“ငါက သေခြင်းရှင်ခြင်း စက်ဝိုင်းနဲ့ ယှဉ်မတိုက်နိုင်ဘူး။ အချိန်က ငါ့ကို စောင့်မနေခဲ့။ ဘယ်အချိန်မှ နင်က ငါ့ အဝေး ထွက်သွားမှာလဲ။
လီမူဝမ်က အိပ်ရာပေါ်၌ ငြိမ်သက်စွာ လဲလျောင်းလျက်ရှိသည်။ သူမမျက်နှာက အသက် ကြီးရင့်လာပြီ ဖြစ်သော်လည်း ဝမ်လင်းကို စူးစိုက်ကြည့်နေသော သူမမျက်လုံးများက တောက်ပလျက် ရှိသည်။
သူမက လူတစ်ယောက်၏ ပုံရိပ်ကို မှတ်ဉာဏ်ထဲ၌ ထွင်းထုထားလိုသည်။
သူမက သူ့ရှေ့ရှိ ယောက်ျားကို အချစ်စစ်ဖြင့် ချစ်မိလား၊ မချစ်မိဘူးလား သေချာမသိပေ။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာလုံးလုံး သူမ ဗျပ်စောင်း ဂီတဖော်ကျူးတိုင်း သည်ယောက်ျား၏ ပုံရိပ်က စိတ်ထဲ၌ ပေါ်ပေါ်လာခဲ့လေသည်။
ဝမ်လင်းက လီမူဝမ်လက်လေးကို ညင်သာစွာကိုင်၍ ပြုံးပြလိုက်သည်။ သို့သော် သူ့နှလုံးသားကတော့ အပိုင်းပိုင်း လှီးဖြတ်ခံရသလို ခံစားနေရသည်။
လီမူဝမ်က ပြတင်းပေါက်သို့ ငေးကြည့်ရင်း ခပ်တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုဝမ် … မနေ့ညက ဝမ်အာ အိပ်မက်မက်တယ်။ ဝမ်အာက အစ်ကိုဝမ် ညီမကို ပြုံးကြည့်နေပြီး အစ်ကို့နောက်မှာလည်း သက်ကြီးဝါကြီး နှစ်ယောက် ရှိလို့နေတယ်။ သူတို့က ညီမရဲ့ မိဘတွေ ဖြစ်ရမယ် …”
လီမူဝမ်၏ မိဘများက သူမငယ်စဉ်ကတည်းက သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်းနှလုံးသားက ပို၍ နာကျင်ရသည်။
ည၌ ဝမ်လင်းက ကျောက်တုံးအိမ် အပြင်ဘက်တွင် မတ်တတ်ရပ်လျက် ရှိသည်။ သူက ကျောက်နိုင်ငံရှိရာသို့ ငေးမောနေခဲ့သည်။ သူ့နှလုံးသားထဲမှလည်း ခေါ်သံတစ်ခုကို ကြားနေရ၏။
ကျောက်နိုင်ငံ ဟုန်ယွီတောင်အောက်ရှိ နက်ရှိုင်းသော တစ်နေရာတွင် ဆံပင်အနီရောင်နှင့် လူငယ်တစ်ယောက်သည် မျက်လုံး ပွင့်လာခဲ့သည်။ သူ့မျက်နှာက အလွန်တရာ အေးစက်လှ၏။
သူမျက်လုံး ပွင့်လာသည့် အချိန်၌ ကျောက်နိုင်ငံ တစ်ခုလုံး တုန်ခါသွားသည်။ နတ်ဆိုးတစ်ပါး နိုးထလာပြီး ကျောက်နိုင်ငံရှိ ကျင့်ကြံသူတိုင်းကို တုန်လှုပ်စေသလား ထင်မှတ်ရသည်။
သူ့မျက်လုံးထဲ၌ အေးစက်မှု၊ ရက်စက်မှုတို့သာ ပြည့်နှက်နေ၏။ သူ့နဖူးထက်တွင် ခရမ်းရောင်ကြယ် နှစ်ခုက လှည့်ပတ်နေပြီး သူ့ခန္ဓာကိုယ်ကလည်း ခရမ်းရောင်အလင်းများ လွှမ်းခြုံထား၏။
သူက ခေါင်းအနည်းငယ် မော့၍ ကြည့်သည်။ သူ့အကြည့်က ကမ္ဘာမြေကြီးကို ထွင်းဖောက်၍ ချူနိုင်ငံဆီသို့ ရောက်သွား၏။ သူက မြေကြီးထဲသို့ တိုးဝင်၍ ချူနိုင်ငံထံသို့ မြေအောက်မှ လျှောက်လှမ်းသွားတော့သည်။
ခြောက်လက လျင်မြန်စွာ ကုန်ဆုံးသွား၏။
လီမူဝမ်က ခန္ဓာကိုယ် အလွန်အားနည်းရုံ တင်မကဘဲ သူမစိတ်ဝိညာဉ်သည်ပါ ပြိုကျလုနီးပါး ဖြစ်လာခဲ့၏။ သေခြင်းတရားက သူမကို ဝမ်လင်းဘေးမှာ ဆွဲခေါ်လို့နေသည်။
သည်နေ့တွင် ချူယောင်ဇီက အနီရောင်တောက်တောက် ဆေးလုံးတစ်လုံးကို ကိုင်ဆောင်ထား၏။ သူက သည်ဆေးလုံးကို စိတ်လှုပ်ရှားခြင်း ကြီးစွာဖြင့် ဝမ်လင်းအား ကမ်းပေးလိုက်သည်။
“ငါ … ချူယောင်ဇီက အဆင့်ခြောက် ဆေးလုံးကို ဖော်စပ်နိုင်ခဲ့ပြီ …” ထိုသို့ပြောပြီးနောက် သူ့မျက်လုံးက မှိန်ဖျော့သွားပြီး မြေပေါ်သို့ ပစ်လဲကျသွားတော့သည်။ သူက သေဆုံးခြင်း မရှိသော်လည်း အလွန်အားနည်းနေခဲ့၏။
ဆေးလုံးကို ကိုင်ထားရင်း ဝမ်လင်းက အိပ်ရာပေါ်၌ သေလုမြောပါး ဖြစ်နေသော လီမူဝမ်ကို ကြည့်၏။ သူမ၏ ဆံပင်များက လုံးဝ ဆွတ်ဆွတ်ဖြူ နေခဲ့သည်။ သူမ၏ အလှသည်လည်း အချိန်၏တိုက်စားခြင်းကို ခံခဲ့ရ၏။
သည်နှစ်များတွင် ဝမ်လင်းက သူမ၏ တဖြည်းဖြည်း အိုမင်းလာခြင်းနှင့် အလှတရားများ ခန်းခြောက်လာခြင်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်နေခဲ့ရသည်။
သူ့နှလုံးသားထဲ၌ အဆုံးမဲ့သော ဝမ်းနည်းမှုများဖြင့် ပြည့်နေခဲ့သည်။ သည်ဝမ်းနည်းမှုကြောင့် သူ့မျက်နှာပေါ်၌ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်း ကျလာခဲ့ရသည်။
သူက ကောင်းကင်ဘုံကို ဆန့်ကျင်သောလမ်းကို လျှောက်လှမ်းနေသူ ဖြစ်သည်။ သူက သေခြင်းရှင်ခြင်း နယ်ပယ်ကို ကျင့်ကြံခဲ့သူ ဖြစ်သည်။ သူ့ဘဝ၌ အခက်အခဲ၊ အချိုးအကွေ့ အလှည့်အပြောင်း များစွာ ကြုံခဲ့ရသည်။ သူ့နှလုံးသားက ပင်ပန်းနေသော်လည်း သူက ယုံကြည်ချက်တစ်ခု ရှိနေတုန်းပင်။ ထိုအခိုက်တွင် သူ့အသွင်က မပြောင်းမလဲ ရှိနေသော်လည်း သူ့နှလုံးသားက သူမနှင့်အတူ အိုမင်း သွားခဲ့ရသည်။
သူ့မျက်လုံးထဲ၌ သည်အိုမင်းသွားသော အမျိုးသမီးသည် ပုံရိပ်ယောင်မျှသာ။ သူ့မျက်လုံးထဲ၌ သူမကို သူနှင့်ဆုံခဲ့သည့် နတ်ဆိုးပင်လယ်ထဲက အချိန်တုန်းကလိုသာ မြင်မိနေစဉ်ဖြစ်သည်။ အတိတ်တုန်းက သူထွက်သွားခါနီး မတ်တတ်ရပ် ငေးမောကြည့်နေခဲ့သော အမျိုးသမီးအဖြစ်သာ မြင်မိနေတုန်းပင်။
ဝမ်လင်းက လီမူဝမ်၏ မျက်နှာလေးကို ညင်သာစွာ ထိတွေ့၍ ဆေးလုံးကို သူမပါးစပ်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။ ဆေးလုံးက ပါးစပ်ထဲ၌ ချက်ချင်း အရည်ပျော်သွားပြီး သူမမျက်နှာက နီရဲလာခဲ့၏။
တစ်ချိန်တည်းမှာပင် ချူနိုင်ငံ၏ အဆုံးမဲ့သော စိတ်ဝိညာဉ် စွမ်းအင်များသည် လီမူဝမ်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။
ကျောက်တုံးအိမ်လေးက ထိုအားကောင်းသော စိတ်ဝိညာဉ်စွမ်းအင်များကို တောင့်မခံနိုင်ပေ။ ထို့ကြောင့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာ၏။ လေတစ်ဝှေ့ တိုက်ခိုက်ခြင်းနှင့်အတူ ကျောက်တုံးအိမ်လေးက ဖုန်မှုန်အဖြစ်သို့ ပြောင်းသွား၏။
လုဖန်နှင့် ထိုင်ယန်တို့သည် ကျင့်ကြံနေရာမှ နိုးထလာခဲ့ကြသည်။ သူတို့မျက်နှာ အသွင်က ပြောင်းလဲသွားကြသည်။ ထိုအခိုက်၌ ချူယောင်ဇီ၏ ခန္ဓာကိုယ်သည် ညင်သာသော အားတစ်ခုနှင့်အတူ လုဖန်နှင့် ထိုင်ယန်တို့ ရှေ့သို့ ကျရောက်သွား၏။
ဝမ်လင်းက ပြောလိုက်သည်။ “ချူယောင်ဇီကို ခေါ်ပြီး ငါ့ကို တိမ်ကောင်းကင်ကလန်က စောင့်နေ …”
ထိုင်ယန်က မည်သည့်စကားမျှ ပြန်မဆိုတော့ပေ။ သူက ချူယောင်ဇီကို ခေါ်၍ လုဖန်နှင့်အတူ ချက်ချင်း ထွက်သွားတော့သည်။ သူတို့က ကီလိုမီတာ ငါးဆယ်အကွာ ရောက်မှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ကြသည်။
ကျောက်တုံးအိမ်က ပျက်စီး သွားခဲ့သော်လည်း လီမူဝမ်၏ ခန္ဓာကိုယ်က လေထဲ၌ မြောလွင့်နေသည်။ အကန့်အသတ်မဲ့သော စိတ်ဝိညာဉ်စွမ်းအင်များက သူမ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာနေ၏။ သူမ မျက်နှာကလည်း ပိုမိုနီရဲလာခဲ့သည်။ တဖြည်းဖြည်းချင်းဖြင့် သူမခန္ဓာကိုယ်ထဲ၌ ရွှေရောင်အမြုတေ တစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်အမြုတေ ထွက်ပေါ်လာသည်နှင့် စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးက ၎င်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာကြသည်။
ဝမ်လင်းက ချိပ်တံဆိပ်များစွာကို ပြုလုပ်၍ ၎င်းရွေရောင် အမြုတေပေါ်သို့ နေရာချသည်။
သူ့အသွင်က အလွန်တရာ လေးနက်နေသည်။ သူက ချိပ်တံဆိပ်များကို ရွှေရောင် အမြုတေပေါ်၌ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာသည့်အထိ ပိုမြန်ဆန်စွာ ဖန်တီးနေခဲ့သည်။
အဆင့်ခြောက် မူလသို့ပြန်ခြင်း ဆေးလုံး၏ ရည်ရွယ်ချက်သည် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ အလုံးအရင်းဖြင့် တိုးဝင်လာစေပြီး အဆင့်တစ်ဆို့မှုကို ချိုးဖျက်ပေးခြင်းပင်။ သို့ရာတွင် လီမူဝမ်၏ ခန္ဓာကိုယ်သည် အလွန်အားနည်းနေခဲ့၏။ သူမက ထိုအဆင့် ချိုးဖျက်မှုကိုပင် တောင့်ခံနိုင်ရန် အလွန်ခက်လှသည်။
ဝမ်လင်းက ကောင်းကင်ထက်သို့ ပျံတက်သွား၏။ သူက လီမူဝမ်ကို မကြည့်ပေ။ ထိုအစား ကောင်းကင်ထက်သို့ ခေါင်းမော့၍ကြည့်သည်။ သူ့မျက်နှာပေါ်၌ ဆုံးဖြတ်ချက် ပြတ်သားဟန်များ ပြည့်နေ၏။
သူ့အကြီးမားဆုံး ရန်သူသည် ကောင်းကင်ဘုံပင်။ သေခြင်းရှင်ခြင်း စက်ဝိုင်းပင်။
လီမူဝမ်၏ ရွှေရောင်အမြုတေက ပို၍ အက်ကွဲလာခဲ့ပြီး စိတ်ဝိညာဉ်စွမ်းအင်များ ကိုလည်း ပိုမိုစုပ်ယူနေ၏။ ရွေရောင်အလင်းတန်းက အက်ကွဲကြောင်းများထဲမှ ထုတ်လွှတ်လာသည်။ သည်အလင်းများက စူးရှမှုကို မပေးဘဲ ထိုအစား ညင်သာသော ခံစားချက်ကို ပေးစွမ်းနေ၏။
သို့ရာတွင် ထိုအခိုက်၌ မီးခိုးရောင် အခိုးငွေ့များက သူမခန္ဓာကိုယ်အား ဝန်းရံလာသည်။ သည်မီးခိုးရောင် အခိုးငွေ့များ၏ ပမာဏက လျင်မြန်စွာ တိုးတက်လာပြီး သူမအား ဖုံးလွှမ်းသွား၏။
ဝမ်လင်း သေခြင်းရှင်ခြင်း နယ်ပယ်က သူမခန္ဓာကိုယ်ပေါ်၌ တင်ကူးဖုံးလွှမ်းထားသော်လည်း သည်မီးခိုးရောင် အခိုးငွေ့များနှင့် ယှဉ်လျှင် အသေးအဖွဲ ဖြစ်သွားတော့သည်။
သေမျိုးများက သည်မီးခိုးရောင် အခိုးငွေ့များကို မမြင်နိုင်ပေ။ ကျင့်ကြံသူ အများစုပင် မြင်နိုင်စွမ်းမရှိပေ။ ဝမ်လင်းလို သေခြင်းရှင်ခြင်း နယ်ပယ်ကို ကျင့်ကြံသည့်သူသာ မြင်နိုင်၏။
သူက သည်မီးခိုးရောင် အခိုးအငွေ့များသည် မည်သည့်အရာ ဖြစ်သည်ကို သိနေခဲ့၏။
သည်အခိုးငွေ့သည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသပင်။ သေခြင်းရှင်ခြင်း စက်ဝိုင်းပင်။ ၎င်းသည် လူတစ်ယောက် သေဆုံးတော့မည်ကို ပြသနေသည့် လက္ခဏာလည်း မည်ပေ၏။
လီမူဝမ်၏ မျက်လုံးထဲ၌ နောက်ဆံတင်းမှုတို့ နက်ရှိုင်းစွာ ရှိနေခဲ့၏။ သူမက ဝမ်လင်းကို တသသ ငေးကြည့်နေသည်။ ထို့နောက် သူမက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သွားတော့သည်။ သူမ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် မြေပေါ်သို့ လိမ့်ဆင်းကျလာခဲ့၏။ မျက်ရည်စ မြေပြင်ပေါ်သို့ ကျသွားသည့်အချိန်တွင် တိုးညင်းသော အသံလေးတစ်သံ ထွက်ပေါ်လာခဲ့၏။
သည်အသံက ဝမ်လင်းနားထဲသို့ တိုးဝင်လာခဲ့သည်။ သည်အသံက သူ့ကို အရာအားလုံး ဆိတ်သုဉ်းသွားသလို ခံစားစေ၏။
သူမမျက်လုံး မှိတ်သွားသည့် အခိုက်တွင် သူမ၏ ရွှေရောင်အမြုတေသည်လည်း မှိန်ဖျော့၍ အက်ကွဲသွား၏။ ထို့နောက် လီမူဝမ်နှင့် ချွတ်စွတ်တူသည့် လူသေးသေးတစ်ယောက် ဖြစ်ပေါ်လာခဲ့သည်။ လူသေးသေးလေး၏ မျက်လုံးများက ကြည်လင် သန့်ရှင်းနေ၏။ သို့သော် သည်မျက်လုံးသည်လည်း လီမူဝမ်၏ သေဆုံးခြင်းကြောင့် လျင်မြန်စွာ ပြန်မှိတ်သွားတော့၏။
“ကောင်းကင်ဘုံက နင့်ကို သေစေချင်ရင်တောင် ငါက နင့်ကို ပြန်ခိုးယူမယ် …” ဝမ်လင်းမျက်လုံးထဲ၌ ဝမ်းနည်းမှုတို့နှင့် ပြည့်နေခဲ့သည်။ သူက ရုတ်တရက် ခေါင်းမော့၍ ကြည့်သည့်။ သူ့အကြည့်ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန်များ ပေါ်လွင်နေသည်။ သူ့သေခြင်းရှင်ခြင်း နယ်ပယ်က လေးကြိမ်မြောက် ထပ်မံထွက်ပေါ်လာ၏။
တောင်ကြားအထက်ရှိ ကောင်းကင်ထက်၌ အဖြူရောင် အမည်းရောင် စာလိပ်တစ်ခု ဖြစ်ပေါ်လာသည်။ သည်စာလိပ်က တဖြည်းဖြည်း ပွင့်ဟလာ၏။
ကြီးမားသည့် လက်ကြီးတစ်ဖက်က စာလိပ်ကို ဖြတ်သန်းသွားပြီး လှိုင်းတွန့်များကို ဖြစ်စေခဲ့သည်။
စာလိပ်ပေါ်လာသည့် အခိုက်တွင် ချူနိုင်ငံအနှံ့ မိုးခြိမ်းသံတစ်သံ ပျံ့နှံ့သွား၏။
လီမူဝမ်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာဖြင့် ပျက်စီးသွားပြီး ဖုန်မှုန်အဖြစ်သို့ ပြောင်း၍ မြေပေါ်သို့ လွင့်စဉ်ကျသည်။ သူမ၏ စဦးစိတ်ဝိညာဉ်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်လာ၏။
သို့ရာတွင် ဝမ်လင်း၏ သေခြင်းရှင်ခြင်း နယ်ပယ်က ကောင်းကင်ကို ဖုံးလွှမ်းထား၏။ သူမ၏ စဦးစိတ်ဝိညာဉ် ပျက်စီးနှုန်းသည်လည်း လျော့ကျသွားတော့သည်။
ဝမ်လင်းက ရှေ့သို့တိုး၍ ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ သူက စာလိပ်ကို လက်ဆန့်တန်းယူ၍ အောက်သို့ ဆွဲချသည်။ စာလိပ်က လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို လွှမ်းခြုံသွားသည်။
သည်အခိုက်တွင် ကောင်းကင်ထက်၌ အနီရောင်တိမ်တိုက်များ ဖြစ်ပေါ်လာသည်။ သည်တိမ်တိုက်ထဲက တုန်လှုပ်စေသော အလင်းတန်းနှစ်ခုက ထွက်ပေါ်လာ၏။ သည်အလင်းတန်းနှစ်ခုက ဝမ်လင်းကို စူးစိုက်ကြည့်နေသည်ဟု ထင်မှတ်ရသည်။
သည်အကြည့်က ဝမ်လင်းကို တုန်ယင်သွားစေ၏။ သို့ရာတွင် သူက ကောင်းကင်ထက်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ စူးစိုက်ကြည့်သည်။ သူ့နောက်တွင် လီမူဝမ်၏ စဦးစိတ်ဝိညာဉ်ကို စာလိပ်ထဲ၌ ပိတ်လှောင်ထားသည်။
ဝမ်လင်းက သူ့သေခြင်းရှင်ခြင်း နယ်ပယ်ကို အသုံးပြု၍ လီမူဝမ်၏ စဦးစိတ်ဝိညာဉ် မပျောက်ကွယ်သွားအောင် ကာကွယ်ပေးထား၏။
သူက ကောင်းကင်ဘုံနှင့် ဆန့်ကျင် တိုက်ခိုက်နေခြင်းသာ။
“ကောင်းကင်ဘုံက နင့်ကို သေစေချင်တယ် ဆိုရင်တောင် ငါက ပြန်ခိုးယူမယ် …”
သည်စကားက ကတိတရားဖြစ်၏။ သည်စကားက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး စစ်ကြေညာခြင်းလည်း မည်ပေသည်။
ကောင်းကင်ထက်မှ အလင်းတန်းနှစ်ခုက ပျောက်ကွယ်သွား၏။ သို့ရာတွင် သိပ်မကြာခင်မှာပင် အနီရောင်တိမ်တိုက်များက သိပ်သည်းသွားပြီး ဧရာမလက်ကြီး တစ်ဖက်သို့ ပြောင်းသည်။ သည်လက်ကြီးက လီမူဝမ်၏ စဦးစိတ်ဝိညာဉ် ထံသို့ ဆန့်တန်းလာခဲ့သည်။
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ သူက စာလိပ်ကို လျင်မြန်စွာ ဆွဲယူ၍ အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားသည်။
ဧရာမလက်ကြီးက အကွာအဝေးကို ဖြတ်သန်း၍ ဝမ်လင်းလက်ထဲရှိ စာလိပ်ထံသို့ လက်ဆန့်တန်း လာပြန်သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ခေါင်းမော့၍ ထိုလက်ကြီးနှင့် ရင်ဆိုင်သည်။
ဘန်း …
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ပြင်းထန်စွာ တုန်ခါ၏။ သူ့ခန္ဓာကိုယ်ထဲမှပင် လွင့်စဉ်သွားခဲ့သည်။ သို့ရာတွင် မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာပြီး နတ်ဘုရားအာရုံကို ဖြန့်ကြက်၍ တစ်စုံတစ်ခုကို ရှာဖွေ၏။
ဧရာမလက်ကြီးက နောက်ပြန်ဆုတ်သွားပြီး အနီရောင် တိမ်တိုက်ထဲရှိ အလင်းတန်း မျက်လုံးနှစ်ခုက ထပ်မံပေါ်လာပြီး ဝမ်လင်းလက်ထဲရှိ စာလိပ်ကို ကြည့်သည်။ ထို့နောက် ကြီးမားသည့် လက်ကြီးက တစ်ဖန် ဆင်းသက်လာပြန်၏။
ဝမ်လင်းက ဟစ်ကြွေးလိုက်သည်။ “မူလခန္ဓာကိုယ်”
***
👿