Switch Mode

အခန်း (၄၈၆)

လျှို့ဝှက်ချက်များနှင့် သမိုင်းကြောင်း

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းပင် ခေါင်းမော့လာ၏။ ထိုအချိန်တွင် အမှောင်ဂိုဏ်းကြီး လုံးဝပျက်စီးသွားခဲ့သည့် ပုံရိပ်ကြီးမှာ သူ၏အတွေးထဲ၌ ပေါ်ပေါက်လာသည်။ အကယ်၍ အမှောင်အုပ်စုသာ အောင်မြင်သွားခဲ့မည်ဆိုပါက သူတို့မှာ ကမ္ဘာပေါ်မှ လူသားများအား မည်သို့မည်ဖုံ ဆက်ဆံကြမည်ကို သူက မသိပေ။ သို့သော် သူတစ်ယောက်တည်းသာမက ပြည်ထောင်စုကြီးတစ်ခုလုံးမှာ သူတို့၏အသက်များကို ထိုအုပ်စု၏ လက်ထဲသို့ လုံးဝအပ်နိုင်မည် မဟုတ်ပေ။

” ဒါပေမဲ့ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အမှောင်အုပ်စုက တခြားအုပ်စုတွေနဲ့ယှဉ်လိုက်ရင် သိပ်ပြီးတော့ အာဏာမရှိဘူး။ တကယ်တမ်းပြောရေးဆိုခွင့်ရှိတဲ့ အုပ်စုက ငါတို့တွေ အလင်းအုပ်စုလို့ ခေါ်တဲ့ ဒုတိယမြောက်အုပ်စုပဲ။ အဲဒီနာမည်က ငါတို့တွေ ပေးထားတဲ့ နာမည်တစ်ခုပဲနော် ”

” အလင်းအုပ်စုရဲ့ နိုင်ငံရေးအတွေးအမြင်စနစ်က အမှောင်အုပ်စုနဲ့ မတူဘူး။ သူတို့ရဲ့ မိခင်ဂြိုဟ်က ဖျက်ဆီးခံရပြီးမလို့ နဂိုတုန်းက သူတို့‌တွေသွားဖို့ ကြံစည်ထားတဲ့ နေရာကိုပဲသွားသွား နေအဖွဲ့အစည်းထဲမှာပဲနေနေ သူတို့အတွက် အရေးမကြီးဘူးလို့ သူတို့က ခံယူထားတာ။ ပြီးတော့ သူတို့က နေအဖွဲ့အစည်းကို သဘောကျပြီးတော့ ဒီမှာပဲ အခြေချနေထိုင်ချင်ကြတဲ့ပုံပဲ။ သူတို့က ပြည်ထောင်စုကြီးနဲ့ ပူးပေါင်းပြီးတော့ ပြည်ထောင်စုကြီးတစ်ခုလုံးကို သူတို့လက်အောက်ရောက်အောင် သိမ်းသွင်းချင်နေတာ ”

” သူတို့က ငါတို့တွေနဲ့အတူတူ တိုးတက်ပြောင်းလဲလာဖို့ ဆန္ဒရှိတယ်။ အဲဒီနည်းလမ်းက သူတို့ဘက်ကြည့်ရင် စိတ်ကူးယဉ်ဆန်တဲ့ပုံ ပေါက်ပေမဲ့ ငါတို့လို အင်အားနည်း အဖွဲ့အစည်းအတွက်ကတော့ အကောင်းဆုံးပဲ။ တတိယအုပ်စုကိုတော့ ထည့်စဉ်းစားနေစရာမလိုဘူး။ သူတို့က တံခါးပိတ်ပြီးတော့ လေ့ကျင့်နေကြတဲ့ ကြားနေအုပ်စုတစ်ခုပဲ။ အဲဒီအုပ်စုက ဒီလို နိုင်ငံရေးအရှုပ်အယှက်တွေအတွက် အာရုံနောက်ခံနေမှာမဟုတ်ဘူး ” အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားဆက်မပြောတော့ဘဲ ဝမ်ပေါင်လဲ့အား သူမ ပြောခဲ့သည့်စကားများကို တွေးတောသုံးသပ်နိုင်ရန် အချိန်ပေးလိုက်၏။

