Switch Mode

အပိုင်း(၃၉၆)

နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား၏ စွမ်းအား

အနက်ရောင်မုန်တိုင်း ပျောက်ကွယ် သွားပြီးနောက် အမည်းမြူခိုးလှိုင်းများသာ ကျန်ခဲ့တော့၏။

အဘွားအိုက ရှေ့သို့ ဆက်၍တိုးဝင်လာသည်။ သူက အမည်းရောင် မြူခိုးကြားထဲသို့ ဝင်ရောက်လိုက်သည့်အခါ သူ့အသွင်က ပြောင်းလဲသွား၏။ သူက သူ့ခန္ဓာကိုယ်ကိုနောက်သို့ အလွန်ကိုင်း၍ ပြန်ဆုတ်သည်။

သည့်နောက်သူက အမည်းရောင် မြူခိုးများထဲကနေ ဖျပ်ခနဲ ပျောက်ကွယ်သွား၏။

အဘွားအို၏ပိန့်ချည့်ချည့် ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။ သူမက အော်သံတစ်ချက် ပြုလိုက်ရာ သူမခန္ဓာကိုယ်ပေါ်ရှိ တက်တူး အမှတ်အသားမျာက လျင်မြန်စွာ လှည့်ပတ်လာကြသည်။ ခဏအကြာတွင် တက်တူးများက မီးလုံးများအဖြစ်သို့ ပြောင်းသွားပြီး အမည်းရောင် မြူခိုင်းများထံသို့ တိုးဝင်သွား၏။

လှံရှည် အများအပြားကလည်း အမည်းရောင် မြူခိုးများထဲကနေ ထွက်ပေါ်လာကြပြီး မီးလုံးများနှင့် ထိပ်တိုက်တွေ့ကြသည်။ သည်ထိပ်တိုက်တွေ့ဆုံမှုက ကောင်းကင်ထက်၌ ပေါက်ကွဲမှုများ ဖြစ်ပေါ်စေ၏။

တစ်ချိန်တည်းမှာပင် တံစဉ်ငါးခုက အဘွားအိုထံသို့ ပျံသန်းလာ၏။ ခရမ်းရောင် အလင်းတန်းတစ်ခုကလည်း အဘွားအိုနားသို့ ရောက်ရှိလာသည်။ ခရမ်းရောင်အလင်းတန်း ပျောက်ကွယ်သွားသည့် အချိန်တွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ အသွင် ထွက်ပေါ်လာခဲ့သည်။

ထိုသက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသည်။ သူက တံစဉ်ထဲတစ်ခုကို ဖမ်းဆုပ်ပြီး ညှစ်ချေပစ်၏။ ထိုတံစဉ်က ပျက်စီးသွားသည်။ ထို့နောက် သူက နောက်ထပ် တံစဉ်တစ်ခုကို ဖျက်ဆီးပစ်ပြန်သည်။

ကျန်နေသေးသော တံစဉ်သုံးခုကလည်း အမည်းရောင် မြူခိုးများထဲသို့ ပြန်လည်ပျံသန်းသွားပြီး ပျောက်ကွယ်သွား၏။

သည်လူကောင်ကြီးကြီးနှင့် လူကြီး၏ တစ်ကိုယ်လုံးနီးပါးသည် တက်တူး အမှတ်အသားများဖြင့် ဖုံးအုပ်နေခဲ့၏။ သို့ရာတွင် သူ့တက်တူးများက အခြားလူများနှင့်လည်း အနည်းငယ် ခြားနားနေ၏။

သည်လူကြီး ပေါ်လာပြီးနောက် အဘွားအိုသည် နှာခေါင်းရှုံ့၍ မည်သည့်စကားမျှ မဆိုတော့ချေ။

သည်လူကောင်ကြီးကြီး လူကြီးက မြူများကို ကြည့်၏။ သူက လက်သီးဆုပ်၍ မြူများထံသို့ ထိုးချလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကလည်း ထူးဆန်းသော အားတစ်ခုဖြစ်ပေါ်၍ သူ့လက်၌ သိပ်သည်းသွား၏။ လက်သီးချက်က အမည်းရောင် မြူခိုးများကို ထိုးခွဲသွားပြီး မြူခိုးထဲရှိ ကျန်နေသေးသော တံစဉ်သုံးခုကိုလည်း ဖျက်ဆီးသွား၏။

အဘိုးအိုဟု မျက်နှာက သုန်မှုန်သွား၏။ သူက ရှုလျို့နှင့်ယွင်မုန်တို့ နှစ်ယောက်ထံသို့ ကြည့်လိုက်သည်။ သူ့အကြည့်က ရှုလျို့ထံသို့ ကျရောက်သွားချိန်တွင် အဘိုးအိုဟုက အံကြိတ်၍ စိတ်ဝိညာဉ်စွမ်းအင်တန်း တစ်ခုကို ရှုလျို့ခန္ဓာကိုယ်ထဲသို့ ပစ်သွင်းလိုက်သည်။

ရှုလျို့က နာကျင်စွာ အော်ဟစ်လိုက်ရပြီး သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ ထို့နောက် သူကမြေပေါ်သို့ ပစ်လဲကျသွား၏။ သို့ရာတွင် သူက မြေပေါ်သို့ မကျခင်လေးတွင် နို့နှစ်ရောင်အော်ရာက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သည်အော်ရာကို ပြန်လည်မွေးဖွားခြင်း သစ်ပင်က စုပ်ယူသွားသည်။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး အဘိုးအိုဟုထံသို့ ကြည့်သည်။ အဘိုးအိုဟုက အလွန်ရက်စက်လှ၏။ သူက သူ့ကလန်၏ တပည့်ကိုပါ စတေးပြီး ပြန်လည်မွေးဖွားခြင်း သစ်သီး၏ ကြီးထွားနှုန်းကို တိုးမြင့်ခဲ့သည်။ သို့ရာတွင် သည်ကိစ္စသည် အဘိုးအိုဟုကလန်၏ အတွင်းရေးသာ ဖြစ်၏။ ထို့ကြောင့် သူက ကြားဝင် ပတ်သက်ခြင်းမပြုပေ။

ရှုလျို့ခန္ဓာကိုယ်က မြေပေါ်သို့ ကျရောက်သွားပြီးနောက် ပြန်လည်မွေးဖွားခြင်း သစ်ပင်ပေါ်ရှိ အဝါရောင် အစက်သုံးစက်သည် ပိုတောက်ပလာပြီး တဖြည်းဖြည်းချင်း အသီးပုံစံ ဖြစ်လာနေ၏။

အဘိုးအိုဟုက သည်အရာသည် မလုံလောက်သေးမှန်းသိ၏။ သူက သက်ပြင်းချသည်။ ထို့နောက် ယွင်မုန်ထံသို့ လက်ညွှန်လိုက်ပြန်၏။ သူမက သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူက အဘိုးအိုဟု ထံသို့ ဝမ်းနည်းစွာ ကြည့်လိုက်၏။ ထို့နောက် မျက်လုံး မှိတ်သွားလေတော့သည်။

နို့နှစ်ရောင် အော်ရာအများအပြားက ရုတ်တရက် သူမ၏ ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး ပြန်လည်မွေးဖွားခြင်း သစ်ပင်ထံသို့ တိုးဝင်သွား၏။

ချက်ချင်းပင် ပြန်လည်မွေးဖွားခြင်း သစ်သီးသုံးလုံး ဖြစ်ပေါ်လာခဲ့၏။

ဝမ်လင်းနှင့်အဘိုးအိုဟု တို့သည် ပြန်လည်မွေးဖွားခြင်း သစ်ပင်ထံသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားကြသည်။ ဝမ်လင်းက သစ်သီးတစ်လုံးကို အလျင်အမြန် ဖမ်းယူလိုက်၏။

အဘိုးအိုဟုကလည်း သစ်သီးတစ်လုံးစီကို လက်တစ်ဖက်စီဖြင့် လှမ်းယူ၍ နောက်သို့လျင်မြန်စွာ ဆုတ်လိုက်သည်။ သူက ဝမ်လင်းထံသို့ သတိကြီးစွာဖြင့် ကြည့်နေ၏။

တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်လင်းက ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ဝင်တိုက်ချသည်။ သစ်ပင်က ပင်ခြေမှစ၍ ပြိုကျသွား၏။ ထို့နောက် ဝမ်လင်းက ၎င်းသစ်ပင်ကို ဖမ်းကိုင် သူ့ပခုံးပေါ်သို့ တင်လိုက်သည်။ ထိုသို့ ပြုလုပ်ပြီးသည်နှင့် သူက လက်ဝှေ့ယမ်းလိုက်ရာ အတားအဆီးအလံက သူ့ထံသို့ ပြန်ရောက်လာခဲ့သည်။သူက လွတ်မြောက်ရန်အတွက် ရှေ့သို့ တစ်ဟုန်းထိုး ပျံသန်းသွားသည်။

အဘိုးအိုဟုသည်လည်း ထို့အတူသာ။ သို့သော် သူတို့နှစ်ယောက် လူရိုင်းများထံမှ လွတ်မြောက်ရန် ထွက်ပြေးသည့် ဦးတည်ချက်က မတူညီကြပေ။

ချူးစစ်ပိုင်သည်လည်း မျက်လုံးဖွင့်လာခဲ့ပြီး အံကြိတ်၍ ဝမ်လင်းအနောက်သို့ အလျင်အမြန် လိုက်ပါသွား၏။

မြူခိုးများ ပျောက်ကွယ်သွားပြီးပြီးချင်း လူသုံးယောက်သည် တစ်ဟုန်ထိုး ထွက်ပေါ်လာကြ၏။ လူရိုင်းများက သူတို့သုံးယောက်ကို ရပ်တန့်ရန် အလျင်အမြန် ကြိုးစားကြသည်။

လူကောင်ကြီးကြီး လူကြီး၏ အကြည့်က ဝမ်လင်းထံသို့ ကျရောက်သွား၏။ သူက လျင်မြန်စွာ လှုပ်ရှား၍ဝမ်လင်း၏ လမ်းကြောင်းကို ပိတ်ဆို့သည်။

အဘွားအို၏ အကြည့်ကတော့ အဘိုးအိုဟုထံသို့ ကျရောက်သွား၏။ သူမက အဘိုးအိုဟုနောက်သို့ လျင်မြန်စွာလိုက်ပါသည်။ အခြား သစ်ရွက်ခြောက်ရွက် နတ်ဆရာများ၏ အကြည့်က ချူးစစ်ပိုင်ထံသို့ ကျရောက်လာ၏။

ချူးစစ်ပိုင်က ကြမ်းကြုတ်ရက်စက်သော သားရဲတစ်ကောင်၏ ကြည့်ရှုခြင်းခံရသကဲ့သို့ ခံစားမိလိုက်၏။ သိပ်မကြခင်တွင် ထူးဆန်းသော အားတစ်ခုက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာခဲ့သည်။သူက လှုပ်ရှား၍ မရတော့ချေ။ သူက သစ်ရွက်ခြောက်ရွက်နှင့်နတ်ဆရာများက ပြုံးဖြဲဖြဲဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူ့အမြင်က မှောင်မည်းသွားပြီး အသိစိတ်လည်း ဆုံးရှုံးသွား၏။

သူ့နဖူးပေါ်၌ ထူးဆန်းသော အားတစ်ခုပါဝင်သည့် တက်တူးတစ်ခု ဖြစ်ပေါ်လာ၏။

လူကောင်းကြီးကြီး လူကြီးက သူ့လမ်းကို ပိတ်ဆို့လိုက်သည့်အခါ ဝမ်လင်းအသွင်သည် နက်မှောင်သွား၏။ သူက ကောင်းကင်ဘုံဓားကို လျင်မြန်စွာ ထုတ်ယူ၍ ခုတ်ချသည်။ သည်လူကြီးက တစ်ချက်ရယ်မော၍ သူ့လက်ဖြင့် ဓားကို ထိပ်တိုက်ခံဆောင်၏။

ဘန်း…။

သည်လူကြီး၏လက်က ကွဲအက်သွားပြီး အရိုးများပင် ထွက်ပေါ်လာ၏။ သူ့အရိုးများပေါ်၌လည်း တက်တူးများ ရှိနေသည်။ သူက နောက်သို့ လွင့်ထွက်သွားခဲ့သည်။ သို့သော် သူ့မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်များ ပြည့်နှက်နေ၏။ သူ့ဒဏ်ရာက ချက်ချင်း ပြန်ကောင်းသွားပြီး ဝမ်လင်းထံသို့ ထပ်မံ တိုးဝင်လာခဲ့သည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကနေ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းတစ်ခုကို ခံစားမိ၏။ သူက သည်အားကို အသုံးချ၍ နောက်သို့ အလိုက်သင့်ဆုတ်၍ လွတ်မြောက်ရန် ကြံစည်သည်။

သူက သည်လူကြီးသည် နတ်ဆရာတစ်ယောက် မဟုတ်ဘဲ အစောပိုင်းက တစ်ခါမျှ မပေါ်လာခဲ့သေးသည့် စစ်သည်တော် ဖြစ်မည်ဟု ခန့်မှန်းမိ၏။ နတ်ဆရာ တစ်ယောက်က ကောင်းကင်ဘုံဓားနှင့် တိုက်ခိုက်မှုကို သူ့လက်ဖြင့် တိုက်ရိုက် ခုခံနိုင်စွမ်း မရှိချေ။

ဝမ်လင်းနောက်သို့ ဆုတ်ခွာသွားချိန်၌ သူက ချူးစစ်ပိုင်နဖူးပေါ်ရှိ တက်တူးအမှတ်အသားကို လှမ်းတွေ့လိုက်သည်။ သူ့အသွင်က ရှုံ့တွသွား၏။ သူက လက်ဆန့်တန်း၍ ချူးစစ်ပိုင်၏ သိုလှောင်အိတ်ကို လှမ်းယူသည်။ထို့နောက် တစ်ချက်တောင် မကြည့်တော့ပဲ လွတ်မြောက်ရန် ထွက်ပြေး၏။

လူကောင်ကြီးကြီး လူကြီးက မာန်သွင်း၍ ဝမ်လင်းနောက်သို့ လိုက်ပါလေသည်။

ထိုအခိုက်တွင် ကျန်နေသေးသော နတ်ဆရာအချို့ကလည်း ဝမ်လင်းကို ရပ်တန့်နိုင်ရန် ရောက်လာကြ၏။ ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာပြီး သူက အော်ဟစ်လိုက်၏။ “ ပျက်စီးစမ်း…”

ဝမ်လင်းက ကောင်းကင်ဘုံဓားကို လွှဲရိုက်ချလိုက်ရာ နတ်ဆရာနှစ်ယောက်သည် ထက်ပိုင်းပြတ်သွား၏။ ဝမ်လင်းကို ရပ်တန့်ရန်ရောက်လာကြသော အခြားလူရိုင်းနတ်ဆရာများက သည်မြင်ကွင်းကို ကြည့်၍ ရပ်တန့်သွားကြ၏။ ဝမ်လင်းက ထိုအချိန်ခဏလေးကို အသုံးပြု၍ သူတို့အား ကျော်ဖြတ်သွား၏။

လူကောင်ကြီးကြီး လူကြီး၏ အသွင်က နက်မှောင်သွား၏။ သူက ဝမ်လင်းနောက်သို့ လျင်မြန်စွာ ဆက်၍လိုက်သည်။

သူတို့နှစ်ယောက်လုံးက အလွန်မြန်ဆန်လှ၏။ မျက်စိတစ်မှိတ်အတွင်း သူတို့နှစ်ယောက်လုံးက ပျောက်ကွယ်သွားကြသည်။

အခြား သစ်ရွက်ခြောက်ရွက် နတ်ဆရာက ချူးစစ်ပိုင်ကို သန့်စင်ပြီးနောက် သူ့အကြည့်က အဘွားအိုနှင့် တိုက်ခိုက်နေသော အဘိုးအိုဟုထံသို့ ကျရောက်သွား၏။ သူက နှုတ်ခမ်းသပ်၍ အဘိုးအိုဟု၏ သိုလှောင်အိတ်ကို ကြည့်နေသည်။ သည်သိုလှောင်အိတ်က အဝါရောင် အလင်းတန်းတစ်ခု ထုတ်လွှတ်နေ၏။ သည်အလင်းတန်းကို သိုလှောင်အိတ်က တားဆီးထားနိုင်စွမ်း မရှိချေ။

ဝမ်လင်းက ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို သူ့ပခုံးပေါ်၌ သယ်ဆောင်လာခဲ့၏။ သည်သစ်ပင်က အလွန်ထူးဆန်းလှသည်။ သူက မည်သို့ပင် ကြိုးစားပါစေ ၎င်းသစ်ပင်ကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်း၍ မရချေ။ သူ့သိုလှောင်အိတ်ထဲ၌ ပြန်လည်မွေးဖွားခြင်း သစ်သီးတစ်လုံး ရှိနေ၏။သို့သော် သူက သည်သစ်သီးမှ ထွက်ပေါ်နေသော အဝါရောင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သက်လတ်ပိုင်းလူကြီးက ဝမ်လင်းနောက်မှ လိုက်ပါလာ၏။ သူက ဝမ်လင်းကျောဘက်ကို ကြည့်၍ မျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ်များ ဖြစ်ပေါ်နေသည်။ သူက ဝမ်လင်းနားလည်သော ဘာသာစကားဖြင့် လှမ်းပြောလိုက်၏။ “လူစိမ်း…မင်း လွတ်မြောက်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။ ငါနဲ့ ရင်ဆိုင် တိုက်ခိုက်ကြရအောင်…”

ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နှက်သွား၏။ သူက လက်ကောက်ဝတ်ရှိ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထိလိုက်၏။ ထို့နောက် သူက ကောင်းကင်ဘုံဓားကို သည်ဗလတောင့်တောင့် သက်လတ်ပိုင်း လူကြီးထံသို့ လွှဲရိုက်ချသည်။ “ကောင်းပြီ…ငါမင်းနဲ့တိုက်ခိုက်မယ်…”

သည်လူကြီးက ရယ်မော၏။ သူက ဝမ်လင်းဓားကို ရှောင်ဖယ်ခြင်းမပြုဘဲ သူ့ရင်ဘတ်ရှေ့၌ လက်နှစ်ဖက်ကိုယှက်၍ ကာထားလိုက်သည်။ သူက ဓားကိုလက်မောင်းဖြင့် ပိတ်ဆို့သည်။ ထိုအခါ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာ၏။ သူ့အသားများက ဟက်တက် ကွဲသွားသည်။ သို့သော် လက်မောင်းပေါ်ရှိ အရိုးများကတော့ လုံးဝထိခိုက်မိခြင်း မရှိချေ။

တိုက်ပွဲစိတ်ဆန္ဒက သူ့မျက်လုံးထဲ၌ ပိုတောက်လောင်လာသည်။ သူက အော်ပြောလိုက်၏။ “ချီမူ… သစ်ရွက်ခြောက်ရွက် စစ်သည်တော်…”

ဝမ်လင်းမျက်လုံးများက အေးစက်နေကာ သူက ပြန်ပြောလိုက်၏။ “ဝမ်လင်း…စိတိဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်…”

ချီမူက ရှေ့သို့တိုးလိုက်ခြင်းနှင့် အတူ လက်သီးတစ်ချက် ထုတ်ဖော်၏။ လေထုပေါက်ကွဲသံများနှင့် အတူ လက်သီးချက်က ဝမ်လင်းထံသို့ တိုးဝင်လာသည်။ ဝမ်လင်းက ကောင်းကင်ဘုံဓာကို လွှဲခုတ်ချလိုက်ရာ သူ့ရှေ့ ပေသုံးဆယ်ခန့်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်သွားသည်။ ဝမ်လင်းက သူ့လက်သည် ထုံထိုင်းသွားသည်ဟု ချက်ချင်းခံစားရသည်။

“ငါ့မူလခန္ဓာကိုယ်က ဒီမှာ ရှိနေမယ်ဆိုရင် ငါ ဒီလူကို လုံးဝတိုက်ခိုက်နိုင်တယ်…”

ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ သားရဲချုပ်နှောင်ခြင်း လက်ကောက်က ပျံသန်းသွားသည်။

ပေါက်ကွဲသံတစ်ချက်နှင့် အတူ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ဝမ်လင်းရှေ့၌ပေါ်လာခဲ့၏။ စစ်ရထားနှင့် တွယ်ဆက်ထားသည့် သားရဲက ချီမူကို အေးစက်စွာကြည့်၍ ကောင်းကင်ဘုံပင် တုန်ခါသွားစေနိုင်သည့် အသံဖြင့် ဟိန်းဟောက်လိုက်သည်။

ချီမူက အထိတ်တလန့် ဖြစ်သွားပြီး သူ့အသွင်ကလည်း ဖြူရော်သွား၏။

“နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား…။ မင်းက မင်းနာမည်နဲ့ ထိုက်တန်တယ်ဆိုတာ ငါ့ကို ပြပါ…”

စစ်ရထားပေါ်ရှိ သားရဲက ဝမ်လင်းထံသို့ ရုတ်တရက် လှည့်ကြည့်သည်။ သူက ဝမ်လင်းကို တစ်ချက်ကြည်ပြီးနောက် ထပ်မံ ဟိန်းဟောက်လိုက်၏။ စစ်ရထာပေါ်ရှိ ဆူးချွန်များက အနက်ရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာပြီး သားရဲပေါ်၌ စုဝေးလာ၏။

ချီမူက သူအရင်တုန်းက တစ်ခါမျှ မခံစားဖူးသည့် အန္တရာယ် အငွေ့အသက်ကို ခံစားနေရသည်။ သူက စစ်ရထားအပြည့်အဝ အသက်ဝင်လာသည့်အထိ မစောင့်တော့ပဲ ရှေ့သို့ချက်ချင်းတိုး၍ လက်သီးဖြင့် ထိုးချပစ်သည်။

ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက လှုပ်ရှား၍ ကောင်းကင်ဘုံဓားကို လွှဲရိုက်ချ၏။ ဝမ်လင်း ရှေ့ပေသုံးဆယ်အကွာတွင် နောက်တစ်ကြိမ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွား၏။ ချီမူက နောက်သို့လွင့်သွားသည်။ သူက သူ့ကိုယ်သူ အတင်းအကျပ် ရပ်တန့်၍ စစ်ရထားထံသို့ ထပ်မံတိုးဝင်လာသည်။

ဝမ်လင်းကလည်း ကောင်းကင်ဘုံဓားနှင့် နောက်တစ်ကြိမ် တိုက်ခိုက်၏။ သည်အချိန်တွင် သူက ဓားခုတ်ချက်ကို တစ်ချက်တည်းဖြင့် ရပ်တန့်ခြင်းမပြဘဲ ဆက်တိုက်တိုက်ခိုက်သည်။ သူက ကောင်းကင်ဘုံဓားကို ဆယ်ကြိမ်တိုင်တိုင် လွှဲ၍ တိုက်ခိုက်၏။

ဘန်း…ဘန်း…ဘန်း…။

ချီမူခန္ဓာကိုယ်က နောက်သို့ ထပ်မံဆုတ်သွားရသည်။ သူ့ရင်ဘတ်၌လည်း ဒဏ်ရာများနက်ရှိုင်းစွာ ရှိနေ၏။ ရင်ဘတ်အောက်ရှိ အရိုးများပင် ပေါ်ထွက်နေခဲ့သည်။ သည့်အပြင် သူ့ရင်ဘတ်ပေါ်ရှိ အရိုးများသည် အက်ကွဲလာ၏။သို့သော် သည်အက်ကွဲမှုများက တက်တူများကြောင့် ပြန်လည် ပျောက်ကင်းသွား၏။

ရှုလီကော၏ အော်ညည်းသံက ကောင်းကင်ဘုံဓားထဲမှ ထွက်ပေါ်လာ၏။ ရှုလီကောနှင့် လေလွင့်ဝိညာဉ်များသည် ကောင်းကင်ဘုံဓားကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။ သည်ဓားကို အကြိမ်ပေါင်းများစွာ အသုံးပြမည်ဆိုပါက သူတို့သည် ပျောက်ကွယ် သွားပေလိမ့်မည်။

ဝမ်လင်းကရှုလီကော အော်ငြီးသံကို ကြားသည့်အခါ သူက ကောင်းကင်ဘုံဓား အသုံးပြုခြင်းကို ရပ်တန့်လိုက်၏။ ထိုအခိုက်တွင် သားရဲစိတ်ဝိညာဉ်က ရထားထံမှ အနက်ရောင် အလင်းများကို စုပ်ယူ၍ ပြီးသွား၏။ ၎င်း၏ ခန္ဓာကိုယ်ကလည်း ပို၍ ကြီးထွားလာ၏။

သားရဲကို ဖိနှိပ်ထားသည့် ချိန်းကြိုးက ရုတ်တရက် ပျောက်ကွယ်သွားပြီး စစ်ရထားထဲမှ ကောင်းကင်ကိုပင် ဖျက်ဆီးနိုင်စွမ်းသည့် အဖျက်အစီး စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သားရဲစိတ်ဝိညာဉ်ထဲသို့ တိုးဝင်သွား၏။

သားရဲစိတ်ဝိညာဉ်က ကျယ်လောင်စွာ ဟိန်းဟောက်၍ စစ်ရထားကနေ ထွက်ခွာလာ၏။ ၎င်းက ဝမ်လင်းပင် ရှင်းရှင်းလင်းလင်း မမြင်ရသည့်အထိ လျင်မြန်လွန်းနေ၏။ ၎င်းက ချီမူရှေ့သို့ ချက်ချင်းရောက်သွားသည်။ ချီမူက အလွန်ထိတ်လန့်သွားပြီး လွတ်မြောက်လိုနေ၏။ သို့သော် သားရဲစိတ်ဝိညာဉ်နှင့် သူ့ကြားရှိ အမြန်နှုန်းက အလွန်ကွာဟလှသည်။

သားရဲစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က အဖျက်အစီး စွမ်းအားများဖြင့် ပြည့်နှက်နေ၏။ ၎င်းက ချီမူကို ဖြတ်သန်းသွားသည်။ ဝမ်လင်းက သားရဲစိတ်ဝိညာဉ်သည် ချီမူထံသို့ တိုးဝင်သွားသည်ကို မြင်လိုက်ပြီးနောက် ၎င်း၏ပါးစပ်ထဲ၌ စိတ်ဝိညာဉ်တစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။

သည်စိတ်ဝိညာဉ်က ချီမူနှင့် ဆင်တူနေ၏။

ချီမူနဖူးထက်၌ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ဖုန်မှုန်အဖြစ်သို့ ပြောင်း၍ ပျောက်ကွယ် သွားလေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset