ဝမ်ပေါင်လဲ့ အင်္ဂါဂြိုဟ်ဆီသို့ ပြန်သွားနေစဉ် ပြည်ထောင်စုကြီးထဲရှိ သတင်းဌာနအသီးသီးမှာ ကောင်းကင်တာအိုကျောင်းမှ မဟာထိပ်သီးအကြီးအကဲကြီး လီရှင်းဝမ်၏ ဖောက်ထွက်မှုအကြောင်းကို ချီးကျူးဂုဏ်ပြုနေကြဆဲပင်။ ထို့ကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးတွင် ဂုဏ်ပြုပွဲများနှင့် ရယ်မောသံများဖြင့် ပြည့်နှက်နေ၏။
တစ်ချိန်ထဲမှာပင် လီရှင်းဝမ် ဖောက်ထွက်သွားခဲ့ပြီးနောက် စတုတ္ထမြောက်နေ့တွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ် တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်သွားခဲ့၏။ ထိုအကြောင်းကို လူအနည်းငယ်မျှသာ သိရှိထား၏။ ထို့အပြင် မတော်တဆ ထိခိုက်မှုများ မဖြစ်စေရန် ပြည်ထောင်စုမြို့တော်ကြီးတစ်ခုလုံး၏ အထက်တွင် အကာအရံကြီးများကို တပ်ဆင်ထား၏။ လီရှင်းဝမ်မှာလည်း ကောင်းကင်တာအိုကျောင်းထဲ၌သာ ရှိနေသေးသည့်တိုင်အောင် ပြည်ထောင်စုမြို့တော်ကြီးအပေါ် အာရုံစိုက်နေဆဲပင်။ အကယ်၍ အန္တရာယ်တစ်ခုခုသာ ပေါ်ပေါက်လာမည်ဆိုပါက သူကိုယ်တိုင် သွမ့်မုချွယ်အား သွားရောက်ကာကွယ်ပေးလိုက်မည်သာ ဖြစ်သည်။
သွမ့်မုချွယ်ပါ ဖေါက်ထွက်သွားနိုင်ခဲ့မည်ဆိုပါက ပြည်ထောင်စုကြီးမှာ ယွမ်ယင်အဆင့်ခေတ်ထဲသို့ တရားဝင် ဝင်ရောက်သွားပြီဖြစ်ကြောင်း သတ်မှတ်၍ရပြီ မဟုတ်ပါလော။ ထို့အပြင် အရေးကြီးဆုံးအချက်မှာ အကယ်၍ သူတို့နှစ်ယောက်စလုံး ရှေ့ဆင့်နောက်ဆင့် ဖောက်ထွက်သွားနိုင်မည်ဆိုပါက အခြားသူများမှာလည်း ဖောက်ထွက်နိုင်ရန် မျှော်လင့်နိုင်စွမ်း ရှိသွားကြမည်ဖြစ်သည်။
ထိုကဲ့သို့ ဖောက်ထွက်နိုင်မည့် ကျင့်ကြံသူများထဲတွင် လွှတ်တော်အမတ်များ၊ အင်္ဂါဂြိုဟ်ဘုရင်ခံ၊ အခြားတာအိုကျောင်းသုံးကျောင်းမှ မဟာထိပ်သီးအကြီးအကဲများအပြင် ဆည်းဆာကြယ်စင်စုဂိုဏ်း၊ ယွီဟွားရှန်ထျန်းဂိုဏ်းနှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုတို့ပင် ပါဝင်ပေသည်။
အမှန်တွင် သွမ့်မုချွယ်အား ဒုတိယမျိုးဆက်ဟု သတ်မှတ်နိုင်ပေသည်။ သူသည် လီရှင်းဝမ်ကဲ့သို့ သားရဲစစ်ပွဲအန္တရာယ်ကြီးအား ကျော်ဖြတ်နိုင်ခဲ့ရုံသာမက မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည့် ဖြစ်ရပ်ကြီးထဲမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့သည့် ဝါရင့်ကျင့်ကြံသူကြီးတစ်ယောက်ဖြစ်သည်။ သူတို့၏ အစွမ်းအစများနှင့် တွေးခေါ်ပုံများမှာ မည်ကဲ့သို့ပင် ဖြစ်နေစေကာမူ သူတို့အား ပထမမျိုးဆက် ထိပ်သီးအဆင့် ပညာရှင်များအဖြစ် သတ်မှတ်ကြပေသည်။
ထို့ကြောင့် သူ့လိုလူမျိုးမှာ အမြုတေအဆင့်၌သာ ရှိမနေသင့်ပေ။
သွမ့်မုချွယ်ကဲ့သို့ တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်သွားသည့် အခြားလူများလည်း ရှိပေသည်။ သူတို့အားလုံးမှာ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် စိတ်ဆန္ဒပြင်းပြနေကြ၏။
သို့သော် ထိုသို့ဖောက်ထွက်နိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းပေသည်။ သူတို့မှာ အချိန်ပေးရန် လိုအပ်ရုံသာမက အခွင့်အရေးကောင်းတစ်ခုကို ရရှိရန်လည်း လိုအပ်ပေသည်။ ကျင့်ကြံခြင်းခေတ်မှာ မကြာသေးမီကမှ စတင်ခဲ့သည်ဖြစ်၍ ထိပ်သီးအဆင့်ပညာရှင်တိုင်းမှာ အခွင့်အရေးမျိုးစုံနှင့် ကြုံတွေ့နိုင်သည့်တိုင်အောင် ထိုအခွင့်အရေးများမှာ အမျိုးမျိုး ကွဲပြားနေသေးသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ကိစ္စများအတွက် စိတ်ပူနေစရာမလိုပေ။ ယခုတွင် သူ၏ သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ဆီသို့ ချက်ချင်းပင် ပြန်သွားလိုက်ပြီးနောက် မြေအောက်ထဲတွင်ရှိနေသော အမှောင်အဆောင်ပစ္စည်းနှင့် အခက်အခဲမရှိ ချိတ်ဆက်နိုင်သေးကြောင်း သိလိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချမိလိုက်တော့သည်။
ထို့နောက် သူသည် ပူပန်သောက ရောက်သွားရပြန်သည်။ အမှောင်အဆောင်ပစ္စည်းမှာ အစွမ်းထက်ပါသော်လည်း ရစရာမရှိလောက်အောင် ထိခိုက်ပျက်စီးနေသည်မဟုတ်ပါလော။ ထို့ကြောင့် အကယ်၍ သူသာ ၎င်းအား ပြန်လည်ပြုပြင်၍ အပြင်သို့ယူလာနိုင်စွမ်း မရှိပါက မြင်သာမြင် မကြင်ရသည့်အဖြစ်သို့ ရောက်နေမည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သက်ပြင်းများချနေမိတော့သည်။ သူ အင်္ဂါဂြိုဟ်ပေါ်၌ ရှိမနေခဲ့သည့် အချိန်အတောအတွင်းတွင် အထူးဒေသမြို့တော်ထဲ၌ အရေးကြီးကိစ္စရပ်များ တစ်ခုတလေပင် မဖြစ်ပျက်ခဲ့ပေ။ လီဝမ်အာမှာ တံခါးပိတ်လေ့ကျင့်နေဆဲဖြစ်ပြီး လင်းတျန်ဟောက်နှင့် အပေါင်းအပါများမှာ သူတို့အား ပေးအပ်ထားသည့် တာဝန်အသီးသီးကို ထမ်းဆောင်ကာ အထူးဒေသမြို့တော်ထဲရှိ နယ်မြေအသီးသီးအား ကြီးကြပ်နေခဲ့၏။ အခြားသူများမှာ လီရှင်းဝမ်၏ ဖောက်ထွက်မှုကြောင့် စိတ်လှုပ်ရှားသွားကြပြီး ဝမ်ပေါင်လဲ့ကိုယ်တိုင် သူတို့၏ရှေ့၌ ဖောက်ထွက်သွားသည်ကို မြင်ခဲ့ရသဖြင့် တံခါးပိတ်လေ့ကျင့်နေကြပြီ ဖြစ်သည်။
ပြည်ထောင်စုကြီးထဲရှိ ကျင့်ကြံသူများအားလုံးမှာ လီရှင်းဝမ်၏ ဖောက်ထွက်မှုကြောင့် စိတ်ဓာတ်များတက်ကြွလာကြပြီး အရူးအမူး လေ့ကျင့်နေကြတော့သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်သို့ ယခုလေးတင်မှ ပြန်ရောက်လာသည့် ဝမ်ပေါင်လဲ့မှာလည်း သူ၏အမှောင်ပညာရပ်အား လေ့ကျင့်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ပြည်ထောင်စုကြီးတစ်ခုလုံး စိတ်ဓာတ်များ တက်ကြွနေကြပြီး ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ဂူထဲ၌ လေ့ကျင့်ရန် ပြင်လိုက်စဉ်မှာပင် ကြေညာချက်တစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။
ဗုဒ္ဓဟူးဂြိုဟ်အား ပြန်လည်တည်ဆောက်တော့မည်ဖြစ်သည်။
ဗုဒ္ဓဟူးဂြိုဟ်မှာ ဖြစ်ရပ်ဆိုးကြီးနှင့် ကြုံခဲ့ရပြီးနောက် အဘက်ဘက်မှ ယိုယွင်းပျက်စီးသွားခဲ့ရ၏။ ဂြိုဟ်ကြီးတစ်ခုလုံးမှာ ခြောက်ကပ်နေပြီး ထိခိုက်ပျက်စီးမှုများစွာ ကြုံတွေ့ခဲ့ရသောကြောင့် အရာအားလုံးမှာ ဝမ်းနည်းပူဆွေးဖွယ်ရာ ကောင်းနေ၏။ ယခုတွင် လူတိုင်းမှာ စိတ်ဓာတ်များ တက်ကြွနေကြသည်ဖြစ်ရာ ပြည်ထောင်စုကြီး၏ ကြေညာချက်မှာ ထောက်ခံမှုအများအပြား ရရှိသွား၏။
တစ်ချိန်ထဲမှာပင် ထိုကိစ္စကြီးကြောင့် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်ကြီးများမှာ အံ့သြတုန်လှုပ်သွားကြ၏။ သူတို့ ရရှိထားသမျှ သတင်းအချက်အလက်များအရဆိုလျှင် ဗုဒ္ဓဟူးဂြိုဟ်အား ပြန်လည်တည်ဆောက်မည့် ကိစ္စကြီးထဲ၌ သာမန်ပြည်သူများ မသိသော အချက်တစ်ချက်ပါဝင်နေသည်။
” ဗုဒ္ဓဟူးဂြိုဟ်ပေါ်က တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို… တရားဝင်တည်ဆောက်တော့မှာပဲ ” နိုင်ငံရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်များမှာ ဗုဒ္ဓဟူးဂြိုဟ်အား ပြန်လည်တည်ဆောက်မည်ဆိုသော ပြည်ထောင်စုကြီး၏ ကြေညာချက်ကို ကြားလိုက်ရတော့အခါ ထိုကဲ့သို့ အရင်ဆုံး ခန့်မှန်းမိလိုက်ကြ၏။
သူတို့၏ ခန့်မှန်းချက်မှာလည်း မှန်ကန်ပေသည်။ ထိုသတင်းအား ထုတ်ပြန်ကြေညာလိုက်ပြီး နောက်တစ်ရက်တွင် ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံဆီမှ အသံလွှင့်အကြောင်းကြားစာတစ်စောင်ကို ချက်ချင်းပင်လက်ခံရရှိလိုက်၏။ ထိုအကြောင်းကြားစာထဲတွင် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူ့ဆီသို့ ပုံစံစာရွက်အမြောက်အမြား ပေးပို့ခဲ့ပြီး ထိုစာရွက်များထဲမှ အစိတ်အပိုင်းများအားလုံးကို သတ်မှတ်ထားသည့်အချိန်အတွင်း ဖန်တီးပေးရန် အမိန့်ပေးလိုက်သည်။
ထိုအစိတ်အပိုင်းများအား ဖန်တီးရန် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို အင်္ဂါဂြိုဟ်က ထောက်ပံ့ပေးမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ ထို့နောက် သူသည် မဟာထိပ်သီးအကြီးအကဲကြီးနှင့် ဂိုဏ်းချုပ်ကြီး ပြောခဲ့သောစကားများကို ပြန်လည်စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် ပြည်ထောင်စုကြီး၏ ထုတ်ပြန်ကြေညာချက်နှင့် ပေါင်းစပ်ကြည့်လိုက်သောအခါ သူ၏အတွေးထဲ၌ ခန့်မှန်းချက်အချို့ ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် အင်္ဂါဂြိုဟ်ဘုရင်ခံအား ချက်ချင်းပင်လှမ်း၍ ဆက်သွယ်လိုက်ပြီးနောက် သိချင်သည့်အရာများကို မေးမြန်းလိုက်တော့သည်။
အင်္ဂါဂြိုဟ်ဘုရင်ခံမှာမူ တိတ်ဆိတ်ငြိမ်သက်သွားပြီး ထိုအချက်အလက်များကို ထုတ်ပြောခွင့် ရှိမရှိ စဉ်းစားတွေးတောနေလိုက်၏။ အချိန်အနည်းငယ်ခန့် ကြာပြီးမှ သူမသည် အသက်ပြင်းပြင်း ရှူလိုက်၏။ ထို့နောက် သူမသည် အမည်မသိနည်းလမ်းတစ်ခုကို အသုံးပြုကာ အင်္ဂါဂြိုဟ် မဟာမန္တန်အစီအရင်ကြီးအား လည်ပတ်သွားစေလိုက်ပြီး သူတို့နှစ်ယောက်၏ကြားမှ အသံလွှင့်ဆက်သွယ်မှုအား ပို၍ ဘေးကင်းလုံခြုံသွားအောင် လုပ်လိုက်တော့သည်။ အခြား မည်သူမှ ခိုးနားထောင်နိုင်စွမ်း မရှိတော့သည့်အချိန်မှသာ သူမသည် စ၍ ရှင်းပြလိုက်၏။
” ဗုဒ္ဓဟူးဂြိုဟ်ကို ပြန်လည်တည်ဆောက်မယ်ဆိုတဲ့ ပြည်ထောင်စုကြီးရဲ့ ကြေညာချက်ကို နင် ကြားထားပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ အဲဒီကြေညာချက်က အပေါ်ယံဟန်ပြပဲ။ အခုလို ပြန်လည်တည်ဆောက်မယ့် အဓိကအကြောင်းအရင်းက အဲဒီဂြိုဟ်ပေါ်မှာ ဧရာမ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးတစ်ခု တည်ဆောက်ဖို့ပဲ ”
” အမှန်က အဲဒီ မန္တန်အစီအရင်ကြီးရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေက စတင်နေပြီ။ ဒါပေမဲ့ ပစ္စည်းတွေ လုံလောက်မှုမရှိတာကြောင့်ရယ် သင့်တော်တဲ့အချိန်ကို မရောက်သေးတာကြောင့်ရယ်မလို့ အဲဒီလုပ်ငန်းတွေက နှေးကွေးနေခဲ့တာ။ ပြီးတော့ သိပ်မကြာသေးခင်တုန်းက ကြုံလိုက်ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် လုပ်ငန်းတွေအကုန်လုံး ပျက်စီးသွားခဲ့တာ ”
” အခုက အချိန်အခါကောင်းပဲ။ အဲ့တာမလို့ ပြည်ထောင်စုကြီးကလည်း အရှိန်မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့တာ။ သူတို့က ရှေးဟောင်း အစိမ်းရောင် ကြေးဓားကြီးဆီကို ပို့ပေးနိုင်တဲ့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်ကြတော့မှာ ”
” အဲတာကြောင့်မလို့ အခု နင်တစ်ယောက်တည်းတင် မကဘဲ ပြည်ထောင်စုကြီးထဲက ဓမ္မလက်နက်ကျင့်ကြံသူတွေအကုန်လုံးကို အဲဒီအစိတ်အပိုင်းတွေ ဖန်တီးထုတ်လုပ်ပေးဖို့ တာဝန်ပေးထားတာ။ အဲဒီ အစိတ်အပိုင်းတွေအားလုံးကို ပေါင်းစည်းပြီးတော့ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးကို တည်ဆောက်မှာလေ ”
ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ စကားများကိုနားထောင်ရင်း အံ့အားသင့်သွားရ၏။ ထို့နောင် သူ၏ ခေါင်းထဲ၌ အတွေးပေါင်းမြောက်မြားစွာ ပေါ်ပေါက်လာပြီး သူသည် ရုတ်တရက် မေးမိလိုက်၏။
” ပြည်ထောင်စုပျိုးပင်တွေအတွက် တာဝန်တစ်ခုလား ”
” နင့်ရဲ့ ရာထူးအဆင့်အတန်းကြောင့် တချို့ကိစ္စတွေကိုတော့ သိခွင့်ရှိတယ်။ ဒါပေမဲ့ နင့်ကို အသိပေးနိုင်ဖို့အတွက် သတိကြီးကြီးထားမှ ရတာ။ ပြီးတော့ ကမ္ဘာပေါ်မှာ နင့်ကိုတိုက်ရိုက် ပြောပြဖို့က မဖြစ်နိုင်ဘူး။ အပြင်ပန်းကနေကြည့်ရင် ဒီကိစ္စကြီးတစ်ခုလုံးက ဘာမှမဟုတ်ဘဲနဲ့ ကြီးကျယ်လွန်းနေတဲ့ပုံ ပေါက်နေပေမဲ့ ဘယ်သူကမှ မစွန့်စားရဲဘူးလေ။ ဘာလို့လဲဆိုတော့ ဒီကိစ္စကြီးက လူတစ်ယောက်တည်းနဲ့ မဟုတ်ဘဲ ပြည်ထောင်စုကြီးတစ်ခုလုံး၊ လူမှုအဖွဲ့အစည်းတစ်ခုလုံးနဲ့ လူသားမျိုးနွယ် တစ်ခုလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ ပတ်သက်နေတာကိုး ” အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သူ၏မေးခွန်းအား တိုက်ရိုက်ဖြေကြားခြင်းမရှိပေ။ သို့သော် သူမ၏စကားကြောင့် ဝမ်ပေါင်လဲ့မှာ သူ ကောင်းကင်တာအိုကျောင်းတွင် ရှိနေခဲ့စဉ်တုန်းက မဟာထိပ်သီး အကြီးအကဲကြီးနှင့် ဂိုဏ်းချုပ်ကြီးတို့ စကားများကို သွယ်ဝိုက်ပြောဆိုနေခဲ့သည့် အကြောင်းအရင်းအား နားလည်သွားတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်းဖြစ်လာရ၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မပြောတော့ဘဲ အင်္ဂါဂြိုဟ်ဘုရင်ခံ သူ့အား ပြောပြမည့် စကားများကိုသာ ဆက်လက်စောင့်ဆိုင်းနေလိုက်တော့သည်။
ယခုလို ဖြစ်ရပ်ကြီးတစ်ခုနှင့် ကြုံလိုက်ရသည့်တိုင်အောင် ဟန်အမူအရာမပျက် ရှိနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ဘုရင်ခံမှာ အားရကျေနပ်သွားပြီး တစ်ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် သူမသည် လေသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
” ပေါင်လဲ့။ ငါ အခု နင့်ကို ပြောပြမယ့်အကြောင်းအရာက ပြည်ထောင်စုကြီးထဲက ဒုပဏာမအဆင့်တစ်အရာရှိတွေအားလုံးရဲ့ ကိုးဆယ်ရာခိုင်နှုန်းတိတိ သဘောတူမှ ထုတ်ပြောလို့ရတဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ချက်တစ်ခုပဲ ”
” လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်ကျော်တုန်းက စကြဝဠာကြီးထဲမှာ ပြောင်းလဲမှုကြီးတစ်ခု ပေါ်ပေါက်လာပြီးတော့ ဧရာမ ရှေးဟောင်း အစိမ်းရောင်ဓားကြီးတစ်လက်က နေအဖွဲ့အစည်းထဲကို ဝင်ရောက်လာခဲ့တာ။ အဲဒီဓားကြီးရဲ့ ဖိနှိပ်စွမ်းအား တစ်ခုတည်းနဲ့တင် စကြဝဠာကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လို့ရတယ်။ နောက်ဆုံး အဲဒီဓားကြီးက နေမင်းကြီးကို ထိုးဖောက်သွားပြီးတော့ ဓားရဲ့ ထိပ်ဖျားပိုင်းလေးပဲ ကျန်ခဲ့တာ ”
” ဓားရိုးက တစ်စစီ ကြေမွပျက်စီးသွားပြီးတော့ နေအဖွဲ့အစည်းထဲကို ကျရောက်လာခဲ့တာ။ အဲ့တာမလို့ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာရှိတဲ့ စွန်းအင်ရင်းမြစ်တွေအကုန် ပျက်စီးသွားခဲ့ပြီးတော့ ရှေးဦးဝိညာဥ်ခေတ်ကို ရောက်သွားပြီး ကျင့်ကြံခြင်းလူမှုအဖွဲ့စည်းတစ်ခု ပေါ်ပေါက်လာခဲ့တာပဲ။ ဒါပေမဲ့ တကယ်တမ်းက အဲဒီ ရှေးဟောင်းအစိမ်းရောင်ဓားကြီးက ငါတို့ရဲ့ လူမှုအဖွဲ့စည်းထက် အဆပေါင်းများစွာ ပိုပြီးတော့အဆင့်မြင့်တဲ့ တခြား ကျင့်ကြံခြင်းလူမှုအဖွဲ့အစည်းတစ်ခုဆီကနေ ရောက်လာခဲ့တာ။ အဲဒီဓားတစ်လက်လုံးတောင်မှ သူတို့ရဲ့ လူမှုအဖွဲ့အစည်းထဲက ဂိုဏ်းတစ်ဂိုဏ်းစာပဲ ရှိသေးတာ ”
” အဲ့တာမလို့ အဲဒီဓားကြီးကို လှေကြီးတစ်စင်းလို့လည်း သတ်မှတ်လို့ရတယ်။ သူတို့က အန္တရာယ်ကနေ လွတ်မြောက်လာခဲ့ပေမယ့် မတော်တဆမှုတစ်ခုနဲ့ ကြုံခဲ့ရပြီးတော့ နေအဖွဲ့အစည်းထဲကို ဆင်းသက်လာခဲ့တာပဲ ”
” အဲဒီဓားကြီးပေါ်မှာ အသက်ရှင်နေထိုင်နေတဲ့လူတွေ အများကြီး ရှိနေတုန်းပဲ ” အင်္ဂါဂြိုဟ်ဘုရင်ခံ ထိုသို့ပြောလိုက်သည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရပါသော်လည်း အလွန်အမင်း အံ့အားသင့်နေခြင်းတော့ မရှိပေ။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဘုရင်ခံ ဆက်၍ စကားပြောမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။
” ငါတို့တွေ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် အဲဒီ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်က ဂိုဏ်းကို ကျယ်ပြန့်တာအိုနန်းတော်လို့ ခေါ်တယ် ”
” ကျယ်ပြန့်တာအိုနန်းတော်က အခုလို ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေကြောင့် ပျက်စီးသွားခဲ့ရတာ။ အခု အဲဒီဂိုဏ်းက အုပ်စုသုံးခုကွဲနေပြီးတော့ အုပ်စုတစ်ခုချင်းစီရဲ့ ခေါင်းဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် တွေးခေါ်ယူဆပုံတွေ မတူကြဘူး ”
” အဲဒီ အုပ်စုတွေထဲက အုပ်စုတစ်ခုကို အမှောင်အုပ်စုလို့ ခေါ်တယ်။ သူတို့က ဒီနေရာကနေ ထွက်ခွာပြီးတော့ နဂိုတုန်းက သူတို့သွားဖို့ ကြံရွယ်ထားတဲ့ ပန်းတိုင်ဆီကို သွားချင်နေကြတာ။ ဒါပေမဲ့ ဓားကြီးက လုံးဝပျက်စီးနေပြီးမလို့ သူတို့က နေအဖွဲ့အစည်း တစ်ခုလုံးထဲမှာရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေအကုန်လုံးကို မောင်ပိုင်စီးပြီးတော့ ဓားကြီးကို ပြုပြင်ဖို့ ကြံစည်နေကြတာ ”
” တကယ်လို့ အဲဒီအုပ်စုကသာ အာဏာရလာမယ်ဆိုရင် ပြည်ထောင်စုကြီးက အန္တရာယ်ကြီးတစ်ခုနဲ့ ကြုံရမှာ သေချာတယ်။ နေအဖွဲ့အစည်းထဲက ကြယ်တာရာရင်းမြစ်တွေ အကုန်လုံး လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အထိ ဖြစ်သွားနိုင်တယ်။ အဲ့တာအပြင် နေမင်းကြီးရဲ့ စွမ်းအင်တွေအကုန်လုံးကိုပါ စုပ်ယူသွားမယ်ဆိုရင် နေအဖွဲ့အစည်းတစ်ခုလုံးက ကုန်းကောက်စရာ မရှိလောက်အောင်ကို ပျက်စီးသွားမှာ။ ငါတို့ကတော့ အဲဒီဂိုဏ်းရဲ့ ကျေးကျွန်တွေအဖြစ်ကို ရောက်သွားမှာ သေချာသလောက်ပဲ “