Switch Mode

အပိုင်း(၃၉၅)

နာရီဝက်

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ရှုလျို့နှင့် ယွင်မုန်တို့သည်လည်း ပို၍ အသက်ကြီးလာခဲ့ကြ၏။ သူတို့အသားအရေ၏ တောက်ပမှုသည်လည်း ဆုံးရှုံးလာကြသည်။ ကြည့်ရသည်မှာ သူတို့နှစ်ယောက်၏ သက်တမ်းသည် အဖြူရောင် အော်ရာနှင့် လျော့ပါးလာ၏။

အဝါရောင် အစက်လေး သုံးစက်သည် ပြန်လည်မွေးဖွားခြင်း သစ်ပင်ထိပ်ဖျား၌ တဖြည်းဖြည်းချင်း ပေါ်ထွက်လာကြ၏။

သည်အဝါရောင် အစက်လေးသုံးစက်သည် ပိုပိုတောက်ပလာကြ၏။ သည်အစက်သုံးခုထဲ၌ ထူးဆန်းသောအားများ အဆုံးမရှိ ပါဝင်နေသည်ဟု ထင်မှတ်ရသည်။

အဘိုးအိုဟု၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး ပြောလိုက်၏။ “ပြန်လည်မွေးဖွားခြင်း သစ်သီးသုံးလုံး…”

ထိုအခိုက်မှာပင် ပြန်လည်မွေးဖွားခြင်း သစ်ပင်ထိပ်ဖျား၌ စူးစူးရှရှ အဝါရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။

သည့်နောက် အဝါရောင် အလင်းတန်းက ပေတစ်ထောင်ခန့်ထိ ကျယ်ပြန့်လာခဲ့၏။ ထို့ကြောင့် တတိယအလွှာရှိ လူတိုင်းသည် ထိုအချင်းအရာကို သတိပြုမိလိုက်ကြသည်။

အဝါရောင် အလင်းများက ပို၍ ထွက်ပေါ်လာနေ၏။ ထို့နောက် အလင်းတန်းကနေ အလင်းတိုင် တစ်ခု ဖြစ်တည်လာသည်။ သည်အလင်းတိုင်လုံးက သစ်ပင်တစ်ပင်၏ ပင်စည်လောက် ဖြစ်လာသည်။ ထို့နောက် အလင်းများက ချဲ့ကားလာပြီး အကိုင်းအခက်နှင့် သစ်ရွက်များပုံစံပါ ဖြစ်ပေါ်လာပြီး မိုးထိထိုးတက်နေသည့် အပင်ကြီးတစ်ပင်ကဲ့သို့ တည်ရှိ၏။

ပြန်လည်မွေးဖွားခြင်း သစ်ပင်က တတိယအလွှာ၏ ကောင်းကင်ထက်ထိ ထိုးတက်နေပြီး လူတိုင်းရှေ့၌ ထွက်ပေါ်လာ၏။

သည်သစ်ပင်က အစစ်အမှန်မဟုတ်ဘဲ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်။ သို့ရာတွင် သည်ပုံရိပ်ယောင် သစ်ပင်ကြောင့် သည်ဧရိယာတွင် ရှိနေသော လူရိုင်းများအားလုံးက လုပ်စရာရှိသည်များကို ရပ်တန့်၍ ထိုပုံရိပ်ယောင် သစ်ပင်ထံသို့ ဝရုန်းသုန်းကား လာနေကြသည်။

ဝမ်လင်းက ခေါင်းမော့၍ ကြည့်သည်။ သည်သစ်ပင်က သည်နေရာတွင် ရှိနေသော လူရိုင်းတိုင်းကို စွဲဆောင်နေ၏။ ကြီးမားသော တိုက်ပွဲတစ်ခု မကြာခင် ဖြစ်လာပေတော့မည်။

သူက ပြန်လည်မွေးဖွားခြင်း သစ်သီးကို မစောင့်တော့ပဲ အခုထွက်သွားသင့်လား။ သစ်သီးထွက်ပေါ်လာသည့် အထိ စောင့်ပြီး တိုက်ခိုက်သင့်လား။

ဝမ်လင်းက စဉ်းစားတွေးတောနေပြီး သူမျက်လုံးများကလည်း တလက်လက် ဖြစ်နေ၏။

ထိုအခိုက်တွင် အနက်ရောင် အလင်းတန်းရှစ်ခုက တစ်ပြိုင်နက်တည်း ရောက်လာခဲ့ကြ၏။ သည်အလင်းတန်းများက အဘိုးအိုရှစ်ယောက် အသွင်သို့ ပြောင်းသွားကြသည်။ သူတို့က သူတို့တက်တူး အမှတ်အသားများကို လျင်မြန်စွာ အသက်သွင်း၍ သစ်ပင်အောက်ရှိ လူများထံသို့ တိုးဝင်သွားသည်။

ဝမ်လင်း အသက်သွင်းထားသော အပြင်ဘက်ရှိ အတားအဆီးများက လိပ်ခွံသဖွယ် အကာအကွယ် ဖြစ်တည်၍ သစ်ပင်၏ ပေသုံးရာပတ်လည်ကို ဖုံးလွှမ်းထားသည်။

အဘိုးအိုရှစ်ယောက်၏ စွမ်းအားများက သည်အကာအကွယ်ပေါ်သို့ ကျရောက်လာပြီး ပေါက်ကွဲမှုကြီး တစ်ခုကို ဖြစ်စေ၏။

ဘန်း…ဘန်း…။

သူတို့၏ ဆက်တိုက် တိုက်ခိုက်မှုများကြောင့် အတားအဆီး အလွှာများက တစ်ခုပြီးတစ်ခု ပျက်စီးလာခဲ့သည်။ အဘိုးအိုဟုက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍ စိတ်ဝိညာဉ်စွမ်းအင်း အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သည်စွမ်းအင်များက အလံ (၁၆)ခုပေါ်သို့ ကျရောက်သွားပြီး ၎င်းအလံထဲမှ တစ္ဆေဆယ့်ခြောက်ကောင် ပျံသန်း ထွက်ပေါ်လာကြသည်။ သည်တစ္ဆေ ဆယ့်ခြောက်ကောင်က အနက်ရောင် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေ၏။ သည်မုန်တိုင်းထဲ၌ စွမ်းအားများ နစ်မြုပ်နေပြီး အဘိုးအိုရှစ်ယောက်ကို သွားရောက် တိုက်ခိုက်သည်။ မုန်တိုင်းစွမ်းအားက သည်လူရှစ်ယောက်ကို နောက်သို့ ဆုတ်သွားစေ၏။

အဘိုးအိုဟုက အသက်ဝဝ ရှူသွင်းလိုက်သည်။ သူက မျက်လုံးမှတ်၍ သူ့လက်ထဲ၌ နည်းစနစ်တစ်ခုကို အသက်သွင်း၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက အဘိုးအိုရှစ်ယောက်ကို လက်ညွှန်၏။ ကြွင်းကျန်နေသေးသော အတားအဆီးများက ဧရာမလက်ကြီး အသွင်သို့ ဖြစ်ပေါ်ပြီး ထိုသူတို့ထံ ဆန့်တန်းသွားသည်။

သူတို့ရှစ်ယောက်ထဲက တစ်ယောက်က ချက်ချင်း အဖမ်းခံလိုက်ရသည်။ ဝမ်လင်းမျက်လုံးများက တလက်လက်ဖြစ်နေပြီး သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ပေါက်ကွဲလိုက်စမ်း…”

လက်ကြီး၏ ပေါက်ကွဲမှုတစ်ခုနှင့် အတူ လက်ထဲ၌ ဖမ်းမိထားသော လူသည် သွေးစ၊ အသားစများ ပြန့်ကျဲထွက်ကုန်သည်။

ဝမ်လင်းက သူ့လက်ကို ထပ်မံညွှန်လိုက်ရာ ပြိုကွဲသွားသော လက်ကြီးက ပြန်လည် ဖြစ်ပေါ်လာသည်။ သည်လူရိုင်းများက သစ်ရွက်ငါးရွက် အဆင့်သို့ မရောက်ရှိကြသေးပေ။ သူတို့က သစ်ရွက်လေးရွက်သာ ရှိ၏။ ထို့ကြောင့် သူတို့က စဦးစိတ်ဝိညာဉ် အဆင့်များနှင့် တူညီသည့်အဆင့်သာ ရှိသည်။

ထိုအခိုက်တွင် နောက်ထပ် အနက်ရောင် အလင်းတန်းတစ်ခုက အကွာအဝေးတစ်ခု သူတို့ရှာရာသို့ လာနေသည်။ သည်အနက်ရောင် အလင်းတန်းထဲ၌ ကြီးမားသော မျက်နှာကြီးတစ်ခု ရှိနေပြီး ၎င်းက တက်တူး အမှတ်အသားများဖြင့် ဖုံးအုပ်နေ၏။

“အစ်ကိုဝမ်… ငါအပြင်ထွက်ပြီး သူတို့ကို တိုက်ခိုက်နေချိန်မှာ ရှုလျို့နဲ့ ယွင်မုန်တို့ကို ကာကွယ်ပေးထားပါ…” အဘိုးအိုဟုက အတားအဆီး အလွှာထဲမှ လှမ်းလျှောက်၍ ထွက်လာခဲ့ပြီး လူရိုင်းများနှင့် စတက်တိုက်ခိုက်၏။

နာရီဝက်ခန့် ကြာပြီးနောက် အဘိုးအိုဟု၏ မျက်နှာက နက်မှောင်လာခဲ့ပြီး သူ့ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာနှစ်ခု ရှိနေခဲ့သည်။ သူက အတားအဆီး အစီအရင်ထဲသို့ ပြန်ဝင်လာ၍ ထိုင်ချကာ ပြောလိုက်သည်။ “ငါ သူတို့ကို သတ်ပစ်ပြီးပြီး။ ဒါပေမဲ့ နောက်ထပ် နှစ်ယောက်ထက် ရောက်လာတယ်။ အဲဒီနှစ်ယောက်ကိုတော့ ငါမနိုင်ဘူး…”

ဝမ်လင်းက မတ်တတ်ရပ်၍ လမ်းလျှောက်လာခဲ့သည်။

သူက အတားအဆီးထဲမှ ထွက်ပေါ်လာပြီးသည့် အခိုက်တွင် သူက သူတို့တက်တူးများကနေ ပြုလုပ်ထားသည့် ချိန်းကြိုးတစ်ခုကို ကိုင်‌ဆောင်ထားသည့် အဘိုးအိုနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က အနက်ရောင် မုန်တိုင်းကို ချိန်းကြိုးဖြင့် တိုက်ခိုက်နေ၏။ သူတို့က မုန်တိုင်းကို ချိန်းကြိုးဖြင့် တိုက်ခိုက်လိုက်တိုင်း အက်ကွဲသံများ တရစပ် ထွက်ပေါ်နေသည်။

ဝမ်လင်း ထွက်ပေါ်လာသည့် အခိုက်တွင် အဘိုးအိုမျက်လုံးများက လက်ခနဲဖြစ်သွားသည်။ သူကိုင်ဆောင်ထားသည့် တက်တူးချိန်းကြိုးက မြေတစ်ကောင်ကဲ့သို့ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။

တက်တူး ချိန်းကြိုးတစ်လျှောက် လေထုပေါက်ကွဲသံများ ဖြစ်ပေါ်နေသည်။ ဝမ်လင်းက ချိန်းကြိုးထဲမှ နဂါးစိတ်ဝိညာဉ်၏ အော်မြည်သံကို ခံစားမိနေသည်။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ရှေ့သို့ လက်ဆန့်ထုတ်လိုက်သည်။ ထိုအခါ အမည်းရောင်မြူခိုးများက လှံရှည်အဖြစ်သို့ ပြောင်းသွား၏။ ဝမ်လင်းက လှံရှည်ကို ဆုပ်ကိုင်၍ သူ့ထံသို့ ရောက်နေသော တက်တူးချိန်းကြိုးကို ထိုးဆိုက်သည်။

ဘန်း…။

လှံရှည်က ပျက်စီးသွားပြီး ချိန်းကြိုးသည်လည်း အက်ကွဲကြောင်းများ ပေါ်လာ၍ တက်တူး အမှတ်အသားများက တစ်စစီဖြစ်သွားပြီး အပိုင်းပိုင်း ပြတ်ထွက်သွားလေ၏။

လူရိုင်းအဘိုးအို မျက်လုံးများက အလေးအနက် ဖြစ်သွား၏။ သူက အော်ဟစ်သံ တစ်ချက်ပြု၍ အနီရောင် သားရဲအရေပြား တစ်ခုကို ထုတ်ယူလိုက်သည်။ သားရဲအရေပြားက မီးတောက်လာပြီး ကြီးမားသည့် သံဒယ်အိုးအဖြစ်သို့ ပြောင်းသွား၏။

သံဒယ်အိုး ထွက်ပေါ်လာသည့် အခိုက်တွင် တစ်စစီဖြစ်သွားသော တက်တူး အမှတ်အသားများသည် ၎င်းသံဒယ်အိုးပေါ်၌ လာရောက်စုဝေးသည်။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ နောက်ထပ်လှံတစ်ချောင်း ဖြစ်ပေါ်လာ၏။ ထို့နောက် သူက လျှပ်စီးတန်းကဲ့သို့ ရှေ့သို့ တိုးဝင်သည်။

သံဒယ်အိုးအပေါ်၌ ရပ်နေသော အဘိုးအို၏ မျက်လုံးထဲ၌ စိုးရိမ်ဟန်များ ဖြစ်ပေါ်လာသည်။ သူက ရှုပ်ထွေးသော မန္တန်များကို ရွတ်ဆိုလိုက်ရာ သံဒယ်အိုးက တောင်အသေး တစ်ခုစာလောက် ကြီးမားလာခဲ့သည်။ သံဒယ်အိုးနှင့်အတူ အဖိုးအိုက ဝမ်လင်း၏ လှံချက်ကို ရှောင်တိမ်းလိုက်သည်။

ထို့နောက် သံဒယ်အိုးက ကောင်းကင်ထက်မှာ ဆင်းသက်ရိုက်ချလာသည်။ ဝမ်လင်းက မလှုပ်ရှားခင် သူ့ခြေထောက်အောက်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်က မမြင်ရသော ဖိအားအောက်တွင် ကျရောက်သွားပြီး သူ့ကို နှေးကွေးစေသည်။

တစ်ချိန်တည်းမှာ အခြား လူရိုင်းတစ်ယောက်က ဝမ်လင်းထံသို့ ရက်စက်သောအပြုံး ဆင်းမြန်း၍ ဦးတည်လာသည်။ သည်လူရိုင်းက လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲမှ တက်တူးများစွာ ထွက်ပေါ်လာခဲ့ပြီး ဝမ်လင်းထံသို့ ပျံသန်းလာသည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်စွာ ရှိနေဆဲပင်။ သူက လက်ကို လှုပ်ရှားလိုက်ပြီး ပြောလိုက်သည်။ “အတားအဆီးနံရံ … ဖြစ်ပေါ်လာစမ်း…”

မရေမတွက်နိုင်သော လှံရှည်များက အတားအဆီး အခိုးအငွေ့များထဲမှ ထိုးထွက်လာကြပြီး လူရိုင်း၏ တက်တူး အမှတ်အသားများထံသို့ ဦးတည်၏။

တစ်ချိန်တည်းမှာ ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ သူက ဓားကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ လွှဲရိုက်ချသည်။

ဓားစွမ်းအင်တန်း တစ်ခုထွက်ပေါ်လာပြီး သံဒယ်အိုးနှင့် ထိပ်တိုက်တွေ့သည်။

သံဒယ်အိုးက တုန်ခါသွားပြီး မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်၏။ ၎င်းသံဒယ်အိုးပေါ်၌ ရပ်နေသော အဘိုးအိုသည် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများ ပြည့်နေသည်။ သို့ရာတွင်သူက ကြမ်းကြုတ်စွာ အော်ဟစ်၏။ ထို့နောက် သူ့ခေါင်းပေါ်၌ သစ်ရွက်ငါးရွက် ဖြစ်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်၏။ သစ်ရွက်က သူ့ခြေထောက်မှ တစ်ဆင့် သံဒယ်အိုးထံသို့ ကျရောက်သွားပြီး အက်ကွဲကြောင်းများကို ချိပ်ပိတ်ပစ်သည်။ သံဒယ်အိုးက တစ်ဖန်ပြန်တောက်ပလာပြီး နောက်တစ်ကြိမ် ဆင်းသက်လာ၏။

သူက ဝမ်လင်းနှင့် ပေနှစ်ရာခန့်သာ လိုတော့သည်။

ဝမ်လင်းမျက်လုံးများ ကလည်း အေးစက်လာ၏။ သူက တုံ့ဆိုင်းခြင်းမရှိ ကောင်းကင်ဘုံဓားကို လေထဲသို့ ပင့်တင်ကာ ပစ်လွှတ်လိုက်သည်။

ကောင်းကင်ဘုံဓားက သံဒယ်အိုးကို စက္ကူစတစ်ခုလို ဖြတ်တောက်သည်။ အဘိုးအိုက တုန်လှုပ်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်သည်လည်း နှစ်ခြမ်း ကွဲထွက်သွား၏။

သွေးများက နေရာအနှံ့ ပြန့်ကျဲကုန်သည်။

ဝမ်လင်းအပေါ်ရှိ အတားအဆီးသည်လည်း ပျောက်ကွယ်သွားသည်။ သူက ပါးစပ်ဟလိုက်ရာ တံဆိပ်ခေါင်းတစ်ခုက ပါးစပ်ထဲမှ ပျံသန်းထွက်၍ မရေမတွက်နိုင်သော လှံများဖြင့် တိုက်ခိုက်နေသည့် လူရိုင်းထံသို့ တိုးဝင်တိုက်ခိုက်သည်။

သည်လူရိုင်း၏ အသွင်က ပြောင်းလဲသွားပြီး သူ့ထက်ထဲ၌ သားရဲအရေပြားတစ်ခု ပေါ်ထွက်လာသည်။ သားရဲအရေပြားက ဧရာမလက်ကြီးအသွင် ဖြစ်ပေါ်၍ တံဆိပ်ခေါင်းကို ရိုက်ချပစ်သည်။

ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက ရှေ့သို့တိုး၍ သိုလှောင်အိတ်ထဲကနေ ခေါင်းလောင်းတစ်ခုကို ထုတ်ယူ၍ သည် ရွှေရောင်ခေါင်းလောင်းကို လူရိုင်းထံသို့ ပစ်လွှတ်လိုက်ပြန်သည်။ လူရိုင်းက လှံရှည်နှင့် တံဆိပ်ခေါင်းကို ရူးသွပ်စွာ ရင်ဆိုင်နေရသည်။ သူက နောက်ထပ် အရေပြားတစ်ခုကို ထုတ်ယူရန် ဟန်ပြင်လိုက်စဉ် ခေါင်းလောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ဝမ်လင်းက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းလောင်းက သူ့ထံသို့ ပြန်ရောက်လာခဲ့သည်။ ထို့နောက်သူက ခေါင်းလောင်းကို လျင်မြန်စွာ ချိပ်ပိတ်၏။ သူက ခေါင်းလောင်းကို ပြန်လည် သိမ်းဆည်းလိုက်စဉ် ခေါင်းလောင်းမည်သံများကို ကြားရသည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားနှင့် တံဆိပ်ခေါင်းကိုပါ ပြန်လည် သိမ်းဆည်းလိုက်သည်။

သူက နောက်သို့ ပြန်ဆုတ်သွားစဉ် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

အပင်ပတ်လည်ရှိ အတားအဆီးထဲ၌ ပြန်လည်မွေးဖွားခြင်း သစ်ပင်အောက်၌ ထိုင်နေသာ အဘိုးအိုသည် ဝမ်လင်းကို ထိတ်လန့်စွာ ကြည့်မိသည်။ သည်တိုက်ပွဲပြီးသည့်နောက် ဝမ်လင်းအပေါ် သူ့ကြောက်ရွှံမှုသည် ပိုအားကောင်းလာခဲ့၏။

“အချိန် ဘယ်လောက်ရသေးလဲ” ဝမ်လင်းက ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ကြည့်သည်။ အလင်းစက်သုံးစက်က ခုချိန်၌ လက်သီးဆုပ်ခန့်သာ ရှိတော့၏။

အဘိုးအိုဟုက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ “သိပ်မကြာခင်….နောက်ထပ် နာရီဝက်လောက်ကြာရင် အဆင်ပြေပြီ…”

ဝမ်လင်းက ပြောလိုက်သည်။ ဒါက အရမ်းကြာတယ်။ သူတို့က သစ်ရွက်ငါးခု လူရိုင်းနတ်ဆရာတွေပဲ ရှိသေးတယ်။ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နဲ့ တူတူဖြစ်တဲ့ သစ်ရွက်ခြောက်ခု နတ်ဆရာတွေ မဟုတ်သေးဘူး။ ငါက ဒီသစ်ရွက်ခြောက်ခု နတ်ဆရာတစ်ယောက်ဆိုရင် ကိုင်တွယ်နိုင်တယ်။ ဒါပေမဲ့ နှစ်ယောက်ဆိုရင်တော့ ငါလည်း အများကြီး တက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာမှာ သစ်ရွက်ခုနစ်ခု နတ်ဆရာတွေလည်း ရှိသေးတယ်။ ဒီလူရိုင်းတွေရဲ့ အဆင့်က စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်နဲ့ တူတူပဲ…”

အဘိုးအိုဟု အသွင်က နက်မှောင်သွား၏။ သူက စကားပြောမလိုဟန် ပြင်လိုက်စဉ်မှာပင် သူ့အသွင်က အကြီးအကျယ် ပြောင်းလဲသွား၏။ ဝမ်လင်းက သက်ပြင်းချ၍ တစ်နေရာသို့ မျှော်ကြည့်လိုက်သည်။

အကွာအဝေးတစ်ခု၌ အလင်းတန်း အခုနစ်ဆယ်ခန့်သည် သူတို့ထံသို့ ဦးတည်၍ လာနေသည်။ သည်အလင်းတန်း နှစ်ဆယ်ထဲက ခြောက်ခုသည် ဧရာမမျက်နှာကြီးများ ပိုင်ဆိုင်ထား၏။ ရှေ့ဆုံးရှိ မျက်နှာကြီးနှစ်ခုက ပို၍ပင် ကြီးသေးသည်။ သူတို့နှစ်ယောက် ထုတ်လွှတ်နေသည့် အနက်ရောင် အလင်းတန်းများက ကြမ်းကြုတ် ရက်စက်သော နတ်ဆိုးမီးတောက်များနှင့် အလားသဏ္ဌာန်တူ၏။ သစ်ရွက်ခြောက်ခုကလည်း သူတို့နဖူးပေါ်၌ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေ၏။

သူတို့က အတားအဆီးထံသို့ ရောက်ရှိလာပြီနောက် လူသွားအသွင်သို့ ပြောင်းသွားကြသည်။ အရှေ့ရှိနှစ်ယောက်က ဝမ်လင်း၊ အဘိုးအိုဟု တို့နှင့် အဆင့်တူသည့် သစ်ရွက်ခြောက်ရွက် ပိုင်ရှင်နတ်ဆရာများ ဖြစ်ကြသည်။ သည်နှစ်ယောက်က သူတို့နောက်သို့ လိုက်လာပြီး လမ်းတစ်ဝက်၌ လိပ်သားရဲ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့်သူများ ဖြစ်ကြသည်။

အဘွားအို၏ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက အနည်းငယ် ပိုများနေသည်။ သူမနဖူးထက်၌လည်း အနီရောင် သန်းနေသည်။ သူမက ပြုံး၍ ရှေ့သို့ လက်ဆန့်ထုတ်သည်။

နဂိုထဲက အားနည်းနေခဲ့သော အနက်ရောင် မုန်တိုင်းသည် ပျက်စီးသွားတော့၏။ တစ္ဆေဆယ့်ခြောက်ကောင် သည်လည်း ပျောက်ကွယ်သွားသလို အလံဆယ့်ခြောက်ခု သည်လည်း အစိတ်စိတ် ကွဲထွက်သွားသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset