ထိုသို့ပြုလုပ်ပြီးနောက် ဝမ်လင်းက လက်သီးဆုပ်လိုက်ရာ ဇလုံအသွင်က ထည့်စရာတစ်ခုလို ပြောင်းလဲသွား၏။ လက်မောင်းက ၎င်းအထဲတွင် ချိပ်ပိတ်ခြင်း ခံလိုက်ရသည်။
ထိုအချိန်၌ ဟင်္သာပြဒါးနိုင်ငံ၏ နေရာတစ်ခုတွင် အနီရောင်လိပ်ပြာက ကြာပွင့်တစ်ပွင့်၏ ထက်၌ ကျင့်ကြံလျက်ရှိသည်။
သည်ဧရိယာတစ်ခုလုံးက ကြည်လင်သော ရေပြာပြာများ၊ အနံ့မွှေးသော သစ်ပင်ပန်းမန်များနှင့် ဝန်းရံနေသည်။ အနီးအနား၌ စိတ်ဝိညာဉ်သားရဲ အချို့ပင် ရှိလို့နေသေး၏။
ရေထဲ၌ အမွေးတကားကားနှင့် ငါးကြင်းအချို့လည်း ရှိနေ၏။ သည်ငါးကြင်းများ၏ မျက်လုံးက ရှင်သန်ခြင်းဓာတ်ကို ပြသနေသည်။ သူတို့က အသိဉာဏ်ရှိနေသည် ကိုလည်း ရှင်းလင်းစွာ သိနိုင်၏။
အနီရောင်လိပ်ပြာက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ လက်တစ်ဖက် နေရာကတော့ လွတ်နေခဲ့၏။
သူမနှင့် မျက်နှာချင်းဆိုင်တွင် ကြည့်ကောင်းလှသည့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်နေသည်။
သူက အနီရောင်လိပ်ပြာကို ကြင်နာစွာ ကြည့်၍ ပြောလိုက်သည်။ “ဂျူနီယာ ညီမလေး အနီရောင်လိပ်ပြာ … နင့်လက်မောင်း ပြန်ဖြစ်တည်လာဖို့ အရှေ့ဘက်ပင်လယ်က စိတ်ဝိညာဉ်တစ်ခုကို ပေးပြီးသားလေ။ ဒါကို ဘာကြောင့် ခုထိ အသုံးမပြု ရသေးတာလဲ …”
အနီရောင်လိပ်ပြာက မျက်လုံးဖွင့်လာခဲ့ပြီး အေးတိအေးစက် တုံ့ပြန်လိုက်၏။ ငါ့ လက်မောင်းမရှိတဲ့ အင်္ကျီစကို ကြည့်တိုင်း စန်နူးကို သတ်ချင်တဲ့စိတ်က ပိုတိုးလာခဲ့တယ်။ ငါ သူ့ကိုမသတ်ရ သေးသ၍ ငါ့လက်တစ်ဖက်က ပျောက်ကွယ် နေဦးမှာပဲ။ စီနီယာအစ်ကို … ငါ့စိတ်ကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့ …”
“စန်နူး …” သတ်ဖြတ်လိုမှု စိတ်ဆန္ဒက သက်လတ်ပိုင်း လူကြီး၏ မျက်လုံးထဲ၌ ဖျတ်ခနဲ ဖြစ်သွားသည်။
စန်နူးက ငါ့ တာအိုနှလုံးသားကို ဖျက်ဆီးချင်ခဲ့တယ်။ ဒါ့ကြောင့် ငါ့လက်မောင်း တစ်ဖက်ကို ယူသွားခဲ့တာပဲ။ ဒါပေမဲ့ ငါ့တာအို နှလုံးသားက မပျက်စီးတဲ့အပြင် ပိုပြီးတော့တောင် ပြည့်စုံလာခဲ့တယ်။ ဟင်္သာပြဒါးတောင်က ငါ့ကို သူနဲ့ တိုက်ခိုက်စေချင်တာကို ဝမ်းမြောက်နေမိတယ် …” အနီရောင်လိပ်ပြာက ခေါင်းမော့၍ အကွာအဝေး တစ်ခုသို့ ငေးကြည့်နေ၏။
“ဟမ် … ဟင်္သာပြဒါးတောင်ကြောင့်သာ မဟုတ်ရင် ငါက စန်နူးဆိုတဲ့ ကောင်ကို ဂျူနီယာ ညီမလေးအတွက် ဖမ်းခေါ်လာပြီး သတ်ပစ်ပြီးနေပြီ …” သက်လတ်ပိုင်း လူကြီး၏ မျက်လုံးများက တလက်လက် ဖြစ်နေသည်။
အနီရောင် လိပ်ပြာက စကားပြန်ပြောမလို လုပ်လိုက်စဉ် သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။ သူမနဖူးထက်၌ အနီရောင် အနားကွပ် အနက်ရောင်လိုင်း တစ်ခု ပေါ်လာခဲ့ပြီး လျင်မြန်စွာ ပျံ့နှံ့သွား၏။
အနီရောင်လိပ်ပြာက သူဘယ်ဘက်လက်ဖြင့် သူမနဖူးကို လျင်မြန်စွာ ဖိချလိုက်သည်။ သူမမျက်နှာက အရောင်မျိုးစုံ ပြောင်းလဲသွားပြီး ရုန်းကန်နေရ၏။ အချိန်အတန်ကြာမှ အနက်ရောင်လိုင်းက မှေးမှိန်သွားခဲ့သည်။ သူမ၏ မျက်နှာထက်၌ အလွန်မုန်းတီးနေဟန် အသွင် ထွက်ပေါ်လာ၏။
“စန်နူးက ငါ့ပြတ်သွားတဲ့ လက်တစ်ဖက်ကို သန့်စင်ပြီး ငါ့ကို ဒဏ်ရာရဖို့ ကြိုးစားနေတယ် …”
အနီရောင်လိပ်ပြာက ဘယ်ဘက်လက်ဖြင့် ချိပ်တံဆိပ်များစွာ ပြုလုပ်၍ သူမနဖူးပေါ်သို့ နေရာချလိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူမက ကြိုးစား၍ မတ်တတ်ရပ်လိုက်သော်လည်း ပြန်ထိုင်ကျသွားသည်။ သူမမျက်နှာက ရှုံ့တွနက်မှောင်နေ၏။
“ဂျူနီယာညီမလေး ငါ ဟင်္သာပြဒါးတောင်ရဲ့ အမိန့်ကို ဆန့်ကျင်ပြီး စန်နူးကို သတ်ပစ်မယ်။ အများဆုံး ငါက နှစ်တစ်ရာတံခါးပိတ် လေ့ကျင့်ဖို့အတွက် အပြစ်ပေးခံရုံပဲ …” သက်လတ်ပိုင်းလူကြီး နှလုံးသားက နာကျင်နေပြီး သူက လှည့်၍ ထွက်ခွာသွား၏။
အနီရောင်လိပ်ပြာက ခပ်တိုးတိုးပြောလိုက်၏။ “စီနီယာအစ်ကို … စန်နူးကို သတ်မယ့် တစ်ယောက်ယောက်ရှိရင် အဲ့ဒါ ငါပဲ ဖြစ်ရမယ်။ ဟင်္သာပြဒါးတောင်က စန်နူးနဲ့ ပတ်သက်လို့ သတင်းပို့လွှတ်မှု နှစ်ခု ပြုလုပ်ခဲ့တယ်။ နင် သူ့ကို သတ်ရင် နှစ်တစ်ရာစာလောက် တံခါးပိတ် လေ့ကျင့်တာလောက်နဲ့ ပြီးသွားလောက်အောင် ရိုးရှင်းမနေဘူး..”
သက်လတ်ပိုင်း လူကြီး၏ အသွင်က ရှုံ့တွသွားပြီး သူက ပြန်ထိုင်ချလိုက်၏။ သို့ရာတွင် သူက ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ အချက်အလက် အချို့ကို မှတ်တမ်းတင်လိုက်ပြီး ၎င်းကျောက်စိမ်းပြားကို အဝေးသို့ ပစ်လွှတ်လိုက်၏။
“ငါက ကိုယ်တိုင်မသွားဘူး။ ဒီအဆင့်နိမ့် နိုင်ငံတွေရဲ့ ကျင့်ကြံသူ အချို့ကိုပဲ စေလွှတ်လိုက်မယ်။ ဒါဆို ဟင်္သာပြဒါးတောင်ကလည်း ငါ့ကို ဘာမှလုပ်လို့ ရမှာ မဟုတ်တော့ဘူး …”
အနီရောင်လိပ်ပြာက မည်သို့မျှ မတုံ့ပြန်ပေ။ သူမက မျက်လုံးမှိတ်၍ သူမခန္ဓာကိုယ်ထဲသို့ ကျူးကျော် ဝင်ရောက်လာသော အနက်ရောင်လိုင်းကို ချိပ်ပိတ်ရန်သာ အာရုံစိုက်လိုက်၏။
ဟင်္သာပြဒါးနိုင်ငံ အရှေ့ဘက်တွင် ငှက်ပုံစံ အသွင်ရှိသည့် တောင်တစ်ခု ရှိသည်။ သည်တောင်ကို ဟင်္သာပြဒါးတောင်ဟု သိကြ၏။
ဟင်္သာပြဒါးတောင်က ဟင်္သာပြဒါးနိုင်ငံ၏ မြင့်မြတ်သည့် နေရာပင်။ ဟင်္သာပြဒါးနိုင်ငံတွင် ဖြစ်ပျက်သမျှအရာ အားလုံးက သူတို့၏ ထောက်ခံမှု လိုအပ်၏။
သည်နေ့တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ထိုတောင်ခြေသို့ ရောက်နေခဲ့၏။ သူက ခက်ခဲသော အခြေအနေ တစ်ခုထဲသို့ ကျရောက်နေ၏။ သူက တောင်ပေါ်သို့ မတက်ခင် တောင်ခြေ၌ အချိန်အတန်ကြာ လှည့်ပတ်နေ၏။
တောင်အလယ်ရှိ နန်းတော်အပြင်ဘက်၌ လူငယ်က ဒူးတစ်ဖက် ထောက်ချ၍ ပြောလိုက်သည်။ “တပည့် ဖန်ယုရှန်က အကြီးအကဲကို ဂါရဝ ပြုပါတယ် …”
အချိန် အတန်ကြာပြီးနောက် နန်းတော်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ဘာကိစ္စလဲ”
“တပည့်က ဟင်္သာပြဒါးတောင်ရဲ့ အမိန့်အရ စန်နူးကို စိန်ခေါ်စာ ပို့ခဲ့ပြီးပါပြီ။ ဒါပေမဲ့ စန်နူးက ဒါကို လက်မခံခဲ့ပါဘူး။ သူက ဆယ်နှစ် အချိန်ဆွဲခဲ့ပါတယ် …” ဖန်ယုရှန်က မလိမ်ညာရဲဘဲ အမှန်တိုင်း ပြောလိုက်၏။
နန်းတော်ထဲမှ မကျေမနပ် အသံတစ်ခု ထွက်ပေါ်လာ၏။ “ဟမ် … စန်နူးက သူ့နေရာကိုသူ တကယ့်မသိဘူးပဲ။ မင်းသွားနိုင်ပြီ။ တစ်ယောက်ယောက်ကို သူ့ကို ဒီနေရာ ခေါ်လာခိုင်းလိုက်မယ်”
ဖန်ယုရှန်၏ နဖူးထက်၌ ချွေးများဖြင့် စို့နေခဲ့ပြီး သူက လျင်မြန်စွာ ထွက်ခွာသွား၏။
“ဇီဝူ … စန်နူးကို ဒီနေရာကို ခေါ်လာခဲ့ …” ထိုအသံကို နန်းတော်ထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် မြူများ ဖုံးအုပ်နေသည့် လူတစ်ယောက် ထွက်ပေါ်လာ၏။
ဇီဝူက ပျင်းရိလေးတွဲစွာဖြင့် ပြန်မေးလိုက်၏။ “အသေလား … ။ အရှင်လား …”
နန်းတော်ထဲမှ အသံ ထွက်ပေါ်လာပြန်၏။ “မင်း ကြိုက်သလို ခေါ်ခဲ့ …”
“ကောင်းပါပြီ” ဇီဝူက လှည့်၍ထွက်ခွာသွားရန် ပြင်လိုက်၏။
သို့ရာတွင် ထိုအခိုက်၌ အနီရောင် အလင်းတန်းတစ်ခုသည် ဟင်္သာပြဒါး တောင်ထိပ်မှ နန်းတော်ထဲသို့ ဝင်ရောက်သွား၏။
နန်းတော်ထဲမှ အသံပိုင်ရှင်သည် အံ့အားသင့်သွား၏။ သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “စောင့်ဦး …”
အချိန် အတန်ကြာပြီးနောက် နန်းတော်ထဲမှ နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။ “ထားလိုက်တော့။ မင်း သွားစရာ မလိုတော့ဘူး။ ငါတို့ သူ့ကို ဆယ်နှစ်စောင့်ကြတာပေါ့ …”
ထို့နောက် ဇီဝူက ဟင်္သာပြဒါးတောင်မှ ပျောက်ကွယ်သွားတော့သည်။
နန်းတော်အတွင်း၌ ဆံပင်ကော၊ မျက်ခုံးမွေးကော ဆွတ်ဆွတ်ဖြူနေသည့် အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက အနီရောင် ကျောက်စိမ်းပြား စူးစိုက်ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “စန်နူးကို သုံးကြိမ်တိုင်တိုင် ကြားခံအဖြစ် ဆောင်ရွက် ပေးရအောင် သူ့နောက်ခံက ဘာများဖြစ်နေမလဲ …”
ထိုအခိုက်တွင် ဝမ်လင်းက တောင်ကြားထဲ၌ ခြေချိတ်၍ ထိုင်နေလျက်ရှိသည်။ သူ့ရှေ့တွင် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားတစ်စင်း ရှိနေ၏။
ဝမ်လင်းက စစ်ရထားကို မတည်မငြိမ် အသွင်ဖြင့် စူးစိုက်ကြည့်နေ၏။ သူက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထိလိုက်ရာ မိုးကြိုးဖားပြုတ်သားရဲ ထွက်ပေါ်လာ၏။
မိုးကြိုးဖားပြုတ်၏ ဒဏ်ရာများသည် ပြန်လည်ကုသပေးပြီး ဖြစ်၏။ ၎င်းသားရဲက ဝမ်လင်းကို ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်နေ၏။
ဝမ်လင်းကြောင့်သာ မဟုတ်လျှင် သူက အစောပိုင်းထဲက ဒဏ်ရာများကြောင့် သေဆုံးနေခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်သည်။ “မိုးကြိုးဖားပြုတ်သားရဲ … ငါမင်းကို သားရဲချုပ်နှောင်ခြင်း ထောင်ချောက်ထဲက ထုတ်ပေးမယ်။ မင်းက ငါနဲ့ နေဖို့ဆန္ဒရှိရင် ငါ့နောက်လိုက်နိုင်တယ်။ ဆန္ဒမရှိရင် မင်း ထွက်သွားနိုင်တယ်။ အဆင်ပြေလား …”
မိုးကြိုးဖားပြုတ်သားရဲက ခေါင်းညိတ်ပြသည်။
ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များစွာ ပြုလုပ်လိုက်၏။ ချိပ်တံဆိပ်များက သားရဲချုပ်နှောင်ခြင်း လက်ကောက်ထံသို့ ကျရောက်သွား၏။ လက်ကောက်ထံမှ သင်္ကေတများ ပျံ့နှံ့လာသည်။
အဆုံး၌ ဝမ်လင်းရှေ့တွင် ထူးဆန်းသော အရာတစ်ခု ဖြစ်ပွားသွား၏။ သင်္ကေတများထဲက ကြီးမားသော အဝန်းအဝိုင်းများ ထွက်ပေါ်လာ၏။ အဝန်းအဝိုင်း တစ်ခုချင်းစီက ပထမတစ်ခု နောက်တစ်ခုက သေးသေးလာခဲ့သည်။
“ထုတ်လွှတ်စမ်း …” ဝမ်လင်းက အော်ဟစ်လိုက်၏။ ရုတ်တရက် သင်္ကေတများက စတင် လှည့်ပတ်လာသည်။ အစိမ်းရောင် အခိုးအငွေ့ အမျှင်တန်းတစ်ခုက သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲမှ ထွက်ပေါ်လာ၏။ ၎င်းက သင်္ကေတများကို ဖြတ်၍ မိုးကြိုးဖားပြုတ် သားရဲထံသို့ ဝင်ရောက်သွားသည်။
မိုးကြိုးဖားပြုတ်သားရဲ ဟိန်းသံပြု၍ သူ့မျက်လုံးများက တလက်လက် ဖြစ်နေသည်။
သင်္ကေတများက ပျောက်ကွယ် မသွားသေးဘဲ ဆက်လက် လှည့်ပတ်နေသည်။
ဝမ်လင်းက မိုးကြိုးဖားပြုတ်သားရဲ ထံသို့ ကြည့်မနေခဲ့ချေ။ ထိုအစား သူက စစ်ရထားကို သာကြည့်နေ၏။ သူညာလက်လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ပြုလုပ်၍ စစ်ရထားထံသို့ လက်ညွှန်လိုက်သည်။ အမည်းရောင် မြူခိုးများက စစ်ရထားပေါ်၌ ပေါ်လာခဲ့သည်။ မြူများအတွင်း၌ မျက်လုံးတစ်စုံကို တွေ့မြင်နိုင်၏။ စစ်ရထားထဲမှ ကြောက်မက်ဖွယ် ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက် စစ်ရထား၏ သားရဲစိတ်ဝိညာဉ်က ထွက်ပေါ်လာခဲ့၏။
သည်စိတ်ဝိညာဉ်က ရထားသုံးခုထဲမှ အသေးငယ်ဆုံး စိတ်ဝိညာဉ်ပင်။ ၎င်းက ဝမ်လင်း၏ ချိပ်ပိတ်ခြင်းကို ခံထားရသည်။ သို့သော် အခုချိန်၌ ၎င်းက လွတ်လပ်နေပြီး ဝမ်လင်းထံသို့ ကြည့်နေ၏။
၎င်း၏ ဦးခေါင်းက ချိုသုံးခု ရှိပြီး ခန္ဓာကိုယ်က နွားထီးပုံစံ ရှိကာ အမြီးက နဂါးအသွင် ရှိသည်။ အမြီး၌ မျက်နှာတစ်ခုပင် ရှိနေသည်။
ဝမ်လင်းက သားရဲချုပ်နှောင်ခြင်း လက်ကောက်ပေါ်သို့ သွေးတစ်စက် မချခင် သားရဲစိတ်ဝိညာဉ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ ထို့နောက် သူက စစ်ရထား သားရဲစိတ်ဝိညာဉ်ကို လက်ညွှန်လိုက်သည်။ သားရဲထောင်ချောက်ထဲမှ သင်္ကေတများက ရုတ်တရက် တုန်ခါလာပြီး အလင်းတန်း အသွင်ပြောင်း၍ သားရဲစိတ်ဝိညာဉ် အနား၌ လှည့်ပတ်သွားသည်။
သားရဲစိတ်ဝိညာဉ်က ဟိန်းသံများပြု၍ ကြိုးစား ရုန်းကန်နေသည်။ သို့သော် အမည်းရောင် ချိန်းကြိုးများက စစ်ရထားအတွင်းမှ ထွက်လာပြီး ၎င်းအား ချုပ်နှောင်ထား၏။
သင်္ကေတများကြောင့် ဖြစ်ပေါ်လာသော အလင်းတန်းက သားရဲခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားပြီး ရွှေရောင်တစ်ချက် တောက်ပသွား၏။
သားရဲအော်သံများက ကြမ်းကြုတ်စွာ ထွက်ပေါ်လာ၏။ အချို့ချိန်းကြိုးများပင် ပြုတ်ထွက်ကုန်ကြသည်။ သို့သော် ပိုများပြားသော ချိန်းကြိုးများက ထွက်ပေါ်လာပြီး သားရဲအား လုံးဝချုပ်နှောင် ထားလေ၏။
အဆုံးသတ်၌ သားရဲခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသော သင်္ကေတများသည် အထိုင်ကျသွား၏။ သားရဲကလည်း ဆက်လက် ရုန်းကန်ခြင်း မပြုတော့ပေ။ သို့သော် ၎င်း၏မျက်လုံးများက အလွန်ကြမ်းကြုတ်နေ၏။
ဝမ်လင်း အကြည့်က တည်ငြိမ်နေဆဲပင်။ သည်သင်္ကေတများက လုံးဝ အထိုင်ကျသွားပြီးနောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ပြန်လာစမ်း …”
သားရဲပေါ်ရှိ သင်္ကေတများက တောက်ပသွားသည်။ သင်္ကေတ အရောင်များက ရွှေရောင်မှ အမည်းရောင်သို့ ပြောင်းလဲသွားပြီး သားရဲချုပ်နှောင်ခြင်း လက်ကောက်ပေါ်သို့ ပျံသန်းသွား၏။
နောက်ဆုံးသင်္ကေတစ်ခုက သားရဲချုပ်နှောင်ခြင်းပေါ်၌ ပျောက်ကွယ်သွားချိန်၌ လက်ကောက်ပေါ်၌ သားရဲအသစ်တစ်ကောင် ပေါ်လာခဲ့သည်။ သည်သားရဲက စစ်ရထား၏ သားရဲစိတ်ဝိညာဉ်နှင့် လုံးဝတူညီသည်။
တစ်ချိန်တည်းမှာပင် စစ်ရထားက အမည်းရောင် အလင်းတန်းတစ်ခုသို့ ပြောင်းသွား၍ သားရဲထောင်ချောက်ထဲ၌ ပျောက်ကွယ်သွားသည်။
ဝမ်လင်းက အသက်ဝဝ ရှူသွင်း၍ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးရှစ်ခုက သူ့ပတ်လည်၌ ဝန်းရံသွား၏။ သားရဲချုပ်နှောင်ခြင်း လက်ကောက်က သူ့ထံသို့ ပျံသန်းလာခဲ့ပြီး သူ့ညာဘက် လက်ကောက်ဝတ်၌ စွပ်သွားသည်။
သူက မိုးကြိုးဖားပြုတ်သားရဲနှင့် တွေ့ကြုံ့ဖူးသည်ထက် မရေမတွက် နိုင်အောင် စုပို၍ အားကောင်းသော စုပ်အားတစ်ခုက သူ့ထံမှ စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူလာသည်။ ဝမ်လင်း ခန္ဓာကိုယ်က ချက်ချင်းကျုံ့သွားပြီး မမ်မီတစ်ကောင်လို စတင်ပြောင်းလဲ လာသည်။
သို့ရာတွင် သူ့မျက်လုံးများက တည်ငြိမ်လျက်ပင်။ သူ့ပတ်လည်ရှိ စိတ်ဝိညာဉ်ကျောက်တုံး ရှစ်ခုက တောက်ပလာခဲ့သည်။ ရူးသွပ်ဖွယ် ကောင်းလှသည့် စိတ်ဝိညာဉ် စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှ တစ်ဆင့် သားရဲချုပ်နှောင်ခြင်း လက်ကောက်ထဲသို့ တိုးဝင်သွား၏။
သည်ဖြစ်စဉ်က သုံးရက်တိတိ ကြာမြင့်ခဲ့လေသည်။
သုံးရက်ကြာပြီးနောက် သားရဲချုပ်နှောင်ခြင်း လက်ကောက်မှ စုပ်ယူအားသည် စတင် ပျောက်ကွယ်လာ၏။ ဝမ်လင်း ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။
ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးရှစ်ခုထဲမှ တစ်ခုသည် ကွဲကြေသွားပြီး ဖုန်မှုန်အဖြစ်သို့ ပြောင်းသွား၏။
ဝမ်လင်းက စိုးရိမ်ဟန်ဖြင့် မျက်လုံး ဖွင့်လာခဲ့သည်။ သူက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက အေးစက်သွား၏။
“စုပ်ယူအား တစ်ခုတည်းနဲ့တင် ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးတစ်ခုကို အသုံးပြု ခဲ့ရသည်။ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား … ငါက မင်းကို ဒီနာမည်နဲ့ ထိုက်တန်တဲ့အချိန်ကို စောင့်ကြည့်ရမယ် …”
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးခုနစ်ခုကို ပြန်သိမ်းခြင်း မပြုသေးဘဲ သူ့ကိုယ်ပေါ်၌ ထားထား၏။ သူက သားရဲချုပ်နှောင်ခြင်း ထောင်ချောက်သည် အသုံးပြုပြီးတိုင်း သူ့ထံမှ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူဦးမည်ကို သိနေခဲ့သည်။ ထိုသို့ဖြစ်လာမည့် ကိစ္စအတွက် သူက သူ့ကိုယ်ပေါ်၌ ထိပ်တန်းစိတ်ဝိညာဉ် ကျောက်တုံးများကို ထားထားခြင်း ဖြစ်သည်။
ဝမ်လင်းက သားရဲချုပ်နှောင်ခြင်း လက်ကောက်ကို ထိလိုက်၏။ ထို့နောက်သူက မတ်တတ်ထရပ်၍ မိုးကြိုးဖားပြုတ်သားရဲကို ကြည့်လိုက်သည်။ သည်သုံးရက်အတွင်း မိုးကြိုးဖားပြုတ်သားရဲက လုံးဝလှုပ်ရှားခြင်း မပြုပေ။ သူက ဝမ်လင်းကို တစ်ချိန်လုံး စောင့်ကြပ် ပေးနေခဲ့၏။
သူက ဝမ်လင်း ထလာသည်ကို တွေ့မြင်လိုက်သည့်အခါ မိုးကြိုးဖားပြုတ်သားရဲက ဝမ်လင်းကို သူ့ခေါင်းနှင့် တိုးခွေ့လိုက်၏။ သည့်နောက် ဝမ်လင်းက ၎င်း၏ကျောပေါ်သို့ တက်၍ စီးနင်းလိုက်သည်။ ဝမ်လင်းက ပြုံးလိုက်၏။ “မင်းက ငါ့နောက်လိုက်ချင်တာလား …”
မိုးကြိုးသားရဲ၏ ဝမ်းဗိုက်က ပိန်လိုက်ဖောင်းလိုက် ဖြစ်သွားပြီး ၎င်းက ဟိန်းသံပြု၍ ပြန်ဖြေလိုက်၏။
ကောင်းတယ်။ ဒီနေ့ကစပြီး ငါက မင်းကို ခြင်သားရဲနဲ့တူတူ ဆက်ဆံပြီး ပြုစု ပျိုးထောင်ပေးမယ် …” သူက သိုလှောင်အိတ်ထဲမှ ခြင်သားရဲကို ဆင့်ခေါ်လိုက်သည်။
ဘာသာပြန်သူမှတ်ချက် ( ဟင်္သာပြဒါးသည် ငှက်အမျိုးအစား တစ်မျိုးဖြစ်သည်။ ထို့ကြောင့်လည်း ဟင်္သာပြဒါးနိုင်ငံရှိ ဟင်္သာပြဒါးတောင်က ငှက်ပုံစံ ရှိနေခြင်းဖြစ်သည်။ သည်နာမည်က နောက်ပိုင်းအခန်းများတွင် အနည်းငယ် ရှုပ်ထွေးလာနိုင်၏။ အကြောင်းမှာ သည်ဟင်္သာပြဒါးဂြိုဟ်၏ အသန်မာဆုံး ကျင့်ကြံသူ၏ နာမည်သည်လည်း “ဟင်္သာပြဒါး” ဟု ခေါ်ဆိုသောကြောင့်ပင်။ )
***