Switch Mode

အပိုင်း( ၃၉၃)

စွန့်ပစ်ခံမသေမျိုးကလန်

သူက သူ့ရှေ့က လူငယ်၏ တက်တူး အမှတ်အသား အဟောင်းများ နေရာ၌ အသစ်များ အစားထိုးသွားသည့် မြင်ကွင်းကို ကြည့်ရင်း အတိတ်တုန်းက သူလည်း ထျန်လီ၏အခြေခံကို ယူဆောင်ခဲ့သည့်အချိန်ကို ပြန်တွေးမိလိုက်သည်။

လူငယ်ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများမှ တစ္ဆေအလင်းများ ထုတ်လွှတ်လျက်ရှိပြီး တောက်ပသည်ထက် တောက်ပလာခဲ့သည်။ အချိန်အတန်ကြာပြီးနောက် ထိုအလင်းက မှိန်ဖျော့သွား၏။ သည်တက်တူးများသည် သူ့ပတ်လည်တွင် ရွေ့လျားသွားပြီး လူငယ်၏ ခန္ဓာကိုယ်အား ဖုံးအုပ်သွား၏။

လူငယ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် ပြည့်နေသည်။ သူက အဘိုးအိုကို ထူးဆန်းသော ဘာသာစကားဖြင့် တစ်စုံတစ်ခု ပြောဆိုလိုက်၏။

လူရိုင်းအကြီးအကဲက ခေါင်းညိတ်ပြသည်။ သူက လူငယ့်ခေါင်းကို ရုတ်တရက် ပွတ်သပ်လိုက်ပြီး ဝမ်လင်းထံသို့ ကြည့်၏။

ထို့နောက် ဝမ်လင်း လက်ကောက်ဝတ်ရှိ သားရဲချုပ်နှောင်ခြင်း လက်ကောက်ကိုလည်း ကြည့်လိုက်၏။ သူက သူ့လက်ကို ရင်ဘတ်ပေါ်တင်၍ ဦးညွတ်ဟန်ဖြင့် ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်…လူစိမ်း။ ငါကတော့ စွန်ပစ်ခံ မသေမျိုးကလန်က ခါမီပါ။ ငါက သစ်ရွက်ခြောက်ရွက် လူရိုင်းနတ်ဆရာလည်း ဖြစ်တယ်…”

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “နှုတ်ဆက်ပါတယ်။ ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူ ဝမ်လင်းပါ…”

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “နှစ်တစ်ရာ သဘောတူညီမှုက မပြည့်သေးပါဘူး။ ဒီတော့ ငါတို့ မသေမျိုးသင်္ချိုင်းကို ဝင်လာတဲ့ ဘယ်သူမဆို သေဆုံးရမယ်။ ဒါပေမဲ့ သင်က ငါ့တပည့် နဂါးသွေးကို စုပ်ယူနေတဲ့အချိန်မှာ အခွင့်ရေးယူပြီး မတိုက်ခိုက်ခဲ့ဘူး။ ဒါကြောင့် ငါက သင့်ကို ခက်ခဲအောင် မလုပ်ချင်ဘူး။ သင်က တတိယအလွှာကို မသွားဘဲ ခုထွက်သွားမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်ရှိဦးမှာပါ…”

“အို…တကယ်လား…” ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွား၏။

အဘိုးအိုက ပြောလိုက်သည်။ “သင်ရဲ့ အပေါင်းအဖော်တွေကတော့ တတိယအလွှာကို ရောက်အောင်သွားမယ် ဆိုရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ အဲဒီနေရာမှာ ငါတို့မျိုးနွယ်စုရဲ့ သစ်ရွက်ခုနစ်ရွက် နတ်ဆရာတွေ စောင့်နေတယ်။ သူတို့က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေနဲ့ အဆင့်တူတူပဲ…”

ဝမ်လင်းက အနည်းငယ်စဉ်းစား၍ ပြောလိုက်သည်။ “ကျေးဇူး အများကြီးတင်ပါတယ်…” ထိုသို့ပြောပြီးနောက် သူက လူငယ်ကို လက်ညှိုးထိုး၍ မေးလိုက်သည်။ “သူက သားရဲသွေးများကို အသုံးပြုပြီး ခုတတ်တူးအမှတ်အသား အများကြီးကို ပြုလုပ်ခဲ့တယ်။ ဒါက သင်တို့ စွန်ပစ်ခံ မသေမျိုးကလန်ရဲ့ လျှို့ဝှက် နည်းစနစ်လား…”

လူရိုင်းအဘိုးအိုက ခေါင်းညိတ်၍ ပြောလိုက်သည်။ “မှန်ပါတယ်…။ ငါတို့ ကလန်က သားရဲသွေးတွေကို စုပ်ယူပြီး တက်တူး အမှတ်အသားတွေ ပြုလုပ်တာ။ သားရဲက ပိုသန်မာလေလေ၊ ငါတို့က ပိုအားကောင်းတဲ့ စွမ်းအားကို ရလေလေ ဖြစ်တယ်…”

ဝမ်လင်းက အဘိုးအိုကိုကြည့်၍ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီး ပျောက်ကွယ်သွားလေ၏။

လူငယ်က ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ စူးစိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုမှု စိတ်ဆန္ဒတစ်ခု ထွက်ပေါ်နေပြီး သူက ပြောလိုက်သည်။ “ဆရာ…။ ဘာလို့ သူ့ကိုဖမ်းပြီး အကြီးအကဲတစ်ယောက် အဖြစ် မပြောင်းလဲတာလဲ…”

အဘိုးအိုက ခေါင်းခါလိုက်သည်။ “မင်းရဲ့ တက်တူးတွေက အခုထိ အားနည်းနေတုန်းပဲ။ သူက သစ်ရွက်ငါးခု နတ်ဆရာတစ်ယောက်ကို သတ်နိုင်ခဲ့တယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ဘာဒဏ်ရာမှ မရခဲ့ဘူး။ ဒီလိုလူတစ်ယောက်ကို ဖမ်းဖို့ ငါယုံကြည်ချက် မရှိဘူး။ ဒီ့အပြင် ငါတို့နှစ်ယောက် စတိုက်တာနဲ့ မင်းက အန္တရာယ်ထဲ ကျသွားလိမ့်မယ်…”

လူငယ့်မျက်လုံးထဲရှိ သတ်ဖြတ်လိုမှု စိတ်ဆန္ဒသည် ပို၍ အားကောင်းလာခဲ့၏။ “ငါက သေမှာ မကြောက်ပါဘူး။ သေခြင်းဆိုတာက ငါ့တက်တူးတွေကို ပြန်လည်ပေးအပ်လိုက်ရုံ သာသာပါပဲ …”

အဘိုးအိုက လူငယ်၏ ခေါင်းကို ပွတ်သပ်၍ နူးညံစွာ ကြည့်ကာ ပြောလိုက်သည်။ “ငါတို့ မျိုးနွယ်စုက လုံလောက်အောင် မသန်မာသေးဘူး။ ငါတို့ ရင်ဆိုင်ရမယ့် အခြား စွမ်းအားကောင်းတဲ့ မျိုးနွယ်စုတွေ ရှိနေသေးတယ်။ ငါက ဒီကျင့်ကြံသူရဲ့ လက်ကောက်ဝတ်မှာ ရှိနေတဲ့ ကြေးလက်ကောက်ကနေလည်း စွမ်းအားကောင်းတဲ့ ဝိညာဉ်ခွန်အားတစ်ခုကို ခံစားမိတယ်။ ဒါကြောင့် သူနဲ့ သွားမရှုပ်တာ အကောင်းဆုံးပဲ…”

လူငယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “တစ်နေ့မှာ…ငါတို့က ငါတို့လမ်းမှာ လာရှုပ်တဲ့လူမှန်သမျှကို သတ်ပစ်မယ်။ ဒီဂြိုဟ်က ကျင့်ကြံသူတွေကိုလည်း ကန်ထုတ်၊ မောင်းထုတ်ပစ်မယ်…”

အဘိုးအိုက ဝမ်လင်း ပျောက်ကွယ်သွားသည့် နေရာသို့ လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းချ၏။ သို့သော် မည်သည့်စကားကိုမျှ မဆိုခဲ့ပေ။

ဝမ်လင်းက ဒုတိယအလွှာကို ဖြတ်၍ ပျံသန်းလာ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် သူက ပြန်လည်ထွက်ခွာရမည့် အစား တတိယအလွှာ ဝင်ပေါက်ထံသို့ ပျံသန်းသွား၏။

သည်ခရီးစဉ်တွင် သူ့ပန်းတိုင်က ပြန်လည်မွေးဖွားခြင်း သစ်သီးကို ရယူနိုင်ရန်ပင်။ သူက သည်လိုသာ ထွက်ခွာသွားရမည်ဆိုပါက အလွန်မကျေမနပ် ခံစားနေရလိမ့်မည် ဖြစ်သည်။

ဝမ်လင်းက လျင်မြန်စွာပျံသန်း၍ ဒုတိယအလွှာ၏ မြောက်ဘက်အဆုံးသို့ ရောက်ရှိလာခဲ့သည်။ သူက အကွာအဝေး တစ်ခုကနေ တတိယ အလွှာဝင်ပေါက်ကို လှမ်းမြင်နေရ၏။

သည်နေရာက ခန္ဓာကိုယ်များနှင့် ဖုံးလွှမ်းနေသည်။ သွေးနံများလည်း တလှိုင်လှိုင်ထွက်ပေါ်နေ၏။ သည်နေရာက မသက်မသက်ဖြစ်စေသည့် အငွေ့အသက်နှင့် သတ်ဖြတ်လိုမှု စိတ်ဆန္ဒအငွေ့အသက်တို့ ပေါင်းစပ်ထားသကဲ့သို့ တည်ရှိနေ၏။

အဘိုးအိုဟုက ဝင်ပေါက်နားတွင် တင်ပျဉ်ခွေချိတ်၍ ထိုင်နေ၏။ သူက မျက်လုံးမှိတ်ထားပြီး သူ့မျက်နှာကလည်း နာကျင်နေသည့်ပုံပင်။ ရှုလျို့က သူ့နောက်တွင် စုတ်ပြတ်စွာ ရှိနေ၏။ သူဝတ်ဆင်ထားသော ချပ်ဝတ်က လှီးဖြတ်ခံထားရပြီး သူ့ရင်ဘတ်ပေါ်မှ သွေးများကျနေခဲ့၏။

အမျိုးသမီး၏ ဆံပင်များကလည်း ရှုပ်ပွနေခဲ့သည်။ သူမမျက်နှာပေါ်၌လည်း ခြစ်ရာသုံးခု ရှိနေ၏။ ကြည့်ရသည်မှာ သားရဲတစ်ကောင်၏ လက်သည်းခြေသည်းဖြင့် အခြစ်ခံထားရသည့်ပုံပင်။

ချူးစစ်ပိုင်ကလည်း သူတို့ကြားထဲ၌ ရှိနေ၏။ သူက အခြားနှစ်ယောက်ထက် အခြေအနေ ကောင်းသော်လည်း အသက်မနည်းရှူနေရ၏။ သူလည်း ဒဏ်ရာရထားခဲ့ပေသည်။

သူတို့သုံးယောက်က အဘိုးအိုဟုကို ကြောက်ရွံ့စွာဖြင့် သေချာကြည့်နေကြသည်။

သူတို့ဘေး၌ အမည်းရောင် လိပ်ကြီးနှင့်ဆင်တူသည့် သားရဲကြီးတစ်ကောင် ရှိနေ၏။ သည်သားရဲက အဘိုးအို၏ သားရဲပင်။

သားရဲကြီးသည်လည်း ဒဏ်ရာများစွာ ရရှိနေ၏။ ၎င်းက ပတ်ဝန်းကျင်ကို ကြမ်းကြုတ်စွာ ကြည့်နေပြီး ထိတ်လန့်ဖွယ် ဟိန်းသံအချို့ ထုတ်ဖော်နေသည်။

ဝမ်လင်းရောက်ရှိလာမှုက သားရဲကြီး၏အာရုံကို ဖမ်းစားသွား၏။ သည်သားရဲကြီးက ဝမ်လင်းကို ကြမ်းကြုတ်စွာဖြင့် ကြည့်သည်။ ခဏအကြာတွင် ၎င်းက လှဲလျောင်းနေရာမှ ထရပ်လာပြီး ဝမ်လင်းကို ဟိန်းဟောက်၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။

ထိုအချိန်တွင် ချူးစစ်ပိုင်နှင့် ကျန်သည့်လူများက ဝမ်လင်းအား တွေ့သွားကြသည်။ သူတို့က ပျော်ရွှင်သည့် ဟန်ပန်များ ဖြစ်ပေါ်လာကြသည်။ သို့သော် သူတို့ထဲက တစ်ယောက်ကမှ မလှုပ်ဝံ့ကြချေ။

ဝမ်လင်းက မေးလိုက်၏။ “ဘာကိစ္စဖြစ်ခဲ့တာလဲ…”

ချူးစစ်ပိုင်က အဘိုးအိုဟုကို ကြည့်၍ ပြောလိုက်သည်။ အစ်ကိုဝမ်…ဒီလမ်းတစ်လျှောက် အဘိုးအိုဟုက သစ်ရွက်ငါးရွက် နတ်ဆရာနှစ်ယောက်ကို သတ်ခဲ့တယ်။ အဲဒီနောက် သူက ဝင်ပေါ်မှာ နောက်ထပ်တစ်ယောက်ကို ထပ်မံသပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလူက အဘိုးအိုဟု အပေါ်မှာ နည်းစနစ်တစ်ခု အသုံးပြပြီး သူ့စိတ်ကို ရှုပ်ထွေးအောင် လုပ်ခဲ့တယ်။

ဝမ်လင်းက မျက်မှောင်ပိုကြုတ်မိသွားသည်။ သူက ရှေ့သို့ တိုးလာ၏။ သည့်အခါ လိပ်ကြီးက ချက်ချင်း ဟိန်းသံတစ်ချက်ပြု၍ အသက်ရှူသွင်းသည်။ အရပ်မျက်နှာအနှံ့မှ လေများက အားကောင်းသော စုပ်အားတစ်ခု၏ စုပ်ယူခြင်းခံလိုက်ပြီး လေအလုံးတစ်ခုက လိပ်ကြီးရှေ့၌ ဖြစ်ပေါ်လာခဲ့သည်။ လိပ်သားရဲက သည်လေအလုံးကို ဝမ်လင်းထံသို့ ပစ်သွင်းလိုက်သည်။

ဝမ်လင်းက နှာခေါင်းရှုံ့၏။ သူက သိုလှောင်အိတ်ထဲက မိုးကြိုး ဖားပြုတ်သားရဲနှင့် ခြင်သားရဲတို့ကို ဆင့်ခေါ်လိုက်သည်။ သူအမိန့်ပေးစရာမလိုဘဲ မိုးကြိုးဖားပြုတ်သားရဲက လျှပ်စီးအလင်းလုံးကို ထွေးထုတ်၍ သည်လေအလုံးကို တိုက်ခိုက်လိုက်သည်။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ လှိုင်းများ ပျံ့နှံ့သွား၏။

ခြင်သားရဲကလည်း အော်သံပြု၍ လှိုင်းများကို ရှောင်၍ လိပ်ကြီးကို ၎င်း၏ ထက်ရှသော ခြင်နှာမောင်းဖြင့် ထိုးစိုက်ချသည်။

သည်တိုက်ခိုက်မှုများ ပြီးသွားသည့်အခါ အဘိုးအိုဟုက မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့မျက်လုံးထဲ၌လည်း တက်တူးအမှတ်အသားများ ဖုံးလွှမ်းနေ၏။ သူက ဝမ်လင်းကို မြင်သည့်အခါ ရူးသွပ်နေသော သားရဲတစ်ကောင်ကဲ့သို့ ခုန်အုပ်၏။

ဝမ်လင်းမျက်လုံးက လက်ခနဲအဖြစ်သွားသည်။ သူက သိုလှောင်အိတ်ထဲက အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ အတားအဆီး အခိုးအငွေ့များ ဖြစ်ပေါ်လာပြီး အဘိုးအိုဟု လှောင်ပိတ်ပစ်၏။

အဘိုးအိုဟု၏ မျက်လုံးများက ပို၍နီရဲလာခဲ့သည်။ သူက သည်လှောင်ပိတ်မှုကို လက်ဖြင့် ရိုက်ချ၍ ဖျက်ဆီးရန် ကြိုးစားသည်။

ဝမ်လင်းက ရှေ့သို့လက်ညွှန်၍ ပြောလိုက်သည်။ “ချုပ်နှောင်စမ်း…”

ပိုမိုများပြားသာ အတားအဆီး အခိုးအငွေ့များ ထွက်ပေါ်လာပြီး သည်လှောင်ပိတ်ထားမှုကု အားဖြည့်ပေး၏။ အဘိုးအိုဟုက အတားအဆီး အခိုးအငွေ့အလွှာများကို တစ်လွှာပြီးတစ်လွှာ စုတ်ဖြဲလိုက်တိုင်း ပိုများပြားသည့် အလွှာများက ထပ်ပေါင်း၍ သူ့အား ပိတ်လှောင်နေ၏။

ဝမ်လင်းက အော်ဟစ်လိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဟု … ခုထိအသိမှန်ပြန် မရသေးဘူးလား…”

သူ့အသံက မိုးခြိမ်းသံအလား အတားအဆီး အခိုးအငွေ့များကို ဖြတ်၍ အဘိုးအိုဟု နားထဲသို့ ရောက်သွားသည်။ အဘိုးအိုဟုက ချက်ချင်း ရပ်တန့်သွား၏။ သို့သော် ထိုအခိုက်တွင် သူ့မျက်လုံးထဲရှိ တက်တူး အမှတ်အသားများက ပိုတောက်ပလာခဲ့သည်။ အဘိုးအိုဟု မျက်လုံးများက တစ်ဖန် နီရဲလာခဲ့ပြန်၏။ သို့ရာတွင် သည်တစ်ကြိမ်၌ သူ့မျက်လုံးထဲ၌ ထူးဆန်းသော အရာတစ်ခု ရှိနေ၏။

“အစ်ကိုဝမ်…စောနတုန်းက ငါသတ်ခဲ့တဲ့ လူက သစ်ရွက် ခြောက်ရွက်အဆင့် နတ်ဆရာ၊ သူက မသေဆုံးခင် ငါ့အပေါ်မှာ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ပြီး ရုပ်သေးအဖြစ် ငါ့ကို သန့်စင်ဖို့ ကြိုးစားခဲ့တယ်။ ဒီနည်းစနစ်က တကယ့်ကို ဖိနှိပ်ညှဉ်းပမ်းနိုင်စွမ်း ရှိတယ်။ ငါတို့က နတ်ဆိုးပင်လယ်မှာ ဆိုရင် ဒီကျိန်ဆိုမှုကို ဖယ်ရှားဖို့ နှစ်အနည်းငယ်ပဲ လိုတယ်။ ဒါပေမဲ့ ဒီနေရာရဲ့ မသတီစရာ အငွေ့အသက် အော်ရာကြောင့် ငါက ငါ့ကိုယ်ငါ တည်ငြိမ်အောင် မထိန်းချုပ်နိုင်ပဲ ဖြစ်နေတာ။ ဒီကျိန်စာက သေခြင်းရှင်ခြင်း အခြေအနေဖြစ်တဲ့ အခိုက်မှာသာ ချိုးဖျက်နိုင်လိမ့်မယ်။ ဒါကြောင့် အစ်ကိုဝမ်က ငါ့ကို ခုချက်ချင်း တိုက်ခိုက်ပေးပါ…” အဘိုးအိုဟု၏ ခန္ဓာကိုယ်က တုန်ခါနေ၏။ သူက သူ့ကိုယ်သူ ကြိုးစား၍ ထိန်းချုပ်နေရသည်။

ဝမ်လင်ကလည်း အာရုံစိုက်လိုက်ပြီး သိုလှောင်အိတ်ထဲက အမည်းရောင် ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်။ သူက လေလွင့်ဝိညာဉ်များကို ဓားထဲသို့ ထည့်သွင်းပြီးနောက် သည်ဓားကို အရင်က တွေ့မြင်ဖူးသူများပင် ကောင်းကောင်း မှတ်မိတော့မည် မဟုတ်ချေ။

သူက လက်ထဲ၌ ကောင်းကင်ဘုံဓားကို ကိုင်ထားရင်း အဘိုးအိုဟုကို စူးစိုက်ကြည့်နေ၏။

ဝမ်လင်းက ကောင်းကင်ဘုံဓားဖြင့် လွှဲရိုက်ချလိုက်ရာ ၎င်းက အမည်းရောင် တောက်ပသွားပြီး ပို၍ပင် ရှည်လာခဲ့သည်ဟု ထင်မှတ်ရ၏။ အတားအဆီး အခိုးအငွေ့များက အမည်းရောင် အလင်းဖြတ်ကျော်သွားစဉ် လျင်မြန်စွာ လမ်းကြောင်း ရှင်းပေးသွာ၏။ အတားအဆီး အခိုးအငွေ့များက အဘိုးအိုကို ချုပ်နှောင် မထားတော့ချေ။ သူ့မျက်လုံးထဲရှိ တက်တူး အမှတ်အသားများက တဖျပ်ဖျပ် လင်းလက်နေ၏။

မျက်စိတစ်မှိတ်အတွင်း အဘိုးအိုဟု မျက်လုံးထဲရှိ သည်အမှတ်အသားများက ပျောက်ကွယ်သွား၏။ ထို့နောက် သူ့နဖူးထက်မှ သွေးတစ်စက် ကျလာခဲ့ပြီး မြေပေါ်သို့ စီးကျသွားသည်။

ကောင်းကင်ဘုံဓားက အဘိုးအိုဟု၏ ဦးခေါင်းထက် သုံးလက်မအကွာတွင် ရပ်တန့်သွားသည်။

ဝမ်လင်းက သူ့လက်ကို ဝှေ့ယမ်း၍ ကောင်းကင်ဘုံဓားကို ပြန်သိမ်းလိုက်သည်။

စကားတစ်ခွန်းမှ မဆိုသေးပဲ အဘိုးအိုဟုက ဆေးလုံးများ ထုတ်သောက်လိုက်သည်။ သူက အသက်ဝဝ ရှူသွင်းပြီးနောက် ထိုင်၍ ကျင့်ကြံနေသည်။

ဝမ်လင်းက ခေါင်းမော့၍ အကွာအဝေးတစ်ခုကို လှမ်းမျှော် ကြည့်နေရင်းဖြင့် အဘိုးအိုဟု ကျင့်ကြံနေသည်ကို စောင့်ဆိုင်းနေ၏။

ချူးစစ်ပိုင်နှင့် ကျန်သည့်လူများ၏ ကြောက်ရွံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့၏။ ထို့ကြောင့် သူတို့က မလှုပ်ရှားဝံ့ကြချေ။ လိပ်သားရဲကြီးပင် ကြောက်ရွံ့နေပြီး ဟိန်းသံမပြုရဲတော့ပေ။

ခြင်သားရဲက ထိုအခွင့်အရေးကို အသုံးချ၍ လိပ်ကြီး၏လည်ပင်းကို သူ့ခြင်နှာမောင်းဖြင့် ရက်စက်စွာထိုးစိုက်၍ သွေးအချို့ စုပ်ယူလိုက်၏။ သူက ကျေနပ်သွားသည့် အခါကျမှ မိုးကြိုးဖားပြုတ်နားသို့ ပြန်လာခဲ့၏။

နာရီဝက်ခန့်ကြာပြီးနောက် အဘိုးအိုဟုက မျက်လုံးဖွင့်လာခဲ့၏။ ခုချိန်၌ သူ့မျက်လုံးများက ကြည်လင်နေ၏။ သူက မတ်တတ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…အစ်ကိုဝမ်…” သူက တည်ငြိမ်နေသည်ဟု ထင်ရသောလည်း စိတ်နှလုံးထဲတွင်တော့ ဝမ်လင်းကို ပို၍ ထိတ်လန့်လာမိသည်။ ဝမ်လင်းဓားကသာ သုံးလက်မခန့် ပိုတိုးလာပါက သူက တစ်ချက်တည်းဖြင့် သေဆုံးနေခဲ့ပြီ ဖြစ်၏။

သူက ဝမ်လင်းဓားဖြင့် ခုတ်ချလိုက်သည့် အခိုက်တွင် သေခြင်းရှင်ခြင်းကြား ရောက်သွားသည်ဟု လုံးဝခံစားလိုက်ရသည်။

အဘိုးအိုဟုက စိတ်ထဲ၌ တွေးနေသည်။ “ငါက သူ့ကျော်ကြားမှုက အစစ်အမှန်ဆိုတာ မြင်ခဲ့ရပြီ။ စန်နူးဆိုတဲ့ နာမည်ကို ဒီလောက် ကျော်ကြားလာခဲ့တာ အံ့အားသင့်စရာတော့ မရှိဘူးပဲ။ သူက တကယ့်ကို စွမ်းအားကောင်းလွန်းတယ်…”

ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ “ပြသနာမရှိပါဘူး…”

တစ်ရက်ကြာပြီးနောက် အဖြူရောင် ဇာပဝါဖုံးအုပ်ထားသည့် အမျိုးသမီးနှင့် အမည်းရောင်အင်္ကျီဖြင့် အဘိုးအိုတို့က ရောက်ရှိမလာကြသေးချေ။ ဝမ်လင်းနှင့် စကားပြောဆိုပြီးတော့ သူတို့က ထပ်မံမစောင့်တော့ရန် ဆုံးဖြတ်လိုက်သည်။ အဘိုးအိုဟုက ပြန်လည်မွေးဖွားခြင်း သစ်ပင်၏ နေရာအတိအကျကို မသိသော်လည်း သူက မည်သည့်နေရာတွင် ရှိသည်ကိုတော့ အကြမ်းဖျင်း သိနေ၏။ထို့ကြောင့်လည်း သူတို့က သည်သစ်ပင်ကို ရှာဖွေရင်းဖြင့် စောင့်နေရန်သာ ဆုံးဖြတ်ချက် ချခဲ့ကြသည်။

လူတိုင်းက တတိယအလွှာ ဝင်ပေါက်သို့ ဝင်လာခဲ့ကြ၏။

တတိယအလွှာက အနီရောင် ကမ္ဘာတစ်ခုပင်။ သည်နေရာရှိ မြေမှုန်များက အနီရောင် တောက်ပနေပြီး ထူးဆန်းသော အားတစ်ခုကို ထုတ်လွှတ်နေ၏။ ထို့ကြောင့် တတိယအလွှာရှိ အရာအားလုံးက အနီရောင် ဖြစ်နေခဲ့သည်။

အဘိုးအိုဟုက အလေးအနက် ပြောလိုက်သည်။ “မသေမျိုးသင်္ချိုင်းက တကယ့်ကို အန္တရာယ်များတယ်။ ဒုတိယ အလွှာမှာတောင် သစ်ရွက်ငါးခုနတ်ဆရာ ရှိနေခဲ့တယ်။ တတိယအလွှာမှာဆိုရင် သစ်ရွက်ခြောက်ခု နတ်ဆရာ ရှိနေနိုင်တယ်။ ငါတို့က မြန်မြန်ဆန်ဆန် သွားပြီး ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို တွေ့တာနဲ့ ချက်ချင်း ပြန်ထွက်ခွာကြမယ်…”

ထို့နောက် သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူဝမ်…အမှန်တိုင်း ပြောရရင်တော့ ငါ ရှုလျို့နဲ့ ယွင်မုန် (အဘိုးအိုနောက်လိုက် လှပသော အမျိုးသမီး) က ပြန်လည်မွေးဖွားခြင်း သစ်သီးကို ရရှိဖို့ သော့ချက်တွေပဲ။ သူတို့နှစ်ယောက်လုံးက နှစ်တစ်ရာကျော် သက်တမ်း ကျန်ရှိနေကြသေးတယ်။ ငါက သူတို့သက်တမ်းထဲက နှစ်(၆၀) ကို ပေးလိုက်ရင် ပြန်လည်မွေးဖွားခြင်း သစ်သီး ကြီးထွားလာအောင် လုပ်လို့ရတယ်။ ဒါကြောင့် ငါက သူတို့နှစ်ယောက်ကို ဒီနေရာကို ခေါ်လာခဲ့ရတာပဲ။ သိပ်မကြာခင်မှာ ငါတို့နှစ်ယောက်က သူတို့နှစ်ယောက်တည်းက တစ်ယောက်စီ ခေါ်ပြီး ပြန်လည်မွေးဖွားခြင်း သစ်ပင်ကို မြန်မြန်ဆန်ဆန်ရှာရအောင်…”

ချူးစစ်ပိုင်က စိတ်ထဲ၌ အထွန့်တက်ချင်ခဲ့သည်။ သို့သော် သူက တစ်ခွန်းမှ မဆိုရဲချေ။ သူက အဘိုးအိုဟု မျက်လုံးထဲ၌ ဘာမှမဟုတ်ဘူး ဆိုတာ သိနေ၏။ သူက ဆက်လက်ပြီး အကောင်းဆုံး လုပ်ဆောင်ရမည်သာ ဖြစ်သည်။ သူက နောက်မှာကျန်နေပြီး လှည့်ထွက်သွားလျှင်လည်း သေချာပေါက် သေဆုံးရမည် ဖြစ်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset