Switch Mode

အပိုင်း( ၃၉၄)

ပြန်လည်မွေးဖွားခြင်းသစ်ပင်

အဘိုးအိုဟုက ထိုသို့ပြောပြီးနောက် သူက ရှုလျို့ကို ခေါ်၍ အနောက်ဘက်ခြမ်းသို့ တည်နေရာ ရွှေ့ပြောင်း၍ ထွက်ခွာသွားတော့သည်။

ချူးစစ်ပိုင်က အံကြိတ်၍ သူပါ အဘိုးအိုနောက်သို့ လိုက်ပါသွား၏။

ခု လှပသောအမျိုးသမီး ယွင်မုန် တစ်ယောက်တည်းသာ ကျန်ခဲ့တော့၏။ သူမက ဝမ်လင်းနားသို့ လှမ်းလျှောက်လာပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…စီနီယာ…”

ဝမ်လင်းက တည်ငြိမ်လျက် ရှိနေသည်။ သူက သူမကို လှမ်းဆွဲခေါ်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း မျက်လုံး မှိတ်ထားလိုက်…”

အမျိုးသမီးက လျင်မြန်စွာ မျက်လုံးမှိတ်လိုက်သည်။ သို့သော် သူမမျက်နှာက အနည်းငယ် နီမြန်းနေ၏။ သူမက ယောက်ျား တစ်ယောက်နှင့် ခုလောက်ထိ နီးကပ်စွာ ရှိမနေခဲ့ဖူးချေ။ ဝမ်လင်း၏ ကိုယ်သင်းရနံ့က သူမနှာခေါင်းထဲသို့ တိုးဝင်လာသဖြင့် သူမ မျက်နှာကပို၍ နီမြန်းသွားလေ၏။

သူမကို ဆွဲခေါ်ပြီးနောက် ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ် သွားလေသည်။

အမျိုးသမီးက သူမနားရွက်အေက်၌ ဓားပါးပါးနှင့်လှီးသလို လေများ တိုက်ခိုက်လာသည်ကို ခံစားလိုက်ရ၏။ သို့သော် သည်ခံစားချက်က သိပ်မကြာခင်တွင် ပျောက်ကွယ်သွားလေ၏။

အမျိုးသမီးက မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ သူမခန္ဓာကိုယ်၌ နူးညံသော အပြာရောင် အလင်းတန်းတစ်ခု လွှမ်းခြုံနေသည်ကို တွေ့လိုက်ရ၏။ သည်အလင်းတန်းက သူမကို လေကြမ်းတမ်းစွာ တိုက်ခတ်ခြင်းဒဏ်မှ ကာကွယ် ပေးထားလေ၏။

သူမက ခေါင်းမော့၍ ဝမ်လင်းကို မော့ကြည့်လိုက်သည်။ သူက ချောမောသည့်အထဲ၌ မပါသော်လည်း ထူးဆန်းသော အော်ရာတစ်ခုက သူ့ထံ၌ ထွက်ပေါ်နေသည်။ သည်ထူးဆန်းသော အားက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများ အားလုံးပေါ်မူတည်၍ ပြောင်းလဲမှု ရှိသည်။ သည်ပြောင်းလဲမှုက သူတို့ပိုင်ဆိုင်ထားသော နယ်ပယ်ပေါ် မူတည်လေ၏။

ပျံသန်းနေစဉ်အတွင်း ဝမ်လင်းက အမျိုးသမီး၏ အကြည့်ကို သတိပြုမိသည်။ သို့သော် သူက သူမကို ပြန်၍ငုံ့ကြည့်ခြင်း မရှိချေ။ သူ့မျက်လုံးမျာက ချူးစစ်ပိုင်ထံသို့သာ အာရုံစိုက်ထား၏။ ချူးစစ်ပိုင်နှင့် အဘိုးအိုဟုတို့ကြားရှိ အကွာအဝေးသည် ကွာဟလာခဲ့၏။ ချူးစစ်ပိုင်၏ ကျင့်ကြံမှုအဆင့်ဖြင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံမှုအဆင့်ရှိသူ တစ်ယောက် နောက်သို့ မီအောင်လိုက်နိုင်ရန် မဖြစ်နိုင်ပေ။

ချူးစစ်ပိုင်မျက်လုံးထဲ၌ စိုးရိမ်မှုဖြစ်ပေါ်နေသည်။ သူက ဝမ်လင်းက သူ့ကိုမှီလာသည်ကို တွေ့သည့်အခါ သူက လျင်မြန်စွာ ပြောလိုက်၏။ “အစ်ကိုဝမ်…ငါ့ကို ကူညီပေးပါ။ ငါမင်းကို ဒီကူညီမှုအတွက် ရတနာတွေနဲ့ လဲလှယ်ပါ့မယ်…”

ဝမ်လင်းက မူလကတည်းက သူနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိချေ။ တကယ်တော့ သူတို့က နဂိုထဲက တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးပဲ သိရုံသာသိခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် သူက ရတနာများဆိုသည့် စကားကို ကြားလိုက်သည့်အခါ အတိတ်တုန်းက သူက ချူးစစ်ပိုင်နောက်မှ မြေအောက်လိုဏ်ဂူ တစ်ခုထံသို့ လိုက်ပါခဲ့ဖူးသည်ကို ပြန်မှတ်မိလိုက်၏။ သည်လှိုဏ်ဂူထဲ၌ ရှေးဟောင်းစာသားများ ပြည့်နေခဲ့သည်။ သည်လိုစာသားမျိုးက သာမန်လူတစ်ယောက် ပိုင်ဆိုင်နိုင်သည့် အရာမဟုတ်ချေ။

သူက သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ဆင့်‌ခေါ်လိုက်သည်။ ဝမ်လင်းက အမိန့်ပေးလိုက်သည့်အခါ ခြင်သားရဲက ချူးစစ်ပိုင်ကို သူ့ကျောပေါ်သို့ တင်ဆောင်လိုက်၏။ သို့ရာတွင် သူ့မျက်လုံးထဲ၌ မကျေမနပ်ဖြစ်ဟန်များ ထွက်ပေါ်နေခဲ့သည်။ ၎င်းက ချူးစစ်ပိုင်သည် သူ့ကျောပေါ်၌ တင်ဆောင်ရန် မထိုက်တန်ကြောင်း ရှင်းလင်းစွာ ဖော်ပြခြင်းပင်။

ချူးစစ်ပိုင်က စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချသည်။ ခြင်သားရဲက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း ကျင့်ကြံသူ တစ်ယောက်ထက် နှေးသော်လည်း အနီးစပ်ဆုံးတော့ လိုက်ပါနိုင်စွမ်း ရှိ၏။ ချူးစစ်ပိုင်က သိုလှောင်အိတ်ထဲက ခေါင်းလောင်းတစ်စုံကို ထုတ်ယူကာ ပြောလိုက်သည်။ “အစ်ကိုဝမ်…ငါက ဒါကို မတော်တဆရခဲ့တာပါ။ ဒီအထဲမှာ သားရဲတစ်ကောင်ရှိနေတယ်။ ဒီသားရဲက ရှေးဟောင်း အချိန်တွေတုန်းက ရတနာတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ့ကျင့်ကြံမှုအဆင့်က နိမ့်ကျတော့ ဒါကို အပြည့်အဝ နားမလည်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီရတနာက သာမန်မဟုတ်တာကိုတော့ ငါကျိန်ဆိုရဲတယ်။ အစ်ကိုဝမ်က ငါ့ကို ခဏကြာရင် ပြန်လည်မွေးဖွားခြင်း သစ်ပင်အောက်မှာ ကျင့်ကြံခွင့် ပေးဖို့ မျှော်လင့်ပါတယ်…”

ထိုသို့ပြောပြီးနောက် ခေါင်းလောင်းတစ်စုံကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်၏။ ဝမ်လင်းက ခေါင်းလောင်းကို ဖမ်းလိုက်ရာ ၎င်းပေါ်၌ အတားအဆီးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ သူက သည်အတားအဆီးကို မချိုးဖျက်သေးသ၍ ပိုပြီး အသေးစိတ် ကြည့်ရှုနိုင်သေးမည် မဟုတ်ချေ။ သူက ခုချိန်၌ သည်အရာအတွက် အချိန်မရှိသေးသဖြင့် သိမ်းဆည်းထားလိုက်သည်။

ထိုအခိုက်တွင် အနက်ရောင် အလင်းတန်းနှစ်ခုက အကွာအဝေးတစ်ခုမှ ပျံသန်းလာနေ၏။ သူတို့က ဧရာမမျက်နှာကြီး နှစ်ခုအသွင်သို့ ပြောင်းသွားသည်။ မျက်နှာတစ်ခုက အဘိုးအိုဟု နောက်သို့ လိုက်ပါသွားပြီး နောက်တစ်ခုက ဝမ်လင်းထံသို့ ဦးတည်လာခဲ့၏။

ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့လက်ထဲ၌ ကောင်းကင်ဘုံ ဓားထွက်ပေါ်လာ၏။ သူက လေထဲသို့ ဓားဖြင့်ပိုင်းချလိုက်ရာ ဓားစွမ်းအင်များက သူ့ထံလာနေသော မျက်နှာကြီးထံသို့ တိုးဝင်သွား၏။

သူက ဓားဖြင့်ပိုင်းချပြီးနောက် ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်၍ ပိုမိုမြန်ဆန်စွာ ခုတ်ပိုင်းလေ၏။

အနက်ရောင် အခိုးအငွေ့များက မျက်နှာ၏ရှေ့တွင် စုစည်းလာပြီး ကြီးမားသည့် တက်တူး အမှတ်အသားတစ်ခု ဖြစ်ပေါ်၍ ဓားစွမ်းအင်ကို ပိတ်ဆို့သည်။ တက်တူးအမှတ်အသားနှင့် ဓားစွမ်းအင်တို့သည် ထိပ်တိုက်တွေ့ဆုံကြပြီး ပေါက်ကွဲသွား၏။ တက်တူးအမှတ်အသားက တစ်စစီကွဲထွက်သွားပြီး ဓားစွမ်းအင်သည်လည်း ပျက်ပြယ်သွားသည်။

သည့်နောက် လူတစ်ယောက်သည် အခိုးအငွေ့များကြားမှ လျှောက်လှမ်း၍ ထွက်ပေါ်လာသည်။ သူ့ဆံပင်များက ဖြူဆွတ်နေပြီး သူ့မျက်လုံးများက နာကျင်နေဟန်ပေါ်သည်။ သူ့ညာဘက်မျက်စိတွင် လတ်လတ်ဆတ်ဆတ် ဒဏ်ရာတစ်ခု ရှိနေပြီး သွေးများစိမ့်ထွက်နေသည်။ သူက သူ့ဒဏ်ရာကိုလက်ဖြင့် ထိတွေ့ပြီးနောက် ဝမ်လင်းနောက်သို့ လိုက်လာခဲ့၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ “သူက ဒဏ်ရာရရုံဘဲလား။ မသေဘူးလား။ ဒါက သူဟာ သစ်ရွက်ခြောက်ရွက် လူရိုင်းနတ်ဆရာ ဖြစ်ပြီး သူ့စွမ်းအားကလည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှနေခဲ့တာပဲ..”

သူ့ရှေ့ကသွားသော အဘိုးအိုဟုက သနားစရာကောင်းသော အခြေအနေသို့ ကျရောက်နေ၏။ သူက ဆက်မသွားတော့ပဲ မျက်နှာထဲမှ ထွက်ပေါ်လာသော အဘွားအိုတစ်ယောက်နှင့် ရင်ဆိုင်နေရ၏။ သူက သူမနှင့်တိုက်ခိုက်နေစဉ် ရှုလျို့ကိုလည်း ကာကွယ် ပေးနေရသေးသည်။ သို့သော် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အလယ်အလတ်အဆင့်သာ ရှိသေး၏။ထို့ကြောင့် သူက နောက်သို့ တရပ်စပ် ဆုတ်နေရပြီး အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

“လိပ်သားရဲ” အဘိုးအိုက ထိုသို့ အော်ဟစ်လိုက်သည့်အခါ ဧရာမလိပ်ကြီးက ရုတ်တရက် ထွက်ပေါ်လာပြီး အဘိုးအိုဟုကို တရပ်ဆက် တိုက်ခိုက်နေသော အဘွားအိုအား စတင်တိုက်ခိုက်လေ၏။

အဘွားအိုက သည်လိပ်သားရဲကို တွေ့မြင်လိုက်သည့်နှင့် သူမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။ သူက အဘိုးအိုကို ဆက်လက်မတိုက်ခိုက်တော့ပဲ လိပ်သားရဲထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။

ဝမ်လင်းနောက်သို့ လိုက်ပါလာသော အဖြူရောင်ဆံပင်နှင့် အဘိုးအိုသည်လည်း သူ့ရှေ့ရှိလိပ်သားရဲကြီးကို လောဘကြီးစွာ လှမ်းကြည့်၏။ သူသည်လည်း လိပ်သားရဲထံသို့ ဦးတည်သွား၏။

သူ့မျက်လုံးထဲ၌ ပြင်ပလူစိမ်းနောက်သို့ လိုက်လံခြင်းထက် သားရဲသွေးများကို ရယူပြီး သူ့တက်တူး အမှတ်အသားများကို ပိုမိုသန်မာအောင် လုပ်ခြင်းက ပိုကောင်းမွန်နေသည် မဟုတ်လား။ သူတို့နှစ်ယောက်လုံးက ခြင်သားရဲကို လျစ်လျူရှုထားသည်။ သူတို့အတွက် ခြင်သားရဲက တန်ဖိုးမရှိလှပေ။

ဝမ်လင်းက အဘိုးအိုဟုကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး အော်ဟစ်လိုက်၏။ “ရောင်းရင်းကျင့်ကြံသူဟု…အချိန်မဆွဲတော့နဲ့။ ဒီနေရာမှာ လူရိုင်းနှစ်ယောက်တည်း မကဘူး။ ငါတို့ ပိုကြာကြာ တိုက်ခိုက်နေရင် သူတို့ ပိုရောက်လာလိမ့်မယ်။ သွားကြစို့…”

အဘိုးအိုဟုက လူရိုင်းနှစ်ယောက်နှင့် တိုက်ခိုက်နေသော လိပ်သားရဲထံသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ နောက်ဆံတင်းမှုများ ပြည့်နေခဲ့၏။ သို့ရာတွင် သူက သည်နောက်ဆံတင်းနေသည့် စိတ်ကို ချိုးနှိမ်၍ လျင်မြန်စွာ ဆက်၍ ပျံသန်းသွားလိုက်သည်။

သူက အနက်ရောင် အလင်းတန်းသုံးခုက သူတို့ရှိရာသို့ လာနေသည်ကို တွေ့လိုက်ရသည့်အခါ ရွေးချယ်စရာ မရှိတော့ချေ။

အဘိုးအိုဟုက ပြောလိုက်၏။ “အနောက်ဘက်…။ ပြန်လည်မွေးဖွားခြင်း သစ်ပင်က အနောက်ဘက်မှာ ရှိတယ်…”

တတိယအလွှာက ဒုတိယအလွှာထက် များစွာသေးငယ်သည်။ သူတို့နှစ်ယောက်က အနောက်ဘက် အဆုံးသို့ ရောက်လာသည့်အခါ သူတို့နတ်ဘုရားအာရုံများကို ဖြန့်ကြက်လိုက်ကြသည်။ အဘိုးအိုဟု မျက်လုံးထဲ၌ အာရုံစိုက်နေမှုများ အထင်းသာပေါ်နေခဲ့၏။

“ဟိုနားမှာပဲ…”

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်ရာ သူက အဘိုးအိုပြောသည့် နေရာ၌ ညှိုးခြောက်နေသော အပင်ကို တွေ့လိုက်သည်။

သည်အပင်က အလွန်ကြီးမားခြင်း မရှိချေ။ ၎င်းက လူတစ်ယောက်လက်မောင်း တစ်ခုစာလောက်သာ ထူထဲ၏။ သည်သစ်ပင်ပေါ်၌ အရွက်များလည်း လုံးဝရှိမနေခဲ့ချေ။ ၎င်းက အခြားသစ်ပင်များဖြင့်တော့ ကွာခြားခြင်း မရှိချေ။

သို့ရာတွင် သည်သစ်ပင်သည် တတိယအလွှာ၌ ရှိနေသည့် တစ်ခုတည်းသော သစ်ပင် ဖြစ်နေခဲ့၏။

အဘိုးအိုဟုက သစ်ပင်အောက်၌ ရပ်၍ အလေးအနက် ပြောလိုက်သည်။ “ငါ အရင်က ဒီနေရာကို ရောက်လာခဲ့တုန်းက ဘာသစ်ပင်မှ မတွေ့ခဲ့ရဖူး။ ဇီရှင်းရဲ့ ကျောက်စိမ်းပြားကြောင့်သာ မဟုတ်ရင် ဒီနေရာမှာ ပြန်လည်မွေးဖွားခြင်း သစ်ပင်ရှိနေခဲ့တာကို ယုံနိုင်မှာ မဟုတ်ဘူး…”

ချူးစစ်ပိုင်လည်း နောက်ဆုံးတွင် ရောက်လာခဲ့သည်။ ဝမ်လင်းတို့နှင့် နီးကပ်လာသည့်အခါ ခြင်သားရဲက သူ့ကို အောက်သို့ ခါချပစ်လိုက်သည်။ ထို့နောက်၎င်းက ဝမ်လင်းနားသို့ ပြန်သွား၏။

ချူးစစ်ပိုင်က စိတ်ထဲမထားချေ။ သူက သစ်ပင်နားသို့ တည်နေရာ ရွှေ့ပြောင်းလိုက်၏။ သူက အလွန်ပင် စိတ်လှုပ်ရှားနေခဲ့ပြီး အပြင်အောက်ထိုင်ချ၍ ကျင့်ကြံရန် ဟန်ပြင်လိုက်သည်။ ထိုအခါ အဘိုးအိုဟုက သူ့ကို ကြည့်၍ မျက်မှောင်ကြုတ်သည်။

ချူးစစ်ပိုင်က စိတ်ထဲ၌ တုန်လှုပ်မိသွားသည်။ ထို့နောက် သူက ဝမ်လင်းကို လျင်မြန်စွာ ကြည့်လိုက်သည်။

ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “သူ့ကို ကျင့်ကြံခိုင်းလိုက်ပါ။ ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းပဲ။ သူက ဒီနေရာကို ရောက်လာနိုင်တဲ့ ကံကြမ္မာရှိနေတယ်။ ငါတို့ သူ့ကို မနှောင့်ယှက်သင့်ဘူး..”

အဘိုးအိုဟုက မည်သည့်စကားမျှ ပြန်မဆိုတော့ပဲ ရှုလျို့နှင့်ယွင်မုန်ထံသို့ ကြည့်လိုက်၏။

သူတို့နှစ်ယောက်က လျင်မြန်စွာဖြင့် အပင်အောက်သို့ ရောက်လာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် ကပ်၍ ထိုင်ချလိုက်၏။

ချူးစစ်ပိုင်က ဝမ်လင်းကို ကျေးဇူးတင်ဟန်ဖြင့် ကြည့်လိုက်ပြီးနောက် ကျင့်ကြံခြင်း၌ အာရုံစိုက်လိုက်၏။ သူက အချိန်ခဏသာ ရမှန်းသိ၏။ သူက အနာဂတ်၌ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ခြင်း၊ မရောက်ခြင်းက သည်နေ့ရလဒ်ပေါ်တွင်မူတည်နေ၏။

အဘိုးအိုဟုက ပြောလိုက်သည်။ “အစ်ကိုဝမ်…ရှုလျို့နဲ့ ယွင်မုန်တို့က ပြန်လည်မွေးဖွားခြင်း သစ်သီး သီးလာအောင်လုပ်ဖို့ သုံးနာရီကြာ လိုအပ်လိမ့်မယ်။ ငါတို့က ဒီအချိန်မှာ သူတို့နှစ်ယောက်ကို စောင့်ကြပ်ပေးမှ ရမယ်…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး ပြောလိုက်သည်။ “ငါက ပြန်လည်မွေးဖွားခြင်း သစ်သီး ဘယ်လောက်များ ရမလဲ သိချင်နေမိတယ်…”

အဘိုးအိုဟုက ဝမ်လင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ “အနည်းဆုံးတော့ သစ်သီးနှစ်လုံး ဖြစ်သင့်တယ်။ နှစ်လုံးဆိုရင် ငါတို့က တစ်ခုစီ ယူလို့ရတယ်။ ဒါပေမဲ့ သုံးခုဆိုရင်တော့ ငါက တစ်ခုပိုယူမယ်။ တကယ်တော့ ငါ့ ရတနာခန်းမက လူတွေက သူတို့သက်တမ်းကို စတေးထားခဲ့ရတာပဲ။ အစ်ကိုဝမ်…နားလည်မယ်လို့ ‌မျှော်လင့်မိပါတယ်…”

ဝမ်လင်းက ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို ကြည့်၍ ပြောလိုက်သည်။ “ဒါက အဆင်ပြေတယ်။ ဒါပေမဲ့ ပြန်လည်မွေးဖွားခြင်း သစ်ပင်ရဲ့ အကိုင်းအခက်တွေကတော့ ငါ့ဟာပဲ…”

အဘိုးအိုဟုက ရယ်မောလိုက်၏။ “ဟားဟား…ပြသနာမရှိပါဘူး…” သူက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ သည်ပြန်လည်မွေးဖွားခြင်း သစ်ပင်က ညှိုးခြောက်နေခဲ့ပြီး ဖြစ်သည်။ ၎င်းသစ်ပင်က အတင်းအကျပ် ဖိအားပေး၍ သစ်သီးသီးအောင် ပြုလုပ်ပြီးလျှင် အသုံးဝင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ဝမ်လင်းကို ၎င်းသစ်ပင် ပေးလိုက်ရခြင်းက သူ့အတွက် မည်သည့်ပြဿနာမှ မရှိချေ။

ဝမ်လင်းက ခေါင်းညိတ်ပြ၏။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သစ်ကိုင်းတစ်ခုကို လှမ်းဆွဲသည်။

အဘိုးအိုဟုအသွင်က ပြောင်းလဲသွားပြီး လှမ်းအော်လိုက်၏။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဒါဘာလုပ်တာလဲ…”

ဝမ်လင်းက အဘိုးအိုဟုကို ကြည့်၍ ပြောလိုက်သည်။ “ဒီသစ်ကိုင်းတွေက ငါ့အပိုင်လေ။ ငါက ခုနည်းနည်းယူတာ ဘာဖြစ်လို့လဲ…”

အဘိုးအိုဟုက မှင်တက်သွား၏။ သူက စကားပြန်ပြောမလို ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်းက သစ်ကိုင်းကြီးတစ်ခုကို ချိုး၍ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက ကျင့်ကြံရန် ထိုင်ချလိုက်သည်။

အဘိုးအိုဟုက အနည်းငယ်စဉ်းစားနေ၏။ ဝမ်လင်း၏ ကျော်ကြားမှုနှင့် သူ့ဓားအကြောင်း တွေးမိပြီး သူက မည်သို့မျှ ပြန်မပြောတော့ချေ။ ထိုအစား သူက ထိုင်ချ၍ ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုဝမ်…ငါ့ကို အထင်မလွဲပါနဲ့။ အစ်ကိုက ဒီသစ်ကိုင်းကို ယူလိုက်တာ အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ပြန်လည်မွေးဖွားခြင်း သစ်သီးအရေအတွက် နည်းသွားနိုင်တယ်လေ…”

ဝမ်လင်းက အဘိုးအိုဟုကို ကြည့်၍ ဘာမှပြန်မပြောတော့ချေ။ သူက လက်ဟန်တချို့ လှုပ်ရှား၍ အတားအဆီးများကို သူ့အနီးအနား၌ နေရာချလိုက်သည်။ ဝမ်လင်းလက်များက တဖြည်းဖြည်းဖြင့် ပို၍ မြန်ဆန်လာခဲ့ပြီး အတားအဆီးများကလည်း ပိုတိုးလာခဲ့၏။

အဘိုးအိုဟု၏ မျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက အနည်းငယ် စဉ်းစားပြီးနောက် အလံ (၁၆)ခုကိုထုတ်၍ တစ်ခုစီ ဖြန့်ကြက်လိုက်သည်။ ၎င်းတို့က မြေပြင်သို့ ကျရောက်သွားပြီးနောက် ခရမ်းရောင် အလင်းများ ထုတ်လွှတ်နေသည်။

အတားအဆီးများက ဝမ်လင်းလက်ထဲကနေ ဆက်လက် ထွက်ပေါ်နေသည်။ အတားအဆီး ကိုးဆယ့်ကိုးခုကို နေရာချပြီးနောက် သူက အတားအဆီးအလံကို ထုတ်လိုက်သည်။ ၎င်းအတားအဆီးအလံက အမည်းရောင်မြူများသို့ ပြောင်းသွား၏။ မြူများက သည်ဧရိယာကို လျင်မြန်စွာ လွှမ်းခြုံသွားလေ၏။

“ထူးဆန်းအံ့ဖွယ်…” အဘိုးအိုဟု၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး သူက သိုလှောင်အိတ်ထဲမှ အနက်ရောင် တံစဉ်ငါးခုကို သူ့ရှေ့၌ ထုတ်ဖော်လိုက်သည်။ သည်တံစဉ်များထံကနေ အားကောင်းသော သွေးနံ့များ ထုတ်လွှတ်လျက်ရှိ၏။ သည်တံစဉ် ထွက်ပေါ်လာသည်နှင့် တံစဉ်ထဲ၌ ပိတ်လှောင်ထားသော မရေမတွက်နိုင်သည့် စိတ်ဝိညာဉ်များသည် လွတ်မြောက်ရန် ကြိုးစားလာကြသည်။

အဘိုးအိုဟုက လက်ဝှေ့ယမ်းလိုက်ရာ အနက်ရောင် တံစဉ်ငါးခုကို အမည်းရောင်မြူများ ကြားထဲသို့ နှစ်မြုပ်လိုက်သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။ တတိယအလွှာက လုံးဝတိတ်ဆိတ်လို့နေသည်။ ရှုလျို့နှင့် ယွင်မုန်တို့ထံမှ နို့နှစ်ရောင်အော်ရာတစ်ခု ထွက်ပေါ်နေပြီး ပြန်လည်မွေးဖွားခြင်း သစ်ပင်ထံသို့ သည်အော်ရာ အငွေ့အသက်ကို ဝင်ရောက်နေခဲ့သည်။

သူတို့နှစ်ယောက်၏ မျက်နှာကလည်းနီလိုက်၊ ဖြူလိုက် ဖြစ်နေ၏။ သူတို့က နာကျင်မျုအချို့ကို ခံစားနေရပုံ ပေါ်သည်။ အချိန်က ကုန်ဆုံးလာသည်နှင့် အတူ နို့နှစ်ရောင်အော်ရာက သူတို့ထက်၌ ပို၍ ထူထဲလာခဲ့သည်။

သို့သော် ပြန်လည်မွေးဖွားခြင်း သစ်ပင်က ပြောင်းလဲခြင်း မရှိပေ။ အဖြူရောင် အော်ရာက သစ်ပင်ထံသို့ တိုးဝင်နေသော်လည်း မည်သည့်အရာမှ ဖြစ်ပျက်လာသည့်ပုံ မပေါ်သေးချေ။

ရှုလျို့က သက်လတ်ပိုင်းအရွယ်မှ တဖြည်းဖြည်း အသက်ကြီးလာခဲ့၏။ သူ့နဖူးထက်၌လည်း အရေးအကြောင်းများ ပေါ်လာခဲ့၏။ သူ့အမည်းရောင် ဆံပင်သည်လည်း မီးခိုးရောင်သို့ ပြောင်းလာခဲ့သည်။

ယွင်မုန်သည်လည်း အတူတူပင် ဖြစ်၏။ သူမ၏ ချစ်စရာကောင်းသော နူနယ်သည့် မျက်နှာလေးသည် အသက်ကြီးကြီး အမျိုးသမီးအသွင်သို့ ပြောင်းသွား၏။ သို့ရာတွင် သူမ၏ အလှကတော့ လျော့ကျသွားခြင်း မရှိချေ။ သူမက ရင့်ကျက်ပြီး စွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ယောက် အသွင်သို့ ပြောင်းသွားလေ၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset