ရှီမာယူယူသည် ဟိန်းသံလေးနှင့် အခန်းထဲသို့ ရုတ်တရက်ဝင်လာသော အဖွဲ့အား လျစ်လျူရှုလိုက်ပြီး ပေါက်ကွဲမှုဖြစ်သည့် ဖို၏အဖြစ်အပျက်အားတွေးနေဆဲပင်။
ဝိညာဉ်လေး၏ သနားစရာကောင်းသောပုံစံဖြင့်ပြောသည်ကို သူမကြားသည်နှင့် သူ့အားစိုက်ကြည့်လိုက်ကာ မေးလိုက်သည်။ “ဒီပေါက်ကွဲမှုက သန့်စင်ခြင်းအဆင့်မှာ ဖြစ်တယ်လို့ဘယ်သူပြောလဲ”
ဝိညာဉ်လေးသည် သူမ ဆိုလိုချင်သည်ကို ချက်ချင်းနားလည်သွားကာ သူမဘေးသို့ရောက်လာတော့သည်။ သူမအားကြည့်သော သူ၏အကြည့်များသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး မေးလိုက်သည်မှာ “သန့်စင်ခြင်းအဆင့်မှာ ပေါက်ကွဲတာမဟုတ်ဘူးဆိုရင် အဲဒါက အရည်ကျိုခြင်းအဆင့်ရောက်နေပြီလို့ပြောချင်တာလား”
“ဟုတ်တယ်” သူမ မျက်နှာအားထိလိုက်သည်။ သို့သော် ထိုပေါက်ကွဲမှုသည် လက်ရှိတွင်တော့ သူမအား မည်းတူးနေအောင် လုပ်ခဲ့ပြီးပြီဖြစ်သည်။
“ဘယ်လိုဖြစ်ပြီးတော့လဲ၊ မင်း ဆေးသန့်စင်မှုလုပ်တာ ရက်နည်းနည်းပဲရှိသေးတယ၊ နောက်တစ်ဆင့်ကို ဒီလောက်မြန်မြန်နဲ့ ဘယ်လိုတက်သွားနိုင်တာလဲ” ဝိညာဉ်လေးဆက်ပြောလိုက်သည်။ “သာမာန် လူက အခြေခံအဆင့်ဖြစ်တဲ့ သန့်စင်ခြင်းအဆင့်ပြီးဖို့၊ အလုပ်သင်က ကိုယ်တိုင်သန့်စင်နိုင်ဖို့ အချိန်တစ်လယူရတယ်လို့ ငါ့သခင် အဂ္ဂိရတ်ဆရာ ပြောတာ မှတ်မိတယ်၊ ပြီးတော့ အရည်အချင်းအခုနှစ်ဆယ်လောက်သုံးပြီးမှ အဆင့်ပြီးဖို့ မနားတမ်းလေ့ကျင့်ရတာ၊ မင်းက ဒီလောက်အချိန်တိုလေးနဲ့.. ဘယ်လိုဖြစ်ပြီး…”
“သူများတွေက အချိန်အကြာကြီးယူရတာလား” ဝိညာဉ်လေး၏ ဖြေရှင်းချက်ကိုကြားပြီးနောက် ရှီမာယူယူ အံ့သြသွားတော့သည်။ “သူတို့ဘာလို့ အချိန်အကြာကြီးယူရတာလဲ၊ အဲလောက်လွယ်တာကို ငါဆို နှစ်ရက်ပဲလိုတယ်”
“နှစ်ရက်ဟုတ်လား” အခန်းထဲမှ ဝိညာဉ်သားရဲများအားလုံး အံ့သြသွားရတော့သည်။
သာမာန်လူ တစ်လအချိန်ယူရသည့်ကိစ္စကို သူမ နှစ်ရက်နှင့်ပြီးမြောက်သည်။ ထိုကွာခြားချက်သည် ကောင်းကင်အား အာခံသကဲ့သို့ပင်၊ အားလုံးသည် သူမအား ဘီလူး တိရိစ္ဆာန်ကဲ့သို့ ကြည့်လိုက်ကြသည်။
“ဟုတ်တယ်လေ ငါဝင်သွားပြီးတော့ နဂိုအတိုင်းသန့်စင်တာ နှစ်ရက် ကြာတယ် ပြီးတော့ နောက်ရက်တွေမှာ ငါ လေ့ကျင့်ပြီးရင်း လေ့ကျင့်နေတာပဲ၊ အဲမတိုင်ခင် ဆေးဖော်နည်းကို လေ့လာတယ်၊ ငါ့မှာ ဆေးရှိနေပြီဆိုတာ သေချာသိလိုက်တော့ ငါကြိုးစားကြည့်ဖို့ဆုံးဖြတ်လိုက်တာပဲ၊ အစတုန်းက အဆင်ပြေတယ် ဒါပေမယ့် သန့်စင်ပြီးသားနှစ်ခုကို ရောလိုက်တဲ့အခါမှာ ရုတ်တရက် ထပေါက်ကွဲတာပဲ”
ထိုအချိန်တွင် ဝိညာဉ်လေးသည် စကားပြောရန်စိတ်လှုပ်ရှားလွန်းနေပြီး တုန်ယင်စွာဖြင့် ရှီမယူယူ၏ ပုခုံးကို တင်းကြပ်စွာကိုင်ထားလိုက်ရသည်။ စကားပြောရန် အချိန်အတန်ကြာ အရှိန်ယူပြီးမှ “အစတုန်းက မင်းက အဂ္ဂိရတ်ပညာမှာ အစွမ်းအစမရှိဘူးလို့ထင်ခဲ့တာ၊ ဟမ် အခုတော့မင်းက ပါရမီရှင်ပဲ၊ မဟုတ်ဘူး နတ်ဆိုးတစ်ကောင်လိုပဲ ဟားဟားဟား ရေး ငါနောက်ဆုံးတော့ သကြားလုံးစားရတော့မယ် ကောင်းလိုက်တာ”
ရှီမာယူယူ စကားများပျောက်ဆုံးသွားတော့သည်။ ဒီလူက ဘယ်လိုလုပ် သူမကို သကြားလုံးထုတ်ပေးစက်လိုမျိုး သတ်မှတ်နိုင်ရတာလဲ။
“ကောင်းပြီ၊ ငါအရင်ရေသွားချိုးလိုက်ဦးမယ်၊ နောက်မှပြန်လာပြီး သန့်ရှင်းရေးလုပ်ရင်း ပေါက်ကွဲစေတဲ့ အကြောင်းကို ရှာရမယ်” သူမပြောလိုက်သည်။
“မလိုပါဘူး မလိုပါဘူး” ဝိညာဉ်လေး ပြုံးရင်း နားဝင်ချိုစေသော အသံဖြင့်ပြောလိုက်သည် “မင်းသွားပြီး ရေသာကောင်းကောင်းချိုးပြီး ဘယ်ဟာမှားသွားလဲဆိုတာ ဆန်းစစ်လိုက်ပါ သန့်ရှင်းရေးလုပ်တာက ငါ့ကိုအပ်ထားလိုက်တော့”
တစ်စုံတစ်ယောက်မှ ကူညီရန်ကမ်းလှမ်းလာပါက သူမသည် ထိုကမ်းလှမ်းမှုကို အလိုရှိသည်ဆိုတာထက်ပင် ပိုသည်။ ဝိညာဉ်လေးသည် သူမရေချိုးရန်အတွက်ပြင်ဆင်ရန်ထွက်သွားပြီးနောက် သူမသည် ရေချိုးရန် ပျော်ရွှင်စွာထွက်လာခဲ့လိုက်တော့သည်။
“နောက်ဆုံး ငါဘာမှားသွားတာလဲ” သစ်သားရေချိုးကန်ထဲတွင် မှီကာ သူမခေါင်းအား ကန်ထဲသို့နစ်မြုပ်ထားပြီး မျက်နှာကျက်ကို ကြည့်ရင်း ဆေးဖော်စပ်ခြင်း အဆင့်များကို သူမစိတ်ထဲတွင် ပုံဖော်နေလိုက်သည်။
သူမ အဆင့်များသည် သေချာပေါက်မှန်သည်၊ သူမ အစဉ်လိုက်ထည့်သော သန့်စင်ထားသော ပါဝင်ပစ္စည်းများမှာလည်း မှန်သည်… ထိုအချက်နှစ်ချက်တွင် သူမမှန်သည်မှာ သေချာသည်၊ ဆိုလိုသည်မှာ ထိုအဆင့်နှစ်ဆင့်တွင် ပြဿနာဖြစ်ခြင်းမဟုတ်။
“ဒီလိုကိစ္စမှာဆိုရင် အဓိကပါဝင်ပစ္စည်းတွေရဲ့သန့်စင်မှုနဲ့ အပူချိန်ထိန်းချုပ်မှုကြောင့်ပဲဖြစ်နိုင်တယ်” သူမ ဘာသာရေရွတ်နေလိုက်သည်။ “ကြည့်ရတာ သန့်စင်တာနဲ့ ငါ့ရဲ့ မီးတောက်ထိန်းချုပ်ခြင်းကို ထပ်ပြီး လေ့ကျင့်ဖို့လိုနေပြီ”
ရေချိုးပြီးနောက် ရှီမာယူယူ ဆေးဖော်သည့်အခန်းသို့သွားသည့် အချိန်တွင် ကောင်းမွန်စွာသန့်ရှင်းထားသည်ကို တွေ့လိုက်ရသည်။ ဝိညာဉ်လေး၍ လုပ်ဆောင်မှုနှင့် အလေးထားမှုကို သူမ မချီးကျူးပဲမနေနိုင်ပါ။
သို့သော် သည်နေရာတွင် သူမ မေ့နေခဲ့တာ တစ်ခုရှိသည်။ အခန်းတစ်ခုလုံး အရင်အတိုင်းပြန်ဖြစ်စေရန် ဝိညာဉ်လေးလုပ်ရန် ရှိသည်မှာ အတွေးတစ်ခုတွေးလိုက်ရုံပင်။
ဒီတစ်ကြိမ်တွင် သူမ ဆေးဖော်ခြင်းကို ချက်ချင်းမစတင်ပေ၊ သူမ အဂ္ဂိရတ်စာအုပ်အားယူကာ ညွှန်းဆိုချက်အတိုင်း စတင်လုပ်ဆောင်ကာ သူမ ပြီးခဲ့သည့်တစ်ခေါက်ကလုပ်ခဲ့သည့်အတိုင်း အဆင့်များတွင် အမှားမရှိခြင်းကို သေချာအောင်အတည်ပြုပြီးနောက် ဆေးဖက်ဝင်အပင်များမှ နဂိုအာနိသင်ကို စတင်၍ ဆွဲထုတ်တော့သည်။
သူမ စိတ်အားတည်ငြိမ်အောင်ထားပြီးနောက် များစွာသော ပါဝင်ပစ္စည်းများမှ နဂိုအာနိသင်အား ဆွဲယူခြင်းကို အာရုံစိုက်သည်နှင့် အာနိသင်ဆွဲယူခြင်းမှာ များစွာတိုးတက်လာသည်ကိုတွေ့ရသည်။
“သခင် အပြင်မှာ လှုပ်ရှားမှုတွေတွေ့ရတယ်” ဝိညာဉ်လေး ရုတ်တရက် ပေါ်လာပြီး သူမအား သတင်းပေးလိုက်သည်။
“တံခါးပိတ်ပြီးကျင့်ကြံနေတဲ့ အဘိုးထွက်လာတာလား” သူမမေးလိုက် သည်။
သူမ အဂ္ဂိရတ်ပညာအား လေ့ကျင့်နေစဉ်အတွင်းတွင် မတော်တဆမှု များကို တားဆီးနိုင်ရန် ဝိညာဉ်လေးအား စုံစမ်းရန် အပြင်သို့ လွှတ်လိုက်လေသည်။
“ဖြစ်နိုင်တယ်၊ အပြင်မှာ ဝိညာဉ်စွမ်းအင်တွေ အတက်အကျဖြစ်နေတာ ငါခံစားလို့ရတယ်၊ ကြည့်ရတာ် တစ်စုံတစ်ယောက်တော့ အဆင့်တက်သွားပြီ ထင်တယ်”
သူမ ထိုစကားအားကြားသည်နှင့် ရှီမာယူယူအားလုံးအား ချက်ချင်းပင် ချထားလိုက်ကာ အတွေးဖြင့် သူမ အခန်းအားပြန်လာလိုက်သည်။
သူမ တံခါးဖွင့်လိုက်သောအခါ သူမတံခါးအား စောင့်နေသော အစေခံနှစ်ယောက်အား တွေ့လိုက်ရသည် “မင်းတို့နှစ်ယောက်ဒီမှာ ဘာလုပ်နေတာလဲ”
“သခင်လေးကို ပြန်လျှောက်ပါတယ်၊ ကျွန်မတို့ သခင်လေးကို ရက်ပေါင်းများစွာ စောင့်နေခဲ့ပါတယ် ဒါပေမယ့် သခင်လေးက ထွက်မလာပါ ဘူး၊ ဒါကြောင့် သခင်လေး အထဲမှာ ကျင့်ကြံနေတာဖြစ်မယ်ဆိုပြီး ဘယ်သူမှ နှောင့်ယှက်လို့မရအောင် ကျွန်မတို့ တံခါးမှာ စောင့်နေတာပါ”
သူတို့ ဒီလောက်ကြိုးစားမည်ဟု ရှီမာယူယူ မထင်ခဲ့မိပါ၊ ထို့ကြောင့် နွေးထွေးစွာပြုံးလိုက်ပြီး “ကျေးဇူးတင်ပါတယ်၊ ငါအခုထွက်လာပြီဆိုတော့ သွားနားကြတော့”
သူမ အဘိုးလေ့ကျင့်ရာဆီသို့ ဆက်ထွက်လာလိုက်ပြီး လိုဏ်ခေါင်း အဝင်ပေါက်အားတွေ့သောအခါ လျှို့ဝှက်အခန်းထဲသို့ ဝင်သောလမ်းအတိုင်း လျှောက်ခဲ့လိုက်သည်။
သူမ လျှို့ဝှက်အခန်းသို့ရောက်သည်နှင့် သူမ အဘိုးအားစောင့်ရင်း အပြင်တွင်ရပ်နေလိုက်သည်။
ကြက်သွေးရောင်မီးတောက်၏ မီးအားကြုံတွေ့ရပြီးနောက် သူမ၏ လေထဲတွင်ရှိသော အတက်အကျဖြစ်နေသော ဝိညာဉ်အား အာရုံခံနိုင်မှုသည် ပို၍ အားကောင်းလာသည်။ တခြားသူဆိုလျှင် ဝိညာဉ်အတက်အကျဖြစ်နေ သော ပြောင်းလဲမှုကို အာရုံခံနိုင်ရန်မဖြစ်နိုင်သော်လည်း သူမအတွက်တော့ လျှို့ဝှက်အခန်းရှိ မီးတောက်ဝိညာဉ်ချီအား အာရုံခံနိုင်မှုသည် မြင့်တက် လာသည်ကို သိနိုင်သည်။
နာရီဝက်ကြာပြီးနောက်၊ မီးတောက်ဝိညာဉ်ချီသည် စတင် တည်ငြိမ်လာသည်ကို ရှီမာယူယူခံစားရပြီး အဆင့်တက်မှုသည် ပြီးဆုံးသွားသည်ကို သိလိုက်ရသည်။
ထို့နောက် လျှို့ဝှက်အခန်းတံခါးပွင့်လာပြီး ရှီမာလိုင်ထွက်လာသည်။
“အဘိုး” ရှီမာယူယူ သူ့ဆီသို့သွားလိုက်ပြီး ပြုံးလိုက်သည်။ “အဆင့် တက်လာတာ ဂုဏ်ပြုပါတယ်”
“ဟားဟားဟား ဒါကလည်း သမီးပေးတဲ့ အဆင့်တက်စေတဲ့ ဆေးနှစ်လုံးကြောင့် ဖြစ်နိုင်တာလေ” ရှီမာယူယူ အပြင်တွင် သူ့အားစောင့်နေသည်ကို ရှီမာလိုင်အံ့သြသွားပြီး ခဏတာမျှ မေ့မောသွားကာ စိတ်လှုပ်ရှားစွာ ရယ်လိုက်သည် “အဘိုးထွက်လာမယ်ဆိုတာ ဘယ်လိုသိလဲ”
“လေထဲမှာ ဝိညာဉ်ချီအတက်အကျဖြစ်နေတာကို သမီး အာရုံခံလို့ရနေတယ်၊ အဲဒါကြောင့် အဘိုး အဆင့်တက်သွားတယ်ဆိုတာကို ခန့်မှန်းပြီး အဘိုးကို လာကြိုတာပဲ” သူမ ဂုဏ်ယူစွာဖြင့် ချိုသာစွာပြုံး၍ ပြောလိုက်သည်။
“သမီးတကယ်ပဲ အဘိုးရဲ့ အဆင့်တက်တာကနေ ဝိညာဉ်ချီ အတက်အကျကို အာရုံခံလို့ရတာလား” ထိုစကားအား သူကြားသည်နှင့် အံ့သြသွားလေသည်။
တစ်စုံတစ်ယောက်မှ အာရုံခံ၍ရနေပြီဆိုလျှင် သူ၏ ကိုယ်ပိုင်အဆင့်ကို ဖုံးကွယ်၍ မရပေ။
“အဘိုး တခြားသူတွေ အာရုံခံလို့မရအောင် သေချာအနားယူလိုက်ပါ” သူမ အဘိုးအား အားပေးလိုက်သည်။ “သမီးမဝင်လာခင် ဘယ်သူမှ အာရုံမခံနိုင်အောင် ဟိန်းသံလေးကို အတားအဆီးလုပ်ခိုင်းထားတယ်”
“ဟိန်းသံလေး ဟုတ်လား”
“အဲဒါ ကျွန်တော်ပါ အဘိုး” ဟိန်းသံလေးသည် ရှီမာလိုင်၏ရှေ့တွင် သူ၏ကိုယ်ပိုင် ပုံစံဖြင့် ဂုဏ်ယူစွာ လျှောက်လာလေသည်။
ထိုစကားအား ကြားသည်နှင့် ရှီမာလိုင် အံ့သြသွားရသည်။ ဒီဝိညာဉ်သားရဲက ဘာအမျိုးအစားပါလိမ့်၊ စကားပြောနိုင်ရုံသာမက အတားအဆီးပါလုပ်နိုင်တယ် ဟုတ်လား။ ရှီမာယူယူ အဲအကောင်လေးအား ပွေ့လာသည်ကို တွေ့စဉ်က သူမ အပြင်မှဝယ်လာသော ဝိညာဉ်သားရဲအား အိမ်မွေးအဖြစ် မွေးထားသည်ကို သူထင်ခဲ့သည်။
“ဟိန်းသံလေးမှာ တိုက်ခိုက်တဲ့အရည်အချင်းရှိရုံတင်မဟုတ်ပဲ အတားအဆီးချတဲ့နေရာမှာ ထိပ်တန်းပဲ” ရှီမာယူယူ သူမအဘိုးအား ဟိန်းသံလေးနှင့် ဆက်၍ မိတ်ဆက်ပေးလိုက်သည်။ “အဲဒါကြောင့် အဘိုး စိတ်ချလက်ချနေလို့ရတယ်”
ဝိညာဉ်ချီအတက်အကျ ဖြစ်ခြင်းကို တားဆီးထားသော ဟိန်းသံလေး၏ အတားအဆီးကို သူမ သေချာအောင် စစ်လိုက်သည်။ သူမတွေးကြည့်လျှင် သူမအရင်ဘဝတွင် သူမကိုယ်ပိုင်အားဖြင့် အမြင့်သို့ရောက်လာပြီး တခြားသူများက သူမအား မနာလိုကြသည်။ သူမသာ နိမ့်ချပြီးနေခဲ့လျှင် မနာလိုခြင်းကို ရရှိမည်မဟုတ်သည့်အပြင် ထိုကဲ့သို့ သေဆုံးမည်လည်းမဟုတ်ပေ။
“ကောင်းပြီ အပြင်ထွက်ပြီး အစ်ကိုတွေကို အဘိုးရဲ့ အောင်မြင်မှုကို ပြလိုက်ပါဦး၊ အဘိုးအဆင့်တက်သွားတာ သူတို့သိရင် အရမ်းပျော်ကြမှာ” ရှီမာယူယူ အဘိုး၏ လက်မောင်းအား ဆွဲလိုက်ပြီး ပျော်ရွှင်စွာ ခေါ်ဆောင်လာခဲ့လိုက်သည်။
သို့သော် အင်ပါယာကျောင်းတော်၏ရုံးခန်းတွင် ဟိန်းသံလေး၏ အတားအဆီးအားကျော်ဖြတ်၍ စစ်သူကြီးအိမ်တော်ဘက်အား မျက်နှာမူလျက်ထိုင်နေသော ပုံရိပ်သည် တိုးတိုးလေးရေရွတ်လိုက်သည် “ဒါက မင်းပြောတဲ့ ဖြေရှင်းရမယ့်ကိစ္စလား၊ ဖြေရှင်းပြီးပြီဆိုတော့ ဘယ်အချိန်ကျောင်းပြန်လာမှာလဲ”