သည်လူရိုင်းက သူ့လျှာကို ထုတ်၍ နှုတ်ခမ်းအား သပ်လိုက်သည်။ သူက အော်သံတစ်ချက်ပြု၍ သိပ်မကြာခင်တွင် အနက်ရောင် အလင်းတန်းများစွာ ပေါ်ထွက်လာ၏။ သူတို့က လက်မောင်းနှင့် ခြေထောက်များတွင် တက်တူးများရှိနေသော လူရိုင်းများအဖြစ် ပြောင်းသွားကြသည်။ ၎င်းလူရိုင်းများက ဝမ်လင်းနှင့် ကျန်သည့်လူများထံသို့ ခုန်အုပ်လိုက်ကြသည်။
သစ်ရွက်သုံးရွက်နှင့် လူရိုင်းက နှာခေါင်းရှုံ့၍ သူ့ရှေ့က မြင်ကွင်းကို အေးစက်စွာ ကြည့်နေ၏။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက သည်လူရိုင်းများ ပတ်ပတ်လည် ဝန်းရံနေမှုကို ကျော်ဖြတ်သွားပြီး သစ်ရွက်သုံးရွက်ရှိသည့် လူရိုင်းထံသို့ တိုးဝင်သွား၏။ သည်လူရိုင်းက ထိတ်လန့် ပျာယာခတ်ခြင်း မရှိချေ။ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို ပွတ်သတ်လိုက်ရာ သူ့လက်ထဲ၌ သားရဲအရေပြားတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။
သူ့ပါးစပ်မှလည်း ရှုပ်ထွေးသောမန္တန်များ ထွက်ပေါ်လာပြီး သားရဲအရေပြားက ရုတ်တရက် မီးလုံးတစ်လုံး အသွင်ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်တိုက်ခိုက်သည်။
ဝမ်လင်းက မီးလုံးနှင့် ထိတွေ့မိသွားသည်။ သူက နောက်ထပ်လက်ထဲ၌ သားရဲအရေပြား တစ်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။ ထို့နောက် သူ့လက်ချောင်းထိပ်ကို အနည်းကိုက်၍ သားရဲအရေပြားပေါ်၌ မျဉ်းလိုင်းအနည်းငယ်ကို ဆွဲ၍ ပစ်လွှတ်လိုက်ပြန်သည်။
မီးလုံးက ရုတ်တရက်ပို၍ ကြမ်းကြုတ်လာခဲ့သည်။
သို့ရာတွင် ထိုအခိုက်၌ ဝမ်လင်းက မီးလုံးထဲမှ လှမ်းလျှောက်၍ ထွက်လာခဲ့၏။ မီးလုံးက သူ့နားပင် ကပ်သီနိုင်ခြင်း မရှိတော့ချေ။ ဝမ်လင်းက လှမ်းလျှောက် ထွက်လာပြီးနောက် မီးလုံးက တဖြည်းဖြည်းသေး၍ ပျောက်ကွယ်သွား၏။
သစ်ရွက်သုံးရွက်နှင့် လူရိုင်းက မှင်တက်သွားသည်။ ထို့ကြောင့် သူက အနက်ရောင် အလင်းတန်းအသွင် ပြောင်း၍ နောက်သို့လျင်မြန်စွာ ဆုတ်ခွာလိုက်၏။
ကျန်သည့်လူများကို တိုက်ခိုက်နေသော လူရိုင်းများသည်လည်း အဘိုးအိုဟု၏ အင်္ကျီစကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အကုန်လုံး အသတ်ခံလိုက်ရ၏။
ဝမ်လင်းက သစ်ရွက်သုံးရွက်ရှိသည့် လူရိုင်း၏ ခေါင်းကို ယူဆောင်၍ ပြန်လာခဲ့သည်။ သူက ၎င်းဦးခေါင်းကို မြေပေါ်သို့ ပစ်ချလိုက်၏။ သူက အဖြူရောင် ဇာပဝါနှင့်အမျိုးသမီးကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ “ရောင်းရင်းဇီရှင်း…နင်က ဒီလူရိုင်းရဲ့ အဆင့်ကို သတ်မှတ်နိုင်စွမ်းရှိတဲ့ အတွက် နင်သိထားတဲ့ အရာအားလုံး ငါ့ကို ပြောပြပါ…”
ဇီရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါက အစောပိုင်းတုန်းက ငါသိထားတဲ့ဟာတွေကို မပြောချင်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ဒီနေရာကို ရောက်လာပြီးမှ တချို့အရာတွေကို ပြန်မှတ်မိခဲ့တာ။ ဒီလူရိုင်းတွေက ငါတို့ကျင့်ကြံသူတွေနဲ့ မတူဘူး။ သူတို့ကို နှစ်ပိုင်းခွဲပြီး ပြောလို့ရတယ်။ တစ်မျိုးက နတ်ဆရာ၊ နောက်တစ်မျိုးက စစ်သည်တော် တွေဖြစ်ကြတယ်…”
“ဒီလူကတော့ သစ်ရွက်သုံးရွက် နတ်ဆရာပဲ”
“သူတို့စွမ်းအားတွေက သူတို့ခန္ဓာကိုယ်ပေါ်က တက်တူး အမှတ်အသားတွေကနေ လာတာဖြစ်တယ်။ တက်တူးအမှတ်အသား ပိုများလေလေ သူတို့က ပိုအစွမ်းထက်လေလေပဲ…”
“ဒီတက်တူး အမှတ်အသားတွေကိုတော့ သူတို့က နတ်ဆိုးသားရဲတွေရဲ့ သွေးကနေ ပြုလုပ်ကြတာ။ ဒါကြောင့် သူတို့က သားရဲတွေရဲ့ စွမ်းအားကို ရရှိနိုင်ကြတယ်…”
ထိုအခိုက်တွင် အကွာအဝေးတစ်ခုမှ လေထုပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အနက်ရောင် အလင်းတန်းတစ်ခုက အကွာအဝေးတစ်ခုကနေ လျင်မြန်စွာ ရောက်ရှိလာပြီး ဧရာမမျက်နှာကြီးတစ်ခု အသွင်သို့ ပြောင်းသွား၏။ သည်မျက်နှာပေါ်ရှိ မျက်လုံးက မြေပြင်ပေါ်တွင် ကျနေသော ဦးခေါင်းကို သေချာကြည့်နေသည်။
ထို့နောက် သည်မျက်နှာက ရှုံ့တွသွားပြီး မြေပြင်ပေါ်ရှိ ဦးခေါင်းကလည်း အသက်ရှိနေသကဲ့သို့ လှုပ်လာခဲ့၏။ သိပ်မကြာခင်တွင် ဦးခေါင်းက မျက်နှာထဲ၌ နစ်မြုပ်သွားသည်။
အဘိုးအိုဟုက နှာခေါင်းရှုံ့လိုက်၏။ သူက လှုပ်ရှားမလို ဟန်ပြင်လိုက်စဉ် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။
ဝမ်လင်းအသွင်ကလည်း ရုပ်ဆိုးလို့သွားသည်။ အကွာအဝေးတစ်ခု၌ အနက်ရောင် အလင်းတန်းငါးခု ရှိနေ၏။ ထိုအလင်းတန်းများက ဧရာမမျက်နှာကြီးများ အဖြစ်သို့ ပြောင်းသွား၍ သူတို့အား အေးစက်စွာ စူးစိုက်ကြည့်နေကြသည်။
ဇီရှင်း အသံက တုန်ယင်စွာ ထွက်ပေါ်လာသည်။ “ဒါက သစ်ရွက်ငါးရွက် ရှိတဲ့ နတ်ဆရာတွေပဲ။ သူတို့ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူတွေနဲ့ အဆင့်တူတူပဲ…”
“လူတိုင်း လူခွဲပြီး သွားကြမယ်။ ပြီးရင် တတိအလွှာဝင်ပေါက်မှာ ပြန်ဆုံကြမယ်။ ဝင်ပေါက်က မြောက်ဘက်အဆုံးမှာ ရှိတယ်…” အဘိုးအိုဟုက ထိုသို့ လျင်မြန်စွာပြော၍ ရှုလျို့နှင့် သူ့တပည့်အမျိုးသမီးကို ဆွဲခေါ်၍ လျင်မြန်စွာ ထွက်ခွာသည်။ ချူးစစ်ပိုင်ကလည်း သူ့နောက်မှ မြန်ဆန်စွာ လိုက်ပါသွား၏။
ဝမ်လင်းက မည်သို့မျှမဆိုဘဲ သူက လှည့်၍ ထွက်ခွာသွား၏။
လူတိုင်းက ခွဲ၍ ထွက်ခွာသွားသည်ကို ကြည့်၍ မျက်နှာကြီးများကလည်း တစ်ယောက်ချင်းစီ နောက်သို့ ခွဲ၍ လိုက်၏။ ဝမ်လင်းနောက်သို့ လိုက်ပါလာသော မျက်နှာကြီးက အရင်ဦးဆုံး ရောက်ရှိလာ၏။
ဝမ်လင်းမျက်လုံးများက တည်ငြိမ်လျက်ပင် ရှိသည်။ သူက ခဏတာ ပျံသန်းပြီးနောက် ရပ်တန့်၍ နောက်သို့လှည့်၍ ထိုဧရာမမျက်နှာကြီးနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူက သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံကို ထုတ်၍လိုက်သည်။ အတားအဆီးအလံက အခိုးအငွေ့များအဖြစ်သို့ ပြောင်းသွားပြီး သူ့ခန္ဓာကိုယ်အား ဝန်းရံထားလေ၏။
တစ်ချိန်တည်းမှာ မိုးကြိုးဖားပြုတ် သားရဲကလည်း သိုလှောင်အိတ်ထဲမှ ထွက်ပေါ်လာသည်။ ၎င်း၏ ဝမ်းဗိုက်က ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်။ ထို့နောက် ၎င်းက ပါးစပ်ဟ၍ လူရိုင်းနတ်ဆရာထံသို့ အလင်းလုံးနှင့် ထွေးထုတ်၏။ လေထုပေါက်ကွဲသံများပါ ထွက်ပေါ်လာ၏။
ဧရာမမျက်နှာကြီးထံမှ ထူးဆန်းသော အလင်းများ ထွက်ပေါ်နေသော အနက်ရောင်ဒြပ်ထု တစ်ခုက သူ့ရှေ့၌ အကွာအကွယ်ဒိုင်းပုံစံ ဖြစ်ပေါ်လာခဲ့၏။
အလင်းလျှပ်စီးလုံးနှင့် ဒိုင်းတို့သည် ထိတိုက်မိကြ၏။
ဘန်း…။
ဒိုင်းက တုန်ခါသွားပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ အနက်ရောင် ဒြပ်ထုများကလည်း ဒိုင်းပေါ်၌ ပိုစုဝေးလာခဲ့၏။ လျှပ်စီးအလင်းလုံး ပျောက်ကွယ်သွားပြီးနောက် အနက်ရောင်ဒြပ်ထုက သိပ်သည်းသည်ထက် သိပ်သည်းသွားပြီး ၎င်းအထဲမှ လူတစ်ယောက် လှမ်းလျှောက်၍ ထွက်လာခဲ့သည်။
သည်လူက ဆံပင်များ နောက်ကျောဘက်တွင် ရှည်လျားစွာချထားသည့် သက်လတ်ပိုင်းလူကြီး တစ်ယောက်ပင်။ သူ့ခန္ဓာကိုယ် တစ်ဝက်ကျော်က တက်တူး အမှတ်အသားများဖြင့် ဖုံးအုပ်ထား၏။ သူတို့က သူ့အရေပြားအထက်၌ အနည်းငယ် မြောလွင့်နေကြလေသည်။ သည်အမှတ်အသား တက်တူးများက အလွန်ရှုပ်ထွေးလှ၏။ ကြည့်ရသည်မှာ တက်တူး အမှတ်အသားအလွှာသည် တစ်ခုထက်ပိုရှိသည်မှာ ရှင်းလင်းလို့နေ၏။
သူ့မျက်နှာက ဧရာမမျက်နှာကြီး၏ အသွင်နှင့်တူတူပင်။ ၎င်း၏ မျက်နှာတစ်ဝက်က တက်တူးများဖြင့် ဖုံးအုပ်နေ၏။
သက်လတ်ပိုင်း လူကြီးက ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဒီဂြိုဟ်ရဲ့ ကျူးကျော်သူတွေ…မင်းတို့တွေက သဘောတူညီမှုကို ဖျက်ဆီးခဲ့နေကြတယ်။ နှစ်တစ်ရာတောင် မကုန်ဆုံးသေးပဲ ဒီနေရာကို လာရောက် ကျူးကျော်ကြတယ်။ ဒါကြောင့် ဒီထဲကို ဝင်လာတဲ့လူမှန်သမျှ သေဆုံးရမယ်…”
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက သည်လူထံ၌ မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ မတွေ့ရှိရချေ။ သို့သော် သည်တက်တူး အမှတ်အသားများက အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေ၏။
သက်လတ်ပိုင်းလူကြီးက ညာလက်ကိုမြှောက်၍ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများကို ပွတ်သပ်လိုက်၏။ သည်တက်တူးများက သူ့ခန္ဓာကိုယ်မှ ပျံသန်းသွားပြီး သူ့ညာလက်မောင်းနားတွင် လျင်မြန်စွာ စတင်လှည့်ပတ်နေသည်။
သက်လတ်ပိုင်းလူကြီးက သူ့ဘယ်လက်ကို လျင်မြန်စွာလှုပ်ရှား၍ သူ့ညာဘက် လက်မောင်းပေါ်ရှိ တက်တူး အမှတ်အသားအချို့အား လက်ညွှန်လိုက်သည်။ တက်တူးများက စတင်တောက်ပလာခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့သွား၏။ သည်တက်တူးများက သည်ဧရိယာ ပေတစ်ရာခန့်ကို ဝန်းရံသွား၏။
ထို့နောက် တက်တူးများက တဖြည်းဖြည်းနီးကပ်လာပြီး ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာ၏။
ဝမ်လင်း ပတ်ပတ်လည်ရှိ အတားအဆီး အခိုးအငွေ့များက နဂါးများအဖြစ်သို့ ပြောင်း၍ ဝင်ရောက်လာသော တက်တူးများထံသို့ တိုးဝင်သည်။
ဘန်း…။ဘန်း…။ဘန်း…။
ပေါက်ကွဲမှုများက ဆက်တိုက်ဖြစ်ပေါ်နေ၏။ အတားအဆီးအခိုးအငွေ့နှင့် တက်တူးများ ထိတိုက်မိသည့်အချိန်တိုင်း နှစ်ခုလုံးက ပျောက်ကွယ်သွားကြ၏။
“ဒါက ဘာကြီးလဲ…” သက်လတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်သွား၏။ သူက တက်တူးတစ်ခုကို ဖမ်းယူ၍ သူ့လက်ထဲတွင် သားရဲအရေပြားအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ၎င်းအရေပြားကို ပစ်လွှတ်တိုက်ခိုက်၏။
သားရဲအရေပြားက လျင်မြန်စွာ လောင်ကျွမ်းသွားပြီး တက်တူးများ၏ အမြန်နှုန်းကို မြှင့်တက်ပေးလေသည်။ ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်သွားပြီးနောက် ဝမ်လင်းထံပ အတားအဆီး အခိုးအငွေ့များက လျော့နည်းသွား၏။
ဝမ်လင်းက တည်ငြိမ်နေဆဲပင်။ သူက တက်တူး အမှတ်အသားများကို စောင့်ကြည့်နေသည်။ သူ့မျက်လုံးများက လက်ခနဲဖြစ်သွားပြီး စိတ်ထဲ၌ တွေးလိုက်သည်။ “ဒီဒေသခံလူရိုင်းတွေက ဒီတက်တူး အမှတ်အသားတွေကို တိုက်ခိုက်ဖို့အတွက် သုံးတာပဲ။ ဒီတက်တူးတွေထဲမှာ ဘာစိတ်ဝိညာဉ်စွမ်းအင်မှ မရှိပေမဲ့ ထူးဆန်းတဲ့ အားတစ်ခု ရှိနေတယ်…”
သက်လတ်ပိုင်းအရွယ် လူရိုင်းက သားရဲအရေပြားကို ပစ်လွှတ်ပြီးသည့်နောက် ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။
သူက ကောင်းကင်ဘုံဓားကို ဆုပ်ကိုင်၍ ကြွေးကြော်ကာ လွှဲ၍ ခုတ်ချသည်။ ကောင်းကင်နှစ်ခြမ်း ကွဲသလားမှတ်ရသည့် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။
သက်လတ်ပိုင်း လူကြီးအသွင်က ပြောင်းလဲသွား၏။ သူက သူ့လက်ကိုနောက်သို့ အလျင်အမြန် ဆုတ်သည်။ တတ်တူး အမှတ်အသားများက သူ့ထံသို့ အလျင်အမြန်ပြန်လာပြီး များစွာသော အကာအကွယ်ဒိုင်းများကို ဖြစ်စေ၏။
သို့ရာတွင် ကောင်းကင်ဘုံဓား၏ လွှဲခုတ်ချက် ကျဆင်းလာသည့် အခိုက်တွင် အနက်ရောင် အလင်းများကို ဖြတ်ကျော်၍ အကာအကွယ်အားလုံးကို ဖျက်ဆီးသွား၏။
သက်လတ်ပိုင်းလူကြီးက စူးရှစွာ အော်ဟစ်လိုက်သည်။ သူက တုံ့ဆိုင်းခြင်းမရှိဘဲ အနက်ရောင် ဒြပ်ထုအသွင်သို့ ပြောင်းသည်။ အနက်ရောင်ဒြပ်ထုကနေ မျက်နှာတစ်ခုအသွင်သို့ ထပ်ပြောင်း၍ နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်သည်။
သို့သော် အနက်ရောင် အလင်းတန်းများက အနက်ရောင်ဒြပ်ထုသို့ ပြောင်းသွားတုန်း ရှိနေစဉ်မှာပင် ၎င်းဒြပ်ထုထဲမှ အထိတ်တလန့် စူးရှစွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းဒြပ်ထုက မျက်နှာအဖြစ် အသွင်ပြောင်းသည့် နှုန်းက အရှိန်အနည်းငယ် လျော့ကျသွား၏။ သို့သော် ၎င်းဒြပ်ထုက လျင်မြန်စွာဖြင့် အရှိန်ပြန်မြင့်လာခဲ့၏။
ဝမ်လင်းမျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူက ၎င်းနောက်သို့ မလိုချေ။ ထိုအစား သူ့အကြည့်က မိုးကြိုးဖားပြုတ်သားရဲ ထံသို့ ကျရောက်သွား၏။
“ဒီဓားရဲ့ စွမ်းအားနဲ့တောင် သူ့ကို သတ်နိုင်စွမ်းမရှိဘူးပဲ။ ဒီဓားခုတ်ချက်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူအများစုတောင် ကောင်းမွန်တဲ့ အကာအကွယ် ရတနာတစ်ခုသာ မရှိရင် ပိတ်ဆို့နိုင်မှာ မဟုတ်ဘူး။ ဒီသစ်ရွက်ငါးခု လူရိုင်းနတ်ဆရာက တကယ့်ကို စွမ်းအားကောင်းလှတယ်…”
မိုးကြိုးဖားပြုတ်သားရဲက လေထဲသို့ ခုန်တက်လိုက်၏။ ၎င်း၏ ဝမ်းဗိုက်ကလည်း ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသည်။ ၎င်းက နောက်ထပ် လျှပ်စီး အလင်းလုံးတစ်ခုကို နောက်ဆုတ် ပျံသန်းနေသော အနက်ရောင် ဒြပ်ထုပေါ်သို့ ထွေးထုတ်လိုက်၏။ လျှပ်စီးအလင်းလုံးက အနက်ရောင် ဒြပ်ထုထဲသို့ တိုးဝင်သွားလေသည်။
ဘန်း…။
အနက်ရောင်ဒြပ်ထုထံမှ ကမ္ဘာမြေပြိုကျသလို အော်သံကြီး တစ်ခု ထွက်ပေါ်လာ၏။ အနက်ရောင် ဒြပ်ထုကလည်း ပျောက်ကွယ်သွားသလို အထဲရှိ မျက်နှာ အသွင်ကြီးကလည်း ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းက မိုးကြိုးဖားပြုတ်သားရဲ၏ လုပ်ဆောင်မှုကို တောက်လျှောက် ကြည့်နေသည်။ အနက်ရောင် ဒြပ်ထုပေါက်ကွဲသွားသော နေရာမှ သွေးညှီနံများ ပျံ့နှံ့လာလေ၏။ သက်လတ်ပိုင်းလူကြီးက လျှပ်စီးအလင်းလုံး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မိုးကြိုးဖားပြုတ်သားရဲကို ပြန်သိမ်းဆည်းလိုက်၏။ သူက နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ မြောက်အရပ်သို့ ပျံသန်းသွားတော့သည်။ နာရီအနည်းငယ် ကြာပြီးနောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူက သူ့ညာဘက်သို့ ကြည့်လိုက်၏။
ထို့နောက်သူက ကြယ်ပျံတစ်စင်းကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားလေ၏။
ဝမ်လင်း လှမ်းကြည့်လိုက်သော နေရာ၌ လူရိုင်းနှစ်ယောက် ရှိနေ၏။ တစ်ယောက်က ဆံပင်ဖြူများရှိနေပြီး သူ့ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံက တက်တူး အမှတ်အသားများဖြင့် ဖုံးအုပ်ထား၏။
သူ့ဘေးတွင်တော့ လူငယ်တစ်ယောက် ရှိနေသည်။ လူငယ်၏ ခန္ဓာကိုယ် လေးပုံတစ်ပုံက တက်တူး အမှတ်အသားများဖြင့် ဖုံးအုပ်ထား၏။
သူတို့နှစ်ယောက် ရှေ့တွင်တော့ ရွှံ့ရေအိုင်တစ်ခု ရှိနေသည်။ သည်ရွှံအိုင်မှ ရွှံရေများက ပွက်ခနဲ၊ ပွက်ခနဲ ဆူပွက်နေသည်။
သူတို့နှစ်ယောက်လုံးက ဝမ်လင်းကို ချက်ချင်း သတိပြုမိကြသည်။ လူငယ်က အလန့်တကြားပုံစံ ရှိနေသည်။ သူက သူ့ဘေးရှိအဘိုးအိုထံသို့ ကြည့်လိုက်သည်။ သို့သော် မည်သည့်စကားမျှတော့ ပြောခြင်းမရှိပေ။
အဘိုးအို၏ မျက်လုံးများက ကြည်လင်နေသည်။ သူက ဝမ်လင်းကို တစ်ချက်သာကြည့်၍ ထပ်မံစိတ်ဝင်စားခြင်း မရှိတော့ပဲ သူ့ရှေ့ရှိ ရွှံ့အိုင်သို့ ကြည့်နေ၏။
ထိုအခိုက်တွင် နဂါးအသွင်သဏ္ဌာန် တစ်ခုက ရွှံ့ရေအိုင်ထဲမှ ခုန်ထွက်လာခဲ့ပြီး အဘိုးအိုထံသို့ တိုးဝင်လာ၏။
အဘိုးအိုအသွင်က တည်ငြိမ်စွာ ရှိနေဆဲပင်။ သူက သူ့ညာဘက်လက်ရှိ တက်တူးများကို ပုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက လျင်မြန်စွာ လှုပ်ရှားလာပြီး သူ့ညာလက်ထဲ၌ ဓားကြီးတစ်လက် ဖြစ်ပေါ်လာ၏။
သူက သည်ဓားကြီးကို ကိုင်ဆောင်ထားရင်းဖြင့် ရှေ့သို့ ခုန်တိုး၍ နဂါးအား ခုတ်ပိုင်းချသည်။ နဂါးက သူ့ခေါင်းကို လှုပ်ယမ်း၍ ဓားအား ရှောင်လိုက်သည်။ ထို့နောက် အဘိုးအိုအား ဝင်တိုက်လိုက်၏။
နဂါးက အဘိုးအိုနှင့် ထိမိတော့မည့် အခိုက်တွင် အဘိုးအိုခန္ဓာကိုယ်က မရေမတွက်နိုင်သော တက်တူးအမှတ်အသားများ အဖြစ်သို့ ပြောင်း၍ ပျံ့နှံ့သွားတော့သည်။
ဝမ်လင်းမျက်လုံးများက အလေးအနက်ဖြစ်နေသည်။ သူတွေ့မြင်ခဲ့သော လူရိုင်းများ၏ နည်းစနစ်များက ကျင့်ကြံသူများနှင့် အလွန်ကွဲပြားနေခဲ့၏။
အဘိုးအို၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော တက်တူးများအဖြစ် ပြောင်းသွားပြီးနောက် နဂါး၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ နဂါးက နာကျင်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ကြီးမားသော ခန္ဓာကိုယ်ကြီးကလည်း ရွှံအိုင်ထဲသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ ထိုအခါ ရွှံ့များစွာက ပန်းထွက်၍ ပြန့်ကျဲသွား၏။
လူငယ်က ရွံ့များကို ရှောင်၍ နဂါးအား အလေးအနက် အသွင်ဖြင့် ကြည့်သည်။
သိပ်မကြာခင် နဂါးက အားနည်းသွား၏။ ထို့နောက် မရေမတွက်နိုင်သော တက်တူးများက ၎င်း၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး အဘိုးအိုအဖြစ်သို့ ပြန်ပြောင်းသွား၏။
နဂါးခန္ဓာကိုယ်ထဲမှ နောက်ဆုံး တက်တူးအမှတ်အသား တစ်ခုက သူ့ခန္ဓာကိုယ်ထံသို့ ပြန်ရောက်လာသည့် အချိန်တွင် အဘိုးအိုက နဂါးပေါ်သို့ ခုန်တက်လိုက်ပြီး နဂါးခေါင်းအား ပိုင်းလှီးပစ်သည်။ သွေးများစွာက နဂါးခေါင်းမှ ပန်းထွက်လာ၏။
လူငယ်က အူမြူစွာဖြင့် ရှေ့သို့ပြေးသွားသည်။ သူက သူ့ကိုယ်သူ သည်နဂါးသွေး လတ်လတ်ဆတ်ဆတ်များဖြင့် ဖုံးအုပ်စေလိုက်၏။ သူ့တက်တူးများကလည်း အသက်ဝင်နေသည့် အလား လှုပ်ရှားနေခဲ့သည်။
သိပ်မကြာခင်တွင် လူငယ်က ထိုင်ချ၍ လေ့ကျင့်နေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ရှိနှင့်ပြီး တက်တူးအဟောင်းများ နေရာ၌ တက်တူးအသစ်များက အစားထိုး ဝင်ရောက်လာခဲ့သည်။
ထိုအရာကို ကြည့်၍ ဝမ်လင်းက ရုတ်တရက် လူတစ်ယောက်အကြောင်း တွေးမိလိုက်သည်။
***