘိုးအို တစ်ယောက်သည် ခပ်ဖြည်းဖြည်းချင်းလမ်းလျှောက်၍ လာနေ၏။
ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိချေ။ သူက ထွက်ပေါ်ကို ဖြတ်၍ ဒုတိယအလွှာသို့ ဝင်ရောက်သွား၏။
ခါးကုန်းအဘိုးအိုက သားရဲအရိုးများဖြင့် ပြုလုပ်ထားသည့် လက်ကောက်တစ်ခုကို ဝတ်ဆင်ထားသည်။သူက လက်ကောက်ကိုထိလိုက်ပြီး ဝမ်လင်းဝင်ရောက်သွားသော ဦးတည်ရာသို့ လှမ်းလျှောက်၍ သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူက ပျောက်ကွယ်သွားပြီး ဒုတိယအလွှာ၌ ပြန်ပေါ်လာခဲ့၏။
“ဘယ်လိုဖြစ်တာလဲ…” အဘိုးအိုက ပေါ်ထွက်လာသည်နှင့် ချက်ချင်း တုန်လှုပ်မိသွားသည်။ သူက ပျောက်ကွယ်သွားချိန်၌ လူစိမ်းကျင့်ကြံသူ၏ တည်ရှိမှုကို ကောင်းစွာ အာရုံခံနိုင်ခဲ့သည်။ သို့သော် ပြန်ပေါ်လာသည့်အချိန်တွင် ထိုလူစိမ်း၏ တည်ရှိမှုက လုံးဝပျောက်ကွယ်နေသည်။
အဘိုးအိုက သူ့ခါးကို ပြန်ဆန့်တန်းပြီး မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်၏။ သစ်ရွက်ခုနစ်ရွက်ရှိသော အပင်တစ်ခုက သူ့နဖူးထက်၌ ပေါ်လာခဲ့သည်။ ဒုတိယအလွှာရှိ နေရာတိုင်းက သူ့စိတ်ထဲ၌ ပေါ်လာခဲ့လေသည်။
တစ်ချိန်တည်းမှာသူက ကျင့်ကြံသူများ၏ နတ်ဘုရားအာရုံကဲ့သို့ နည်းစနစ်တစ်ခုကို အသုံးပြု၍ ဒုတိယအလွှာကို သိမ်းကျုံးကြည့်ရှုသည်။ သို့သော် သူက ဝမ်လင်း၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရချေ။ ထို့ကြောင့် သူက တုန်လှုပ်သည့်အသွင် ဖြစ်လာ၏။
“လူစိမ်းဂျူနီယာက ငါ့မျက်စိအောက်ကနေ လွတ်မြောက်နိုင်စွမ်း ရှိနေတာပဲ…”
အဘိုးအိုက အနည်းငယ် တွေးတောသလို ပြုပြီး ပျောက်ကွယ်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်ဆုံးသွားပြီး ဖြစ်သည်။
သည်လဝက်အတွင်း မသေမျိုးသင်္ချိုင်းထဲကနေ မည်သူမျှ ပြန်မထွက်လာခဲ့ကြချေ။ အဘိုးအိုဟုသည် သူ့မူလစိတ်ဝိညာဉ်ကို အထိခိုက်ခံ၍ သူ့သက်စောင့်နည်းစနစ် တစ်ခုကို အသုံးပြု၍ ထွက်ပြေးလာခဲ့သည်။ သို့သော် သူက လက်တစ်ဝက်မှာပင် ခါးကုန်းအဘိုးအို၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ သည်အချိန်ကစပြီး အဘိုးအိုဟု၏ သတင်းကို ဆက်လက်ကြားရတော့မည် မဟုတ်ချေ။
ရှုလျို့နှင့် ယွင်မုန်တို့၏ အလောင်းများသည်လည်း စွန့်ပစ်ခံမသေမျိုးကလန်က အသုံးပြုရန်အတွက် ယူဆောင်ခြင်း ခံလိုက်ရ၏။
ချူးစစ်ပိုင်သည်လည်း သစ်ရွက်ခြောက်ရွက်လူရိုင်း၏ သန့်စင်မွန်းမံခြင်းကို ခံလိုက်ရပြီး ရုပ်သေးအဖြစ် ပြောင်းလဲသွားခဲ့၏။
အဖြူရောင် ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးနှင့် သူ့အစေခံ အဘိုးအိုတို့ကတော့ ဘယ်ရောက်လို့ ရောက်သွားမှန်းမသိပေ။ သူတို့အုပ်စု၌ ဝမ်လင်းတစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။
သည်နေ့တွင် ဒုတိယအလွှာနှင့်တတိယအလွှာကြားဆက်သွယ်သည့်နေရာတွင် သက်တံရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။သိပ်မကြာခင်မှာပင် ထိုအလင်းထဲမှ လူတစ်ယောက်ထွက်ပေါ်လာ၏။
ဝမ်လင်းက ထွက်ပေါ်လာပြီးသည်နှင့် ချက်ချင်း ပျောက်ကွယ်သွား၏။
လွန်ခဲ့သောလဝက်ခန့်က သူက ခါးကုန်းအဘိုးအို ရောက်လာသည်ကို သတိပြုမိသည်နှင့် ဒုတိယအလွှာသို့ ဝင်ရောက်ပြီးပြီးချင်း ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ချက်ချင်းဝင်ရောက်ခဲ့သည်။
ဝမ်လင်းက သစ်ရွက်ခုနစ်ရွက် နတ်ဆရာသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်ကျင့်ကြံသူနှင့် အဆင့်တူတူဖြစ်သည့်အတွက် သူ့အတွက် မည်သည့် အခွင့်အရေးမှ ရှိမနေမှန်းသိ၏။ သူက အဖမ်းခံရလိုက်သည်နှင့် သူ့အတွက် သေလမ်းတစ်ခုသာ ရှိပေလိမ့်မည်။သူက ပြန်ပေါ်လာသည်နှင့် သူ့အမြန်နှုန်းကို အကန့်အသတ် ရောက်သည့်အထိ အသုံးပြုနေသည်။ သူက မသေမျိုးသင်္ချိုင်းထဲက ထွက်ခွာဖို့ကလွဲလို့ အခြားမည်သည့်အရာကိုမျှ ဂရုစိုက်မနေပေ။ ထို့ကြောင့် သူက စိတ်ဝိညာဉ်စွမ်းအင်များစွာ သုံး၍ တက်နိုင်သမျှမြန်မြန် ပျံသန်းနေ၏။ ကြယ်သံလိုက် အိမ်မြှောင်ကသာ ဟင်းလင်းပြင်တွင်ပဲ အသုံးပြုလို့ရသည်သာ မဟုတ်လျှင် သူက အစောကတည်းက အသုံးပြုနေပြီ ဖြစ်သည်။
သူက လက်ထဲတွင် ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုကို ကိုင်ဆောင်ထား၍ တည်နေရာရွှေ့ပြောင်း၍ သွားနေသည်။ သူက ပထမအလွှာ၏ ထွက်ပေါက်နားသို့ ရောက်လာသည့်အခါ ရွှေရောင်တက်တူးတစ်ခု ထွက်ပေါ်လာပြီး အထွက်လမ်းကြောင်းကို ချိပ်ပိတ်ထားသည်ကို တွေ့လိုက်ရသည်။
“လူစိမ်းဂျူနီယာ…ဒီလူအိုကြီးက မင်းကို အကြာကြီးစောင့်နေခဲ့တာ…” ချောင်းဟန့်သံ တစ်ချက်နှင့် အတူ ခါးကုန်းအဘိုးအိုက တက်တူးအတွင်းမှ ထွက်ပေါ်လာ၏။ သူက ဝမ်လင်းထံသို့ ကြည့်နေသည်။
အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်းက သူ့တစ်ကိုယ်လုံး ထွင်းဖောက်ကြည့်ခံရသည့် အလား ခံစားမိလိုက်၏။ အေးစက်စက်ခံစားချက်က သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ဝမ်လင်းက နောက်သို့ မဆုတ်ဝံ့ပေ။ သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်နှင့် အဘိုးအိုက သူ့ကိုသတ်ပစ်လိမ့်မည်လို့ ခံစားမိနေသည်။ သူကအဘိုးအိုကို အေးစက်စွာ ကြည့်နေရင်း လက်ကောက်ဝတ်မှ သားရဲချုပ်နှောင်ခြင်းလက်ကောက်ကို ထိလိုက်သည်။
အဘိုးအိုက ချောင်းဟန့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။ “မင်းက မိုမို၊ တိုင်ရ၊ စဂူးနဲ့ ချီမူတို့ကို သတ်ပစ်ခဲ့တယ်။ မင်းက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အလတ် အဆင့်လောက်နဲ့ ငါ့ဂျူနီယာတွေကို သတ်ပစ်နိုင်ခဲ့တယ်။ အထူးသဖြင့် ချီမူကိုပဲ။ မင်းက ကျင့်ကြံခြင်းကမ္ဘာမှာ လူသိထင်ရှားတဲ့ လူလူဖြစ်ရမယ်။ မင်းနာမည် ဘယ်လိုခေါ်လဲ…”
ဝမ်လင်းက တည်ငြိမ်စွာ ဖြေလိုက်၏။ “ဝမ်လင်း” သူက ဘယ်ဘက်လက်ဖြင့် သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ဖိချနေသည်။ စစ်ရထား အသက်ဝင်အောင် လုပ်ရသည်မှာ ကြာမြင့်ပေသည်။ ဝမ်လင်းက အဘိုးအိုကို စစ်ရထားအသက်ဝင်သည့် အချိန်ထိ အချိန်ဆွဲနိုင်မည်လို့ ယုံကြည်ချက်မရှိပေ။
“မင်း ချီမူကို သတ်ပစ်နိုင်ခဲ့တဲ့ရတနာက မင်းလက်ကောက်ဝတ်မှာ ဝတ်ဆင်ထားတဲ့ လက်ကောက်ဖြစ်မယ်…” အဘိုးအိုက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ကြည့်၍ ပြောလိုက်သည်။ “ဒီအထဲမှာ သားရဲစိတ်ဝိညာဉ် အငွေ့အသက် ရှိနေတယ်…”
ဝမ်လင်းမျက်နှာက မှောင်မည်းနေသည်။ သူက အဘိုးအိုထံသို့ ကြည့်၍ နောက်သို့ အနည်းငယ်ဆုတ်ရန် ကြိုးစားကြည့်သည်။
အဘိုးအိုအကြည့်က ဝမ်လင်းထံသို့ ကျရောက်လာပြန်၏။ ဝမ်လင်းက ရပ်တန့်လိုက်ပြီး ဆက်လက် မဆုတ်ဝံ့တော့ချေ။
အဘိုးအိုက ချောင်းဟန့်၏။ “ငါက မင်းကို မခက်ခဲစေချင်ဘူ။ မင်းရဲ့ တည်ရှိမှုကို ဖုံးကွယ်နိုင်တဲ့ နည်းစနစ် ငါ့ကိုပြောပါ။ ငါက မင်းခန္ဓာကိုယ်ကို အကောင်းတိုင်းရှိစေပြီး ငါကိုယ်တိုင် တက်တူးအမှတ်အသား အပင်တစ်ခု စိုက်ပေးမယ်။ ပြီးရင် မင်းက ငါ့ရဲ့တက်တူးရုပ်သေးရုပ် ဖြစ်လာရမယ်။ မင်းကျင့်ကြံမှုအဆင့် တစ်ချို့တလေတောင် လျော့နည်းသွားခြင်း မရှိစေရဘူး…”
အဘိုးအိုက လက်ဆန့်တန်းလိုက်သည်။ ဝမ်လင်းက သူ့ဘေးနားရှိ လေဟာနယ်က ပိတ်လှောင်ခြင်း ခံလိုက်ရသည်ဟု ခံစားမိနေ၏။
ဝမ်လင်းမျက်လုံးများက ပို၍အေးစက်လာခဲ့၏။ သူက သိုလှောင်အိတ်ထဲက အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ အတားအဆီး အခိုးအငွေ့များက နဂါးများအသွင်သို့ ပြောင်း၍ အဘိုးအိုထံသို့ တိုးဝင်သွားသည်။
တစ်ပြိုက်နက်တည်းမှာပင် ဝမ်လင်းက အဘိုးအိုကို ကောင်းကင်ဘုံဓားဖြင့် ခုတ်ပိုင်းသည်။
အဘိုးအို၏မျက်ခုံးပင့်မိသွားပြီး သူက ရှေ့သို့ လက်ညွှန်လိုက်၏။ သူ့ခန္ဓာကိုယ်ရှိတက်တူးများက ထူးဆန်းစွာ လှုပ်ရှားသွား၏။ သိပ်မကြာခင်တွင် သူ့လက်ချောင်းထိပ်၌ တက်တူးတစ်ခုပေါ်လာခဲ့ပြီး ဖြတ်ခနဲပျံသန်းသွား၏။
တက်တူးထွက်ပေါ်လာသည့် အခိုက်တွင် ၎င်းက သေးငယ်သော တက်တူးများအဖြစ်သို့ ပြောင်းသွား၍ နဂါးများထံသို့ တိုးဝင်သည်။ ဓားစွမ်းအင်ကိုတော့ အဘိုးအိုက နောက်ထပ် တက်တူးတစ်ခုဖြင့် ရင်ဆိုင်သည်။
ဘန်း…။
ဓားစွမ်းအင်က အဘိုးအိုလက်ပေါ်၌ အနီရောင်အမှတ်တစ်ခုသာ ချန်ထားနိုင်ခဲ့၏။ သူက ထိုအနီရောင်အမှတ်ကို ကြည့်၍ ပြောလိုက်သည်။ “မဆိုးပါဘူး။ ဒီဓားက တကယ်တန်ဖိုးရှိတဲ့ ရတနာဖြစ်လိမ့်မယ်…”
ဝမ်လင်းက သူ့ဦးရေပြား ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ အတားအဆီးအလံက အသုံးမဝင်ချေ။ ဓားစွမ်းအင်သည်လည်း အသုံးမဝင်ချေ။ နောက်ဆုံး စစ်ရထားပင် ထိုအဘိုးအိုကို ဆန့်ကျင်နိုင်ရန် အသုံးဝင်လိမ့်မည် မဟုတ်ချေ။
သူ့မျက်လုံးများက အေးစက်သည့်ထက် အေးစက်လာခဲ့သည်။ သူက သိုလှောင်အိတ်ထဲက နောက်ထပ်အတားအဆီး အလံတစ်ခုကို ထုတ်ယူ၏။ သူက လက်ထဲ၌ အတားအဆီးတစ်ခုကို ဖန်တီးပြီး အဘိုးအိုထံသို့ စူးစိုက်၍ ကြည့်သည်။
အဘိုးအိုက အတားအဆီးအလံကို ကြည့်၍ ခေါင်းယမ်းလိုက်သည်။ “မင်းမှာ ရတနာတွေအများကြီး ရှိနေတာပဲ။ မင်းက ကျင့်ကြံခြင်းကမ္ဘာရဲ့ ကလန်ကြီးတစ်ခုခုက တိုက်ရိုက်တပည့် ဖြစ်လိမ့်မယ်။ မင်းထုတ်လိုက်တဲ့ ဒီပစ္စည်းထဲမှာ ကောင်းကင်ဘုံဖိအားမျိုး ရှိနေတယ်။ မင်းက နောက်ဆုံး အတားအဆီးတစ်ခုကို ထပ်ဖြည့်လိုက်ရင် မင်းတို့ကျင့်ကြံသူတွေအခေါ် နတ်ဘုရားပြစ်ဒဏ် ရောက်လာမှာမလား။ ငါတို့က အပေါ်ဘက်မှာဆိုရင် ဒီနတ်ဘုရားပြစ်ဒဏ်က ငါ့ကို ထိခိုက်နိုင်တယ်။ ဒါပေမဲ့ ဒါက မသေမျိုးသင်္ချိုင်း ဖြစ်တယ်။ အဲဒီတော့ ငါ့ကို ဒီလိုထိခိုက်မှု မဖြစ်နိုင်တော့ဘူး။ နတ်ဘုရားပြစ်ဒဏ်က ငါတို့ဒီနေရာကို မရောက်လာနိုင်ဘူး။ မယုံရင် မင်း လွတ်လွတ်လပ်လပ် ကြိုးစား ကြည့်နိုင်တယ်…” ထိုသို့ပြောပြီးနောက် အဘိုးအိုက လက်ဆန့်တန်းလိုက်၏။
ဝမ်လင်းက သည်အချိန်၌ မြန်ဆန်စွာ လှုပ်ရှား၍ မရတော့ချေ။ အက်ကွဲသံများက ဝမ်လင်းအနီးပတ်လည်၌ ထွက်ပေါ်လာ၏။ နေရာလွတ် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့၏။ ၎င်းအခြင်းအရာသည် သည်ဧရိယာက ပြိုကျမည့်အသွင် မှတ်ရသည်။
ဝမ်လင်း မျက်လုံးက တလက်လက်ဖြစ်နေသည်။ သူက အတာအဆီးအလံကို ပြန်သိမ်းပြီးနောက် နောက်ထပ်အရာတစ်ခု သူ့လက်ထဲ၌ ထွက်ပေါ်လာ၏။ သည်အရာက စာလိပ်တစ်ခုပင်။
ဝမ်လင်းလက်ထဲ၌ စာလိပ်ထွက်ပေါ်လာသည့် အခိုက်တွင်လည်း အဘိုးအို၏ အသွင်က လုံးဝပြောင်းလဲခြင်း မရှိပေ။ ရုတ်တရက် သူ့အသွင်က အလေးအနက် ဖြစ်သွားပြီး ဝမ်လင်းထံသို့ ဆန့်တန်းလာသော လက်သည်လည်း အလိုလိုရပ်တန့်သွား၏။
***