ဝမ်လင်းက စေတီရှိရာသို့ ဦးတည်သွားပြီး ၎င်း၏ဘေး၌ ခြေချလိုက်သည်။ သူ့မူလခန္ဓာကိုယ်က သူ့နှင့် ပေါင်းစပ်နေခြင်း မရှိတော့ချေ။ မူလခန္ဓာကိုယ်က သွေးအချို့ အန်ထုတ်လိုက်ရပြီး ထိုင်၍ ကျင့်ကြံနေသည်။
အချိန် အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံး ဖွင့်လာခဲ့သည်။ သူက လျင်မြန်စွာ ထိုင်ချ၍ ဆေးလုံးအချို့ကို သောက်သုံးပြီး သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ် စွမ်းအင်များကို အစီကျအောင် စတင်ပြုလုပ်၏။
သုံးရက်ကြာပြီးနောက် သူနှင့် သူ့မူလခန္ဓာကိုယ်က တစ်ပြိုင်နက်တည်း မျက်လုံး ဖွင့်လာခဲ့ကြသည်။
“ငါ့ဒဏ်ရာတွေ့က ဒီချိန်မှာ အရမ်းပြင်းထန်နေတယ်။ ငါက ပြန်ကောင်းအောင် တံခါးပိတ် ကျင့်ကြံဖို့လိုတယ် …” ဝမ်လင်းက သူ့အပေါ် သတ်ဖြတ်လိုမှု စိတ်ဆန္ဒမရှိသော ကောင်းကင်ဘုံ၏ တမန်တော်အကြောင်း စဉ်းစားနေ၏။ သည်တမန်တော်က လုံးဝစိတ်ခံစားချက် ရှိမနေခဲ့ချေ။ ၎င်းက အရာအားလုံးက ဥပဒေသ အတိုင်းသာ လုပ်ဆောင်၏။
“ဝမ်အာရဲ့ စဦးစိတ်ဝိညာဉ်ကနောက် ဆယ့်ကိုးနှစ်ကြာရင် ပြန်ဖြစ်တည်လာပြီး နိုးထလာမှာပဲ။ သူမ နိုးထလာတာနဲ့ ကောင်းကင်ဘုံ တမန်တော်က ကောင်းကင်နှင့် မြေကြီးရဲ့ ဥပဒေသအောက်က လွတ်အောင်ကြိုးစားလာတဲ့ ဘယ်သူ့ကိုမဆို အမြစ်ဖျက်ဖို့ ထပ်ရောက်လာဦးမှာပဲ …” ဝမ်လင်းက ကောင်းကင်ထက်သို့ စူးစိုက်ကြည့်လိုက်သည်။
သူက မတ်တတ်ရပ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ့မူလ ခန္ဓာကိုယ်ကလည်း တိုက်ပွဲဖြစ်နေစဉ် အတွင်း သူထွက်ပေါ်လာသော မြေကြီးတွင်းပေါက် ရှိရာသို့ တိတ်တဆိတ် ပျံသန်းသွား၏။ ၎င်းခန္ဓာကိုယ်က တွင်းပေါက်ထဲသို့ ပြန်နစ်မြုပ်သွားသည်နှင့် တွင်းပေါက်နားရှိ မြေကြီးစများကို သည်တွင်းပေါက် အပြည့်ပြန်ဖြစ်သွား၏။ ၎င်းတွင်းပေါက်က လုံးဝမရှိခဲ့သည့် အလားပင်။
မြေအောက် ကီလိုမီတာ ထောင်ပေါင်းများစွာ၌ မူလခန္ဓာကိုယ်က ထိုင်၍ ကျင့်ကြံလျက် ရှိသည်။ ၎င်းနဖူးပေါ်ရှိ ခရမ်းရောင်ကြယ် နှစ်ခုသည် လျင်မြန်စွာ လှည့်ပတ်လျက် ရှိ၏။ ၎င်းခန္ဓာကိုယ်ပေါ်မှ မှိန်ဖျော့ဖျော့ ခရမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်နေပြီး သူ့ဘေး၌ အလင်းလုံးငယ် တစ်ခုလို ဖြစ်တည်နေ၏။
မူလခန္ဓာကိုယ်က ဝမ်လင်းထက်ပို၍ ဒဏ်ရာပြင်း၏။ အထူးသဖြင့် နောက်ဆုံးတိုက်ချက်တွင် မူလခန္ဓာကိုယ်က ၇၀ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ရသည်။ သို့ရာတွင် မူလခန္ဓာကိုယ်၏ ခွန်အားဖြင့်ဆိုလျှင် သေလောက်အောင် မဖြစ်ခဲ့ပေ။ သို့သော် ၎င်းခန္ဓာသည်လည်း တံခါးပိတ် ကျင့်ကြံရန် လိုအပ်သည်သာ ဖြစ်၏။
ဝမ်လင်းက အသက်ဝဝ ရှူသွင်းလိုက်၏။ ထို့နောက် သိုလှောင်အိတ်ထဲက ကျောက်စိမ်းပြားကို ထုတ်ယူ၏။ ထို့နောက် ကျောက်စိမ်းပြားထဲသို့ သတင်းပို့လွှတ်မှု တစ်ခု ထည့်သွင်း၍ ကောင်းကင်ထက်သို့ ပစ်တင်လိုက်သည်။ ၎င်းက ပျောက်ကွယ်သွား၏။
ထိုသို့ ပြုလုပ်ပြီးနောက် ဝမ်လင်းက စေတီအနားတွင် ထိုင်ချ၍ ကျောက်ရီ၏ နယ်ပယ် အမျှင်တန်းကို အသက်သွင်းသည်။ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်မလာခဲ့ပါက မည်သူကမျှ သူ့အနားသို့ ကပ်လာနိုင်မည် မဟုတ်ချေ။
သည့်နောက် ဝမ်လင်းက မျက်လုံးမှိတ်၍ သူ့ဒဏ်ရာများကို ကုသနေတော့သည်။
နေ့အချိန်၌ နေအလင်းရောင်က ဝမ်လင်းထံသို့ ကျဆင်း၍ နွေးထွေးမှုကို ပေးသည်။
ညအချိန်၌ လအလင်းရောင် ရောက်ရှိလာပြီး အေးမြမှုကို ပေးစွမ်း၏။
မိုးရွာသောနေ့၌ ကောင်းကင်ထက်မှ မိုးစက်မိုးပေါက်များက ဝမ်လင်းပေါ်သို့ ကျဆင်းပြီး စွဲစွဲရွှဲစေသည်။
နှင်းကျသောနေ့၌ နှင်းစက်များက အရာအားလုံးကို ဖုံးလွှမ်းစေသည်။ မည်သည့်နေရာဖြစ်ဖြစ် နှင်းစက်များဖြင့် ပြည့်နှက်၏။ စေတီဘေး၌ နှင်းလူသား တစ်ယောက်ကို တည်ရှိစေသည်။
နေ့ဖြစ်စေ ညဖြစ်စေ၊ မိုးရွာသည်ဖြစ်စေ နှင်းကျသည်ဖြစ်စေ ဝမ်လင်းခန္ဓာကိုယ်က တစ်စက်မှ မလှုပ်ချေ။
တိုက်ပွဲဖြစ်ပြီး ခြောက်လခန့် အကြာတွင် နွေဦးရာသီသို့ ရောက်လာခဲ့တော့သည်။ ကျေ တရုတ်ဇီးသီး မည်သည့် ရွာလေးတစ်ရွာ၏ လူအိုကြီးကျိုးအိမ်တွင် ကလေးငယ် မွေးဖွားလာခဲ့သည်။ သူမနာမည်က ကျိုးယု ဖြစ်၏။
သည်မိန်းကလေးငယ် ပေါက်စလေးသည် အခြားကလေးများ ကဲ့သို့ မွေးဖွားလာချိန်၌ ငိုယိုခဲ့သည်။ သို့သော် သည်ငိုသံသည် အခြားသာမန် ကလေးများ၏ငိုသံနှင့် ကွဲပြားသည်ကိုတော့ မည်သူမျှ မသိကြချေ။
သည်ကလေးက အလွန်အားနည်းလှ၏။ ကံကောင်းစွာဖြင့် လူအိုကြီးကျိုးသည် တရုတ်ဇီးသီးရွာ၌ လူရိုသေရှင်ရိုသေ တစ်ယောက်ဖြစ်သည်။ သူက စျေးဆိုင်တစ်ခုကို ပိုင်ဆိုင်ထားပြီး အခြားလူများစုထက် သာလွန်သောဘဝ အခြေအနေတစ်ခု ရှိ၏။
တရုတ်ဇီးသီးရွာ၏ ကီလိုမီတာငါးဆယ် အကွာရှိ တောင်တစ်ခု၌ လိုဏ်ဂူတစ်ခု ရှိသည်။ ထိုင်ယန်က ခြောက်လကျော် ထိုနေရာ၌ ကျင့်ကြံလျက် ရှိသည်။ လွန်ခဲ့သော ခြောက်လက ထိုင်ယန်နှင့်လိုင်ဖန်တို့သည် ဝမ်လင်းထံမှ သတင်းပို့လွှတ်မှုတစ်ခု ရရှိခဲ့ကြသည်။ ထိုသတင်းပိုလွှတ်မှုထဲတွင် သူတို့ထဲက တစ်ယောက် လီမူဝမ်ကို သည်နေရာသို့ လာပြီး စောင့်ရှောက်ရန် ဖြစ်သည်။
သူတို့နှစ်ယောက်က သည်ကိစ္စကို ဆွေးနွေးပြီးနောက် ထိုင်ယန်က ထွက်လာခဲ့ခြင်း ဖြစ်သည်။ သူ့နတ်ဘုရားအာရုံကို သည်ရွာပေါ်၌ ချမှတ်ထားပြီး သူက တိတ်တဆိတ် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်၏။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ဆက်လက်ကုသ နေခဲ့သည်။ စေတီအပြင်ဘက်ရှိ နှင်းများက အရည်ပျော်၍ မြေကြီးထဲသို့ စိမ့်ဝင်သွားကြသည်။
ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာရှိ မူလခန္ဓာကိုယ် ရှိနေခဲ့၏။ သည်ခြောက်လအတွင်း သူက ပို၍နက်သောနေရာသို့ သုံးကြိမ်တိုင်တိုင် ဆက်သွားခဲ့သည်။ တစ်ကြိမ်သွားတိုင်း ၎င်းက ကီလိုမီတာ ထောင်ပေါင်းများစွာ ပိုမြုပ်မြုပ်သွား၏။
မူလခန္ဓာကိုယ်က ဟင်္သာပြဒါးဂြိုဟ်၏ မြေအောက်အလယ် အူတိုင်သို့ ငါးပုံတစ်ပုံခန့် သွားခဲ့ပြီး ဖြစ်သည်။
သည်ကြိမ်းကြုတ် ပြင်းထန်သော တိုက်ပွဲပြီးပြီးနောက် မူလခန္ဓာကိုယ်က အဆင့် ချိုးဖျက်မည့် အရိပ်အယောင် ပြသလာသည်။ သူက ကြယ်နှစ်ပွင့် အဆင့်၏ အထွတ်အထိပ်သို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။ တတိယပြောင်းလဲမှုက သိပ်မဝေးတော့ချေ။
မျက်စိတစ်မှိတ် အတွင်း တစ်နှစ် ကုန်ဆုံးသွားခဲ့ပြီ။ ကျိုးယုက ခုဆို တစ်နှစ်သားအရွယ် ကလေးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ကလေးအများစုက သည်အသက်အရွယ်၌ စကားစသင်လာကြ၏။ သို့သော် ကျိုးယုက ထိုသို့ မပြုလုပ်ဘဲ တိတ်တဆိတ်သာ နေ၏။
ထို့ကြောင့် ရွာထဲရှိလူများက သည်မိန်းကလေးငယ်သည် စွန့်အနေသည်ဟု ကောလာဟလများ ပြောဆိုလာကြသည်။
သည်နေ့တွင် လူတစ်စုသည် ချူနိုင်ငံ၏ သာမန်တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ထံမှ လှမ်းလျှောက်၍ ထွက်လာကြသည်။ သူတို့ထဲက အမျိုးသမီး တစ်ယောက်သည် မျက်နှာလွှားဇာတစ်ခု ဝတ်ဆင်ထား၏။ သူမမျက်လုံး ထဲ၌လည်း ပင်ပန်းနွမ်းလျမှု အရိပ်အယောင်တို့ ရှိနေ၏။ သို့သော် သူမ၏ မျက်လုံးများက ကြယ်ပွင့်များအလား တောက်ပလျက် ရှိသည်။
သူမ၏ နောက်တွင် အဘိုးအို တစ်ယောက်လည်း ရှိနေသည်။ အဘိုးအိုက အမည်းရောင် အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်လုံးများက မှိတ်ဖျော့လျက်ရှိသည်။ သူက ကာလကြာရှည်စွာ နေမကောင်း ဖြစ်ခဲ့ပုံရ၏။
ဝမ်လင်းသာ သူတို့ကို မြင်လျှင် သည်နှစ်ယောက်သည် အဆင့်ခြောက် ဆေးလုံးဖော်စပ်နည်း ဝယ်ယူခဲ့သောသူများ ဖြစ်မှန်း ချက်ချင်း မှတ်မိပေလိမ့်မည်။
သူတို့နှစ်ယောက် ဘေး၌ ဆံပင်ဆွတ်ဆွတ် ဖြူနေသည့်အဘိုးအို တစ်ယောက်လည်း ရှိနေသည်။ သူက ရတနာသန့်စင်ခြင်း ခန်းမက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူဟု ဖြစ်သည်။
သည်သုံးယောက်၏ ဘေး၌ ဝမ်လင်းကောင်းစွာ သိသော လူတစ်ယောက်ပါ ရှိနေခဲ့သည်။ သူကတော့ ချုးစစ်ပိုင်ပင်။
အခြား နှစ်ယောက်ကတော့ ရှုလျို့နှင့် အလွန်လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သည်အမျိုးသမီးက ဝမ်လင်းထံသို့ ခရမ်းရောင် ကျောက်စိမ်းပြား ယူလာပေးခဲ့သော သူပင်။
သူတို့ခြောက်ယောက်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်မှ ထွက်လာပြီးနောက် အဘိုးအိုက မြောက်အရပ်သို့ ကြည့်၍ ပြောလိုက်သည်။ “ချူနိုင်ငံက မသေမျိုးသင်္ချိုင်းကို ဝင်ဖို့ အမြန်ဆုံးနီးလမ်း မဟုတ်ပေမဲ့ ကျောက်နိုင်ငံက ဖြတ်သွားတာထက်တော့ ပိုလွယ်ကူတယ် …”
အဖြူရောင်ဇာပါးလွှာ ဖုံးအုပ်ထားသည့် အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ စီနီယာ ပြောတာမှန်ပါတယ်။ “ချူနိုင်ငံသွားတာက ပိုကြာနိုင်ပေမဲ့ ပိုလည်း လွယ်ကူတယ် …”
ဟုအဘိုးအိုက ရှေ့မှ ပျံသန်းသွား၏။ လူတိုင်းက သူ့နောက်မှ အမြန်လိုက်ပါသည်။
ချူးစစ်ပိုင်က ကြိတ်၍ သက်ပြင်းချမိသည်။ ဝမ်လင်း ထွက်သွားပြီးနောက် သူက တစ်နေ့မှာ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် အဘိုးအိုဟု နောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့သည်။
သူ့ကျင့်ကြံမှု အဆင့်က လွန်ခဲ့သော ဆယ်နှစ်ကထက် မြင့်လာခဲ့သော်လည်း စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန်တော့ လိုသေးသည်။ သူက မသေမျိုးသင်္ချိုင်းက အရာဝတ္ထုကို ရမည်ဆိုလျှင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရန်က အိပ်မက် မဟုတ်တော့မည်ကို ယုံကြည်နေ၏။
အမျိုးသမီးက သက်ပြင်းသဲ့သဲ့ ချသည်။ သည်ဆယ်နှစ်အတွင်း သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများစွာကို ရှာဖွေနေခဲ့သည်။ အဆုံးသတ်၌ သူမက ရတနာခန်းမ၏ စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အမှတ်ရလိုက်သည်။ သူက ဝမ်လင်းကို မပြောပြခဲ့သော လျှို့ဝှက်ချက်အချို့ကို ပြောပြ၍ အဘိုးအိုကို သူနှင့်ပူးပေါင်းရန် အကူညီ တောင်းခံနိုင်ခံသည်။
သူတို့ခြောက်ယောက်က မြောက်အရပ်သို့ ပျံသန်းလာကြ၏။ သူတို့က ကလန်များစွာကို ဖြတ်သန်း လာကြသော်လည်း မည်သူကမျှ သူတို့အား မတားဆီးဝံ့ကြချေ။
အဘိုးအိုဟုက အံ့အားတသင့် ပြောလိုက်သည်။ “ငါက ချူနိုင်ငံကို နှစ်တစ်ရာလောက် မရောက်တာနဲ့ အများကြီး ပြောင်းလဲသွားတဲ့ပုံပဲ …”
သူ့ဘေးရှိ ရှုလျို့က လေးစားစွာပြောလိုက်၏။ “ဘိုးဘေး … ပြီးခဲ့တဲ့နှစ်တွေက တိမ်ကောင်းကင်ကလန်ဟာ အခြားကလန်တွေကို ဝါးမျိုနိုင်ခဲ့တယ်။ ဒီကလန်က ချူနိုင်ငံရဲ့ တရားဝင် နံပါတ်တစ်ကလန် ဖြစ်လာခဲ့တယ် …”
အဘိုးအိုဟုက ခေါင်းညိတ်၍ ပြောလိုက်သည်။ “တိမ်ကောင်းကင် ကလန်က ဆေးပညာမှာပဲ အာရုံစိုက်ထားကြတာ။ ဒါ့ကြောင့် သူတို့ရှိမှာ စိတ်ဝိညာဉ် ကျင့်ကြံသူ အဆင့်များစွာ ရှိကြတယ်။ ငါတို့ မသေမျိုးသင်္ချိုင်းက ပြန်လာတဲ့အခါကျရင် တိမ်ကောင်းကင်ကလန်က ဆေးလုံးအချို့ တောင်းဖို့ ငါ့ကို သတိပေးဦး …”
ရှုလျို့က ပြုံး၏။ သူက တိမ်ကောင်းကင်ကလန်သည် သူတို့၏ လုံခြုံမှုအတွက် ဆေးလုံး အများအပြားကို ချက်ချင်း ပေးလိမ့်မည်ကို သေချာသိနေသည်။
သူတို့ခြောက်ယောက်က ပျံသန်းလာနေစဉ် ကောင်းကင်ထက်၌ အလင်းတိုင်တစ်ခု ထိုးတက်သွား၏။ သည်အလင်းတိုင်သည် ကလေးလက်သီးဆုပ်ခန့် အရွယ်လောက် ရှိပေသည်။ သို့သော် သူတို့က အနီးကပ် ကြည့်သည့်အခါ ထိုအလင်းတိုင်က ထိုလက်သီးဆုပ်ခန့်ထက် အဆများစွာ ပိုကြီးနေခဲ့၏။
အဘိုးအိုဟုက ရုတ်တရက် အလင်းတိုင်လုံးထံသို့ လှည့်လိုက်၏။ သူ့အတွေ့အကြုံဖြင့်ပင် သူက တုန်လှုပ်မိသွားသည်။
အဘိုးအိုနောက်ရှိ အမျိုးသမီးကလည်း အလင်းတိုင်လုံးကို ကြည့်၍ တုန်လှုပ်မိပြန်သည်။
သည်အလင်းတိုင်လုံးက ချူနိုင်ငံ၏ အလယ်ဗဟိုချက်မ ကောင်းကင်မျှော်စင် ရှိသည့်နေရာမှ ထွက်ပေါ်လာခြင်းပင်။
“ဒါက အဆင့်မြင့် ကျင့်ကြံခြင်း နိုင်ငံက တမန်တော် ဆင်းသက်လာတာပဲ။ ဒါပေမဲ့ အဆင့်လေးနိုင်ငံ တမန်တော် တစ်ယောက်ဟာ ဒီလောက်ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ တစ်ခုလို ဖြစ်စေနိုင်မှာ မဟုတ်ဘူး …” အဘိုးအိုက အလင်းတိုင်ကို ပို၍ ကြည့်လေလေ ပိုတုန်လှုပ်လာမိလေ ဖြစ်သည်။
ထို့နောက် ရွှေရောင်နဂါးများ ထွက်ပေါ်လာပြီး အလင်းတိုင်နား၌ လှည့်ပတ်နေ၏။ သိပ်မကြာခင်တွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် တဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။
သူ လှမ်းလျှောက်၍ ထွက်ပေါ်လာသည်နှင့် ရွှေရောင်နဂါးများက ဟိန်းသံများ ပြုကြသည်။ ကွာဝေးသောနေရာတွင် ရှိနေသော သူတို့ခြောက်ယောက်ပင် သည်ဟိန်းသံများကို ရှင်းလင်းစွာ ကြားနေရ၏။
သိပ်မကြာခင်တွင် ရွှေရောင်နဂါးများက လူငယ်ထံသို့ တိုးဝင်လာကြ၏။ သူတို့က လူငယ်နှင့် ထိတိုက်မိလုချိန်တွင် ရွှေရောင်အမျှင်တန်းများ အဖြစ်သို့ ပြောင်းသွားပြီး လူငယ်၏ အဖြူရောင်အ င်္ကျီပေါ်၌ နဂါးပန်းထိုးကွက်များ အဖြစ်သို့ ပြောင်းသွားကြသည်။
“ဟင်္သာပြဒါးနိုင်ငံက တမန်တော် …” အဘိုးအိုက ကြက်သေသေ သွားမိသည်။ သူက ချူနိုင်ငံတွင် ကိစ္စကြီးတစ်ခု ဖြစ်ပွားတော့မည်ကို သဘောပေါက်လိုက်သည်။ ဟင်္သာပြဒါး နိုင်ငံက တမန်တော်လို ပုဂ္ဂိုဟ်က အဆင့်သုံး နိုင်ငံလေးကို ဘာကြောင့်များလာရတာလဲ။
အမျိုးသမီး၏ မျက်နှာက အလွန်အမင်း ကြောက်ရွံ့ဟန် ထွက်ပေါ်နေ၏။ အဘိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ အမျိုးသမီးရှေ့၌ ရပ်လိုက်သည်။
အမျိုးသမီး မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုက ပျောက်ကွယ်သွားသော်လည်း သူမက ချွေးများဖြင့် ရွှဲစိုနေ၏။
ချူးစစ်ပိုင်၊ ရှုလျို့နှင့် လှပသော အမျိုးသမီးတို့သည်လည်း ကြောက်ရွံ့ တုန်လှုပ်နေကြ၏။ အထူးသဖြင့် ချူးစစ်ပိုင်က အတုန်လှုပ်ဆုံးပင်။ သူက အလင်းတိုင်ကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ပထမဆုံးအကြိမ် အဖြစ် ငါက ဟင်္သာပြဒါး နိုင်ငံက တစ်ယောက်ကို တွေ့ဖူးတာပဲ …”
လှပသော အမျိုးသမီးက အသက်ဝဝ ရှူသွင်း၍ နူးညံ့စွာ မေးလိုက်သည်။ “ဘိုးဘေး … ဟင်္သာပြဒါးနိုင်ငံ တမန်တော်က ချူနိုင်ငံကို ဘာကြောင့် ရောက်လာရတာလဲ …”
“ရောင်းရင်းကျင့်ကြံသူ ဂုန်စွန် သင်ကော ဘယ်လိုထင်လဲ …” အဘိုးအိုဟုက အမည်းရောင် အပေါ်ထပ်အင်္ကျီ ဝတ်ဆင်ထားသော အဘိုးအိုအား မေးလိုက်သည်။
အဘိုးအိုက ဖြည်းညင်းစွာ ပြန်ပြောလိုက်၏။ “ရောင်းရင်းကျင့်ကြံသူ ဟု … ငါက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ဝင်ရုံပဲရှိသေးတယ်။ ဒါ့ကြောင့် ဟင်္သာပြဒါး နိုင်ငံနဲ့ ပတ်သက်လို့ အများကြီး မသိပါဘူး။ ဒါပေမဲ့ ငါက ဒီနေရာမှ ကိစ္စကြီးတစ်ခု ဖြစ်ပွာတော့မယ်လို့တော့ ငါယုံကြည်တယ်။ ဘာကိစ္စလဲတော့ ငါလည်းမသိဘူး။ ဒါပေမဲ့ ဘာကြောင့်များ ဟင်္သာပြဒါးနိုင်ငံက တမန်တော်က ချူနိုင်ငံကို လာရတာလဲ …”
အဘိုးအိုဟုက စိတ်ထဲ၌ တွေးနေမိသည်။ “အမှိုက်” သူ့အကြည့်က အလင်းတိုင်ရှိရာသို့ ရောက်သွားပြန်၏။
ထိုအခိုက်တွင် အလင်းတိုင်က စတင်မှိန်ဖျော့ လာခဲ့၏။ အဖြူရောင်အင်္ကျီနှင့် လူငယ်က ကြယ်ပျံတစ်စင်းအလား သူတို့ခြောက်ယောက် ရှေ့သို့ ရောက်လာခဲ့၏။
မျက်နှာ ဇာဖုံးထားသည့် အမျိုးသမီး ခန္ဓာကိုယ်က တုန်ယင်နေသည်။ သူမမျက်လုံးများက အဆုံးစွန်သော ကြောက်ရွံ့မှုများနှင့် ပြည့်နေခဲ့၏။
အဘိုးအိုဟုက သည်မြင်ကွင်းကို သတိထားမိ၏။ သူက မျက်နှာပေါ်၌ မည်သည့်တုံ့ပြန်မှုမှ မပြသော်လည်း သူ့စိတ်ထဲတွင်တော့ သံသယ ရှိနေခဲ့၏။
***