” အဲတာဆို အမှောင်အုပ်စုနဲ့ အလင်းအုပ်စုက အခုလက်ရှိမှာ ပဋိပက္ခတွေ ဖြစ်နေကြတာလား ” ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် မေးလိုက်၏။

” ငါတို့တွေ သိထားသလောက်ဆိုရင်တော့ ဟုတ်တယ်။ ဒါပေမဲ့ လောလောဆယ်မှာ အလင်းအုပ်စုက အသာစီးရနေတာ။ အဲတာမလို့လည်း ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတစ်ခု ရှိနေတာပေါ့ ”

” ငါ နင့်ကို ပြောပြခဲ့တဲ့ အရာတွေအားလုံးက လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုကျော်က ဖြစ်ပျက်ခဲ့တဲ့အရာတွေ။ ဗုဒ္ဓဟူးဂြိုဟ်ပေါ်က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကိုလည်း အဲ့အချိန်ကတည်းက စပြီးတော့တည်ဆောက်နေခဲ့တာ…. ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးက ထိခိုက်ပျက်စီးသွားခဲ့ပြီးနောက်ပိုင်း ဓားကြီးရဲ့ ကိုယ်ထည်အတွင်းပိုင်းထဲမှာရှိတဲ့ တည်ဆောက်ပုံတွေက အများကြီးပြောင်းလဲသွားခဲ့တာ။ ပြီးတော့ အဲဒီဓားကြီးက နေမင်းကြီးနဲ့ အရမ်းကို နီးကပ်နေတာမလို့ အပူဒဏ်ခံနိုင်တဲ့ အကာအရံတစ်ခုကိုပဲ ထုတ်လွှတ်ထားနိုင်စွမ်းရှိပြီးတော့ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိတော့ဘူး။ အဲ့တာမလို့ ကျယ်ပြန့်တာအိုနန်းတော်က လက်ရှိမှာ ပိတ်မိနေတာလို့ ပြောလို့ရတယ်။ တကယ်လို့ သူတို့က အကာအရံကြီးထဲကနေ အတင်းအဓမ္မ ထွက်သွားမယ်ဆိုရင် အပြင်မရောက်ခင်မှာ အရည်ပျော်ကျသွားမှာ ”

ဝမ်ပေါင်လဲ့မှာ ဘုရင်ခံ၏ စကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွား၏။

” ဘုရင်ခံ။ ဒီအချက်အလက်တွေက ရှေ့နောက်လည်း မညီကြဘူး။ သူတို့က အဲဒီအကာအရံကြီးထဲကနေ ထွက်မလာနိုင်မှတော့ အမှောင်အုပ်စုက ဘယ်လိုလုပ်ပြီး နေအဖွဲ့အစည်းထဲက ရင်းမြစ်ပစ္စည်းတွေကို မောင်ပိုင်စီးနိုင်မှာလဲ။ ပြီးတော့ ပြည်ထောင်စုကြီးကရော ဒီသတင်းအချက်အလက်တွေကို ဘယ်လိုလုပ်ပြီးတော့ သိခဲ့တာလဲ ” ဝမ်ပေါင်လဲ့မှာ နဖူးကိုပွတ်ရင်း မေးလိုက်၏။ သူသည် သာမန်လူများမသိနိုင်သော ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးနှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို သိရှိထားပြီးသား ဖြစ်သည်။ သို့သော်လည်း ယခုတွင် အချက်အလက်အသစ်များကို ထပ်၍ ကြားသိလိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားရဆဲပင်။

” အခုနင်မေးနေတဲ့ မေးခွန်းတွေကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုကြီးက အဖြေရှာခဲ့ပြီးသား။ ကျယ်ပြန့်တာအိုနန်းတော်က ပိတ်မိနေတာမှန်ပေမဲ့ လုံးဝထွက်မသွားနိုင်တဲ့ အခြေအနေကို ရောက်နေတာတော့မဟုတ်ဘူး။ ဒါပေမဲ့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်မှာ တည်နေရာပြောင်းရွှေ့နိုင်ဖို့ဆိုရင် အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ဖို့လိုတယ်။ အလင်းအုပ်စု အာဏာရလာခဲ့တဲ့ အချိန်တုန်းက သူတို့တွေက ရင်းမြစ်ပစ္စည်းတွေ အများကြီးစုစည်းခဲ့ပြီးတော့ လူတစ်ယောက်ကို အပြင်ဘက်ရောက်အောင် တည်နေရာပြောင်းရွှေ့နိုင်ခဲ့တယ်။ အဲဒီ ပုဂ္ဂိုလ်ကြီးက ပြည်ထောင်စုကြီးဆီကို ဦးတည်လာခဲ့တာ ”

” ယွမ်ယင်အဆင့် ကျင့်ကြံသူကြီးကို ပြောတာလား ” ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားပြီး ချက်ချင်း ပြန်မေးလိုက်၏။

” အဲဒီ ဝါရင့်ပညာရှင်ကြီးရဲ့ နာမည်က‌ မော့ကောင်းကျိတဲ့။ သူက နင်ပြောတဲ့ ယွမ်ယင်အဆင့်ကျင့်ကြံသူကြီးပဲ။ သူက ပြည်ထောင်စုကြီးထဲကို ရောက်လာခဲ့ပြီးတော့ ဥက္ကဋ္ဌဟောင်းကြီး လီရှင်ဝမ်းနဲ့ တွေ့ဆုံခဲ့ပြီး သူရောက်လာရတဲ့ အကြောင်းအရင်းကို ပြောပြခဲ့တာ။ ပြီးတော့ သူက လီရှင်းဝမ်ကို ကျယ်ပြန့်တာအိုနန်းတော်ထဲမှ ဖြစ်ပျက်နေတဲ့ ကိစ္စတွေအကြောင်း ပြောပြခဲ့ပြီးတော့ ပြည်ထောင်စုကြီးနဲ့အတူတူ ပူးပေါင်းပြီး ငါတို့တွေကို ကျင့်ကြံခြင်း ပညာရပ်တွေအပြင် တခြားပညာရပ်တွေ အများကြီးကိုပါ သင်ကြားပြသပေးခဲ့တာ…. သူရှိနေလို့သာ ငါတို့ရဲ့ ပြည်ထောင်စုကြီးထဲက ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းက အခုလို အံ့သြဖို့ကောင်းလောက်အောင် တိုးတက်လာခဲ့တာ ” ဘုရင်ခံမှာ လေးစားကြည်ညိုမှု အပြည့်ရှိပြီး ခံစားချက်များ ရောယှက်နေသည့် လေသံဖြင့် မော့ကောင်းကျိအကြောင်း ရှင်းပြလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်လုံးများပြူးသွားရ၏။ ဤကိစ္စရပ်ကြီး တစ်ခုလုံးမှာ သူ၏မှန်းဆချက်များထက်ပင် ပို၍ ရှုပ်ထွေးနေသည် မဟုတ်ပါလော။ သို့သော် သေသေချာချာ စဉ်းစားတွေးတောလိုက်မည်ဆိုပါက ထိုဖြစ်ရပ်များအားလုံးမှာ အဓိပ္ပါယ်ရှိပေသည်။ ပြည်ထောင်စုကြီး ဆယ်စုနှစ် လေးခုအတွင်း ကိုယ့်အားကိုယ်ကိုး၍ ယခုလောက်အထိ တိုးတက်ပြောင်းလဲလာခဲ့သည့် ကိစ္စရပ်ကြီးမှာ ယုံချင်စရာမရှိလောက်အောင် အံ့ဩဖွယ်ရာ ကောင်းနေသည် မဟုတ်ပါလော။

” အဲဒီအချိန်တုန်းက ဝါရင့်ကြီး မော့ကောင်းကျိရဲ့ တောင်းဆိုမှုအရ ငါတို့တွေက ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတစ်ခုကို တည်ဆောက်ပေးခဲ့တာ။ အဲဒီ မန္တန်အစီအရင်ကြီးကို တည်ဆောက်ပြီးတာနဲ့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်မှာရှိတဲ့ ကျယ်ပြန့်တာအိုနန်းတော်ထဲက ကျင့်ကြံသူတွေနဲ့ ပြည်ထောင်စုကြီးထဲက လူတွေက အဲဒီနေရာနှစ်ခုကို လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် ရှိသွားမှာဆိုပြီးတော့ သူက အတိအလင်း ပြောပြခဲ့တာ။ ငါတို့တွေက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်က ကျင့်ကြံသူတွေအတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်သလို ဖြစ်သွားမှာ ”

” ငါ နင့်ကို ပြောပြခဲ့တဲ့ အကြောင်းအရာတွေထဲက အများစုက ဝါရင့်ကြီးမော့ကောင်းကျိ ငါတို့ကိုပြောပြထားတဲ့ စကားတွေ။ ငါကိုယ်တိုင် အပါအဝင် ပြည်ထောင်စုကြီးရဲ့ ထိပ်သီးအဆင့် ပုဂ္ဂိုလ်တွေက ဝါရင့်ကြီးမော့ကောင်းကျိရဲ့ ကျေးဇူးတရားတွေကို မမေ့ပါဘူး။ သူက သူတစ်ယောက်တည်းအားနဲ့ ပြည်ထောင်စုကြီးရဲ့ ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းကို တိုးတက်လာအောင် လုပ်ပေးခဲ့တာလေ။ သူ ကမ္ဘာပေါ်ကို ရောက်လာခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်တုန်းက ပြည်ထောင်စုကြီးထဲမှာ ရှေးဟောင်းသိုင်းပညာအဆင့် ကျင့်ကြံသူတစ်ယောက်တလေတောင် ရှိသေးတာ မဟုတ်ဘူး။ တကယ်လို့ သူသာ ငါတို့ကို အန္တရာယ်ပြုချင်တယ်ဆိုရင် ပြည်ထောင်စုကြီးက ဒီနေ့လို အခြေအနေအထိတောင် ရောက်လာမှာမဟုတ်ဘူး ”

” ဒါပေမဲ့လည်း… ” ဘုရင်ခံမှာ ထိုသို့ဆိုလိုက်ပြီးနောက် တစ်ခဏမျှ ငြိမ်ကျသွား၏။ ထို့နောက် သူမသည် ခံစားချက်များ ရောယှက်နေသည့် လေသံဖြင့် ဆက်ပြောလိုက်၏။

” သူက ပြည်ထောင်စုကြီးထဲက မဟုတ်ဘူးလေ။ ပြီးတော့ သူက ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အာဏာရှိတဲ့ လူတစ်ယောက်လည်းမဟုတ်ဘူး။ သူ့ရဲ့ စိတ်ကောင်းစေတနာတွေကို ငါတို့က ယုံပေမဲ့ ငါတို့ရဲ့ ကံကြမ္မာတစ်ခုလုံးကို သူ့အပေါ် ပုံအပ်ထားလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ တကယ်လို့ တစ်ခုခုသာ ဖြစ်သွားရင် ပေးဆပ်ရမယ့် တန်ဖိုးက မနည်းဘူးလေ… ”

” အဲတာကြောင့်မလို့ ဥက္ကဋ္ဌဟောင်းကြီး လီရှင်းဝမ်က အခြေအနေတစ်ခုလုံးကို နားလည်အောင်လုပ်ပြီးတော့ ဝါရင့်ကြီး မော့ကောင်းကျိ ကုန်ကြမ်းပစ္စည်းတွေကို စုဆောင်းပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတစ်ခု တည်ဆောက်ပေးဖို့ ပြည်ထောင်စုကြီးကို တောင်းဆိုလာတဲ့အချိန်တုံးက ဆုံးဖြတ်ချက်တစ်ခု ချခဲ့တာ။ အဲဒီဆုံးဖြတ်ချက်က မန္တန်အစီအရင်ကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကို တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ပဲ။ ပြီးတော့ သူက ဝါရင့်ကြီးမော့ကောင်းကျိဆီက အကူညီတစ်ခုလည်း တောင်းခဲ့သေး‌တယ် ”

” အဲ့တာက… ပြည်ထောင်စုကြီးရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်တွေကို ရှေ့ဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီ ခေါ်သွားပေးဖို့ပဲ။ အဲတာမှ သူတို့တွေက ဓားကြီးထဲမှာရှိတဲ့ ကမ္ဘာကြီးကို မျက်ဝါးထင်ထင် မြင်နိုင်ပြီးတော့ အမှားအမှန်ဆုံးဖြတ်နိုင်မှာလေ ”

” လီရှင်းဝမ်က အသက်စွန့်ပြီးတော့ အဲဒီခရီးစဉ်မှာ လိုက်ပါသွားဖို့ အဆင်သင့်ပြင်ထားခဲ့ပြီးသားဆိုတာ နင် ခန့်မှန်းမိမှာပါ။ သူက တကယ်လို့ သူသေသွားခဲ့ရင် နောက်ထပ်ဆက်လုပ်ရမယ့် အရာတွေအတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေကိုပါ လုပ်ထားခဲ့တာ။ တကယ်လို့ သူ တခြားလူတွေ ထိန်းချုပ်တာ ခံလိုက်ရမယ်ဆိုရင်တောင် လိုအပ်တဲ့ အရေးပေါ်ပြင်ဆင်မှုတွေ ကြိုလုပ်ထားပြီးသား ” ဘုရင်ခံမှာ သက်ပြင်းချကာ ဆိုလိုက်၏။ သူမ၏ လေသံထဲတွင် အတိတ်ကိုလွမ်းဆွတ်တမ်းတနေသည့် အငွေ့အသက်များ ကိန်းအောင်းနေသည်။

ဝမ်ပေါင်လဲ့မှာမူ နှုတ်ဆိတ်သွား၏။ ထို့နောက် လီရှင်းဝမ်၏ ပုံရိပ်မှာ သူ၏ အတွေးထဲ၌ ချက်ချင်းဆိုသလို ပေါ်ပေါက်လာသည်။ ထိုအချိန်တွင် သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီးဆိုသည့် ရာထူးနှင့်အတူ ပူးတွဲပါလာသော တာဝန်ဝတ္တရားများကိုပါ နားလည်သွားတော့သည်။

” အဲဒီတုန်းက လီရှင်းဝမ် ဝါရင့်ကြီး မော့ကောင်းကျိနဲ့ ဘယ်လိုဆက်သွယ်ခဲ့တာလဲဆိုတာကို ဘယ်သူမှမသိကြဘူး။ သူကလည်း ဘယ်သူ့ကိုမှ ပြောပြခဲ့ဘူး။ နောက်ဆုံး ဝါရင့်ကြီးမော့ကောင်းကျိက သူ့ရဲ့တောင်းဆိုချက်ကို လက်ခံသွားတာပဲ။ သူက ကျယ်ပြန့်တာအိုနန်းတော်ဆီ ဆက်သွယ်ပြီးသွားတော့ အလင်းအုပ်စုကလည်း ရင်းမြစ်ပစ္စည်းတွေ အများကြီး ထပ်အကုန်ခံခဲ့တာ။ နောက်ဆုံး ဝါရင့်ကြီးမော့ကောင်းကျိရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကိုပါ ထပ်သုံးပြီးမှ လီရှင်းဝမ်နဲ့ နောက်ထပ်လူငါးယောက်ကို ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်ကို ခေါ်သွားနိုင်ခဲ့တာ ”

” သူတို့က ကျယ်ပြန့်တာအိုနန်းတော်ကြီးကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးတော့ သူတို့ရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူပြုနိုင်တဲ့ အခွင့်အရေးတွေနဲ့ ကြုံတွေ့ခဲ့တာလေ။ အဲ့လိုနဲ့ သူတို့ အလင်းအုပ်စုရဲ့ စိတ်ရင်းကို သိသွားတာမလို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှုတစ်ခု ရယူခဲ့ကြတာ။ လီရှင်းဝမ်က ကမ္ဘာပေါ်ကိုပြန်လာတော့ ကလေးလေးတစ်ယောက်ကို ခေါ်လာခဲ့တာ။ တခြားလူငါးယောက်ထဲက ပထမတစ်ယောက်က ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုရဲ့ အကြီးအကဲကြီးတစ်ယောက် ဖြစ်သွားခဲ့ပြီးတော့ ဒုတိယတစ်ယောက်က လက်ရှိလွှတ်တော်အမတ်ခေါင်းဆောင်ကြီး ဖြစ်လာတာပဲ။ တတိယ‌တစ်ယောက်ကတော့ လသုံးစင်း မဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့တာ။ ကျန်တဲ့နှစ်ယောက်က ဆည်းဆာကြယ်စင်စုဂိုဏ်းနဲ့ ယွီဟွားရှန်ထျန်းဂိုဏ်းရဲ့ အကြီးအကဲကြီးတွေ ဖြစ်သွားကြတာပဲ ”

” သူတို့ငါးယောက်ကို အဲ့လို တည်နေရာပြောင်းရွှေ့ပေးခဲ့ရလို့ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးက တော်တော်လေး ထိခိုက်သွားခဲ့တာ။ အဲ့တာမလို့ အဲဒီအချိန်ကစပြီးတော့ တည်နေရာပြောင်းရွှေ့မှုတွေ ထပ်ပြီး မလုပ်နိုင်တော့တာပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ကျိုးရိဖန်း သူ့အားပြောပြခဲ့ဖူးသည့် စကားခွန်းကို ပြန်မှတ်မိသွား၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ လူတစ်ယောက်၏ အတိတ်ဘဝများကို ဆင့်ခေါ်နိုင်စွမ်းရှိသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဆိုသည့် စကားပင်။ မဟာထိပ်သီးအကြီးအကဲကြီး ခေါ်လာခဲ့သည့် ကလေးငယ်လေးနှင့် ပတ်သက်၍လည်း သူက ခန့်မှန်းကြည့်လိုက်၏။

” လီဝူချန်း… ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွားပြီး ဘုရင်ခံ၏ စကားသံ ပြန်လည်ထွက်ပေါ်လာသောအခါမှ သတိပြန်ဝင်လာ၏။

” အဲဒီနောက်ပိုင်း ပြည်ထောင်စုကြီးက ဓားနေမင်းစစ်ဆင်ရေးနဲ့ ပြည်ထောင်စုပျိုးပင် အစီအစဉ်ကို စပြီးတော့ ပြင်ဆင်ခဲ့တာပဲ။ ငါတို့တွေက လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ရှာပြီးတော့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို စပြီးတော့ တည်ဆောက်ခဲ့တာ။ ဒါပေမဲ့ သားရဲပင်လယ်ကြီးကြောင့် ငါတို့ရဲ့အစီအစဉ်တွေ နှောင့်နှေးကြန့်ကြာသွားခဲ့ရသေးတယ်။ အဲဒီ တိုက်ပွဲကြီးပေါ်ခဲ့တုန်းက ဝါရင့်ကြီး မော့ကောင်းကျိက တည်နေရာပြောင်းရွှေ့ဖို့အတွက် ကျင့်ကြံခြင်းစွမ်းအားတွေ အများကြီးအသုံးပြုခဲ့ရတာမလို့ တံခါးပိတ်ကျင့်စဉ်ထဲ ရောက်နေခဲ့တာ။ အဲ့တာမလို့ သူက အဲဒီတိုက်ပွဲထဲမှာ ဝင်မပါနိုင်ခဲ့ဘူး ”

” ဒါပေမဲ့ အဲဒီတိုက်ပွဲကြီးကြောင့်ပဲ ပြည်ထောင်စုကြီးက သွေးချွေးတွေ အများကြီးပေးဆက်ခဲ့ရပြီး အလျင်အမြန် တိုးတက်လာခဲ့တာပဲ… အဲဒီ တိုက်ပွဲကြီးလည်းပြီးရော လီရှင်းဝမ်က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်မယ့်အစီအစဉ်ပေါ်မှာ သံသယတွေ ပြန်ဝင်လာပြန်ရော။ သူက ကျယ်ပြန့်တာအိုနန်းတော်ရဲ့ စိတ်ရင်းသဘောထားကို မြင်ခဲ့ပြီးတာတောင် တစ်ရာရာခိုင်နှုန်း စိတ်မအေးနိုင်သေးဘဲ ‌ဖြစ်နေရတာလေ။ အဲဒီ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်ပြီးသွားတာနဲ့ ရှေးဟောင်းဓားကြီးပေါ်က ကျင့်ကြံသူတွေက အတားအဆီးမရှိ ထွက်လာကြတော့မှာလေ။ အဲတာမလို့ အဲဒီအစီအစဉ်က အခွင့်အရေးကြီးတစ်ခုလည်း ဖြစ်နေနိုင်သလို သူက ငရဲပြည်ကို တံခါးဖွင့်ပေးလိုက်သလို ဖြစ်သွားမှာကိုလည်း စိုးရိမ်နေခဲ့တာ ”

” ဒီကိစ္စကြီးက ပြည်ထောင်စုကြီးထဲက လူမှုအဖွဲ့အစည်းတစ်ခုလုံးရဲ့ ဘေးကင်းလုံခြုံမှုနဲ့ ပတ်သက်နေတာလေ။ အဲ့တာမလို့ သူ အဲ့လို သံသယတွေဝင်လာရတာ မထူးဆန်းပါဘူး။ လီရှင်းဝမ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆက်ပြီးတော့လုပ်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် တတ်နိုင်သလောက် အချိန်ဆွဲထားခဲ့တာ။ သူက အဲ့လိုဆုံးဖြတ်ချက်တွေ ချပြီးတော့ ရာထူးကနေ ဆင်းသွားတာပဲ။ သူ့ရဲ့ ရာထူးကို ဆက်ခံခဲ့တဲ့ သွမ့်မုချွယ်က လီရှင်းဝမ်ရဲ့ အစီအစဉ်တွေအတိုင်း ဆက်လုပ်ခဲ့ပြီးတော့ သူကိုယ်တိုင်လည်း လိုအပ်တဲ့ စဉ်းစားချင့်ချိန်မှုတွေ ပြုလုပ်ခဲ့တာပေါ့ ”

” သူက ပြည်ထောင်စုကြီးရဲ့ လျှို့ဝှက်လက်နက် ဖြစ်လာမယ့် ဝိညာဉ်ဆန့်ကျင်ဗုံးကို သုတေသနလုပ်ဖို့ အဆိုပြုတင်သွင်းခဲ့တာ။ သူက အဲ့လို အစီအစဉ်တွေ ရေးဆွဲခဲ့ပြီးတော့ ဒဏ်ရာကနေ ပြန်သက်သာလာလို့ တံခါးပိတ်ကျင့်စဉ်ထဲက ပြန်ထွက်လာတဲ့ ဝါရင့်ကြီး မော့ကောင်းကျိကိုလည်း သူ့ရဲ့ အစီအစဉ်တွေအားလုံးကို ကွယ်ဝှက်မနေဘဲ အကုန်ပြောပြခဲ့တာ။ ပြည်ထောင်စုကြီးဘက်က စိတ်အေးအေးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် လျှို့ဝှက်လက်နက်တစ်ခု တီထွင်ပြီးတော့ အဆင်သင့်ပြင်ထားဖို့လိုတယ်ဆိုပြီး မော့ကောင်းကျိကို သူက ရှင်းပြခဲ့တာ ”

” ဝါရင့်ကြီးမော့ကောင်းကျိလည်း သူ့ရဲ့ရှင်းပြချက်ကို နားလည်‌ပေးခဲ့ပါတယ်။ အင်အားနည်းတဲ့ လူမှုအဖွဲ့အစည်းတစ်ခုက အင်အားကြီးတဲ့ လူမှုအဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရရင် ခံစားရနိုင်တဲ့ သောကတွေကို သူက နားလည်ထားတာမလို့ ပြည်ထောင်စုကြီးရဲ့ အစီအစဉ်တွေကို မနှောင့်ယှက်ဘဲ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့တာ ”

” အဲ့လိုနဲ့ပဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက နင်က တိုက်ပွဲတစ်ပွဲထဲနဲ့ သားရဲစီးကြောင်းကို ပြန်ပြီးတော့ တွန်းလှန်နိုင်ခဲ့တာလေ။ အဲ့တာမလို့ ပြည်ထောင်စုကြီးက အချိန်အတိုင်းအတာ တစ်ခုအထိ အာရုံတွေများပြီးတော့ သားရဲစီးကြောင်းတွေအတွက် စိတ်ပူနေစရာ မလိုတော့ဘူး။ ပြီးတော့ ဝိညာဉ်ဆန့်ကျင်ဗုံးရဲ့ သုတေသနလုပ်ငန်းတွေကလည်း စပြီးတော့ အောင်မြင်လာခဲ့တာ။ အဲ့အချိန်မှာပဲ သွမ့်မုချွယ်က ဝါရင့်ကြီးမော့ကောင်းကျိ စောင့်နေရတာကြာလို့ စိတ်မရှည်တော့ဘဲ သူတို့သဘောတူထားတဲ့ အစီအစဉ်တွေကို ပြောင်းလဲပစ်မှာကို စိုးရိမ်လို့ ဓားနေမင်းစစ်ဆင်ရေးကို ပြန်စပြီးတော့ ပြည်ထောင်စုပျိုးပင် အစီအစဉ်ကို စတင်ခဲ့တာပဲ ”

” အဲ့တာမလို့ နင်တို့ကို ပြည်ထောင်စုမြို့တော်ကြီးဆီ ခေါ်ပြီးတော့ လူရွေးပွဲတစ်ခု ကျင်းပခဲ့တာ။ လီရှင်းဝမ်နဲ့ ကျယ်ပြန့်တာအိုနန်းတော်ထဲက အလင်းအုပ်စုရဲ့ သဘောတူညီချက်အရဆိုရင် ပြည်ထောင်စုပျိုးပင်တစ်ရာက ရှေးဟောင်းဓားကြီးပေါ်ကို ပို့ခံရမယ့် ပြည်ထောင်စုကျင့်ကြံသူတွေထဲက ပထမဆုံးအသုတ်ပဲ။ အဲဒီပျိုးပင်တစ်ရာက သူတို့ရဲ့ ကျင့်ကြံခြင်းတွေကို တိုးတက်လာအောင် လုပ်ရမယ့်အပြင် ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပထမဆုံး ပူးပေါင်းရမယ့် လူတွေလည်း ဖြစ်သွားမှာ ”

အင်္ဂါဂြိုဟ်ဘုရင်ခံမှာ လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်အတွင်း ပြည်ထောင်စုကြီး ရှေးဦးဝိညာဉ်ခေတ်ထဲ၌ ကျော်ဖြတ်ခဲ့ရသည့် သမိုင်းကြောင်းများကို တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် ရှင်းပြလိုက်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ရှေ့တွင် ပန်းချီကားတစ်ချပ် ဖွင့်လှစ်ပြလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ‌ ပေါ်ပေါက်လာရတော့သည်။ အချိန်အတော်အတန် ကြာပြီးသည့်တိုင်အောင် သူသည် စိတ်ကို တည်ငြိမ်အောင်မထားနိုင်ဘဲ ဖြစ်နေရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset